အခန်း ၁၃၀၄
Vol. 87 Ch. 1304
အပိုင်း ( 1304 ) သိုင်းအုပ်ချုပ်သူကို သတ်ခြင်း။
လုမင်၏ လှုပ်ရှားမှုက ကြည့်ရှုသူများကို စိတ်ရှုပ်ထွေးစေခဲ့သည်။
ယခုလေးတင် လုမင်ဟာ လဲ့တင်းဖြင့် ရွှေခရမ်းရောင်ဝတ် အဘိုးကြီးကို ဆန့်ကျင်နိုင်နေပြီဖြစ်သည်။ သို့သော်လည်း ယခုတော့ လုမင်ဟာ လဲ့တင်းကို အမှန်တကယ် ဖယ်ထုတ်လိုက်၏။ သွေးမျိုးဆက်ပေါင်းစပ်မှုကိုပင် ဖျက်သိမ်းလိုက်သေးသည်။ ထို့နောက် ရွှေခရမ်းရောင်ဝတ် အဘိုးကြီးဆီသို့ လျှောက်သွားသည်။
သူ ဘာလုပ်နေသနည်း။ သူ့ကိုယ်သူ သတ်သေရန် ကြိုးစားနေသလော။
မရေမတွက်နိုင်သောလူများ ပဟေဋိ ဖြစ်ခဲ့ကြရသည်။
'လျှို့ဝှက်ဆန်းကြယ်ဟန်ဆောင်နေတာပဲ၊ မင်းဘာတွေလုပ်နေတယ်ဆိုတာ ဘယ်သူက ဂရုစိုက်မှာလဲ။ ငရဲကိုသွားစမ်း'
ရွှေခရမ်းရောင်ဝတ် အဘိုးကြီးက သူ့စိတ်ထဲမှ ဟိန်းဟောက်လိုက်သည်။ သူက ပုဆိန်ကြီးကို လက်နှစ်ဘက်နှင့်ကိုင်ပြီး စွမ်းအင်သွန်းလောင်းလိုက်၏။ တစ်ချိန်တည်းမှာပင်၊ သူက အုပ်ချုပ်သူပုဆိန်မှ ဒိုမိန်းစွမ်းအားကို အသက်သွင်းကာ ပုဆိန်စွမ်းအားကိုလည်း အဆုံးစွန်ထိ ထုတ်ဖော်လိုက်တော့သည်။
"ဝုန်း"
တောင်တစ်လုံးထက်ကြီးသော ပုဆိန်ကြီးက လုမင်ကို ခုတ်ပိုင်းလိုက်သည်။
ဤပုဆိန်ခုတ်ချက်ကို ရင်ဆိုင်ရသော်လည်း လုမင်က တည်ငြိမ်မှုရှိ၏။ သူက လဲ့တင်းကိုသုံးပြီး ခုခံရန် စိတ်ကူးမရှိပေ။
"ဖိနှိပ်"
လုမင်က လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ ရှေးဦးကစဥ့်ကလျား စွမ်းအင်က သူ့ခန္ဓာကိုယ်ထဲတွင် ပြည့်သွား၏။
ရှေးဦးကစဉ့်ကလျားတာအို၊ နောက်ဆုံးတွင် လုမင်က ရှေးဦးကစဉ့်ကလျားတာအိုကို အသုံးပြုခဲ့ပြီ ဖြစ်သည်။
လုမင်က သူ၏ ယွမ်ချီစွမ်းအင်၊ နဂါးစွမ်းအင်ကိုးခုနှင့် တတိယသွေးမျိုးဆက်မှ စွမ်းအင်တို့ကို အသုံးပြုပြီး အတားအဆီးမဲ့သောကောင်းကင်သိုင်းအတွက် အခြေခံအုတ်မြစ်အဖြစ် အသုံးပြုခဲ့၏။ ထို့နောက်မှာတော့ ကစဉ့်ကလျားတာအိုနှင့် လက်သီးချက်ကို ထုတ်ဖော်လိုက်တော့သည်။
"ဝုန်း..."
လုမင်၏ လက်သီးချက်က နှေးကွေးနေပုံရသော်လည်း ရွှေခရမ်းရောင်ဝတ် အဘိုးကြီးဆီသို့ အလွန်လျင်မြန်စွာ ဝင်ရောက်သွားသည်။
"လုမင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ သူက အုပ်ချုပ်သူဝိညာဉ်လက်နက်ကို သူ့ရဲ့ရုပ်ခန္ဓာနဲ့ တိုက်ခိုက်ဖို့ တကယ်ကြီး ကြိုးစားနေတာလား"
"အရူးပဲ၊ သူရူးနေပြီ။ သူ သေချင်နေတာပဲ ဖြစ်မယ်"
"မျိုးဆက်တစ်ခုရဲ့ ထူးချွန်ထက်မြက်တဲ့ ပါရမီရှင်တစ်ဦး ကျဆုံးသွားပြီ"
လုမင်၏ လုပ်ရပ်ကြောင့် ကြည့်ရှုသူအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
လုမင်က လဲ့တင်းကို အသုံးမပြုဘဲ သွေးမျိုးဆက်ပေါင်းစပ်မှုကို ဖျက်သိမ်းလိုက်သည်။ ထို့နောက် အုပ်ချုပ်သူဝိညာဉ်လက်နက်ကို တိုက်ခိုက်ရန် သူ၏ရုပ်ခန္ဓာကို အသုံးပြုခဲ့၏။ ဒါကမှ အရူးမဟုတ်ရင် ဘာဖြစ်ဦးမည်နည်း။
လုမင်က ဘာကြောင့် ထိုသို့ပြုလုပ်နေမှန်း ဘယ်သူမှ အဖြေရှာမရပေ။
"ဟားဟားဟား။ မင်းရူးနေရင်တောင် ဘယ်သူက ဂရုစိုက်မှာလဲ။ ငရဲကို သွားစမ်း"
ဟိုင်ယွိ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုတို့ ပေါ်လာခဲ့သည်။ သူ့နှလုံးသားထဲမှ လှောင်ရယ်ရင်း သူ့မျက်နှာတွင် ကြမ်းကြုတ်မှုတို့ ပေါ်လာတော့သည်။
ဤအခြေအနေကို ကောင်စွာ မြင်နိုင်သူက တစ်ဦးတည်းသာ ရှိသည်။ ယင်းက လူတော့ မဟုတ်ပေ၊ လိပ်အိုကြီး တန်တန် ဖြစ်သည်။
'အဲဒါ... ရှေးဦးကစဉ့်ကလျားတာအိုပဲ။ လခွမ်း၊ ဒီလုမင် ရှေးဦးကစဉ့်ကလျားတာအိုကို ဘယ်တုန်းက ဆုပ်ကိုင်ထားတာလဲ'
တန်တန် လျှာကိုက်မိမလို ဖြစ်သွားသည်။ သူ့မျက်လုံးများက ပြူးကျယ်ပြီး မယုံနိုင်ခြင်းများဖြင့် ပြည့်နှက်နေတော့သည်။
"ဝုန်း"
လူထောင်ပေါင်းများစွာ၏ အကြည့်များအောက်တွင် လုမင်၏လက်သီးချက်က အုပ်ချုပ်သူအဆင့် ဝိညာဉ်လက်နက် ပုဆိန်နှင့် ပြင်းထန်စွာ တိုက်မိသွားခဲ့သည်။
အားလုံး၏စိတ်ထဲတွင် လုမင်က အလွယ်တကူ ရှုံးနိမ့်ပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရမည် သို့မဟုတ် ပုတိတ်ခုတ်ချက်ကြောင့် တစ်ခါတည်း သေလိမ့်မည်။ သို့ရာတွင် လက်တွေ့မှာတော့ ထိုအစား စိတ်ကူးမယဉ်နိုင်သော မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။
လက်သီးနှင့် စစ်ပုဆိန်တို့ တိုက်မိသောအခါ၊ ပုဆိန်က ဆူညံသံတစ်ခု အမှန်တကယ် ထွက်ပေါ်လာပြီး အဆက်မပြတ် တုန်ခါသွားသည်။
ဤအခိုက်တွင် ရွှေခရမ်းရောင်ဝတ် အဘိုးကြီးလည်း ကြောက်မက်ဖွယ်ကောင်းသော အင်အားဖြင့် ထိမှန်သွားပုံရ၏။ သူ၏လက်များနှင့် သူ၏ခန္ဓာကိုယ်က ပုဆိန်ကြီးနှင့်အတူ တုန်လှုပ်သွားသည်။ ထို့နောက်မှာတော့ သူ့မျက်နှာက ဖြူဖျော့လာကာ ပါးစပ်တွင်းမှ သွေးများ အန်ထွက်လာတော့သည်။
"ဝမ်"
ပုဆိန်ကြီးက တုန်ခါလွန်း၍ ရွှေခရမ်းရောင်ဝတ် အဘိုးကြီးမှာ ကိုင်ပင်မကိုင်နိုင်တော့ပေ။ ပုဆိန်ကြီးက သူ့လက်မှလွတ်ပြီး ကောင်းကင်သို့ လွင့်စဉ်သွားသည်။
မိုးနှင့်မြေကြားတွင် လုံးဝ တိတ်ဆိတ်သွားတော့သည်။
လူတိုင်း အံ့ဩသွားကြသည်။ မျက်လုံးများ ပြူးကျယ်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွား၏။ သူတို့အားလုံး အော်ဟစ်လိုက်ချင်သော်လည်း လည်ချောင်းတွင် တစ်ခုခုတစ်ဆို့နေသလို အသံမထွက်နိုင်တော့ပေ။
"ကစဉ့်ကလျားတာအို၊ အဲဒါက တကယ့်ကို ကစဉ့်ကလျားတာအိုပဲ"
တန်တန်တစ်ယောက်သာ သူ့ဘာသာသူ ရေရွတ်နေမိသည်။
"တွိ...တွိ"
ပူဖောင်းလေးလည်း လုမင်ကို အားပေးနေဟန်ဖြင့် မျက်လုံးများကိုမှိတ်ကာ အော်ဟစ်လိုက်လေသည်။
"ဒီကောင်…"
ရှဲ့နျန်ချင်းက ခပ်တိုးတိုးလေးပြောလိုက်သည်။ လုမင်က ရှေးဦးကစဉ့်ကလျားတာအိုကို အောင်မြင်စွာ လေ့ကျင့်ခဲ့ကြောင်း သူသိသော်လည်း ထိုစွမ်းအားကြောင့် တုန်လှုပ်နေဆဲပင်။
မိုးကြိုးကြံ့အဓိပဓိကတော့ လိပ်ပြာလွင့်မတတ် တုန်လှုပ်သွားမိသည်။
'ကစဉ့်ကလျားတာအိုရဲ့ စွမ်းအားက တကယ့်ကို အံ့မခန်းပါပဲ'
လုမင်၏ နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။
ဒဏ္ဍာရီများအရ မိုးကောင်းကင်နှင့်မြေကမ္ဘာသည် ကစဉ့်ကလျားမှ ဖြစ်ပေါ်လာသည်ဟု ဆိုသည်။ ကောင်းကင်နှင့် မြေပြင်တွင် ကစဉ့်ကလျားစွမ်းအင် ရှိ၏။ ယင်းက ရှေးဦးမူလဖြစ်ပြီး အဖိုးတန်ဆုံးရတနာ ဖြစ်ခဲ့သည်။ ကစဉ့်ကလျားစွမ်းအင်က ကောင်းကင်ကို ဖြိုခွင်းနိုင်ပြီး တောင်တန်းတစ်ခုကို ပြိုကျစေနိုင်သည်ဟု ဒဏ္ဍာရီတွင် ဆိုထားသည်။ ယင်းက အလွန်လေးလံခဲ့ပေသည်။
ကစဉ့်ကလျားတာအိုတွင် ကစဉ့်ကလျားစွမ်းအင်၏ ဝိသေသလက္ခဏာများ ရှိသည်။ ယင်းက အလွန်လေးလံကာ အစွမ်းထက်၏။ အတားအဆီးမဲ့သော ကောင်းကင်သိုင်းကြောင့်လည်း တစ်ခုနှင့်တစ်ခု ပြီးပြည့်စုံစွာ ဖြည့်ဆည်းခဲ့ပေသည်။ ထို့ကြောင့်ပင် လက်သီးတစ်ချက်ဖြင့် ရွှေခရမ်းရောင်ဝတ် အဘိုးကြီးလက်မှ ပုဆိန်ကြီးသည် လွင့်စဥ်သွားခဲ့သည်။ ပုဆိန်ကို လက်လွှတ်လိုက်ရသည့်အပြင် ရွှေခရမ်းရောင်ဝတ် အဘိုးကြီးလည်း ဒဏ်ရာရသွားခဲ့ပေသည်။
"သတ်"
လုမင်က ငေါက်ငမ်းပြီး လှုပ်ရှားလိုက်သည်။ ရှေးဦး ကစဉ့်ကလျားတာအိုဖြင့် ဝန်းရံထားပြီး သူ ထပ်မံ ထိုးကြိတ်လိုက်၏။
"ဝုန်း"
လုမင်၏ လက်သီးအင်အား ဖြတ်သန်းသွားရာ နေရာတိုင်းမှ ကောင်းကင်က ပြိုကျသွားရသည်။ အမှောင်ထု တွင်းနက်ကြီးများ ပေါ်လာခဲ့၏။
ကစဉ့်ကလျားအငွေ့အသက်က ပျံ့နှံ့သွားပြီး ရွှေခရမ်းရောင်ဝတ် အဘိုးကြီးကို လုံးဝ လွှမ်းခြုံထားတော့သည်။
ရွှေခရမ်းရောင်ဝတ် အဘိုးကြီး မျက်နှာပျက်သွားသည်။ သူက ခုခံနိုင်ရန်မျှော်လင့်ရင်း ဟိန်းဟောက်ပြီး ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်သည်။
"ဝုန်း"
လက်သီးနှစ်လုံး ဆုံပြီးချိန်တွင် ရွှေခရမ်းရောင်ဝတ် အဘိုးကြီး၏ ဒိုမိန်းပြိုကျပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားအောက်တွင် ပေါက်ကွဲသွားရသည်။
လုမင်၏ လက်သီးအင်အားက ရွှေခရမ်းရောင်ဝတ်အဘိုးကြီး၏ လက်သီးအင်အားကိုဖြတ်ပြီး သူ၏လက်သီးပေါ်သို့ ကျရောက်သွားခဲ့သည်။
"ဖြောင်း"
အရိုးကျိုးသံများ ထွက်ပေါ်လာခဲ့၏။ ရွှေခရမ်းရောင်ဝတ် အဘိုးကြီးက ဝိညာဉ်ခန္ဓာကို လေ့ကျင့်ထားသော်လည်း အသုံးမဝင်ပေ။ သူ့လက်ဝါးက ပုံပျက်နေပြီး သူ့လက်တစ်ခုလုံး ကောက်ကွေးသွားခဲ့သည်။
ရွှေခရမ်းရောင်ဝတ် အဘိုးကြီးမှာ အော်ဟစ်ရင်း မီတာရာဏန်းအကွာသို့ လွင့်စဉ်သွားသည်။ သူ့မျက်နှာက ဖြူဖျော့နေပြီး ပါးစပ်တွင်းမှ သွေးများ အန်ထွက်လာခဲ့၏။
သို့သော်လည်း အဘိုးကြီးမှာ ရပ်မနေဝံ့ဘဲ ချာခနဲလှည့်ကာ ဆက်ပြေးတော့သည်။
"လေဓာတ်စွမ်းအင် တာအိုသိုင်း"
လုမင်က လေဓာတ်စွမ်းအင် တာအိုသိုင်းကို အသုံးပြုခဲ့သည်။ သူ့ပုံရိပ်က အလင်းတန်းတစ်ခုကဲ့သို့ မီတာတစ်ရာအကွာအဝေးကို ခဏချင်း ဖြတ်သန်းသွားခဲ့သည်။
လုမင်က လက်သီးအင်အားကို ထုတ်ဖော်လိုက်ရာ သူ့အရှေ့ မီတာရာဂဏန်းအကွာအဝေးရှိ ဟင်းလင်းပြင်က ပြိုကျသွား၏။ ကြောက်မက်ဖွယ်ကောင်းသော လက်သီးအင်အားက ရွှေခရမ်းရောင်ဝတ် အဘိုးကြီးဆီသို့ တဟုန်ထိုး တိုးဝင်လာတော့သည်။
ယင်းက အကြွင်းမဲ့အာဏာနှင့် ဖိနှိပ်ခြင်း ဖြစ်သည်။ ယင်းက ရိုးရှင်းပြီး တိုက်ရိုက်ဆန်သော်လည်း ရှောင်လွှဲရန် နည်းလမ်းမရှိပေ။
ရွှေခရမ်းရောင်ဝတ် အဘိုးကြီးလည်း အစွမ်းကုန် ခုခံရန်သာ တတ်နိုင်ခဲ့သည်။
သို့သော်လည်း ယခုအခါ သူ့တွင် အုပ်ချုပ်သူ ဝိညာဉ်လက်နက် မရှိတော့ပေ။ ဤအခြေအနေတွင် လုမင်က ကစဉ့်ကလျားတာအိုကို အသုံးမပြုခဲ့လျှင်ပင် သူ့အား ဖိနှိပ်နိုင်သည်။ သူက လုမင်အတွက် လုံးဝ ပြိုင်ဆိုင်နိုင်စွမ်း မရှိတော့ပေ။
ရွှေခရမ်းရောင်ဝတ် အဘိုးကြီးမှာ လေထဲ လဲကျနေသည့် ကြက်ကလေးတစ်ကောင်ကဲ့သို့ ဖြစ်ခဲ့သည်။ သူ့ပါးစပ်မှ သွေးများ အန်ထွက်လာသလို သူ့ခန္ဓာကိုယ်မှလည်း ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့၏။
"ဒါကိုအဆုံးသတ်ဖို့အချိန်တန်ပြီ"
လုမင် ပြောလိုက်သည်။ လုမင်က လေဓာတ်စွမ်းအင် တာအိုသိုင်းကို အသုံးပြုပြီး ရွှေခရမ်းရောင်ဝတ် အဘိုးကြီးရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့သည်။ သူက လေထဲကိုဖမ်းဆုပ်လိုက်ရာ ကစဉ့်ကလျားတာအိုက လှံရှည်တစ်လက်အဖြစ် ဖွဲ့စည်းလာခဲ့၏။ လှံရှည်က လျှပ်စီးလက်သကဲ့သို့ ရွှေခရမ်းရောင်ဝတ် အဘိုးကြီး၏ ဒန်တျန်ဆီသို့ ထိုးဖောက်သွားတော့သည်။
"မဟုတ်ပါဘူး၊ ငါ့ကို ချမ်းသာ..."
ရွှေခရမ်းရောင်ဝတ် အဘိုးကြီးက အော်ဟစ်လိုက်သည်။ သို့သော်၊ လုမင် ဂရုမစိုက်ပါ။ လှံရှည်က ဆက်လက် ထိုးဆင်းသွားခဲ့သည်။
"စွပ်"
ကစဉ့်ကလျားတာအိုမှ ဖွဲ့စည်းထားသော လှံရှည်က အနှိုင်းမဲ့ ထက်မြက်သည်။ လှံရှည်က အဘိုးကြီး၏ ဒန်တျန်ကို အလွယ်တကူ ထိုးဖောက်ပြီး စိတ်ဝိညာဉ်ကိုပင် ဖောက်ထွက်သွားခဲ့သည်။
လှံရှည်မှ စွမ်းအားများက ပေါက်ကွဲသွား၏။ ရွှေခရမ်းရောင်ဝတ် အဘိုးကြီး လက်မခံနိုင်ဟန်ဖြင့် အော်ဟစ်လိုက်သည်။ သို့သော်လည်း သူ၏ အသက်ဓာတ်တို့ လုံးလုံးလျားလျား ပျောက်ကွယ်သွားကာ အသံမထွက်တော့ပေ။
ရွှေခရမ်းရောင်ဝတ် အဘိုးကြီး၊ မျိုးဆက်ဟောင်း၏ သိုင်းအုပ်ချုပ်သူနယ်ပယ် တန်ခိုးရှင်ကြီး ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။
“ဘုရား...ဘုရား..."
ဤမြင်ကွင်းကို မြင်လိုက်ရသူတိုင်း ဘုရားတလိုက်မိသည်။
"မဖြစ်နိုင်ဘူး"
ဟိုင်ယွိလည်း ဟိန်းဟောက်လိုက်သည်။ သူ့မျက်လုံးများက မယုံကြည်နိုင်ဘဲ နီရဲသွား၏။
"မင်းအလှည့်"
လုမင်က ဟိုင်ယွိကို စိုက်ကြည့်လိုက်သည်။ သူ့ပုံရိပ်က ရွေ့သွားပြီး ဟိုင်ယွိဆီသို့ ဦးတည်သွားသည်။
"မဟုတ်ဘူး…"
ဟိုင်ယွိ၏ ခန္ဓာကိုယ်က ဆတ်ခနဲတုန်သွားပြီး အရူးတစ်ယောက်လို ပြေးထွက်သွား၏။
သို့သော်လည်း သိုင်းအုပ်ချုပ်သူပင်လျှင် လုမင်၏လက်မှ မလွတ်မြောက်နိုင်ပေ။ လေဓာတ်စွမ်းအင် တာအိုသိုင်းက သူ့ကို အရှိန်အဟုန်ပြင်းပြင်းနှင့် လှုပ်ရှားနိုင်စေသည်။ သူက ဟိုင်ယွိကို ချက်ချင်းဖမ်းမိပြီး လက်သီးနှင့် ထိုးချလိုက်၏။ ကစဉ့်ကလျားတာအိုစွမ်းအားကြောင့် ဟိုင်ယွိမှာ အော်ဟစ်ရင်း သူ့တစ်ကိုယ်လုံး ပေါက်ကွဲသွားတော့သည်။ သူ၏ နတ်ဘုရားဝိညာဉ်သည်လည်း ပေါက်ကွဲသွားရသည်။
ဟိုင်ယွိက နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်ကို နိုးထစေခဲ့သော်လည်း လုမင်၏ တိုက်ခိုက်မှု တစ်ခုကိုပင် မတားဆီးနိုင်ခဲ့ပေ။