အခန်း ၁၂၉၅
Vol. 87 Ch. 1295
အပိုင်း ( 1295 ) တာအိုသိုင်းပညာများကို ပေါင်းစပ်ရန်။
"ဒုန်း"
လက်သီးနှစ်လုံးက ထိပ်တိုက်တွေ့သွားခဲ့ကြသည်။ ဤတစ်ကြိမ်တွင်လည်း လုမင်က နောက်ပြန်ဆုတ်နေရဆဲပင်။
"သွေးမျိုးဆက်"
လုမင်၏ အတွေးတစ်ခုဖြင့် တတိယသွေးမျိုးဆက် ပေါ်လာခဲ့သည်။ လုမင်၏ ခန္ဓာကိုယ်ထဲသို့ စွမ်းအင်များ စီးဝင်လာကာ သူ့အင်အား တဟုန်ထိုး တိုးတက်လာခဲ့၏။
သို့ပေသော်ငြား၊ လုမင်၏အင်အားများ တိုးတက်လာသည်နှင့်အမျှ မြေဝါရောင်ရုပ်သေး၏ စွမ်းအားကလည်း တိုးလာမည် ဖြစ်သည်။
ထို့နောက်တွင်၊ လုမင်က သူ့စွမ်းအားကို မြှင့်တင်ရန်အတွက် အတားအဆီးမဲ့သော ကောင်းကင်သိုင်းအား အသုံးပြုခဲ့သည်။ သို့ရာတွင် မြေဝါရောင်ရုပ်သေး၏ စွမ်းအားသည်လည်း လျင်မြန်စွာ တိုးတက်လာပြန်တော့သည်။
အသုံးမဝင်ခဲ့ပေ။ လုမင်က သူ့အင်အားကို မည်သည့်နည်းလမ်းဖြင့် တိုးမြှင့်စေကာမူ၊ ရုပ်သေး၏ ခွန်အားသည်လည်း တိုးလာမည် ဖြစ်သည်။
"ဒါက အသုံးမဝင်ဘူးပဲ။ နောက်ဆုံးမှာတော့ ငါတို့တွေက တာအိုသိုင်းပညာကိုပဲ အသုံးပြုပြီး တိုက်ခိုက်ကြရမှာ"
လုမင် သက်ပြင်းချပြီး သူ၏ သွေးမျိုးဆက်နှင့် နဂါးစွမ်းအားကို ရုပ်သိမ်းလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ရုပ်သေး၏ ကြံ့ခိုင်မှုမှာလည်း အားနည်းလာခဲ့၏။ သူ၏ အခြေခံအင်အားက လုမင်၏အင်အားနှင့် အမြဲ တူညီခဲ့ပေသည်။
"ကောင်းပြီ၊ ဒီလိုဆိုမှတော့ တာအိုသိုင်းပညာကိုပဲ အသုံးပြုပြီး တိုက်ခိုက်ကြတာပေါ့"
လုမင်က ယွမ်ချီစွမ်းအင်နှင့် မြေဓာတ်စွမ်းအင်ကျမ်းကို အသုံးပြုပြီး ရုပ်သေးရုပ်ကို တိုက်ခိုက်လိုက်သည်။
ကံမကောင်းစွာဖြင့်၊ ရုပ်သေး၏ တာအိုသိုင်းပညာအဆင့်က လုမင်ထက် သာသည်။ လုမင်က အစွမ်းကုန်ခုခံသော်လည်း မယှဉ်သာသေးပေ။ ဆယ်ကွက်မပြည့်မီပင်၊ စင်ပေါ်မှ ပြုတ်ကျသွားခဲ့သည်။
လုမင်က စင်ပေါ်မှ ဆင်းသွားသည်နှင့် ရုပ်သေးကလည်း တိုက်ခိုက်မှုကလည်း ရပ်တန့်သွားသည်။
'ဒီအဆင့်က တော်တော်ကို ခက်ခဲနေပုံပဲ။ နောက်ပြီး အခုထိ မြေဝါရောင်ရုပ်သေး တစ်ရုပ်တည်းကပဲ လှုပ်ရှားသေးတာ၊ မလှုပ်ရှားရသေးတဲ့ ရုပ်သေးလေးခု ကျန်သေးတယ်။ နောက်ပိုင်းကျရင် သူတို့က ပူးပေါင်းဦးမှာလားလည်း မသိဘူး။ သူတို့သာ ပူးပေါင်းကြရင် အခက်အခဲက ပိုကြောက်စရာ ကောင်းလိမ့်မယ်။ ဒီအဆင့်ကို ဖြတ်ကျော်ဖို့ နှစ်နှစ်လောက် အချိန်ယူရတာ မဆန်းတော့ပါဘူး'
လုမင် စဉ်းစားလိုက်သည်။
'ဒီအဆင့်ကို ကျော်ဖြတ်နိုင်ဖို့ ငါ့ရဲ့ တာအိုသိုင်းပညာအဆင့်ကို မြန်မြန် မြှင့်တင်ရလိမ့်မယ်'
လုမင်၏ မျက်လုံးများက တိုက်ခိုက်ချင်စိတ်များ ပြည့်သွားသည်။ သူက ရှေ့ကိုလှမ်းပြီး စင်ပေါ်ကို ပြန်တက်သွား၏။
ရုပ်သေး၏ တာအိုသိုင်းပညာက သူနှင့်အတူတူ ဖြစ်သည်။အဆက်မပြတ်တိုက်ခိုက်ခြင်းက လုမင်၏ တာအိုသိုင်းပညာကို နားလည်ရန်အတွက် ကြီးမားသော အထောက်အကူ ဖြစ်လိမ့်မည်။
"ဝှစ်"
ယခုတစ်ကြိမ်တွင်၊ တိုက်ခိုက်သူက မြေဝါရောင်ရုပ်သေး မဟုတ်တော့ဘဲ မီးနီရောင် ရုပ်သေး ဖြစ်သည်။ ၎င်းက ပေါက်ကွဲစွမ်းအားအပြည့်ရှိသော မီးဓာတ်စွမ်းအင် တာအိုသိုင်းကို အသုံးပြုခဲ့သည်။
လုမင်လည်း မီးဓာတ်စွမ်းအင် တာအိုသိုင်းကို အသုံးပြုပြီး တိုက်ခိုက်ခဲ့၏။
တစ်ဖက်လူ၏ မီးဓာတ်စွမ်းအင် တာအိုသိုင်းကို ကျွမ်းကျင်မှုက လုမင်ထက် သာလွန်နေကြောင်း ထင်ရှားသည်။ လုမင်က အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ခုခံရန် ခက်ခဲနေသေးသည်။
'ဘယ်လောက်တောင် မိုက်လိုက်ပါလိမ့်။ မီးဓာတ်စွမ်းအင် တာအိုသိုင်းကို ဒီလို အသုံးပြုနိုင်မှန်း ငါမသိခဲ့ဘူး'
တိုက်ခိုက်နေစဉ်အတွင်း၊ လုမင်ဟာ သူ့ပြိုင်ဘက်အသုံးပြုနေသော မီးဓာတ်စွမ်းအင် တာအိုသိုင်းကို ခံစားနားလည်ရန် ကြိုးစားခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ သူက ၎င်းကို သူ့ကိုယ်ပိုင် ကျင့်ကြံခြင်းဖြင့် စစ်ဆေးရန် ကြိုးစားခဲ့ပြီး မီးဓာတ်စွမ်းအင် တာအိုသိုင်းအား နားလည်မှု တိုးတက်စေခဲ့ပေသည်။
ဆယ်ကွက်ထက်မနည်း တိုက်ခိုက်ပြီးနောက် စင်ပေါ်မှ လုမင် ပြုတ်ကျသွားခဲ့သည်။
သို့သော်၊ လုမင်က စိတ်ဓာတ်မကျပါ။ သူက စင်မြင့်ပေါ်ကို ထပ်မံတက်လှမ်းသွားခဲ့သည်။
ဤတစ်ခါတော့ မိုးပြာရောင်ရုပ်သေးက တိုက်ခိုက်လာခဲ့သည်။ ၎င်းက လေဓာတ်စွမ်းအင် တာအိုသိုင်းကို အသုံးပြုခဲ့၏။
ဤသို့ဖြင့်၊ လုမင်ဟာ တိုက်ပွဲစင်မြင့်မှ ပြုတ်ကျလိုက်၊ တစ်ဖန် ပြန်လည်တိုက်ခိုက်ခဲ့နှင့် တိုက်ခိုက်နေခဲ့သည်။ တိုက်ခိုက်နေစဉ်အတွင်းမှာလည်း တာအိုသိုင်းပညာကို နားလည်ဆင်ခြင်ခဲ့၏။ သူ၏ နားလည်မှုကလည်း အလွန်လျင်မြန်စွာ တိုးတက်လာတော့သည်။
ယွမ်ချီစွမ်းအင် ကုန်ဆုံးသွားလျှင်တော့ ကျောက်ကြမ်းများကို ဝါးမျိုပြီး ပြန်လည်ဖြည့်တင်းသည်။ ထို့နောက် တစ်ဖန် စတင်တိုက်ခိုက်ခဲ့ပေသည်။
အချိန်များ ကုန်လွန်သွားခဲ့သည်။
တစ်လ၊ နှစ်လ၊ သုံးလ...
မျက်စိတစ်မှိတ်အတွင်း နှစ်ဝက်ကြာသွားသည်။
ဤနှစ်ဝက်တွင်း၌၊ လုမင်ဟာ စွမ်းအင်ပြန်လည်ဖြည့်တင်းခြင်းအပြင် ကျန်အချိန်များတွင် ရုပ်သေးငါးကောင်နှင့် တိုက်ခိုက်နေခဲ့သည်။ လုမင်၏ တာအိုသိုင်းငါးခုအပေါ် နားလည်သဘောပေါက်မှုကလည်း ခုန်ပျံတိုးတက်လာတော့သည်။
လုမင်က တာအိုသိုင်းပညာ ငါးခုစလုံးတွင် ကြီးမားသော အောင်မြင်မှုများ ရရှိခဲ့သည်။ တာအိုသိုင်းပညာများက တတိယအဆင့်သို့ တက်လှမ်းခဲ့ပြီး သူ၏ စွမ်းအားကလည်း ကြီးမားလာခဲ့ပေသည်။
"ဝုန်း"
လုမင်က မြေဝါရောင်ရုပ်သေးနှင့် တိုက်ခိုက်ရန်အတွက် မြေဓာတ်စွမ်းအင် တာအိုသိုင်း အသုံးပြုခဲ့သည်။ မြေဓာတ်စွမ်းအင် တာအိုသိုင်းပညာဖြင့် ထုတ်ဖော်သောအခါ လုမင်၏ လက်သီးအင်အားက အလွန်ပြင်းထန်ပြီး လေးလံမှုရှိ၏။ သူ၏ လက်သီးချက်တိုင်းက မြေကမ္ဘာဖြင့် ရန်သူများကို ဖိနှိပ်နေသလို အလွန် တုန်လှုပ်ဖွယ်ရာ ဖြစ်တော့သည်။
လက်သီးနှစ်လုံး ထိပ်တိုက်မိသောအခါ၊ မြေဝါရောင်ရုပ်သေး၏ ခန္ဓာကိုယ်က အဝေးသို့ လွင့်စဉ်သွားပြီး တိုက်ပွဲစင်မြင့်အစွန်းတွင် လဲကျသွားခဲ့သည်။
"ဆင်းတော့"
လုမင်က မြေဝါရောင်ရုပ်သေးဆီသို့ ပြေးသွားခဲ့သည်။
"ဝှစ်"
သို့သော်လည်း ဤအခိုက်တွင် မိုးပြာရောင် ရုပ်သေးတစ်ခုက ပေါ်လာသည်။ ထိုရုပ်သေးက လျှပ်စီးကဲ့သို့ လုမင်ကို ခုန်အုပ်လိုက်၏။ သူက လက်ကိုဝှေ့ယမ်းပြီး လေတာအိုသိုင်းကို အသုံးပြုကာ လုမင်အား တိုက်ခိုက်လာတော့သည်။
တစ်ချိန်တည်းမှာပင် လေထုထဲတွင် တောက်လောင်နေသော အလင်းရောင်တစ်ခု လွှမ်းသွားသည်။ အနီရောင် အလင်းများနှင့် ပုံရိပ်တစ်ခုက လုမင်ဆီကို ခုန်ဝင်လာခဲ့၏။
ထို့နောက် အပြာရောင်ရုပ်သေးနှင့် ခရမ်းရောင်ရုပ်သေးတို့ပါ ခုန်ဝင်လာတော့သည်။
မြေဝါရောင်ရုပ်သေးကလည်း ပြန်လည်ထရပ်လာသည်။ ရုပ်သေးငါးကောင်က လုမင်ကို အတူတူ တိုက်ခိုက်လိုက်ကြ၏။
လုမင် မှန်းဆထားသည့်အတိုင်း၊ ရုပ်သေးငါးကောင်က ပူးပေါင်းလာကြပြီ။
ရုပ်သေးငါးကောင်၏ စွမ်းအားက အံ့မခန်းဖြစ်သည်။ လုမင်လည်း အဆက်မပြတ် နောက်ပြန်ဆုတ်သွားရပေသည်။
အဓိက အရေးကြီးဆုံးအချက်မှာ၊ လုမင်က တာအိုသိုင်းပညာတစ်ခုကို အသုံးပြုသောအခါ သက်ဆိုင်ရာရုပ်သေး၏ တားဆီးခံရမည် ဖြစ်သည်။ ထိုအခါမျိုးတွင် သူ၏ စွမ်းအားအပြည့်ကို ထုတ်ရန် မလွယ်တော့ပေ။
လုမင်က တာအိုသိုင်းပညာများကို အဆက်မပြတ် ပြောင်းလဲ အသုံးနိုင်သည်။ သူက ပြိုင်ဘက်များ၏ တိုက်ခိုက်မှုကို တားဆီးရန် တာအိုသိုင်းပညာငါးခုအား အသုံးပြုခဲ့၏။
သို့သော်လည်း တာအိုသိုင်းပညာငါးခုကို ပြောင်းလဲရန် အချိန်ယူရသည်။ ယင်းက၊ တခဏမျှသာဖြစ်လျှင်ပင် ချို့ယွင်းချက်တစ်ခု ရှိနေဆဲပင်။ လုမင်မှာ ထပ်ခါထပ်ခါ ဆုတ်ခွာရပြီး အနည်းငယ်လှုပ်ရှားပြီးနောက် တိုက်ပွဲစင်မြင့်မှ ထွက်သွားခဲ့ရသည်။
'ဒီရုပ်သေးငါးကောင်ရဲ့ ပေါင်းစပ်မှုက ခိုင်မာပြီး ချောမွေ့လွန်းတယ်။ တာအိုသိုင်းပညာ တစ်ခုချင်းစီ ထုတ်ဖော်နေရမယ်ဆိုရင် ငါက သူတို့ရဲ့ပြိုင်ဘက် မဟုတ်ဘူး။ တာအိုငါးခုကို ပြီးပြည့်စုံအောင် ပေါင်းစည်းနိုင်မှာ မျှော်လင့်ချက်ရှိနိုင်တယ်'
ထိုသို့တွေးပြီးနောက် လုမင်ဟာ တိုက်ပွဲစင်မြင့်ပေါ်သို့ ပြန်တက်သွားခဲ့သည်။
တိုက်ပွဲစင်မြင့်ပေါ်သို့ လုမင် ရောက်သွားသည်နှင့် တပြိုင်နက်၊ ရုပ်သေးငါးကောင်က ချက်ချင်း တိုက်ခိုက်လာခဲ့၏။
လုမင်လည်း တာအိုငါးခုကို ပြောင်းလဲရန် အစွမ်းကုန် ကြိုးစားရင်း ရုပ်သေးငါးကောင်ကို တိုက်ခိုက်ရတော့သည်။
အစပိုင်းတွင်၊ လုမင်က လုံးဝ အရေးနိမ့်ခဲ့သည်။ အကြောင်းမှာ တာအိုသိုင်းပညာငါးခု၏ အကူးအပြောင်းကြားတွင် ကွာဟချက်တစ်ခု ရှိနေသောကြောင့်ပင်။ ကူးပြောင်းမှုက မပြည့်စုံဘဲ ကွာဟမှု ရှိနေသေးရွေ့ ရှုံးနိမ့်ရနိုင်သည်။
သို့ရာတွင်၊ အချိန်ကြာလာသည်နှင့်အမျှ လုမင်က တာအိုသိုင်းပညာ ငါးမျိုးကြားတွင် ပို၍ ကျွမ်းကျင်လာခဲ့သည်။ လအနည်းငယ်ကြာပြီးနောက်၊ လုမင်ဟာ ပြီးပြည့်စုံသော အခြေအနေကို အလွယ်တကူ ထုတ်ဖော်နိုင်လာခဲ့၏။ သူက မည်သည့်သိုင်းပညာရပ်ကိုမဆို လွယ်ကူစွာ အသုံးချနိုင်သည်။ သူက၏ ဘယ်၊ ညာ လက်များဖြင့် မတူညီသော သိုင်းပညာများကိုပင် ထုတ်ဖော်နိုင်ခဲ့ပေသည်။ ဤအချိန်တွင်၊ လုမင်က ရုပ်သေးငါးကောင်၏ တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့ပြီ ဖြစ်သည်။
"ပေါင်းစည်း"
သို့သော်လည်း ထိုအခိုက်တွင် မြေဝါရောင်ရုပ်သေးက လျစ်လျူရှုစွာ ပြောလိုက်သည်။ ထို့နောက် ရုပ်သေးငါးကောင်၏ ရုပ်သွင်များက ပြောင်းလဲသွား၏။ တာအိုသိုင်းပညာငါးခုက ပေါင်းစည်းပြီး ကစဉ့်ကလျားအလင်းအဖြစ် လုမင်ဆီသို့ တိုးဝင်လာတော့သည်။
တာအိုသိုင်းပညာငါးခုကို အမှန်တကယ် ပေါင်းစပ်ပြီးနောက် စွမ်းအားများက ရူးသွပ်ဖွယ်ကောင်းအောင် တိုးလာခဲ့သည်။ တစ်ချက်တည်းဖြင့် လုမင်ကို တိုက်ပွဲစင်မြင့်မှ လွင့်စဉ်သွားစေခဲ့ပေသည်။
"မဟုတ်ဘူး၊ သူတို့က ဒီလိုမျိုး အသုံးပြုနိုင်သေးတာလား"
လုမင် သူ့နှလုံးသားထဲမှ အော်ဟစ်လိုက်မိသည်။
ဤအဆင့်၏ အခက်အခဲက မြင့်မားလွန်းပေသည်။ ရုပ်သေးငါးကောင်၏ နည်းလမ်းများက အဆုံးရှိပုံမရဘဲ ပို၍ ပို၍ အားကောင်းလာခဲ့သည်။ ယခုဆိုလျှင် တာအိုသိုင်းပညာ ငါးခုကိုပင် အမှန်တကယ် ပေါင်းစပ်ခဲ့ကြပြီ။
ပေါင်းစည်းကြတာလား၊ ဟုတ်တယ်... ပေါင်းစည်းရမယ်။
လုမင်၏ မျက်လုံးများက ရုတ်တရက် တောက်ပလာခဲ့သည်။
ဤသည်က ဟွင်းယွမ်တာအိုကို လေ့ကျင့်ရန်အတွက် လိုအပ်ချက်တစ်ခု ဖြစ်သလော။
တာအိုသိုင်းပညာငါးခုကို ပေါင်းစပ်ခြင်းဖြင့်သာ ဟွင်းယွမ်တာအိုကို လေ့ကျင့်ရန် အရည်အချင်းပြည့်မီနိုင်မည်လော။
လုမင် မှန်းဆလိုက်မိသည်။
ဤအဆင့်များက စမ်းသပ်မှုသာမကဘဲ လေ့ကျင့်မှုလည်းဖြစ်လိမ့်မည်။
ထိုသို့သော လေ့ကျင့်မှုကို ဖြတ်ကျော်နိုင်သူများသာ အဆုံးအထိ လျှောက်လှမ်းနိုင်ပြီး ဟွင်းယွမ်တာအိုအား အောင်မြင်စွာ လေ့ကျင့်နိုင်မည် ဖြစ်သည်။
ဟွင်းယွမ်တာအိုက တာအိုများကြားမှ ဧကရာဇ်ပင်။ ယင်း၏စွမ်းအားက အလွန်တရာ ကြောက်စရာကောင်းသော်လည်း လေ့ကျင့်ရန် အခက်အခဲမှာ စိတ်ကူးကြည့်ရန်ပင် မလွယ်ပေ။ လေ့ကျင့်ရမည့် အခြေအနေများလည်း အလွန်ကြမ်းတမ်းသည်။
ယင်းက မည်သူမဆို အောင်မြင်အောင် လေ့ကျင့်နိုင်သောအရာ မဟုတ်ချေ။
အချို့သော အခြေအနေများနှင့် ကိုက်ညီမှသာ လေ့ကျင့်မှုတွင် အောင်မြင်နိုင်သည်။
လမ်းတစ်လျှောက်မှ စမ်းသပ်မှုများက ဟွင်းယွမ်တာအိုကို လေ့ကျင့်ရန်အတွက် ပြင်ဆင်နိုင်ဖွယ် ရှိပေသည်။ အကယ်၍ သူဟာ လမ်းတစ်လျှောက်မှ စမ်းသပ်မှုအားလုံးကို မအောင်မြင်ပါက ဟွင်းယွမ်ကျမ်းအား လေ့ကျင့်ရန် အရည်အချင်းပြည့်မီမည်မဟုတ်သလို ဟွင်းယွမ်တာအိုကို လေ့ကျင့်ရန်လည်း မဖြစ်နိုင်ပေ။
ထိုသို့တွေးမိသောအခါ လုမင်၏ မျက်လုံးများက တိုက်ခိုက်လိုစိတ်တို့ တစ်ဖန် ပြည့်နှက်လာခဲ့သည်။
"လာစမ်း၊ တာအိုသိုင်းပညာငါးခုကို ပေါင်းစပ်လို့မရဘူးဆိုတာ မယုံဘူး"
လုမင်လည်း အော်ဟစ်ပြီးနောက် တိုက်ပွဲစင်မြင့်ပေါ်သို့ ပြန်တက်သွားကာ ရုပ်သေးငါးကောင်နှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်တော့သည်။