အခန်း ၁၃၁၆
Vol. 88 Ch. 1316
အပိုင်း ( 1316 ) ဝမ့်ရှန်ထျန်း စိတ်ပျက်အားငယ်ခြင်း။
တောင်းပိုင်းဒေသတွင် သိုင်းအုပ်ချုပ်သူ ငါးဦး၊ ခြောက်ဦးသာရှိပြီး သူတို့အားလုံးကိုလည်း အဆင့်သတ်မှတ်ထားသည်။
ပထမ ငရဲဧကရာဇ်က အသန်မာဆုံးဖြစ်ပြီး ဒုတိယ ငရဲဧကရာဇ်က ဒုတိယ အသန်မာဆုံး ဖြစ်ချေသည်။ တတိယငရဲဧကရာဇ်ကတော့ တတိယ အသန်မာဆုံး ဖြစ်သည်။
ထို့ကြောင့်ပင် ယခု တတိယ ငရဲဧကရာဇ် တိုက်ခိုက်သောအခါ ဝမ့်ဘိုးဘေး အလွန်ဝမ်းသာသွားသည်။ ကယ်တင်ခြင်းခံရပြီဟုလည်း သူထင်ခဲ့ပေသည်။
"တတိယငရဲဧကရာဇ်၊ ဧကရာဇ်ရီက အဲဒီကောင်ကို ဖမ်းချင်နေတာ၊ သူ့ကို အမြန်သတ်လိုက်ပါ။ ဧကရာဇ်အရှင်က ခင်ဗျားကို ဆုကောင်းကောင်းချီးမြှင့်လိမ့်မယ်"
ဝမ့်ဘိုးဘေးက လှမ်းအော်လိုက်သည်။
"ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုတိုက်ခိုက်နိုင်စွမ်းရှိတာက အင်မတန် ရှားတယ်။ စိတ်မကောင်းစရာက နိမ့်ကျတဲ့ပုံရိပ်ကို ဘယ်လိုထိန်းရမှန်း မသိဘူး။ ဒီလိုဆိုမှတော့ ငါ မင်းကို လိုက်ပို့ပေးမယ်၊ ဟားဟားဟား"
တတိယ ငရဲဧကရာဇ်က ရယ်မောလိုက်သည်။ သူ့အသံက အရိုးစုမှ အသံထွက်နေသကဲ့သို့ ခြောက်ကပ်ကပ်ဖြစ်ပြီး မနှစ်မြို့စရာ ဖြစ်ပေသည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း အနက်ရောင်ဝတ်ရုံကြီးဖြင့် ဖုံးအုပ်ထားရာ အနက်ရောင် အထည်တစ်စသည် လေထဲတွင် လွင့်နေသကဲ့သို့ ဖြစ်နေသည်။
"အမှောင်ကမ္ဘာနယ်မြေ၊ ငါ့ရဲ့ အမှောင်စွမ်းအင်အဖြစ် ပြောင်းပါစေ"
တတိယ ငရဲဧကရာဇ်က အော်လိုက်သည်။ အမှောင်နယ်မြေတစ်ခုက ဖြန့်ကျက်လာပြီး လုမင်ကို ဖုံးအုပ်သွား၏။
နယ်မြေ၏ အရှိန်က အလွန်မြန်သည်။ ပေါ်လာသည်နှင့် တပြိုင်နက်၊ ၎င်းက အချင်းဝက် မိုင်တစ်ရာရှိသော ဧရိယာကို လွှမ်းခြုံသွားပေသည်။
လုမင်ကိုလည်း ဖုံးအုပ်ထားခဲ့၏။ ရုတ်တရက် လုမင်ဟာ မရေမတွက်နိုင်သော အနက်ရောင် အရိပ်များ ထိုးဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ အဆုံးမဲ့ အမှောင်စွမ်းအင်က လုမင်၏အရေပြားကို ထိုးဖောက်ဝင်ရောက်ကာ၊ လုမင်၏စွမ်းအင်ကို အမှောင်စွမ်းအင်အဖြစ် ပြောင်းလဲရန် ကြိုးစားခဲ့ပေသည်။
"ဝှစ်"
တစ်ချိန်တည်းမှာပင်၊ ငရဲဧကရာဇ်၏လက်ထဲတွင် အနက်ရောင် ဓားတစ်လက်ပေါ်လာပြီး လုမင်ကို ခုတ်ပိုင်းလိုက်သည်။
သူ၏ ကိုယ်ပိုင်နယ်မြေထဲတွင်ဖြစ်၍ တတိယ ငရဲဧကရာဇ်ဧကရာဇ်၏အရှိန်က အလွန်လျင်မြန်သည်။ ဓားချက် ထုတ်ဖော်လိုက်သည်နှင့် လုမင်ရှေ့ကို ရောက်လာတော့သည်။
"လေဓာတ်စွမ်းအင် တာအိုသိုင်း"
လုမင် ရေရွတ်လိုက်သည်။ သူက လေဓာတ်စွမ်းအင် တာအိုသိုင်းကို အသုံးပြုပြီး လှုပ်ရှားလိုက်၏။ သူ့ခန္ဓာကိုယ်က အနည်းငယ် ယိမ်းနွဲ့ပြီး ငရဲဧကရာဇ်၏ တိုက်ခိုက်မှုကို ရှောင်ထွက်သွားတော့သည်။
တစ်ချိန်တည်းမှာပင် သူက လက်သီးတစ်ချက်ကို ထုတ်ဖော်လိုက်သည်။
"ဒုန်း"
လက်သီးချက်က ဓားမျက်နှာပြင်ကို ထိမှန်သောအခါ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့၏။ တတိယငရဲဧကရာဇ်၏ ခန္ဓာကိုယ်က တုန်ခါသွားကာ ခြေနှစ်လှမ်းဆုတ်သွားရတော့သည်။
လုမင်လည်း ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားရသည်။
'ဒီလောက်တောင် အင်အားကြီးပါလား'
တတိယ ငရဲဧကရာဇ် တိတ်တဆိတ် တုန်လှုပ်သွားခဲ့သည်။
"အမှောင်ခန္ဓာ"
တတိယ ငရဲဧကရာဇ်၏ ခန္ဓာကိုယ်က တစ်ချက် တုန်ခါသွားသည်။ သူ့ခန္ဓာက ပျော်ကျပြီး အမှောင်စွမ်းအင်များအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ သူက အမှောင်နယ်မြေနှင့် ပေါင်းစပ်ကာ မိုးနှင့်မြေကို ဖုံးလွှမ်းသွားတော့သည်။
အမှောင်နယ်မြေ၏ မိုင်တစ်ရာအတွင်း အရာအားလုံးက အမှောင်စွမ်းအင်တို့ ပြည့်နေခဲ့သည်။
ဝိညာဉ်ပုံရိပ်များ စတင် ဖြစ်ပေါ်လာကြ၏။ သူတို့ တစ်ဦးစီက မတူညီသော လက္ခဏာအချို့ကို ပိုင်ဆိုင်ထားသေးသည်။ မတူညီသော ဝိညာဉ်များက မတူညီသော လျှို့ဝှက်ဆန်းကြယ်မှုများနှင့် အကျိုးသက်ရောက်မှုများ ရှိခဲ့သည်။
အချို့သော ဝိညာဉ်များက တိုက်ခိုက်မှုကို ဦးတည်သည်။ အချို့မှာ ပို၍ ခံစစ်ကို ဦးတည်ကြကာ အချို့ကတော့ လျင်မြန်မှုကို အသားပေး၏။
အမှောင်ကမ္ဘာမှ တတိယ ငရဲဧကရာဇ်၏ ဝိညာဉ်ခန္ဓာက အမှောင်စွမ်းအင်အဖြစ် အသွင်ပြောင်းပြီး တိုက်ခိုက်မှုများစွာကို လုပ်ဆောင်နိုင်သည်။
"ဝူး... ဝူး"
လုမင်ဟာ အမှောင်နယ်မြေထဲတွင် ပိတ်မိနေခဲ့သည်။ သူ့ပတ်ဝန်းကျင်မှာ ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့၏။ မရေမတွက်နိုင်သော ဓားအလင်းများက မသိနိုင်သောလမ်းကြောင်းများမှ လုမင်ဆီသို့ တိုးဝင်လာတော့သည်။
"မီးဓာတ်စွမ်းအင် တာအိုသိုင်း၊ မိုးကြိုးဓာတ်စွမ်းအင် တာအိုသိုင်း"
အတွေးတစ်ခုဖြင့်၊ လုမင်က ကစဉ့်ကလျားတာအိုကို မီးတာအိုနှင့် မိုးကြိုးတာအိုအဖြစ် ပြောင်းလဲခဲ့သည်။ လုမင်၏ ညာဘက်လက်က မီးတောက် လှံရှည်တစ်ချောင်း ပေါ်လာပြီး လျှပ်စီးကြောင်းမှ ပေါင်းစပ်ထားသော လှံရှည်တစ်ချောင်းကတော့ သူ့ဘယ်ဘက်လက်တွင် ပေါ်လာခဲ့၏။
"ဝုန်း"
လှံရှည်နှစ်ချောင်းမှ စွမ်းအင်များက တပ်မဟာကြီးတစ်ခုကို ချေမှုန်းနိုင်သည့် စွမ်းအားမျိုးဖြင့် နေရာအနှံ့ ပျံ့နှံ့သွားခဲ့သည်။
မီးနှင့် မိုးကြိုးလျှပ်စီးက အမှောင်စွမ်းအင်များ၏ သဘာဝရန်သူဖြစ်သည်။ ထို့အပြင် မီးတာအိုသိုင်းနှင့် မိုးကြိုးတာအိုသိုင်းတို့ကို ပေါင်းစပ်ထားခဲ့၏။ ဤတာအိုနှစ်ခု၏ စွမ်းအားက ပို၍ပင် ကြောက်စရာဖြစ်လာတော့သည်။
မီးတောက်မီးလျှံများ ထွက်လာသောအခါ အမှောင်ကမ္ဘာစွမ်းအင် ပေါက်ကွဲသွားခဲ့သည်။ လုမင်ကို ခုတ်ထစ်နေသော ဓားအလင်းများလည်း ပြိုကျသွား၏။ အမှောင်နယ်မြေသည်ပင် အချိန်မရွေး ပေါက်ကွဲသွားတော့မလို ပြင်းထန်စွာ တုန်လှုပ်သွားတော့သည်။
"ဟိုမှာပဲ …"
လုမင်၏ မျက်လုံးများက သူ့ရှေ့ကို စူးစိုက်ကြည့်လိုက်သည်။ သူက ဘယ်ဘက်လက်မှ လျှပ်စီးလှံရှည်နှင့် ပစ်ထိုးလိုက်၏။
"အား"
ထိုနေရာမှ အော်သံတစ်ခု ထွက်လာခဲ့သည်။ ထို့နောက် တတိယ ငရဲဧကရာဇ် ပေါ်လာပြီး ဒယီးဒယိုင် ဆုတ်ခွာသွားခဲ့၏။ သူ့ပခုံးက အပေါက်တစ်ပေါက်ရှိနေပြီး လျှပ်စီးတဖျတ်ဖျတ် လင်းလက်နေတော့သည်။
"ဒါက ဘယ်လိုဖြစ်ရတာလဲ"
ဝမ့်ဘိုးဘေး၊ ကျန်းဘိုးဘေးနှင့် အခြားသူများအားလုံး မျက်လုံးမျက်ဆံပြူးကာ မြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့ကြသည်။
တတိယ ငရဲဧကရာဇ် ဒဏ်ရာရသွားပြီ။ လုမင်ကြောင့် သိုင်းအုပ်ချုပ်သူတစ်ပါး ဒဏ်ရာရခဲ့သည်။
ယင်းက မည်သို့ ဖြစ်နိုင်ပါသနည်း။
လုမင်က သိုင်းအုပ်ချုပ်သူတစ်ပါးကိုပင် ဒဏ်ရာရစေနိုင်သည်။
"ဝှစ်"
လုမင်က လေတာအိုကို အသုံးပြုလိုက်သည်။ သူက တတိယ ငရဲဧကရာဇ်အနီးသို့ လျင်မြန်စွာချဉ်းကပ်လာပြီး လက်သီးဖြင့် ထိုးချလိုက်၏။
ဤလက်သီးချက်တွင် မြေတာအိုသိုင်း၊ မီးတာအိုသိုင်းနှင့် မိုးကြိုးတာအိုသိုင်းတို့ကို ပေါင်းစပ်ထားခဲ့သည်။
တတိယ ငရဲဧကရာဇ်၏ ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်လှုပ်သွားသည်။ တာအိုသိုင်းပညာ သုံးခု၏ ကြောက်စရာကောင်းသော စွမ်းအားက တတိယ ငရဲဧကရာဇ်ထံ ကျရောက်လာခဲ့သည်။ တတိယ ငရဲဧကရာဇ် နာကျင်စွာအော်ဟစ်ရင်း လွင့်စဉ်သွား၏။ သူ့ခန္ဓာကိုယ် တစ်ဝက်လောက် ပေါက်ကွဲသွားပြီး သူ့ရောင်ဝါများပင် အားနည်းသွားတော့သည်။
"ပြေး၊ ပြေး"
ဤအခိုက်တွင် ဝမ့်ဘိုးဘေး၏စိတ်ထဲမှာလည်း အတွေးတစ်ခုသာ ရှိသည်။ ယင်းက ထွက်ပြေးရန်ကိုပင်။
လုမင်က ကြောက်စရာကောင်းလွန်းသည်။ သူ့အသက်ကဖြင့် ဘယ်လောက်ရှိသေးပါသနည်း။ သူ၏ တိုက်ခိုက်နိုင်စွမ်းက မထင်မှတ်လောက်အောင် သန်မာနေပြီ ဖြစ်သည်။ တတိယ ငရဲဧကရာဇ်တောင်မှ သူ၏ပြိုင်ဘက် မဟုတ်ပေ။ တိုက်ကွက်အနည်းငယ် ဖလှယ်ပြီးနောက် သေလုမတတ် ဖြစ်ခဲ့ရသည်။ သူလည်း မပြေးရင် သေလိမ့်မည်။
"ဝမ့်ရှန်ထျန်း၊ ငါပြောပြီးပြီ။ ဒီနေ့ မင်းသေရလိမ့်မယ်"
လုမင်၏ အေးစက်သော အသံ ထွက်ပေါ်လာခဲ့သည်။ သူက လေတာအိုကိုသုံးပြီး ဝမ့်ရှန်ထျန်းကို ခဏချင်း ဖမ်းမိသွား၏။
"မဟုတ်ဘူး၊ ငါ့အသက်ကို ချမ်းသာပေးပါ"
ဝမ့်ရှန်ထျန်း အော်ဟစ်လိုက်သည်။ သူ၏ နာမည်ဂုဏ်သတင်းကိုလည်း ဂရုမစိုက်တော့ပေ။ သူ့အသက်နှင့် နှိုင်းယှဥ်ပါက ယင်းမှာ ဘာမျှမဟုတ်ပေ။
လုမင်က ဝမ့်ရှန်ထျန်းကို အေးစက်စက်ဖြင့် စိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် သနားမှု အနည်းငယ်မျှ မရှိပေ။
တစ်ချိန်က ဝမ့်ဘိုးဘေး၏အမြင်တွင် လုမင်က ဘာမျှမဟုတ်ပေ။ သူက လုမင်ကို လက်တစ်ချောင်းတည်းဖြင့် သတ်နိုင်သော ဘုရင်တစ်ပါးကဲ့သို့ ဖြစ်သည်။
သို့သော်လည်း၊ ယခုအခါ အရာအားလုံး ပြောင်းလဲသွားခဲ့ပြီ။ ယခုဆိုလျှင် ဝမ့်ရှန်ထျန်းက လုမင်ရှေ့မှာ ဘာမျှမဟုတ်တော့ပါ။ သူ့ကို အလွယ်တကူ သတ်ပစ်နိုင်သည်။
ဤကမ္ဘာကြီးတွင် ဘယ်အရာကိုမျှ ပုံသေသတ်မှတ်၍ မရပေ။
လုမင်က လျင်မြန်စွာ တိုးတက်လာခဲ့သည်။ မသိလိုက်ခင်မှာပင် လုမင်က ရှမ်းဟွမ်တိုက်ကြီး၏ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့ပြီ။ တစ်ချိန်က သူမျှော်ကြည့်ခဲ့ရသော လူများက ယခု သူ့ကို မော့ကြည့်ရန်လိုနေပြီ ဖြစ်သည်။
"ငရဲကိုသွားတော့"
လုမင်ထံမှ လျစ်လျူရှုသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူ့လက်ကို ဓားအဖြစ်သုံးပြီး ထိုးလိုက်၏။
"မဟုတ်ဘူး၊ ငါသေရင် မင်းလည်း သေရမယ်"
ဝမ့်ရှန်ထျန်း ဟိန်းဟောက်လိုက်သည်။ သူသေရတော့မှန်း သိရသောအခါ သူ့မျက်လုံးထဲမှာ ရက်စက်ကြမ်းကြုတ်မှုတို့ ပေါ်လာခဲ့၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်များက ရုန့်ရင်းကြမ်းတမ်းစွာ ထွက်ပေါ်လာတော့သည်။ သူ့ကိုယ်သူ ဖောက်ခွဲတော့မည် ဖြစ်သည်။
"ဟမ့်"
လုမင် အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ သူ့လက်ဝါးမှ ဖိနှိပ်မှုအင်အားများ ထွက်ပေါ်လာခဲ့၏။ ငရဲဖိနှိပ်ကျောက်စာချပ် ပုံရိပ်က လင်းလက်သွားပြီး ဝမ့်ရှန်ထျန်းကို ဖိချလိုက်တော့သည်။
ဝမ့်ဘိုးဘေးမှာ အော်ဟစ်ရန်ပင် အခွင့်အရေးမရလိုက်ဘဲ အစိတ်စိတ်အမွှာမွှာကွဲကြေပြီး ချက်ချင်း သေဆုံးသွားခဲ့သည်။
လုမင်ရှေ့မှာ သူ့ကိုယ်သူ ဖောက်ခွဲ၍ပင် မရပေ။
"မင်းတို့အလှည့်"
လုမင်က ကျန်းမိသားစုဘိုးဘေးနှင့် လွမ်မိသားစုဘိုးဘေးကို ကြည့်လိုက်သည်။
ထိုစဉ်က နဝမနဂါးမြို့မှ တိုက်ပွဲတွင်၊ ရှေးဟောင်း မိသားစုခြောက်စု၏ မိသားစုဘိုးဘေးများက လုမင်အား တိုက်ခိုက်ခဲ့ကြသည်။ သူတို့အထဲတွင် ကျန်းမိသားစုဘိုးဘေး၊ လွမ်မိသားစုဘိုးဘေးနှင့် ဝမ့်မိသားစုဘိုးဘေးတို့က လုမင်ကို သတ်ချင်ကြ၏။
လုမင်က ဤအာဃာတကို သူ့နှလုံးသားထဲတွင် အမြဲသိမ်းဆည်းထားခဲ့သည်။ ယနေ့မှာတော့ သူတို့အားလုံးကို သတ်တော့မည်။
"ပြေး၊ ပြေး"
ကျန်းမိသားစုဘိုးဘေးနှင့် လွမ်မိသားစု၏ ဘိုးဘေးတို့လည်း အခြား သိုင်းအုပ်ချုပ်သူများရှိသော ကောင်းကင်သို့ အသဲအသန် ပြေးသွားကြသည်။
သို့သော်လည်း လုမင်၏အမြန်နှုန်းကို မယှဉ်သာပေ။ ခြေတစ်လှမ်းဖြင့် သူတို့နောက်မှာ ပေါ်လာခဲ့သည်။ သူက အတားအဆီးမဲ့သော ကောင်းကင်သိုင်းဖြင့် လက်သီးနှစ်ချက် ထိုးလိုက်၏။ မိသားစုကြီးနှစ်ခု၏ ဘိုးဘေးနှစ်ယောက်လည်း သေဆုံးသွားပြီ။
"အခု တတိယ ငရဲဧကရာဇ်"
ဘိုးဘေးနှစ်ယောက်ကို သတ်ဖြတ်ပြီးနောက် လုမင်က တတိယ ငရဲဧကရာဇ်ကို အာရုံစိုက်ခဲ့သည်။