အခန်း ၁၃၀၅
Vol. 87 Ch. 1305
အပိုင်း ( 1305 ) သိုင်းအုပ်ချုပ်သူ သွေးအနှစ်သာရ။
"ဝှူး"
ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာခဲ့သည်။ ဤတော့မှ ကြည့်ရှုနေသူများ သတိပြန်ဝင်လာကြ၏။ အားလုံးက လုမင်ကို ထိတ်လန့်တကြားဖြင့် ကြည့်လိုက်ကြသည်။
လုမင်က သိုင်းအုပ်ချုပ်သူတစ်ဦးကို သတ်ဖြတ်ခဲ့သည်။ ဤရလဒ်က လူတိုင်း၏မျှော်လင့်ချက်ထက် ကျော်လွန်သွား၏။ ယင်းက တုန်လှုပ်စရာကောင်းလွန်းသည်။
၎င်းက သိုင်းအုပ်ချုပ်သူတည်း။
သမိုင်းတွင် အဆင့်ကျော်ကာ တိုက်ခိုက်နိုင်သော ပါရမီရှင်များစွာ ရှိဖူးသည်။ အဓိပဓိနယ်ပယ်နှင့် သိုင်းအုပ်ချုပ်သူကို တိုက်ခိုက်နိုင်သော အခြေအနေများကလည်း ရှားပါးသည်မဟုတ်ပေ။
သို့ရာတွင်၊ မည်သို့ပင်ဆိုစေကာမူ ၎င်းက တိုက်ပွဲကြီးတစ်ခုမျှသာ ဖြစ်သည်။ ယင်းက ထိပ်တိုက်ရင်ဆိုင်မှုသာဖြစ်ပြီး ဖိနှိပ်ခြင်းမဟုတ်ပါ။
အဓိပဓိနယ်ပယ်နှင့် သိုင်းအုပ်ချုပ်သူကို ဖိနှိပ်နိုင်သူက အလွန်နည်းပါးသည်။
သိုင်းအုပ်ချုပ်သူကို သတ်ဖြတ်ရန်တော့ ပြောနေစရာပင် မလိုပေ။
သိုင်းအုပ်ချုပ်သူများက အဓိပဓိကို မယှဉ်နိုင်လျှင်ပင် ထွက်ပြေး လွတ်မြောက်ရန် အခွင့်အလမ်း မြင့်မားဆဲ ဖြစ်သည်။ ထို့ပြင် သိုင်းအုပ်ချုပ်သူများက ဝိညာဉ်ခန္ဓာကို လေ့ကျင့်ထား၏။ သူတို့၏ အသက်ဓာတ်က အလွန်သန်မာပြီး သူတို့ကို သတ်ရန် အလွန်ခက်ခဲသည်။
ရှေးခေတ်ကတည်းက ရှန်းရွှီတိုက်ကြီးတွင် ထိုအဖြစ်မျိုး များစွာ မရှိခဲ့ပါ။
သို့ရာတွင်၊ လုမင်၏ ကျင့်ကြံခြင်းအခြေခံက ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရား နယ်ပယ်တွင်သာ ရှိသေးသည်။ ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရား နယ်ပယ် ကျင့်ကြံသူဖြစ်ပြီး သိုင်းအုပ်ချုပ်သူတစ်ပါးကို သတ်နိုင်သည်။ ရှန်းရွှီတိုက်ကြီး တစ်ခုလုံးမှာပင် ထိုသို့သော အဖြစ်အပျက်မျိုး မကြုံဖူးဘဲ ၎င်းနှင့်ပတ်သက်သည့် မှတ်တမ်းများလည်း မရှိခဲ့ပါ။
လုမင်က သမိုင်းသစ်ကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။
မရေတွက်နိုင်သော မျက်လုံးအစုံက လုမင်ကို စိုက်ကြည့်နေကြသည်။ သူတို့အားလုံး၏ မျက်လုံးမှာတော့ ထိတ်လန့်ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နေတော့သည်။
"ဘယ်သူ ငါ့ကိုတားဆီးချင်သေးလဲ"
လုမင်က လျှပ်စီးလက်နေသကဲ့သို့ စူးရှသော မျက်လုံးများဖြင့် အရပ်ရပ်ကို ဝေ့ကြည့်လိုက်သည်။
အဓိပဓိများ အပါအဝင် ကျင့်ကြံသူအားလုံး ခေါင်းငုံ့သွား၏။ သူတို့အားလုံး လုမင်ကို တိုက်ရိုက်ကြည့်ရန်ပင် မဝံ့ရဲတော့ပေ။
ပင်လယ်ရေအောက်မှ ရှေးမြို့ဟောင်းထဲသို့ ဝင်ရောက်ခဲ့သော ကျင့်ကြံသူများက လုမင်ဟာ သန့်စင်သောဝိညာဉ်ခန္ဓာ ကျင့်စဉ်ကို ရရှိထားပြီဖြစ်မှန်း သိကြသည်။ သို့ရာတွင် မည်သူမျှ မပြောဝံ့ကြပေ။
နောက်နေခြင်းသာ ဖြစ်ရမည်၊ ထိုလူကြမ်းကောင်က သိုင်းအုပ်ချုပ်သူတစ်ပါးကိုပင် ကိုယ်တိုင် သတ်ဖူး၏။ သေချင်နေမှသာ ရှေ့တိုးမည် ဖြစ်သည်။
"ဒါဆိုရင် မိုးကြိုးကြံ့... သွားကြရအောင်"
လုမင်က သူ့လက်ကို ဝှေ့ယမ်းပြီး ရွှေခရမ်းရောင်ဝတ် အဘိုးကြီး၏အလောင်းကို တောင်နှင့်မြစ်ပန်းချီကားထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူက မိုးကြိုးကြံ့အဓိပတိ၏ နောက်ကျောပေါ်သို့ ပြန်လာကာ ပြောလိုက်၏။
"ဝူး"
မိုးကြိုးကြံ့အဓိပဓိလည်း စိတ်လှုပ်ရှားစွာ ဟိန်းဟောက်လိုက်သည်။ သူ့တစ်ကိုယ်လုံးတွင် လျှပ်စစ်များက စီးဆင်းသွား၏။ သူက ပင်လယ်ရေပေါ်မှ ဖြတ်ကာ ပျံသန်းသွားတော့သည်။
သူ အလွန် စိတ်လှုပ်ရှားသွားသည်။
ယခုတော့ လုမင်ကို လုံးဝ အထင်ကြီးနေပြီ။ သူဟာ လုမင်နောက်ကို တစ်သက်လုံး လိုက်ရန်ပင် စိတ်ကူးထားပြီးပြီ ဖြစ်သည်။ လုမင်က သူ့ကို နှင်ထုတ်လျှင်ပင် အရှက်မရှိစွာဖြင့် လိုက်ပါနေဦးမည်။
ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ်နှင့် သိုင်းအုပ်ချုပ်သူတစ်ပါးကို သတ်နိုင်သည်။ ဤပါရမီရှင်မျိုးက သမိုင်းမှာ တစ်ခါမှ မပေါ်ခဲ့ဖူးပေ။
နောင်တွင် သူက သိုင်းအုပ်ချုပ်သူ ဖြစ်လာမည်မှာ သေချာသည်။ ရှန်းရွှီတိုက်ကြီးကို စိုးမိုးပြီး အသန်မာဆုံးတန်ခိုးရှင် ဖြစ်လာရန်ပင် သူ့အတွက် လွယ်ကူပေလိမ့်မည်။
သူဟာ ယွမ်လုမှာပင် ဒီရေလှိုင်းကြီးများ ဖန်တီးနိုင်ပြီး ထိုနေရာ၏ အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာနိုင်သည်။
ဤမျှ အကန့်အသတ်မရှိသော အနာဂတ်ရှိသည့် ပါရမီရှင်တစ်ဦးကို မလိုက်နာပါက လူမိုက်ဖြစ်လိမ့်မည်။
လုမင်၏အနားတွင် နာခံမှုရှိရှိ ရှိနေသရွေ့၊ လုမင်တိုးတက်လာသရွေ့ သူ့အတွက်လည်း သေချာပေါက် အကျိုးရှိမည် ဖြစ်သည်။
မူလက သူသည် သိုင်းအုပ်ချုပ်သူဖြစ်လာရန် မျှော်လင့်ချက်မရှိခဲ့သော်လည်း ယခုတော့ သူ့နှလုံးသားထဲတွင် မျှော်လင့်ချက်အလင်းတန်းတစ်ခု ပေါ်လာပြီ။
"ဝှစ်... ဝှစ်..."
မိုးကြိုးကြံ့ အဓိပဓိက အစွမ်းရှိသမျှ ပြေးသွားခဲ့သည်။ သူ့တစ်ကိုယ်လုံး တွင် လျှပ်စီးများ ပြည့်နေခဲ့၏။ သူ့ခန္ဓာကြီးက လျှပ်စီးကဲ့သို့ ပင်လယ်ပြင်ကိုဖြတ်ကာ နက်နဲသောပင်လယ်ဆီသို့ ဦးတည်သွားတော့သည်။
လုမင်နှင့် ရှဲ့နျန်ချင်းလည်း မိုးကြိုးကြံ့အဓိပဓိ၏ နောက်ကျောပေါ်တွင် တည်ငြိမ်စွာ တင်ပျဉ်ခွေထိုင်နေခဲ့ကြသည်။
"ဟကောင် လုမင်၊ မင်း ကစဉ့်ကလျားတာအိုကို တကယ်ကြီး လေ့ကျင့်ပြီးသွားပြီပဲ။ အံ့သြစရာကောင်းလိုက်တာ၊ မင်း တကယ်ကို အထင်ကြီးစရာဖြစ်သွားပြီ။ အခုတော့ ငါသိပြီလေ၊ ရှေးမြို့ဟောင်းမှာ အသက်ရှူချိန် တစ်ဒါဇင်လောက် မင်း ပျောက်ကွယ်သွားခဲ့တယ်။ အဲဒီအချိန်က ဟွင်းယွမ်တံဆိပ်ပြားလည်း ပေါ်လာတယ်။ မဟုတ်မှလွဲ၊ ဟွင်းယွမ်တံဆိပ်ပြားက မင်းကို ဟွင်းနန်းတော်ဆီ ခေါ်သွားခဲ့တာလား"
တန်တန်က လုမင်၏ ပခုံးပေါ်သို့ ခုန်တက်ကာ မေးခွန်းပေါင်းများစွာကို ဆက်တိုက် မေးလိုက်သည်။
တန်တန်က အမှန်တကယ်ပင် မွန်းစတားအိုကြီးတစ်ကောင် ဖြစ်ထိုက်သည်။ သူဟာ အတွေ့အကြုံများပြီး ဗဟုသုတကြွယ်ဝကာ ကစဉ့်ကလျားတာအိုကို ချက်ချင်း မှန်းဆနိုင်ခဲ့သည်။
"ဟုတ်တယ်၊ မင်းထင်တာ မမှားဘူး"
လုမင် ခေါင်းညိတ်လိုက်သည်။
"အံ့သြစရာပဲ၊ လုမင်... မင်းကို ငါ အထင်မမမှားခဲ့ဘူးပဲ။ မင်းက ဟွင်းနန်းတော်ရဲ့ အမွေကို ရသွားပုံရတယ်"
တန်တန်က ပြောသည်။
"တန်တန်၊ ဟွင်းဧကရာဇ်ကို မင်းသိလား"
လုမင် စိတ်ဝင်တစား မေးလိုက်၏။
"ဟုတ်တာပေါ့၊ ငါ သူ့ကို သိတယ်။ အဲဒီလူက အရမ်း အစွမ်းထက်တယ်။ သူက ငါနဲ့ အဆင့်တူပဲလေ"
တန်တန်က လက်သေးသေးလေးနှစ်ဖက်ကို နောက်ပစ်ပြီး ဂုဏ်ယူဝံ့ကြွားစွာ ပြောလေသည်။
"မင်းကတော့ ကြွားပြီ"
လုမင်က နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။
ဟွင်းဧကရာဇ်သည် ကမ္ဘာပေါ်ရှိ အထွတ်အထိပ်တည်ရှိမှုများထဲမှ တစ်ခုဖြစ်ကြောင်း ထူယီထံမှ သိရှိခဲ့ရသည်။ သူသည် ပြိုင်ဘက်ကင်းသလောက် ဖြစ်၏။ အချိန်ဟင်းလင်းပြင် ဝိညာဉ်နန်းတော်မှ နန်းတော်ရှင် အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်ပင်လျှင် ဟွင်းဧကရာဇ်ထက် အနည်းငယ် အားနည်းသည်။
တန်တန်နှင့် အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်က သာတူညီမျှ ကျော်ကြား၏။ သူဟာ ထိပ်တန်း စစ်သားရဲက ဆယ်ကောင်ထဲမှ တစ်ကောင်သာ ဖြစ်သည်။ သူက ဟွင်းဧကရာဇ်နှင့် မည်သို့ နှိုင်းယှဉ်နိုင်မည်နည်း။
"ဘယ်သူက ကြွားတာလဲ။ ငါက ထိပ်တန်း စစ်သားရဲ ဆယ်ကောင်ရဲ့ ခေါင်းဆောင်ကွ။ ငါက ကမ္ဘာပေါ်မှာ အထွတ်အထိပ် ဖြစ်တည်မှုပဲ"
လုမင်၏ နောက်တစ်ဖန် မထီမဲ့မြင်ပြုခြင်း ခံရပြီးနောက် တန်တန် မကျေမနပ်ဖြင့် အော်လိုက်သည်။
လုမင်လည်း ပြုံးပြီး တန်တန်နှင့် ငြင်းခုံမနေတော့ပေ။ သူက သူ့လက်ကိုဝှေ့ယမ်းလိုက်ရာ မိုးကြိုးကြံ့အဓိပတိ၏ နောက်ကျောမှာ အလောင်းများ ပေါ်လာခဲ့သည်။
၎င်းတို့က ရွှေခရမ်းရောင်ဝတ် အဘိုးကြီးနှင့် လုမင်သတ်ခဲ့သော အဓိပဓိအလောင်းများ ဖြစ်ချေသည်။
"လုမင်၊ ဒီအလောင်းတွေကို ငါ့လည်းပေးပါလား။ ဒါက ရှားရှားပါးပါး ဆေးတွေပဲ၊ ငါ့ကို နည်းနည်းပါးပါး ပြန်ကောင်းအောင် ကူညီပေးနိုင်တယ်"
တန်တန်ဟာ ဤအလောင်းများကို အထူးသဖြင့် သိုင်းအုပ်ချုပ်သူ အလောင်းကိုကြည့်ရင်း သွားရေကျလုနီးပါး ဖြစ်ခဲ့သည်။
"မင်းကို ပေးရမှာလား"
လုမင်က ခဏစဉ်းစားပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ငါက သွေးအနှစ်သာရပဲ လိုချင်တာပါ၊ ကျန်တာတွေကို ငါပေးနိုင်တယ်"
ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်သည် နတ်ဘုရားအဆင့်ရှစ်သာ ဖြစ်သေး၍ ဆက်လက်တိုးတက်ရန် သွေးအနှစ်သာရများ လိုအပ်သည်။ ကျန်တာတွေကတော့ လုမင်အတွက် သိပ်အသုံးမဝင်ပေ။
လုမင်၏ လက်ရှိ ကျင့်ကြံခြင်းအခြေခံက ပြီးပြည့်စုံသော ဝိညာဉ်နတ် ဘုရား နယ်ပယ်တွင် ဖြစ်သည်။ နောက်တစ်ဆင့်ကတော့ ဒိုမိန်းသန္ဓေသားပုံစံကို နားလည်ဆင်ခြင်ပြီး အဓိပဓိနယ်ပယ်သို့ တက်လှမ်းရန်ပင်။
ဤအဆင့်တွင် နဝမနဂါးနှင့် ဝါးမျိုခြင်းဖြင့် မတိုးတက်နိုင်တော့ပါ။ မိမိ၏ ကိုယ်ပိုင် နားလည်နိုင်စွမ်းကို အားကိုးရမည် ဖြစ်သည်။
အမှန်မှာ၊ ဝါးမျိုခြင်းဖြင့် သူ၏ ကျင့်ကြံခြင်းအခြေခံကို အနာဂတ်တွင် တိုးတက်စေနိုင်မည် မဟုတ်ပါ။ ကိုယ်တိုင် နားလည်မှုက အရေးကြီးဆုံး ဖြစ်သည်။
ထို့ကြောင့်၊ သွေးအနှစ်သာရမှတပါး ယွမ်ချီစွမ်းအင် စသည်တို့က လုမင်အတွက် အသုံးမဝင်တော့ပါ။ ထို့ကြောင့် တန်တန်ကို ပေးကောင်းပေးနိုင်သည်။
ထို့နောက်၊ လုမင်ဟာ ကျောက်စိမ်းပုလင်းအချို့ကို ထုတ်ပြီး သွေးအနှစ်သာရများ ထုတ်ယူလိုက်သည်။ ပြောင်လက်တောက်ပသော သွေးအနှစ်သာရ အစက်များက အဓိပဓိအလောင်းများမှ ပျံထွက်လာပြီး ကျောက်စိမ်းပုလင်းများထဲသို့ ကျဆင်းသွား၏။
စုစုပေါင်း အဓိပတိ ခုနစ်ပါး ရှိပေသည်။ ၎င်းတို့ တစ်ဦးစီတွင် သွေးအနှစ်သာရ ကိုးစက်ရှိပြီး ကျောက်စိမ်းပုလင်း တစ်လုံးစီတွင် ထည့်သိမ်းထားလိုက်သည်။
နောက်ဆုံးကတော့ ရွှေခရမ်းရောင်ဝတ် အဘိုးကြီး၏ သွေးအနှစ်သာရပင်။
သိုင်းအုပ်ချုပ်သူတစ်ပါးအနေဖြင့် ရွှေခရမ်းရောင်ဝတ် အဘိုးကြီး၏ သွေးအနှစ်သာရက အကန့်အသတ်မဲ့ စွမ်းအင်များပြည့်နှက်နေသောသွေးပုလဲကဲ့သို့ ဖြစ်သည်။ ပျံထွက်လာသည်နှင့် တပြိုင်နက်၊ ကြီးမားပြီး ကြီးကျယ်ခမ်းနားသော အုပ်ချုပ်သူ အရှိန်အဝါများ ထွက်ပေါ်လာခဲ့၏။
ဤနေရာတွင် လုမင်အစား ဝိညာဉ်နတ်ဘုရား နယ်ပယ်အောက်မှ သာမန် ကျင့်ကြံသူဖြစ်ပါက၊ ဤအုပ်ချုပ်သူအရှိန်အဝါ၏ ဖိနှိပ်ခံရမည် ဖြစ်သည်။
သာမာန်ဝိညာဉ်တော် နတ်ဘုရားနယ်ပယ် ကျင့်ကြံသူဆိုပါက ပြင်းထန်စွာ ဒဏ်ရာရရှိသွားလိမ့်မည်။
အဆင့်မြင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်နှင့် အထက်ရှိ ကျွမ်းကျင်သူများသာ ချဉ်းကပ်နိုင်ပြီး သိုင်းအုပ်ချုပ်သူ သွေးအနှစ်သာရကို စုဆောင်းနိုင်သည်။
လုမင်က ကျောက်စိမ်းပုလင်းတစ်လုံးဖြင့် အဓိပဓိ သွေးအနှစ်သာရများကို သိမ်းဆည်းလိုက်သည်။
သူတို့၏ သိုလှောင်လက်စွပ်များကိုတော့ လုမင်က သဘာဝအတိုင်း အလွတ်မပေးဘဲ သိမ်းထားလိုက်တာ ကြာခဲ့ပြီ။
"တန်တန်၊ မင်း အဲဒါတွေကို ယူလို့ရပြီ"
လုမင် ပြောလိုက်သည်။
"ဟားဟား"
တန်တန် ရယ်မောလိုက်၏။ သူက သိုင်းအုပ်ချုပ်သူအလောင်းနှင့် အဓိပဓိအလောင်းများကို သူ့ပါးစပ်အတွင်းသို့ စုပ်ယူသွားတော့သည်။
"ငါ အဲဒါတွေကို သိမ်းထားပြီး ဖြည်းဖြည်းချင်း ချေဖျက်ရမယ်"
တန်တန်က ကျေနပ်စွာဖြင့် ပြုံးပြီး မျက်လုံးများကို မှေးစင်းလိုက်သည်။
သို့သော်လည်း ခဏချင်းမှာပင် တန်တန်၏ မျက်လုံးများက ပြူးကျယ်လာပြန်သည်။
"ပင်လယ်ထဲက သဘာဝရတနာတွေဆိုတာ ကုန်းမြေထက် ဆယ်ဆ ပိုပေါများတာပဲ။ အဖိုးတန် ရတနာတွေ အများကြီးပဲ။ ဒီလမ်းတစ်လျှောက်လုံးက ဟာတွေကို ငါ အလွတ်မပေးချင်ဘူး"
တန်တန်က တီးတိုး ရေရွတ်လိုက်သည်။
"တွိ... တွိ"
တန်တန်ကို ထောက်ခံဟန်ဖြင့် ပူဖောင်းလေးက အော်လိုက်၏။
"ဟားဟားဟား၊ ကောင်းပြီ။ ငါတို့နှစ်ယောက် ပေါင်းပြီး သဘာဝ ရတနာတွေကို ရှာကြမယ်"
တန်တန်လည်း သဘောကျသွားကာ ရယ်မောပြီး ဆွေးနွေးရန် ပူဖောင်းလေးကို ဆွဲခေါ်သွားတော့သည်။