← Chapters

အခန်း ၁၃၁၃

Vol. 88 Ch. 1313

အခန်း ၁၃၁၃

Vol. 88 Ch. 1313

အပိုင်း ( 1313 ) အင်အားပြခြင်း။

"ဝှစ်"

လုမင်က လေဓာတ်စွမ်းအင် တာအိုသိုင်းကို အသက်သွင်းလိုက်သည်။ သူ့ပုံရိပ်က ချွီလော့ဆီသို့ လှစ်ခနဲ ရောက်ရှိလာပြီး လက်သီးနှင့် ထိုးချလိုက်၏။

နှစ်ယောက်သား လေထဲတွင် ထိပ်တိုက်တွေ့ကာ လက်သီးတစ်ချက်စီ ယှဉ်ထိုးလိုက်တော့သည်။

"ဒုန်း"

ကျယ်လောင်သော အသံတစ်ခုကို ကြားလိုက်ရသည်။ လူတိုင်း၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် ချွီလော့၏ ဒိုမိန်းက လုမင်၏လက်သီးကြောင့် ပြိုကွဲသွားခဲ့သည်။

"ဂျွတ်"

အရိုးကျိုးသံက တစ်ဖန် ပျံနှံ့သွား၏။

ချွီလော့ ထအော်လိုက်သည်။ သူ့လက်တစ်ခုလုံး ပုံပျက်သွား၏။ သူ့ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန်တုန်ခါကာ အမြောက်ကျည်ကဲ့သို့ လွင့်စဉ်သွားတော့သည်။

တစ်ဖက်တွင်၊ လုမင်သည်ကား တည်ငြိမ်လွန်းပြီး လုံးဝမလှုပ်ရှားခဲ့ပေ။

"အိုး၊ ဘုရားရေ …"

ဤမြင်ကွင်းကိုကြည့်ရင်း အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်သည်။ သူတို့ လုံးဝ တုန်လှုပ်သွားပြီး လျှာကို ကိုက်လိုက်မိ၏။ သူတို့၏ မျက်လုံးများက မယုံနိုင်မှုများဖြင့် ပြည့်နှက်နေတော့သည်။

နတ်ဆိုးဧကရာဇ် ချွီလော့မှာ လုမင်၏ လက်သီးတစ်ချက်ဖြင့် လက်အရိုးများကျိုးပြီး လွင့်စဥ်သွားရသည်။ ယင်းက မည်သို့ ဖြစ်နိုင်ပါမည်နည်း။

ယင်းက လက်တွေ့ ဖြစ်ပေါ်လာရန် လုံးဝမဖြစ်နိုင်သော စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုကဲ့သို့ပင်။

သူတို့ကိုယ်တိုင် မျက်စိနှင့် မမြင်ရပါက ဤအဖြစ်မျိုး ဖြစ်ခဲ့တာကို လုံးဝ ယုံနိုင်မည်မဟုတ်ပေ။ လက်တွေ့ မြင်နေရသူ ‌အတော်များများပင် မယုံရဲဘဲ အိပ်မက်မက်နေသည်ဟု ထင်နေမိခဲ့သည်။

"ဝုန်း"

ကျွမ်းကျင်သူများစွာတို့မှာ သူတို့၏နှလုံးသားအတွင်းမှ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်၍ အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့ရသည်။ ယင်းက ရှဲ့လွမ်ပင်လျှင် မခြားပေ။

"မကောင်းဆိုးရွား၊ သူက တကယ်ကို မကောင်းဆိုးရွားပဲ။ နတ်နန်းတော်ရဲ့ လူတွေက အမှန်တရားကို ပြောခဲ့တာ မဖြစ်နိုင်တော့ဘူး၊ တစ်ခုခုကို ဖုံးကွယ်ထားရမယ်"

ရှဲ့လွမ်က အလွန်စိတ်လှုပ်ရှားနေသော အမူအရာဖြင့် တီးတိုး ရေရွတ်လိုက်သည်။

"လုမင်"

ရန်ခွမ်းစုလည်း စိတ်လှုပ်ရှားပြီး တုန်လှုပ်စွာဖြင့် တိုးတိုးလေး ရေရွတ်လိုက်လေသည်။

လက်သီးတစ်ချက်က သိုင်းအုပ်ချုပ်သူတစ်ပါးကို ဒဏ်ရာရစေခဲ့သည်။ ယင်းက ဘယ်အဓိပ္ပာယ်နည်း။ ဤသည်မှာ လုမင်၏တိုက်ခိုက်နိုင်စွမ်းက အနည်းဆုံး သိုင်းအုပ်ချုပ်သူအဆင့်သို့ ရောက်နေပြီဟု ဆိုလိုခြင်းဖြစ်သည်။

"ဒီလောက် အားနည်းတဲ့ တိုက်ခိုက်နိုင်စွမ်းနဲ့ မင်းကိုယ်မင်း မြင့်မားသူတစ်ယောက်လို့ ထင်နေသေးတာလား။ မင်းကို ဘယ်သူက ယုံကြည်မှုပေးထားခဲ့တာလဲ"

လုမင်က ငေါက်ငမ်းရင်း ချွီလော့ဆီသို့ ပြေးဝင်သွားကာ နောက်ထပ် လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။

ဤလက်သီးချက်တွင် လုမင်၏ ယွမ်ချီစွမ်းအင်၊ နဂါးစွမ်းအင်ကိုးခု၏ စွမ်းအား၊ တတိယသွေးမျိုးဆက်မှ စွမ်းအားနှင့် သန့်စင်သောဝိညာဉ်ခန္ဓာ ငါးဆယ်ရာခိုင်နှုန်း၏ စွမ်းအားတို့ ပါဝင်နေခဲ့ပေသည်။

ယင်းကို အတားအဆီးမဲ့သော ကောင်းကင်သိုင်းနှင့် တွဲလျက် ထုတ်ဖော်သောအခါ ပို၍ပင် ကြောက်စရာကောင်းခဲ့သည်။

ချွီလော့ ဟိန်းဟောက်လိုက်သည်။ သူ့လက်ထဲတွင် ဓားတစ်ချောင်း ပေါ်လာပြီး လျင်မြန်စွာ ခုတ်ပိုင်းလိုက်၏။ ဤတိုက်ခိုက်မှုတွင် ချွီလော့၏ အသန်မာဆုံး တိုက်ခိုက်နိုင်စွမ်းကို ပေါက်ကွဲစေခဲ့သည်။

"ဝုန်း"

သို့ရာတွင်၊ လုမင်၏ လက်သီးအောက်တွင် စူးရှတောက်ပသော ဓားအလင်းက ပြိုကျသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော လက်သီးအင်အားက ချွီလော့၏ဓားကို ထိုးနှက်လိုက်ရာ ချွီလော့၏ခန္ဓာကိုယ်လည်း ပြင်းထန်စွာ တုန်လှုပ်သွား၏။ ဒယီးဒယိုင်ဖြင့် ဆုတ်သွားရင်း ပါးစပ်တွင်းမှ‌ သွေးများ အန်ထွက်လာတော့သည်။

"နဝမနဂါးခြေလှမ်း"

လုမင်က လေဓာတ်စွမ်းအင် တာအိုသိုင်းကိုလည်း အသက်သွင်းထားပြီး ချွီလော့၏ ဦးခေါင်းထက်တွင် ချက်ချင်း ပေါ်လာခဲ့သည်။ သူ့လက်များက လျင်မြန်စွာ လှုပ်ရှားသွားပြီး တံဆိပ်တော်တံခါးများ ထုတ်ဖော်လိုက်၏။ အားကောင်းသော ပိတ်လှောင်မှုအင်အားများက ချွီလော့ကို ချိတ်ပိတ်လာတော့သည်။

ဤအတောအတွင်း၌ လုမင်သည် နတ်ဘုရားတံခါး တံဆိပ်တော်ကိုးခုကို လေ့ကျင့်မှုကိုလည်း ပစ်မထားခဲ့ပေ။ နေ့စဉ်နှင့်အမျှ အချိန်တစ်ခုယူကာ လေ့ကျင့်သည်။ လပေါင်းများစွာ လေ့ကျင့်ပြီးနောက်၊ နတ်ဘုရားတံခါး တံဆိပ်ကိုးခုသည် တစ်ဆင့်တိုးခဲ့၏။ သူဟာ အလုံပိတ်တံခါးလေးခုကို တပြိုင်နက်တည်း ထိန်းချုပ်နိုင်သောကြောင့် ၎င်းတို့၏ စွမ်းအားမှာ ပို၍ပင် အားကောင်းလာတော့သည်။

ထို့နောက်တွင်၊ လုမင်က နဝနဂါးခြေလှမ်းနှင့် ခြေရှစ်လှမ်း ဆင့်လှမ်းလိုက်သည်။

"ဝုန်း... ဝုန်း... ဝုန်း"

ချွီလော့၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွားသည်။ ခြေလှမ်းတိုင်းတွင် သွေးများ ရွှဲနစ်သွား၏။ အဆုံးမှာတော့ ဥက္ကာခဲ ကြွေသကဲ့သို့ မြေပြင်ပေါ် ပြုတ်ကျသွားတော့သည်။

"ဝှစ်"

လုမင်က သူ့လက်ကို ဝှေ့ယမ်းပြီး မိုးကြိုးဓာတ်စွမ်းအင် တာအိုသိုင်းကို အသက်သွင်းလိုက်သည်။ လျှပ်စီးလက်နေသော လျှပ်စီးကြောင်းတစ်ခုက ချွီလော့၏ ခန္ဓာကိုယ်ကို ရစ်ပတ်ကာ လုမင်၏ရှေ့သို့ ဆွဲယူသွားပေသည်။

ဤအခိုက်တွင် ချွီလော့၏ မျက်နှာက ဖြူဖျော့နေခဲ့သည်။ သူ့ခန္ဓာကိုယ် တစ်ဝက်ခန့် ပေါက်ကွဲသွားပြီး ပါးစပ်မှလည်း သွေးများ တပွက်ပွက် ထိုးအန်နေလေသည်။

ယင်းက ချွီလော့ဧကရာဇ်မို့ ဖြစ်သည်။ ဤနေရာတွင် သာမန်ကျင့်ကြံသူတစ်ဦးဖြစ်ပါက အသက်မရှင်နိုင်တော့ပါ။ သိုင်းအုပ်ချုပ်သူတစ်ပါးကတော့ ဝိညာဉ်ခန္ဓာရှိသဖြင့် ပြန်ကောင်းလာနိုင်သည်။

ဤအခိုက်တွင်၊ ချွီလော့က ကြောက်ရွံ့မှု၊ မယုံကြည်မှုတို့ ပြည့်နှက်နေသောမျက်နှာဖြင့် လုမင်ကို ကြည့်လိုက်သည်။

နေရာတစ်ခုလုံးလည်း သုသာန်တစပြင်လို တိတ်ဆိတ်နေခဲ့ပြီ။

ချွီလော့ ရှုံးသွားပြီ။

ချွီလော့ ရုပ်ပျက်ဆင်းပျက် ရှုံးနိမ့်ခဲ့ရ၏။ လုမင်၏ရှေ့တွင် ချွီလော့က လက်သီးတစ်ချက်ကိုပင် ခံနိုင်ရည်မရှိသော ကလေးတစ်ယောက်ကဲ့သို့ပင်။

ချွီလော့က သိုင်းအုပ်ချုပ်သူတစ်ပါးဖြစ်ပြီး အဆင့်တစ် သိုင်းအုပ်ချုပ်သူနယ်ပယ် နှောင်းပိုင်းတွင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သိုင်းအုပ်ချုပ်သူများကြားမှာလည်း သူက အားနည်းသူမဟုတ်ပေ။ သို့သော်လည်း လုမင်ကိုတော့ လုံးဝ မယှဉ်နိုင်ဘဲ ချေမှုန်းခံခဲ့ရသည်။

သူက လူသားတစ်ယောက်ကော ဟုတ်သေးရဲ့လား။ လုမင်က လူသားကော ဟုတ်ရဲ့လား။

ထို့အပြင် လုမင် ပြသထားသော ကျင့်ကြံခြင်းအခြေခံကလည်း ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ်တွင်သာ ဖြစ်သည်။

ဝိညာဉ်နတ်ဘုရားနယ်ပယ်နှင့် သိုင်းအုပ်ချုပ်သူတစ်ပါးကို အလွယ်တကူ ချေမှုန်းနိုင်သော အခြေအနေမျိုးမှာ... ရှေးခေတ်ကတည်းက ဘယ်သူမှ မကြားဖူးကြပေ။

အားလုံး မျက်လုံးပြူးပြီး ဤမြင်ကွင်းကို စူးစိုက်ကြည့်နေခဲ့ကြသည်။ သူတို့ အာစေးမိသလိုဖြစ်ပြီး လုံးဝ စကားမပြောဖြစ်ခဲ့ပေ။

"မင်း အရမ်းသန်မာနေသေးလား"

လုမင်က ချွီလော့ကိုစိုက်ကြည့်ကာ လျစ်လျူရှုစွာ ပြောလိုက်သည်။

ထိုစကားကိုကြားတော့ ချွီလော့၏ ခန္ဓာကိုယ်က ဆတ်ခနဲ တုန်လှုပ်သွား၏။

ရိုးရှင်းသော ဤစကားလေးက သူ့ကို မျက်နှာကိုမပြနိုင်လောက်အောင် ရှက်ရွံ့သွားစေသည်။

ယခုလေးတင် သူက သိုင်းအုပ်ချုပ်သူတစ်ပါးဖြစ်၍ လုမင်ကို နှိမ့်ချခဲ့ပေသည်။ လုမင်က ထျန်းရှအကယ်ဒမီကို တစ်ယောက်တည်း ကယ်တင်ချင်သည်ဟု ပြောဆိုသောအခါမှာလည်း လုမင်ကို မာနကြီးပြီး မသိနားမလည်ဘူးဟု ဆိုခဲ့သည်။

ယခုမူကား သူကသာ မာနကြီးပြီး မသိနားမလည်ကြောင်း သက်သေပြခဲ့ပြီ။

ချွီလော့၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားသည်။ ခဏအကြာမှ ချွီလော့က အသက်ပြင်းပြင်းရှူပြီး ခေါင်းငုံ့ကာ လုမင်ကို လေးလေးနက်နက် ဦးညွှတ်လိုက်လေသည်။

"စစ်ဦးစီးချုပ်လုရဲ့ အရည်အချင်းက မကြုံစဖူးပါပဲ၊ ရှေးယခင် တည်ရှိမှုတွေကို လုံးဝ သာလွန်သွားခဲ့ပြီ။ ကျုပ်က မသိနားမလည်တာကြောင့် မျက်လုံးတွေရှိပေမဲ့ မမြင်ခဲ့ဘူး။ ကျုပ်ကို ခွင့်လွှတ်ပါ စစ်ဦးစီးချုပ်လု"

ချွီလော့၏ လေသံက လွန်စွာရိုးသားပြီး နှလုံးသားထဲမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးတော့ သူ စိတ်ချ၊ ယုံကြည်သွားခဲ့ပြီ။

ဤကဲ့သို့သော ပါရမီမျိုးကို ရှေးခေတ်ကတည်းက တစ်ခါမျှ မကြားဖူးခဲ့ပေ။ အနည်းဆုံးတော့ ရှမ်းဟွမ်တိုက်ကြီး၏ သမိုင်းတွင် မရှိခဲ့ဖူးပါ။ ယင်းက သူ၏ စိတ်ကူးနိုင်စွမ်းကို ကျော်လွန်ခဲ့ပြီဖြစ်ရာ နောက်ဆုံးတွင် သူယုံကြည်သွားခဲ့ပြီ ဖြစ်သည်။

"စစ်ဦးစီးချုပ်လုရဲ့ အရည်အချင်းက မကြုံစဖူး အံ့ဖွယ်ကောင်းလွန်းပါပေတယ်"

ပတ်ဝန်းကျင်မှ အခြားကျွမ်းကျင်သူများလည်း လေးလေးနက်နက် ဦးညွှတ်လိုက်လေသည်။

"စစ်ဦးစီးချုပ်လုရဲ့ အရည်အချင်းက မကြုံစဖူး အံဖွယ်ကောင်းလွန်းပါပေတယ်"

"စစ်ဦးစီးချုပ်လုရဲ့ အရည်အချင်းက မကြုံစဖူး အံဖွယ်ကောင်းလွန်းပါပေတယ်"

ထို့နောက်တွင် လုမင်ကို ဦးညွတ်သူများက ပိုများလာပြီး အသံများ ပို၍ ကျယ်လောင်လာခဲ့သည်။ အဆုံးတွင်၊ သားရဲတစ်ရာမျိုးနွယ်စု တစ်ခုလုံးမှ မြည်ဟီးလာတော့သည်။

ဤတိုက်ပွဲတွင် လူတော်တော်များများက လုမင်ကို အမှန်တကယ် ယုံကြည်ခဲ့ကြသည်။

ယခင်ကတော့ လူတော်တော်များများသည် ရှဲ့လွမ်ကြောင့်သာ လုမင်ကို "စစ်ဦးစီးချုပ်လု"ဟု ခေါ်ကြသည်။ တကယ်တမ်း၊ သူတို့၏ နှလုံးသားထဲမှာတော့ လုမင်ကို နှိမ့်ချရှုမြင်နေဆဲပင်။

သို့သော်လည်း ဤတိုက်ပွဲအပြီးတွင်၊ လူတိုင်းက လုမင်ကို ရှဲ့လွမ်နှင့် တူညီသောအဆင့်တွင် အမှန်တကယ် နေရာချထားခဲ့ကြပြီ ဖြစ်သည်။

သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ မဖြတ်မီပင် သူ့တွင် ထိုကဲ့သို့သော တိုက်ခိုက်နိုင်စွမ်းအားများ ရှိခဲ့သည်။ အကယ်၍၊ လုမင်သာ သိုင်းအုပ်ချုပ်သူ ဖြစ်လာပါက သူ၏ တိုက်ခိုက်နိုင်စွမ်းဟာ မည်မျှပြင်းထန်မည်နည်း။

အားလုံး စိတ်ကူးမယဉ်နိုင် ဖြစ်ခဲ့သည်။

လုမင်လည်း ကျွမ်းကျင်သူအများ၏ အရိုအသေပေးခြင်းကို လက်ခံကာ လေထဲတွင် တည်ငြိမ်စွာ ရပ်နေခဲ့သည်။ သူ့မျက်နှာကလည်း ပြိုင်ဘက်ကင်းသော စစ်နတ်ဘုရားကဲ့သို့ ငြိမ်သက်နေခဲ့ပေသည်။

"သွား၊ မင်းဒဏ်ရာတွေကို ကုသလိုက်"

လုမင်က သူ့လက်ကို ဝှေ့ယမ်းပြီး လျှပ်စီးကြိုးကို ဖယ်ရှားကာ ချွီလော့ကို လွှတ်ပေးလိုက်သည်။

"သက်ညှာပြပေးလို့ ကျေးဇူးတင်ပါတယ်၊ စစ်ဦးစီးချုပ်လု"

ချွီလော့ ဦးညွှတ်လိုက်လေသည်။

"ဟားဟားဟား၊ လုမင်... ငါ မင်းနဲ့ မတွေ့ရတာကြာပြီ။ အခု ပြန်တွေ့‌ရတော့လည်း တကယ်ကို လေးစားစရာပါပဲ"

ရှဲ့လွမ်က ရှေ့သို့လှမ်းလာပြီး ရယ်မောလိုက်သည်။ ထို့နောက် သူက မေးလိုက်၏။

"လုမင်၊ နတ်တံခါးရဲ့ ကျွမ်းကျင်သူက ရှမ်းဟွမ်တိုက်ကြီးကို ပြန်လာတဲ့အခါ မပြောခဲ့တာတွေ ရှိနိုင်တယ်။ သူ ဘာကို ဖုံးကွယ်ထားတာလဲ"

"အင်း"

လုမင် ခေါင်းညိတ်လိုက်သည်။ ယခုအချိန်တွင် သူ့ဂုဏ်သိက္ခာကို ထူထောင်ထားသောကြောင့် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရန် မလိုတော့ပေ။

"ဒီတစ်ခါ၊ ယွမ်လုကနေ တပည့်စုဆောင်းဖို့ ရှန်းရွှီတိုက်ကြီးဆီ ရောက်လာတာက ဂိုဏ်းတစ်ခုတည်း မဟုတ်ဘူး။ အခြား အင်အားစုကြီးသုံးခုလည်း ရှိတယ်"

လုမင် ပြောလိုက်သည်။

"ယွမ်လုက အခြား အင်အားစုကြီးသုံးခု ရှိသေးတာလား"

လူများစွာတို့ စိတ်ထဲတွင် လှုပ်ရှားသွား၏။

သူတို့၏ နှလုံးသားထဲတွင် ယွမ်လုမှ အင်အားစုကြီးများက မြင့်မြတ်ပြီး လက်လှမ်းမမီနိုင်သော တည်ရှိမှုများ ဖြစ်ကြသည်။

သို့သော်လည်း ယခုတစ်ကြိမ်မှာတော့ အင်အားစုကြီးလေးခု ရှိခဲ့ပြီ။

တစ်ခုခုကို တွေးနေဟန်ဖြင့် ရှဲ့လွမ်၏ မျက်လုံးများက တောက်ပလာခဲ့သည်။

နတ်တံခါးမှ လူများက လုမင်သည် ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ပါရမီရှင်ကို စော်ကားသည်ဟု ပြောခဲ့ခြင်း ဖြစ်သည်။ လုမင်က ကောင်းကင်နတ်ဘုရားဂိုဏ်းကို စော်ကားခဲ့သော်လည်း အခြားဂိုဏ်းသုံးခု ရှိသေးသည်။

All Chapters