အခန်း ၁၃၁၈
Vol. 88 Ch. 1318
အပိုင်း ( 1318 ) တိဟုန်ချန်။
"ကြောက်စရာကောင်းလိုက်တဲ့ ဓားချက်"
လုမင် အံ့ဩသွားသည်။
သူသည် နဝမနဂါးအဖြစ် ပြောင်းလဲခဲ့ပြီး တာအိုသိုင်းငါးခုကိုလည်း ပေါင်းစပ်ထားခဲ့သည်။ ကစဉ့်ကလျားတာအို အပြင်၊ ယင်းက လုမင်ထုတ်ဖော်နိုင်သော အသန်မာဆုံး တိုက်ခိုက်နိုင်စွမ်းတစ်ခု ဖြစ်၏။ သို့သော်လည်း ဓားအလင်းကိုတော့ မခုခံနိုင်ခဲ့ပေ။ သူ့ကို မိုင်တစ်ထောင်အထိ တွန်းထုတ်ခဲ့ပြီး နဂါးခြေသည်းသုံးချောင်းကိုပင် ဖြတ်တောက်ပစ်ခဲ့သည်။
ရွှေရောင် ဓားအလင်း၏စွမ်းအားက ကြောက်စရာကောင်းလွန်းလှပေသည်။
"ဝှစ်"
ကောင်းကင်ယံမှ ရွှေရောင်အလင်းများ ထွန်းတောက်ကာ ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။
ခန္ဓာကိုယ်ထွားကျိုင်းပြီး ကြံ့ခိုင်သန်မာသော အဘိုးအိုတစ်ဦး ဖြစ်ချေသည်။ သူက ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ကြီးကျယ်ခမ်းနားသော အရှိန်အဝါများ ထွက်ပေါ်နေသည်။
ရွှေရောင်ဝတ်စုံဝတ် အဖိုးအိုထံမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများက ကောင်းကင်ယံကိုပင် တုန်လှုပ်စေခဲ့ပေသည်။
"အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်"
လုမင်၏ မျက်လုံးများက လေးနက်လာခဲ့သည်။
ရွှေရောင်ဝတ်စုံဝတ် ဤအဘိုးကြီးက ရှဲ့လွမ်၊ တိရီတို့နှင့် အဆင့်တူပြီး အလွန်အစွမ်းထက်မြက်သည်။
သိုင်းအုပ်ချုပ်သူနယ်ပယ်တွင် အဆင့်တစ်ခုစီ၏ ကွာခြားချက်က ကြီးမားလှပေသည်။
အဆင့်တစ် သိုင်းအုပ်ချုပ်သူနှင့် အဆင့်နှစ် သိုင်းအုပ်ချုပ်သူကြားမှ ကွာဟချက်က သိသာထင်ရှားသည်။ အဆင့်နှစ် သိုင်းအုပ်ချုပ်သူအတွက် အဆင့်တစ် သိုင်းအုပ်ချုပ်သူကိုသတ်ရန် များစွာ မခက်ခဲပေ။
အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်မှ တန်ခိုးရှင်ဖြစ်နေလျှင်တော့ အထူး ပြောနေရန်ပင် မလိုတော့ချေ။
"အကြီးအကဲ တိဟုန်ချန်"
တတိယ ငရဲဧကရာဇ်နှင့် တောင်တန်းကျိုးဧကရာဇ်တို့လည်း အဘိုးအိုကိုတွေ့သောအခါ အလွန်ဝမ်းသာခဲ့ကြသည်။
"သူ့မျိုးရိုးနာမည်က တိ လား"
လုမင် မျက်မှောင်ကြုတ်လိုက်၏။
ရှဲ့လွမ်ဟာ တိရီအနားတွင် အုပ်ချုပ်သူ ဝိညာဉ်လက်နက်ကိုယ်စီရှိသော အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် တန်ခိုးရှင်နှစ်ဦးရှိသည်ဟု ပြောခဲ့သည်။ ထိုစဉ်ကတည်းက လုမင်၏စိတ်ထဲတွင် သံသယများ ရှိနေခဲ့ပေသည်။
နောက်ဆုံးတွင်၊ အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် တန်ခိုးရှင်က အလွယ်တကူ ရှာတွေ့နိုင်သော လမ်းဘေးမှ ဂေါ်ဖီထုပ်များ မဟုတ်ပါ။
ယခင်ကတည်းက ရှမ်းဟွမ်တိုက်ကြီး တစ်ခုလုံးမှာပင် ရှဲ့လွမ်နှင့် တိရီတို့သာ ရှိခဲ့သည်။
သို့ဖြစ်လျှင် တိရီဘေးမှ အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် တန်ခိုးရှင်နှစ်ဦးက ဘယ်နေရာက ရောက်လာကြသနည်း။ ထို့ပြင် သူတို့နှစ်ဦးစလုံးက အုပ်ချုပ်သူ ဝိညာဉ်ရေးလက်နက်များ ရှိနေသည်။
ယခုတော့ သူတို့ထဲမှ တစ်ယောက်က တိမျိုးရိုးဖြစ်ကြောင်း သိလာခဲ့ရပြီ။ ဘာများဖြစ်နေပါသနည်း။
ကောလဟာလများအရ ကောင်းကင်ဧကရာဇ်ဘုရားကျောင်းကို တိရီတစ်ဦးတည်းက တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က တိရီတစ်ဦးတည်းသာရှိခဲ့ပြီး သူ့တွင် မျိုးရိုးတူသော မိသားစုရှိနေကြောင်း မည်သူမျှ မကြားခဲ့ကြပေ။
နောက်ပိုင်းမှသာ တိရီ၏ မျိုးရိုးခံများရှိပြီး တိမိသားစု ဖြစ်ပေါ်လာခဲ့သည်။
ဤအဘိုးကြီး တိရီ၏ သားစဉ်မြေးဆက် ဖြစ်နိုင်ပါမည်လော။
မဖြစ်နိုင်ပေ။
လုမင်ဟာ ဤအဘိုးကြီးက တိရီထက်ပင် အသက်ကြီးသည်ဟု ခံစားခဲ့မိသည်။
လုမင်၏ နှလုံးသားထဲတွင် မေးခွန်းများက ပိုများလာခဲ့သည်။ တိရီက သူထင်ထားသည်ထက် ပို၍ လျှို့ဝှက်ဆန်းကြယ်သည်ဟုလည်း ခံစားလာမိတော့သည်။
တိဟုန်ချန်က ကောင်းကင်အမြင့်တွင်ရပ်ပြီး လုမင်ကို ငုံ့ကြည့်လိုက်သည်။ သို့သော်လည်း သူ့မျက်လုံးထဲမှ အံ့ဩမှုနှင့် မယုံကြည်မှုများကိုတော့ မြင်ရန်မခက်ပေ။
လုမင်၏ အသက်အရွယ်နှင့် တိုက်ခိုက်နိုင်စွမ်းကြောင့် သူ အံ့အားသင့်နေပုံရသည်။
"ဒါဆို မင်းက လုမင်ပေါ့။ လုမင်... မင်းအသက်အရွယ်နဲ့ ဒီ ကျင့်ကြံခြင်းအခြေခံနဲ့ တိုက်ခိုက်နိုင်စွမ်းတွေရှိတာ မဆိုးဘူး။ မင်းက တကယ်ကို အရည်အချင်းရှိသူလို့ ငါထင်တယ်၊ မင်း ငါတို့ တိမိသားစုကို ဘာလို့ မပါဝင်တာလဲ။ ဒါဆိုရင် တိမိသားစုက မင်းကို ခက်ခဲစေမှာ မဟုတ်ဘူး"
တိဟုန်ချန်က မေးလိုက်သည်။ သို့ရာတွင်၊ သူ့လေသံက တစ်ပါးသူများကို နှိမ့်ချနေသကဲ့သို့ သာလွန်သော ခံစားချက်များ ပေါ်လွင်နေခဲ့၏။
ယင်းက တိဟုန်ချန်၏ အထူး ရည်ရွယ်ချက် မဟုတ်ပါ။ သူဟာ အခြားသူများကို နှိမ့်ချနိုင်သော၊ မြင့်မားသော အင်အားစုကြီးမှ မွေးဖွားလာသကဲ့သို့ ဖြစ်သည်။
"ဟားဟားဟား"
လုမင်က ပြန်မဖြေဘဲ တိဟုန်ချန်ကိုစိုက်ကြည့်ကာ ရယ်မောလိုက်သည်။ ခဏအကြာမှ လုမင် ပြောလိုက်၏။
"မင်းက ရှမ်းဟွမ်တိုက်ကြီးက မဟုတ်ဘူး။ ဒါ့အပြင် မင်းက ရှန်းရွှီတိုက်ကြီးကလည်း မဟုတ်ဘူး မဟုတ်လား"
လုမင်ဟာ ရှန်းရွှီတိုက်ကြီး၏ ပါရမီရှင်များအားလုံးကို တွေ့ဆုံခဲ့ရသည်။ ထိုအထဲတွင် တိမျိုးရိုးအမည် မရှိပေ။
တိဟုန်ချန်လည်း လုမင်၏မေးခွန်းကို မမျှော်လင့်ထားသကဲ့သို့ အနည်းငယ် အံ့ဩသွားသည်။ ထို့နောက်တွင်မှ လှောင်ပြုံးပြုံးကာ ပြောလိုက်၏။
"ဒါက မင်းရဲ့ ကိစ္စမဟုတ်ပါဘူး၊ အခု မင်း အညံ့ခံမှာလား"
"အညံ့ခံရမှာလား။ ရပါတယ်၊ ဒါပေမဲ့ ငါ့မှာ အခြေအနေရှိတယ်။ တိရီရဲ့ ဦးခေါင်းကို ဖြတ်ပေးမယ်ဆိုရင် အညံ့ခံလိုက်မယ်"
လုမင်က တည်ငြိမ်သော အပြုံးဖြင့် ပြောလိုက်သည်။
"အတင့်ရဲလိုက်တာ"
တိဟုန်ချန်၏မျက်နှာက မည်းမှောင်သွားသည်။ သူ့ခန္ဓာကိုယ်မှ သတ်ဖြတ်ချင်သော စိတ်ဆန္ဒများ ပေါက်ကွဲထွက်လာခဲ့၏။ သူက အေးစက်စက်ဖြင့် ပြောလိုက်သည်။
"လုမင်၊ မင်းက တော်တော်လေး အရည်အချင်းရှိလို့ မင်းကို အခွင့်အရေးပေးဖို့ ငါစဉ်းစားထားတာ၊ ဒါပေမဲ့ မင်း လက်မခံခဲ့ဘူး။ ဒီလိုဆိုမှတော့ ငါမင်းကို လိုက်ပို့ပေးမယ်"
တိဟုန်ချန်က လေထဲကိုဖမ်းဆုပ်ကာ ရွှေရောင် ဓားတစ်လက်ကို ဖွဲ့စည်းလိုက်သည်။ ဓားချီများက ကောင်းကင်သို့ ထိုးတက်သွားသည်။
"ခုတ်"
တိဟုန်ချန်က ခပ်တိုးတိုးအော်ဟစ်ပြီး ရွှေရောင်ဓားနှင့် ခုတ်ပိုင်းလိုက်၏။ မိုင်ထောင်ချီရှည်လျားပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းက လေထုကိုခွဲ၍ လုမင်ဆီသို့ ခုတ်ပိုင်းလာတော့သည်။
ဤသည်မှာ ယခင်တိုက်ခိုက်မှုထက်ပင် ပို၍ အားကောင်းခဲ့သည်။
"ရှေးဦး ကစဉ့်ကလျား"
နဝမနဂါးကို ရှေးဦးကစဉ့်ကလျား စွမ်းအင်များက ဝန်းရံလာပြီး တိဟုန်ချန်ဆီသို့ တိုက်ခိုက်လိုက်သည်။
တိဟုန်ချန်ကဲ့သို့ ကျွမ်းကျင်သူတစ်ဦးနှင့် ရင်ဆိုင်ရသောအခါ လုမင်သည် သူ၏ခွန်အားကို မဖုံးကွယ်ဝံ့တော့ပေ။ ထို့ကြောင့် အစွမ်းကုန် ထုတ်လွှတ်လိုက်သည်။
"အတားအဆီးမဲ့သော ကောင်းကင်သိုင်း"
လုမင်က ရွှေရောင်ဓားအလင်းကို နဂါးလက်သည်းဖြင့် ဆုပ်ကိုင်ရင်း အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို ထုတ်ဖော်လိုက်သည်။ နဂါးလက်သည်းကို ရှေးဦးကစဉ့်ကလျားတာအိုကလည်း ဖုံးအုပ်ထား၏။
ရှေးဦးကစဉ့်ကလျားတာအိုက အတားအဆီးမဲ့သော ကောင်းကင်သိုင်းနှင့် ပေါင်းစပ်ကာ ၎င်း၏အင်အားအပြည့် ထုတ်လွှတ်နိုင်ခဲ့သည်။
"ဝုန်း"
နဂါးလက်သည်းက ရွှေဓားအလင်းနှင့် ထိပ်တိုက်တွေ့လိုက်သည်။ ကမ္ဘာကြီးတစ်ခုလုံး ပျက်သုဉ်းတော့မလို ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့၏။
ကောင်းကင်တစ်ခြမ်းက ရွှေရောင်ဓားအလင်းများ ပြည့်နေပြီး ကျန်တစ်ခြမ်းမှာတော့ ရှေးဦးကစဉ့်ကလျားဖြစ်ခြင်းတို့ ပြည့်နေတော့သည်။
တိဟုန်ချန်ကော လုမင်ပါ တပြိုင်နက်တည်း နောက်ပြန်ဆုတ်သွားခဲ့ရသည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
တောင်တန်းကျိုးဧကရာဇ်နှင့် တတိယ ငရဲဧကရာဇ်တို့လည်း မျက်လုံးမျက်ဆံပြူးသွားခဲ့ကြသည်။ သူတို့ဟာ ကိုယ့်မျက်စိကိုပင် မယုံနိုင်ကြပေ။
လုမင်က တိဟုန်ချန်၏ တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သည်။ ထိုမျှသာမကဘဲ လက်ရည်ညီနေပုံရကာ နှစ်ယောက်စလုံး နောက်ပြန်ဆုတ်သွားရ၏။
ဆိုလိုသည်က၊ လုမင်ဟာ သူတို့နှင့် တိုက်ခိုက်ခဲ့စဉ်တွင် သူ၏အင်အားကို အပြည့်အ၀ အသုံးမချခဲ့ပေ။
ထိုသို့တွေးမိသောအခါ သူတို့၏ကျောရိုးများ အေးစက်သွားသလို ခံစားလိုက်ရသည်။ လုမင်သာ သူ၏အင်အားအပြည့်ကို ထုတ်ခဲ့မည်ဆိုလျှင် ယခုအခါ သူတို့ သေသွားလောက်ပြီ မဟုတ်လား။
"ဂလု..."
ကျောက်စိမ်းနန်းတော်အတွင်းမှ ခုန်းရှင်း၊ စန္ဒကူးနတ်သမီး၊ ထျန်းရှအကယ်ဒမီ၏ သိုင်းအုပ်ချုပ်သူနှစ်ဦးနှင့် အခြား ကျင့်ကြံသူများလည်း တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရသည်။ အဝေးကို စိုက်ကြည့်ရင်း သူတို့ မျက်လုံးများ ပြူးကျယ်သွားလေသည်။
"ဟင်း၊ ငါတို့နဲ့ လုမင်ကြားက ကွာဟချက်က ပိုပြီးကြီးလာတယ်"
ခဏကြာမှ ခုန်းရှင်းက သက်ပြင်းတစ်ချက်ချလိုက်သည်။ သူ့လေသံက အားကိုးရာမဲ့မှုတို့ ပြည့်နေခဲ့လေသည်။
"လုမင်က ငါတို့နဲ့ အဆင့်တူမှာ မရှိတော့ဘူး။ သူက ပိုထက်မြက်ပြီး အနာဂတ်မှာ ဒီထက်ပိုဝေးတဲ့နေရာကို လျှောက်လှမ်းသွားဖို့ ရည်မှန်းထားတာ"
စန္ဒကူးနတ်သမီး၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် အရောင်လက်သွားသည်။
"တကယ်ပါပဲ၊ သူက ငယ်ငယ်ရွယ်ရွယ်နဲ့ ရှမ်းဟွမ်တိုက်ကြီးရဲ့ အထွတ်အထိပ်မှာ ရပ်တည်နေခဲ့ပြီ။ သူ့ရဲ့ အနာဂတ်က ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားနေဦးမလဲလို့ တွေးမိတယ်"
ထျန်းရှအကယ်ဒမီ၏ သိုင်းအုပ်ချုပ်သူ နှစ်ဦးထဲမှ တစ်ဦးက သက်ပြင်းချလိုက်သည်။
မြောက်ဘက်ပိုင်း ကောင်းကင်ယံမှ ရှဲ့လွမ်နှင့် အခြားလူများလည်း မျက်လုံးပြူးသွားခဲ့လေသည်။
ချွီလော့လည်း တဆတ်ဆတ် တုန်လှုပ်သွားခဲ့သည်။ အချိန်အတော်ကြာသွားသည့်တိုင် ပြောစရာစကား ရှာမရခဲ့ပေ။
မူလက လုမင်ဟာ ချွီလော့ကို အနိုင်ယူပြီး သာမန်သိုင်းအုပ်ချုပ်သူများကို အနိုင်ယူနိုင်သောကြောင့် အံ့ဖွယ်ကောင်းနေပြီဟု သူတို့ ထင်ခဲ့သည်။ သို့သော်လည်း သူတို့ လုမင်ကို လျှော့တွက်ခဲ့မိမှန်း ယခုမှ သဘောပေါက်လာခဲ့ရလေသည်။
လုမင်က အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်မှ သိုင်းအုပ်ချုပ်သူကိုပင် တိုက်ခိုက်နိုင်သည်။
တစ်နည်းဆိုရသော် လုမင်၏အင်အားသည် ရှဲ့လွမ်နှင့် တန်းတူရည်တူ ဖြစ်နေပြီ။
"လုမင်..."
လူအုပ်ကြားတွင် ရန်ခွမ်းစု စိတ်အလှုပ်ရှားဆုံး ဖြစ်သည်။ စိတ်လှုပ်ရှားစွာဖြင့် သူ့လက်သီးကို တင်းတင်းဆုပ်ထားမိလေသည်။
"ငါက သူ့အကြောင်းကို အထင်မမှားခဲ့ဘူး"
ရှဲ့လွမ်၏ မျက်လုံးများက အရောင်လက်သွားသည်။
မှန်ကန်သော အလောင်းအစားကို ပြုလုပ်ခဲ့ကြောင်းလည်း သူပိုသေချာသွား၏။
"ဧကရာဇ်ဓား၊ ကောင်းကင်ဖြိုခွင်းခြင်း"
တိဟုန်ချန်၏ ဒေါသတကြီး ဟိန်းဟောက်သံကို ကြားလိုက်ရသည်။ လုမင်က သူ့ကို ပြန်လှန်တွန်းထုတ်ခဲ့၏။ သူ အံ့အားသင့်သွားသလို သတ်ဖြတ်ချင်စိတ်တို့လည်း ဖြစ်ပေါ်လာတော့သည်။
တိဟုန်ချန်က ဓားချက်ထုတ်ဖော်လိုက်ရာ တောက်ပသော ရွှေရောင်ဓားအလင်းက ကောင်းကင်ကိုခွဲပြီး လုမင်ဆီသို့ တစ်ဖန် ကျဆင်းလာတော့သည်။