အခန်း ၁၃၁၅
Vol. 88 Ch. 1315
အပိုင်း ( 1315 ) တတိယ ငရဲဧကရာဇ်။
၎င်းတို့က ဝိညာဉ်နတ်ဘုရားနယ်ပယ်အောက် သို့မဟုတ် အထက်တွင်ရှိပါစေ၊ ရလဒ်က အတူတူပင် ဖြစ်သည်။ အားလုံး ဝါးမျိုခံရပြီး သွေ့ခြောက်သော အလောင်းများအဖြစ်သို့ ပြောင်းလဲသွားကြ၏။
"ဆုတ်၊ ဆုတ်ကြ"
"အဆင့်မြင့် ကျွမ်းကျင်သူတွေကို ခေါ်ကြဟေ့"
တပ်များက ဖရိုဖရဲဖြစ်ပြီး ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ဆုတ်သွားခဲ့ကြသည်။
လုမင်ကြောင့် တပ်များ ဝရုန်းသုန်းကားဖြစ်ကာ ကွက်လပ်တစ်ခု ပေါ်လာခဲ့သည်။
"ငါ့ ကောင်းကင်ဧကရာဇ်ဘုရားကျောင်းကို တိုက်ခိုက်ရအောင် ဘယ်သူက ဒီလောက် ရဲတင်းနေတာလဲ"
ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာခဲ့၏။ ထို့နောက်မှာတော့ ပုံရိပ်များစွာက လုမင်ရှေ့တွင် ပေါ်လာတော့သည်။
"တိုက်ဆိုင်လိုက်တာ"
လုမင်၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွားခဲ့သည်။
သူတို့ထဲတွင် အချို့က လုမင်၏ အသိအကျွမ်းဟောင်းများ ဖြစ်၏။
ဝမ်မိသားစု၏ဘိုးဘေး ဝမ့်ရှန်ထျန်း၊ ကျန်းမိသားစု၏ဘိုးဘေးနှင့် လွမ်မိသားစု၏ဘိုးဘေး...
ကောင်းကင်ဧကရာဇ်ဘုရားကျောင်း၏ ရှေးဟောင်းမိသားစု ခြောက်ခုအနက် သုံးခု၏ ဘိုးဘေးသုံးဦး ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ဘိုးဘေးသုံးပါး၏နောက်မှာတော့ လူတစ်ဒါဇင်ခန့် ရှိ၏။ သူတို့တို့ထဲမှ သုံးဦးက အဓိပဓိနယ်ပယ် ကျွမ်းကျင်သူများဖြစ်ကာ ကျန်သူများက အဆင့်ကိုး ဝိညာဉ်နတ်ဘုရားနယ်ပယ်နှင့် ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ်တွင် ရှိသည်။
"မင်း... အဲဒါ မင်းပဲ..."
ဝမ့်ဘိုးဘေး၊ ကျန်းဘိုးဘေးနှင့် အခြားသူများက လုမင်ကိုမြင်သောအခါ လန့်ဖျပ်သွား၏။ သူတို့က လုမင်ကို မယုံနိုင်စွာ စိုက်ကြည့်လိုက်ကြသည်။
"လုမင်၊ တကယ်ကို မင်းပဲ။ မင်းမသေဘူးလား။ မင်းက ရှန်းရွှီတိုက်ကြီးမှာ ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ ပါရမီရှင်တွေလက်မှာ သေဆုံးခဲ့ပြီ မဟုတ်ဘူးလား"
အချိန်အတော်ကြာမှ လူတိုင်း ပြန်လည် တည်ငြိမ်လာကြသည်။ ဝမ့်ဘိုးဘေးက လုမင်ကို လက်ညှိုးထိုးကာ မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။
တောင်ပိုင်းနတ်နန်းတော်မှ ကျွမ်းကျင်သူများ ရှမ်းဟွမ်တိုက်ကြီးကို ရောက်လာပြီးနောက် လုမင်သေဆုံးကြောင်း သတင်းကြေညာခဲ့ရာ ရှမ်းဟွမ်တိုက်ကြီးတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ အင်အားကြီး အင်အားစု အားလုံးနီးပါး ထိုအကြောင်းကို သိကြ၏။
ဝမ့်ရှန်ထျန်းနှင့် အခြားသူများလည်း လုမင်ကို ရှန်းရွှီတိုက်ကြီးတွင် သေဆုံးသွားပြီဟု ထင်ခဲ့ကြပေသည်။ ယခု လုမင်ကို ပြန်တွေ့ရသောအခါ သဘာဝအတိုင်း ထိတ်လန့်တုန်လှုပ်သွားကြခြင်း ဖြစ်သည်။
"မင်းတောင်မှ မသေသေးဘဲ ငါ ဘယ်လိုလုပ်ပြီး သေမှာလဲ"
လုမင် ပြုံးရုံသာ ပြုံးလိုက်၏။
"ဒါဆို မင်း တကယ်မသေသေးဘူးပေါ့။ မင်း တကယ်ကံကောင်းတာပဲ၊ ဒါပေမဲ့ မိုက်မဲတယ်။ မင်း မသေသေးတဲ့အတွက် လွတ်ရာလွတ်ကြောင်း ပုန်းနေသင့်တာကို ဒီကို လာဝံ့တယ်။ မင်း တကယ်ကို သေချင်နေတာပဲ၊ ဒီလိုဆိုမှတော့ မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်"
ဝမ့်ဘိုးဘေးက ရက်စက်ကြမ်းကြုတ်ဟန်ဖြင့် ပြောလိုက်သည်။ သတ်ဖြတ်လိုသော အငွေ့အသက်တို့ ထွက်ပေါ်လာခဲ့သည်။ သူက အားကောင်းသော အရှိန်အဝါများကိုထုတ်ဖော်ပြီး လုမင်ကို ပိတ်လှောင်လိုက်၏။ လုမင် လွတ်မြောက်သွားမှာကို သူကြောက်သည်။
"မင်းတစ်ယောက်တည်းလား။ နောက်ဆုံးတစ်ခေါက်က နဝမနဂါးမြို့မှာ ကံကောင်းပြီး မင်း လွတ်မြောက်ခဲ့တယ်။ ဒီတစ်ခါတော့ မင်းမလွတ်နိုင်တော့ဘူး"
လုမင် အေးစက်စက်ဖြင့် ပြုံးလိုက်သည်။
"မင်း သေချင်နေတာပဲ"
ဝမ့်ဘိုးဘေး ဒေါသတကြီးဖြစ်သွားပြီး အော်ဟစ်လိုက်၏။
နောက်ဆုံးအကြိမ်က နဝမနဂါးမြို့တွင် ဝမ့်မိသားစု၏ဘိုးဘေးကို နဝမနဂါးဒယ်စောက်အိုးဖြင့် သတ်လုနီးပါး ဖြစ်ခဲ့သည်။ ဤကိစ္စက ဝမ့်ဘိုးဘေးအတွက် အရှက်ရစရာဖြစ်၍ တားမြစ်ထားခဲ့၏။ ယခုမူ လုမင်က လူတိုင်း၏ရှေ့တွင် ထုတ်ဖော်ပြောဆိုနေရာ ဝမ့်ဘိုးဘေး၏နှလုံးသားကို ဓားနှင့်ထိုးဆွသကဲ့သို့ ဖြစ်တော့သည်။
"ဝုန်း"
ဝမ့်ဘိုးဘေးထံမှ အေးစက်စက် သတ်ဖြတ်လိုစိတ်တို့ ပေါ်လာပြီး ရှေ့ကို ထွက်လာခဲ့၏။ သူ့တစ်ကိုယ်လုံးကို ခရမ်းရောင်မီးတောက်များဖြင့် ဖုံးလွှမ်းသွားကာ လေထုသည်ပင် လောင်ကျွမ်းသွားတော့သည်။
ပတ်ဝန်းကျင် အပူချိန်က သိသိသာသာ မြင့်တက်လာခဲ့သည်။ အားနည်းသော ကျင့်ကြံသူအချို့လည်း ထိတ်လန့်တုန်လှုပ်သွားပြီး အမြန်ပြန်ဆုတ်သွားလေသည်။
"ငါ မင်းကို ပြာဖြစ်အောင် မီးရှို့ပစ်မယ်"
ဝမ့်ဘိုးဘေးထံမှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ ဝမ့်ဘိုးဘေးက သူ့လက်ကို ရှေ့သို့ တွန်းလိုက်ရာ ကြီးမားသော ခရမ်းရောင် မီးလုံးကြီးက လုမင်ဆီသို့ ပျံသန်းလာတော့သည်။
ခရမ်းရောင်မီးလုံးကြီး၏ အပူချိန်က ကြောက်ခမန်းလိလိ မြင့်မားသည်။ ၎င်းဖြတ်သန်းသွားသည့် နေရာတိုင်းမှ ဟင်းလင်းပြင်က ပျက်သုဉ်းသွားကာ အနက်ရောင် ဟင်းလင်းပြင်လမ်းကြောင်းများ ပေါ်လွင်လာစေခဲ့ပေသည်။
တခဏချင်းမှာပဲ လုမင်ရှေ့ကို ရောက်လာခဲ့သည်။
"သေစမ်း"
ဝမ့်ဘိုးဘေး လှောင်ပြောင်လိုက်၏။
သို့သော်လည်း နောက်အခိုက်အတန့်မှာတော့ သူ့အပြုံးက အေးခဲသွားတော့သည်။
လုမင်က လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး ခရမ်းရောင်မီးလုံးကြီးကို ဖမ်းဆုပ်လိုက်သည်။ ခရမ်းရောင်မီးလုံးက လျင်မြန်စွာ ကျုံ့သွား၏။ နောက်ဆုံးတွင် လုမင်၏ လက်ဝါးထဲမှာ တောက်လောင်ကာ ခုန်ပေါက်နေသော မီးတောက်လေးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
"ဒါက မင်းရဲ့မီးလား။ ဒါလေးနဲ့ မင်းက ငါ့ကို ပြာဖြစ်အောင် မီးရှို့ချင်တာလား။ ငါ့အထင်တော့ ထမင်းချက်ဖို့တောင် မလုံလောက်ဘူး"
လုမင် လှောင်ပြောင်လိုက်၏။ ထို့နောက် လုမင်က လေနှင့်မှုတ်လိုက်ရာ မီးတောက်က ငြိမ်းသွားလေတော့သည်။
မျက်နှာကို ရိုက်ခြင်း၊ မျက်နှာကို တည်ပြီး ရိုက်လိုက်ခြင်းပင်။
ဝမ့်ဘိုးဘေး၏ မျက်နှာက နီရဲသွားခဲ့သည်။ သူဟာ လုမင်ကို အသေကိုက်ဖြတ်ချင်ဟန်ဖြင့် စိုက်ကြည့်လိုက်သည်။
"သေစမ်း"
ဟိန်းဟောက်သံနှင့် ဝမ့်ဘိုးဘေး၏ ခန္ဓာကိုယ်ပေါ်မှ မီးတောက်များက ပို၍ ပြင်းထန်လာခဲ့သည်။ ခရမ်းရောင်မီးတောက်လေးတစ်ဆုပ် သူ့ခေါင်းထက်မှာ ပေါ်လာခဲ့၏။ သူက သွေးမျိုးဆက်ပေါင်းစပ်ခြင်းဖြင့် မီးတောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။။ ထို့နောက်မှာတော့ ခရမ်းရောင် မီးတောက်ဓားအဖြစ် ပြောင်းလဲသွားပြီး လုမင်ကို ခုတ်ပိုင်းလိုက်တော့သည်။
"ဝုန်း"
လုမင်က စေ့စေ့ပင် မကြည့်ဘဲ ခရမ်းရောင်ဓားကို ထိုးလိုက်သည်။
ခရမ်းရောင်ဓား ကွဲသွားသလို အော်ညည်းသံတစ်ခုကို ကြားလိုက်ရသည်။ သွေးများ အန်ထွက်နေသော ဝမ့်ဘိုးဘေးအသွင် ပြန်ပေါ်လာခဲ့၏။ သူ့မျက်နှာက ကြောက်ရွံ့မှုများ ပြည့်နှက်နေကာ အရူးအမူး နောက်ပြန်ဆုတ်သွားတော့သည်။
ဝမ့်ဘိုးဘေး ဆုတ်သွားသည်နှင့် တပြိုင်နက် အော်သံများ ဆက်တိုက်ကြားလိုက်ရသည်။ ဝမ့်ဘိုးဘေး ဆုတ်ခဲ့သောလမ်းမှာ တပ်သားများ ရှိ၏။ ဝမ့်ဘိုးဘေး၏အရှိန်ကြောင့် အနည်းဆုံး လူတစ်ထောင်ခန့် သေဆုံးခဲ့ပေသည်။
"ပြေးကြ"
အခြားသူများလည်း အော်ဟစ်ပြီး တတ်နိုင်သမျှ ပြေးထွက်သွားကြသည်။ အဓိပတိများကြားမှ တိုက်ပွဲက အန္တရာယ်များလွန်း၏။ နီးလွန်းပါက ဘယ်လိုသေသွားမှန်းတောင် သိလိုက်ရမည် မဟုတ်ပေ။
"ဒီနေ့ သေရမဲ့သူက မင်းပဲ"
လုမင်က ဝမ့်ဘိုးဘေးကိုစိုက်ကြည့်ရင်း ရှေ့သို့ တိုးလာခဲ့သည်။
"ကယ်ပါ၊ ငါ့ကိုကယ်ကြပါဦး"
ဝမ့်ဘိုးဘေး ကြောက်လန့်တကြား ထအော်လိုက်သည်။
တစ်ဖက်မှာလည်း ကျန်းဘိုးဘေး၊ လွမ်ဘိုးဘေးနှင့် အခြားသူများမှာ အစပိုင်းမှာ အံ့အားသင့်သွားခဲ့ကြသည်။ လုမင်က ဝမ့်ဘိုးဘေးကို လက်သီးတစ်ချက်ဖြင့် ဒဏ်ရာရစေခဲ့၏။ သူတို့ အမှန်တကယ် အံ့အားသင့်ခဲ့ကြကာ အနည်းငယ် မယုံကြည်နိုင်ခဲ့ပေ။ ယခု ဝမ့်ဘိုးဘေး အော်ဟစ်တော့မှ သတိပြန်ဝင်လာခဲ့ကြသည်။
"တိုက်ခိုက်ကြ၊ သတ်"
"သတ်"
ကျန်းဘိုးဘေး၊ လွမ်ဘိုးဘေးနှင့် အခြားသူများလည်း ညာသံပေးကာ အတူတကွ တိုက်ခိုက်လိုက်ကြသည်။
အဓိပတိငါးပါးက တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြပြီ။ မတူညီသော အလင်းတန်းငါးခုက ကောင်းကင်ကိုဖြတ်ကာ လုမင်ဆီသို့ တိုးဝင်သွားခဲ့သည်။
"ထွက်သွား"
လုမင် အေးစက်စက်ငေါက်ပြီး လက်သီးငါးချက် ဆက်တိုက် ထုတ်ဖော်လိုက်၏။
လက်သီးအလင်းငါးခုက ကောင်းကင်ကို ဖြတ်သွားသည် ။
"ဝုန်း... ဝုန်း... ဝုန်း... ဝုန်း... ဝုန်း"
လက်သီးအင်အားက အဓိပတိငါးပါး၏ တိုက်ခိုက်မှုများကို အလွယ်တကူ ဖြိုခွဲပစ်လိုက်သည်။ ကျန်းဘိုးဘေး၊ လွမ်ဘိုးဘေးနှင့် အခြားလူများ သွေးအန်ကာ ညည်းညူရင်း လွင့်စဉ်သွား၏။
ပေါ့ပေါ့တန်တန် ထိုးနှက်ချက်ငါးချက်မျှဖြင့် အဓိပတိငါးပါးမှာ ဒဏ်ရာအပြင်းအထန်ရခဲ့သည်။ အဝေးသို့ ဆုတ်ခွာသွားသော တပ်သားများလည်း လေအေးကြီးကို ရှုရှိုက်မိလိုက်၏။ ဝမ့်ဘိုးဘေးမှာလည်း လိပ်ပြာလွင့်မတတ် ကြောက်ရွံ့သွားတော့သည်။
သူ အံသြသွားသည်။ အိပ်မက်မက်နေတာဟုပင် သူထင်ခဲ့၏။
လုမင်က ရှန်းရွှီတိုက်ကြီးသို့ ခရီးထွက်ခဲ့တာ ဘယ်လောက်ကြာသေးလို့လဲ။ ပြန်လာပြီးနောက် သူဟာ အလွန်သန်မာလာခဲ့ပြီ ဖြစ်သည်။ သူက မျိုးဆက်သစ်လူငယ်တစ်ဦးကော ဟုတ်သေးရဲ့လား။
လုမင်က ဝမ့်ဘိုးဘေးကို ဆက်လက်တိုက်ခိုက်ခဲ့သည်။ ဝမ့်ဘိုးဘေးလည်း ကြောက်လန့်တကြား အော်ဟစ်ကာ လူအုပ်ထဲသို့ အသဲအသန် ဝင်ပြေးသွား၏။ အခြားသူများနှင့် လုမင်ကို သူ့အတွက် ပိတ်ဆို့စေချင်သည်။
"မင်းတို့ သူ့ကို တားဆီးထားစမ်း။ ဟေ့... မင်းဘယ်လိုလုပ်ပြေးဝံ့တာလဲ။ ငါက ဧကရာဇ်ရီ ယုံကြည်ရတဲ့ လက်ထောက်ပဲ။ မင်းတို့ကောင်တွေ သေချင်နေကြပြီ၊ မင်းတို့အားလုံးကို ငါသတ်မယ်"
ဝမ့်ဘိုးဘေးက ကြိမ်းမောင်းလိုက်သည်။ သို့သော်လည်း အခြားသူများက အရူးများမဟုတ်ပေ။ ဝမ့်ဘိုးဘေး ဆုတ်လာသည်ကို တွေ့လိုက်ရသသည်နှင့် သူတို့အားလုံး ထွက်ပြေးသွားကြသည်။ သူ့အတွက် လုမင်ကို ဘယ်သူမှ မတားဆီးကြပေ။
နောက်နေခြင်းသာ ဖြစ်ရမည်။ လုမင်၏ လက်သီးတစ်ချက်နှင့် အဓိပဓိများ အလွယ်တကူ ဒဏ်ရာရကြ၏။ သူ့ကို တားဆီးခြင်းက ကျားပါးစပ်ထဲ ခေါင်းထည့်ပေးခြင်း မဟုတ်လား။
ဝမ့်ဘိုးဘေးလည်း မျှော်လင့်ချက်အားလုံးကို ဆုံးရှုံးလုနီးပါး ဖြစ်လာခဲ့သည်။
"ချွမ်"
ထိုအချိန်တွင် ကောင်းကင်ယံ၌ ဓားမြည်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ အနက်ရောင် ဓားအလင်းတစ်ခုက လေထုကိုဖြတ်သန်းကာ လုမင်ဆီသို့ ကျရောက်လာခဲ့၏။
၎င်း၏စွမ်းအားက လွန်စွာ ကြောက်မက်ဖွယ်ကောင်းသည်။
သိုင်းအုပ်ချုပ်သူတစ်ပါး တိုက်ခိုက်လာခဲ့ပြီ။
"ဝုန်း"
လုမင်၏ ခန္ဓာကိုယ်တွင်းမှ နဂါးဟိန်းသံနှင့် နဂါးစွမ်းအား ပေါက်ကွဲထွက်လာခဲ့သည်။ သူက ဓားအလင်းကို လက်သီးနှင့် ထိုးချလိုက်၏။ လုမင်က ဓားအလင်းကို အောင်မြင်စွာ ပိတ်ဆို့လိုက်သည်။
"ဝှစ်"
လုမင်ရှေ့တွင် ရုပ်ပုံတစ်ခု ပေါ်လာခဲ့သည်။
အနက်ရောင် ၀တ်စုံဝတ် အဘိုးကြီး ဖြစ်၏။ သူက ပိန်လှီပြီး မျက်တွင်းနောက်စေ့ကပ်နေသည်။ သူ့ကို ကြည့်ရသည်မှာ အရိုးစုတစ်ခုကဲ့သို့ပင်။
သို့သော်လည်း သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ရောင်ဝါများက အလွန်ကြောက်စရာကောင်းကာ နှလုံးသားကို တုန်လှုပ်စေခဲ့သည်။
သူက သိုင်းအုပ်ချုပ်သူ တစ်ပါးပင်။
"တတိယ ငရဲဧကရာဇ်"
ထိုလူကိုမြင်ပြီးနောက် ဝမ့်ဘိုးဘေးဟာ စိတ်လှုပ်ရှားလွန်း၍ အသံထွက်ရယ်လုနီးပါး ဖြစ်သွားသည်။