အခန်း ၁၃၀၉
Vol. 88 Ch. 1309
အပိုင်း ( 1309 ) ရှမ်းဟွမ်တိုက်ကြီးသို့ ပြန်ရောက်ပြီ။
သို့သော်လည်း၊ ယခုအချိန်တွင် တန်တန်နှင့် ပူဖောင်းလေးက အများစုကို ဝါးမျိုသွားခဲ့သည်။
"ဂေ့...အေ့"
သူတို့နှစ်ဦး၏ ဗိုက်ကလေးများက ဖောင်းကားနေပြီး လေချဉ်တက်လိုက်ကြသေးသည်။
အထူးသဖြင့် ပူဖောင်းကလေး၊ သူ့မျက်လုံးများက မှုန်ဝါးနေပြီး တစ်ကိုယ်လုံး တောက်ပနေခဲ့သည်။
ယင်းကအမှန်ပင်။ ပူဖောင်းလေးက လုမင်၏ ပခုံးပေါ်တက်လာပြီး လေတက်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ နို့ဖြူရောင် အလင်းများကလည်း ပိုပိုပြီး သိပ်သည်းလာခဲ့၏။
"လုမင်၊ ငါလည်း အိပ်ချင်နေပြီ။ ငါ့ခန္ဓာကိုယ်ထဲက စွမ်းအင်တွေကို ချေဖျက်ရတော့မယ်"
တန်တန်ကလည်း ရီဝေနေသော မျက်လုံးများနှင့် လုမင်၏ ပခုံးပေါ်သို့ တက်လာလေသည်။
"လုမင်၊ ငါ့ကိုစောင့်နေပါ။ ငါပြန်နိုးလာတဲ့အခါကျရင် သေချာပေါက် သိုင်းအုပ်ချုပ်သူ ဖြစ်နေမှာ"
တန်တန်က အာလေးလျှာလေးဖြင့် ပြောလိုက်သည်။
သူတို့နှစ်ဦးသည် ဤအချိန်ကာလအတွင်း ဝိညာဉ်ဆေးပင်များ အများအပြား စားသုံးခဲ့ကြသည်။ ဝတ်ရည်အိုင်မှ ရေများကိုလည်း သောက်ထားသေးပေရာ သက်ရှိ ဆေးအိုးကြီးတစ်ခု ဖြစ်ခဲ့၏။
ရေရွတ်ရင်းဖြင့်ပင် တန်တန်လည်း လုမင်၏ ပခုံးပေါ်မှာ အိပ်ပျော်သွားတော့သည်။
လုမင်က တန်တန်နှင့် ပူဖောင်းလေးတို့ကို တောင်နှင့်မြစ် ပန်းချီကားအတွင်းသို့ ထည့်ထားလိုက်သည်။ ထို့နောက် အနီးနားရှိ ကျန်ဝိညာဉ်ဆေးပင်များကို ရှာဖွေပေးရန် နတ်ဘုရားမျောက်ကို တောင်းဆိုခဲ့လေသည်။
မည်သို့ပင်ဆိုစေကာမူ၊ နတ်ဘုရားမျောက်က သူနှင့်အတူ ထွက်သွားတော့မည်ဖြစ်သောကြောင့် ဝိညာဥ်ဆေးပင်များကို ဤနေရာတွင် ထားခဲ့ခြင်းမှာ ဖြုန်းတီးရာကျသည်။
ထို့နောက် ပင်လယ်ထဲမှ ပြေးထွက်ခဲ့လေသည်။
"မျောက်ကလေး၊ ငါ့ကိုခေါ်သွားပါ။ ဒီမြေပုံကကြည့်ထား၊ ဒါက ရှမ်းဟွမ်တိုက်ကြီးရဲ့ မြေပုံပဲ"
လုမင်က နတ်ဘုရားမျောက်ကို ပြောလိုက်သည်။
နတ်ဘုရားမျောက်မှာ သွေးတစ်လုတ် အန်ထွက်လုမတတ် ဖြစ်သွား၏။
မျောက်ကလေး၊ ဒါက မင်းငါ့ကိုပေးတဲ့ နာမည်လား။
သို့သော်လည်း တစ်ဖက်လူကို မယှဉ်သာသောကြောင့် နတ်ဘုရားမျောက်မှာ ဤအမည်ကို လက်ခံရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။
လုမင်က နတ်ဘုရားမျောက် ရောက်လာပြီးနောက် မိုးကြိုးကြံ့အဓိပဓိကို တောင်နှင့်မြစ် ပန်းချီကားအတွင်းသို့ ဝင်ရောက်နေရန် ပြောခဲ့သည်။
နတ်ဘုရားမျောက်က သိုင်းအုပ်ချုပ်သူတစ်ပါးဖြစ်၍ သူ၏အမြန်နှုန်းမှာ မိုးကြိုးကြံ့အဓိပတိထက် အဆများစွာ ပိုမြန်လိမ့်မည်။
မူလက နှစ်လကျော်ကြာ သွားရမည်ခရီးဖြစ်သော်လည်း နတ်ဘုရားမျောက်နှင့် လဝက်အတွင်း ရောက်ခဲ့သည်။
ရှေ့တွင်၊ ကြီးမားသော တိုက်ကြီးတစ်ခုကို လှမ်းမြင်နေရပြီ။
ရှမ်းဟွမ်တိုက်ကြီးသို့ ရောက်လာပြီ ဖြစ်သည်။
လဝက်ကြာ လေ့ကျင့်ပြီးနောက်၊ လုမင်၏ သန့်စင်သော ဝိညာဉ်ခန္ဓာက နောက်ဆုံးတွင် ငါးဆယ်ရာခိုင်နှုန်း ပြည့်သွားခဲ့သည်။
ထိုအချိန်တွင်၊ လုမင်က နတ်ဘုရားမျောက်ကို တောင်နှင့်မြစ် ပန်းချီကားထဲသို့ ဝင်ရောက်ခွင့်စေလိုက်သည်။ ထို့နောက် မိုးကြိုးကြံ့ အဓိပဓိကိုသာ ပြန်ခေါ်အသုံးပြုခဲ့၏။
ကျန်းဟိုင်နတ်ဘုရားမျောက်က သိုင်းအုပ်ချုပ်သူတစ်ပါး ဖြစ်သည်။ ရှမ်းဟွမ်တိုက်ကြီးသို့ သူ့ကိုစီးသွားခြင်းမှာ အထင်ကြီးစရာကောင်းလွန်းပြီး ဖရိုဖရဲ ဖြစ်စေနိုင်ပေသည်။
ထိုအတွက် မိုးကြိုးကြံ့အဓိပဓိက အနည်းငယ် ပိုကောင်းသည်။
"ဝူး"
မိုးကြိုးကြံ့ အဓိပဓိလည်း လုမင်ကို သယ်ဆောင်ကာ ရှမ်းဟွမ်တိုက်ကြီးသို့ ပျံသန်းသွားတော့သည်။
"နောက်ဆုံးတော့ ပြန်ရောက်လာပြီ"
ရှဲ့နျန်ချင်းက လုမင်အနားတွင်ရပ်ကာ တီးတိုးရေရွတ်လိုက်သည်။ သူ့မျက်လုံးထဲတွင် ရှုပ်ထွေးသော အကြည့်တစ်ခု ရှိနေခဲ့၏။
ယခု သူမ ပြန်ရောက်လာပြီမို့၊ သူနှင့် ရှေးဟောင်း သူတော်စင်မင်းဆက်၏ ရှဲ့မိသားစုကြား ပဋိပက္ခများကို ဖြေရှင်းရန် အချိန်တန်ပြီ ဖြစ်သည်။
မိုးကြိုးကြံ့အဓိပဓိက လေထုကိုဖြတ်သန်းကာ ရှမ်းဟွမ်တိုက်ကြီးသို့ ပျံသန်းသွားခဲ့သည်။ အဆုံးမဲ့ တောင်များနှင့် မြစ်များက အောက်ဘက်တွင် ပေါ်လာခဲ့၏။
ဤသည်မှာ ရှမ်းဟွမ်တိုက်ကြီး၏ မြောက်ပိုင်းလွင်ပြင် ဖြစ်သည်။ လုမင်လည်း မိုးကြိုးကြံ့ အဓိပဓိကို သားရဲတစ်ရာမျိုးနွယ်ဆီသို့ လမ်းညွှန်ခဲ့လေသည်။
ရှဲ့လွမ်နှင့် အခြားသူများက သားရဲတစ်ရာမျိုးနွယ်ကို စောင့်ကြပ်နေသင့်သည်။
များမကြာမီ၊ သူတို့က သားရဲတစ်ရာမျိုးနွယ်စုသို့ ချဉ်းနင်းဝင်ရောက်ခဲ့ပေသည်။
"တစ်ခုခုတော့ မှားနေပြီ"
လုမင် မျက်မှောင်ကြုတ်လိုက်သည်။
လမ်းတစ်လျှောက်တွင် တစ်စုံတစ်ခု မှားယွင်းနေတာကို သူ သတိပြုမိခဲ့၏။
အငွေ့အသက်များက ပုံမှန်မဟုတ်ပေ။ ကြီးမားသော နယ်မြေများနှင့် မြို့ကြီးအများအပြားကို အစောင့်အကြပ် ထူထပ်စွာ ချထားသည်။ ယင်းမှာ မုန်တိုင်းကြီးတစ်ခု ကျရောက်လာတော့မည့် ခံစားချက်တစ်ခုပင်။
"အဲဒီက ဘယ်သူလဲ၊ ရပ်လိုက်စမ်း"
"ဟင်၊ အဲဒါ အဓိပဓိပဲ"
ရုတ်တရက်၊ အသံကျယ်ကျယ်ဖြင့် ငေါက်ငမ်းပြောဆိုသံတချို့ကို ကြားလိုက်ရသည်။ တပ်သားတစ်စုက သူတို့ရှေ့ တောင်ပေါ်မှ ပြေးထွက်လာပြီး လုမင်တို့ရှေ့တွင် ပိတ်ဆို့ထားလိုက်၏။
မိုးကြိုးကြံ့အဓိပဓိ၏ အရှိန်အအဝါကို ခံစားမိသောအခါ သူတို့ မျက်နှာအမူအရာ ပြောင်းလဲသွားတော့သည်။
"အမည်မသိ အဓိပတိတစ်ဦး တိုက်ခိုက်လာတယ်လို့ သတင်းမြန်မြန်ဖြန့်လိုက်ဟေ့"
သံချပ်ကာဝတ် တပ်သားတစ်ယောက်က အော်လိုက်သည်။
"မဟုတ်ဘူး...အဲဒါက စစ်ဦးစီးချုပ်လု၊ စစ်ဦးစီးချုပ် လုမင်ပဲ..."
ထိုအချိန်မှာ တစ်ယောက်ယောက်က အော်ပြောလိုက်၏။
"ဘာ"
အခြား တပ်သားများလည်း လှုပ်လှုပ်ရှားရှားဖြစ်ပြီး မိုးကြိုးကြံ့အဓိပဓိ၏ နောက်ကျောကို ကြည့်လိုက်ကြသည်။
ယခုလေးတင်၊ သူတို့က မိုးကြိုးကြံ့အဓိပဓိ၏ အရှိန်အဝါကြောင့် ထိတ်လန့်သွားသောကြောင့် သေချာ မကြည့်မိခဲ့ပေ။ ယခု မြင်လိုက်ရတော့မှ အားလုံး အံ့ဩသွားကြရသည်။
"တကယ်ကို စစ်ဦးစီးချုပ်ပဲ၊ အဲဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။ ရှန်းရွှီတိုက်ကြီးရဲ့ ကျွမ်းကျင်သူတွေက တိုက်ပွဲမှာ စစ်ဦးစီးချုပ်လု ကျဆုံးသွားခဲ့ပြီလို့ မပြောခဲ့ဘူးလား"
"ဟုတ်ပါတယ်၊ ဒါဆိုရင် သူက ဘာဖြစ်လို့ အသက်ရှင်သေးတာလဲ။ ဒါပေမဲ့လည်း စစ်ဦးစီးချုပ်လုကို အရင်က တွေ့ဖူးတယ်။ မမှားနိုင်ဘူး"
"ငါလည်း မြင်ဖူးတယ်၊ ဒါက စစ်ဦးစီးချုပ်လု အစစ်ပဲ"
သံချပ်ကာဝတ် တပ်သားများအားလုံး လုမင်ကို အံ့ဩစွာကြည့်ရင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
"ငါက ရှန်းရွှီတိုက်ကြီးမှာ ကျဆုံးခဲ့တာလား။ ဘာတွေဖြစ်နေတာလဲ"
လုမင် ပို၍ မျက်မှောင်ကြုတ်သွားသည်။
"ဝှစ်"
လုမင်က ခြေတစ်ချက်လှမ်းလိုက်ရာ သံချပ်ကာဝတ် တပ်သားများရှေ့တွင် ပေါ်လာခဲ့၏။ သံချပ်ကာဝတ် တပ်သားများလည်း လန့်ဖျတ်သွားကာ အနည်းငယ် ဆုတ်သွားခဲ့ကြသည်။
"ငါက လုမင်ပဲ၊ မင်းတို့ ဒီမှာ ဘာတွေဖြစ်နေကြတာလဲ"
လုမင် ပြောလိုက်သည်။
"ခင်ဗျားက တကယ် စစ်ဦးစီးချုပ်လား"
သံချပ်ကာဝတ် တပ်သားအချို့က အံသြနေကြဆဲပင်။
"ဟုတ်တယ်၊ အခု သတင်းကို မြန်မြန်ပို့ပြီး အုပ်ချုပ်သူရှဲ့လွမ်ကို လာဖို့ပြောလိုက်စမ်း"
လုမင် ပြောလိုက်သည်။
သူတို့က သာမန်စစ်သည်များသာဖြစ်၍ အကြောင်းရာများကို သိပ်မသိကြပေ။ ထို့ကြောင့် ရှဲ့လွမ်ကို တိုက်ရိုက် မေးမြန်းခြင်းက ပိုကောင်းသည်။
"ကောင်းပြီ၊ ကျုပ်တို့ သတင်းကို ချက်ချင်းဖြန့်လိုက်မယ်"
ခေါင်းဆောင်ဖြစ်ဟန်တူသော သံချပ်ကာဝတ် တပ်သားတစ်ဦးက အသံလွှင့်ကျောက်ကို အမြန်ထုတ်ကာ သတင်းပေးပို့လိုက်သည်။
အသက် ဆယ်ရှိုက်စာ ကြာမြင့်ပြီးနောက်...
"ဝှစ်... ဝှစ်"
ဟင်းလင်းပြင်က အတက်အကျဖြစ်ပြီး အက်ကြောင်းများ ပေါ်လာခဲ့သည်။ လူများ တစ်ယောက်ပြီးတစ်ယောက် အက်ကြောင်းတွင်းမှ ထွက်လာကြ၏။
သူတို့တစ်ဦးစီက အစွမ်းထက်သော ရောင်ဝါများ ထွက်ပေါ်နေပေသည်။
ရှဲ့လွမ်။
လုမင်ဟာ ရှေ့ဆုံးမှလူက ရှဲ့လွမ်ဖြစ်ကြောင်း တွေ့လိုက်ရသည်။
ထို့အပြင် လုမင်က အလုံးစုံနတ်ဆိုးချောက်မှ ဧကရာဇ် မိုရဲ့၊ နတ်ဆိုးနတ်ဘုရားတောင်ကြားမှ ဧကရာဇ်ချွီလော့၊ သားရဲတစ်ရာမျိုးနွယ်မှ လူရိုင်းဧကရာဇ်၊ ဟန်ချင်းတောင်မှ ဧကရီယွဲ့ရှင်းတို့ကိုလည်း တွေ့မြင်ခဲ့ရသည်။
'ဧကရီယွဲ့ရှင်းက ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ'
လုမင်၏ နှလုံးသားထဲတွင် သံသယ အရိပ်အယောင်တို့ ပေါ်လာခဲ့သည်။
"အစ်ကိုရန်"
လုမင်သည် ရန်ခွမ်းစုနှင့် အခြား အဓိပဓိနယ်ပယ် ကျွမ်းကျင်သူအချို့ကိုလည်း တွေ့လိုက်ရ၏။
အားလုံးက ပေါ်လာပြီးသည်နှင့် လုမင်ကို စိုက်ကြည့်လိုက်ကြသည်။
"လုမင်၊ တကယ်ကို လုမင်ပဲ"
"လုမင် မသေသေးဘူး"
သူတို့ထံမှ အံ့အားသင့်နေသော အသံများ ထွက်ပေါ်လာတော့သည်။
"လုမင်၊ မင်း အဆင်ပြေမယ်ဆိုတာ ငါသိတယ်"
လုမင်ကို တွေ့လိုက်ရတော့ ရန်ခွမ်းစုဟာ ပထမ အံ့ဩသွားခဲ့သည်။ ထို့နောက် ဝမ်းသာအားရဖြစ်သွားပြီး လုမင်ဆီသို့ ပြေးလာခဲ့၏။
"ဂါး"
မိုးကြိုးကြံ့အဓိပတိက ဟိန်းဟောက်လိုက်သည်။ သူ့တစ်ကိုယ်လုံးက မိုးကြိုးနှင့် လျှပ်စီးများ လင်းလက်ပြီး ရန်ခွမ်းစုကို သတိထားပြီး စိုက်ကြည့်လိုက်၏။ ရန်ခွမ်းစုလည်း မထိန်းနိုင်ဘဲ ရပ်လိုက်ရသည်။
"မိုးကြိုးကြံ့၊ နောက်ဆုတ်စမ်း။ သူတို့က ငါတို့ဘက်ကချည်းပဲ"
လုမင်က မိုးကြိုးကြံ့အဓိပဓိကို အမိန့်ပေးလိုက်သည်။
မိုးကြိုးကြံ့အဓိပတိလည်း ချက်ချင်းပင် ရိုကျိုးသော အသွင်အပြင်နှင့် ဆုတ်သွားခဲ့လေသည်။ သူက လူထွားကြီးတစ်ဦး အသွင်ပြောင်းပြီး လုမင်၏အနောက်တွင် ရပ်လိုက်သည်။
"အဓိပဓိ"
"အဲဒါက အဓိပဓိပဲ"
ချွီလော့၊ လူရိုင်းဧကရာဇ်နှင့် အခြားသူများလည်း မိုးကြိုးကြံ့အဓိပဓိကို အံ့အားသင့်စွာ ကြည့်လိုက်ကြလေသည်။
အဓိပဓိတစ်ပါးက လုမင်ရှေ့တွင် အလွန်နာခံပုံရသည်။ လုမင်က ထိုအဓိပဓိကို အနိုင်ယူပြီး အလွန်နာခံမှုရှိစေသည်မှာ မထင်မှတ်စရာပင်။
"ဟားဟားဟား၊ လုမင်... မင်း ဘာမှမဖြစ်ဘူးဆိုတာ ငါသိတယ်"
ရန်ခွမ်းစုက လုမင်အနားရောက်လာပြီး လုမင်၏ပုခုံးကို ပုတ်ကာ ရယ်မောလိုက်သည်။ ထို့နောက်တွင် သူက ဘူးသီးခြောက်အရက်အိုးကို ယူပြီး တစ်ကျိုက် မော့သောက်လိုက်လေသည်။
"အစ်ကိုရန်ကော အဆင်ပြေရဲ့မဟုတ်လား"
လုမင် ပြုံးလိုက်သည်။ ရန်ခွမ်းစုက ပေါ့ပေါ့ပါးပါးပုံစံရသော်လည်း သူစ စိုးရိမ်ပူပန်မှုကို ဖုံးကွယ်ထား၍မရပေ။ ယင်းက လုမင်၏ နှလုံးသားကို နွေးထွေးသွားစေခဲ့သည်။
"လုမင်"
ထိုအချိန်တွင် ရှဲ့လွမ်၊ ချွီလော့နှင့် အခြားသူများက ရှေ့သို့လှမ်းလာပြီး လုမင်ကို နှုတ်ဆက်လိုက်ကြသည်။
"လုမင်က အကြီးအကဲတို့ကို နှုတ်ခွန်းဆက်ပါတယ်"
လုမင်က တစ်ဦးပြီးတစ်ဦး လက်ယှက်ပြပြီးနောက် ဧကရီယွဲ့ရှင်းကိုကြည့်ကာ ပြောလိုက်သည်။
"တိုက်ဆိုင်လိုက်တာ၊ အကြီးအကဲယွဲ့ရှင်းလည်း သားရဲတစ်ရာမျိုးနွယ်ကို ရောက်နေတာလား"