← Chapters

အခန်း ၁၃၂၀

Vol. 88 Ch. 1320

အခန်း ၁၃၂၀

Vol. 88 Ch. 1320

အပိုင်း ( 1320 ) သိုင်းအုပ်ချုပ်သူကို သတ်ဖြတ်ခြင်း။

ရန်ခွမ်းစုနှင့် မိုရဲ့တို့က ကောင်းကင်ဧကရာဇ်ဘုရားကျောင်း၏ တပ်မဟာများကို တိုက်ခိုက်လိုက်ကြသည်။ တစ်ချက် လှုပ်ရှားလိုက်သည်နှင့် ကျွမ်းကျင်သူများစွာ သေဆုံးခဲ့ရ၏။ လူသေအလောင်း အမြောက်အမြားလည်း ကောင်းကင်မှ ပြုတ်ကျသွားတော့သည်။

"အခုအချိန်ကျပြီ၊ ရန်သူတွေကို သတ်ဖြတ်ကြ"

ထျန်းရှအကယ်ဒမီ၏ ကျောက်စိမ်းနန်းတော်မှာလည်း အုပ်ချုပ်သူတစ်ပါးက အမိန့်ပေးခဲ့သည်။

"သတ်"

ထျန်းရှအကယ်ဒမီမှ ကျွမ်းကျင်သူများသည်လည်း ကောင်းကင်ဧကရာဇ်ဘုရားကျောင်း၏ တပ်မဟာများကို ပူးပေါင်းကာ တိုက်ခိုက်ကြတော့သည်။

"အား၊ မကောင်းတော့ဘူး။ ပြေးကြ"

"ပြေးကြဟေ့"

ကောင်းကင်ဧကရာဇ်ဘုရားကျောင်း၏ တပ်မဟာများ ချက်ချင်း အရေးနိမ့်ကာ ဖရိုဖရဲ တပ်ပျက်ပြီး ထွက်ပြေးကုန်ကြသည်။

မတတ်နိုင်ပေ၊ ကောင်းကင်ဧကရာဇ်ဘုရားကျောင်း၏ သိုင်းအုပ်ချုပ်သူများက ပြိုင်ဘက် သိုင်းအုပ်ချုပ်သူများနှင့် တိုက်ခိုက်နေရသည်။ ထိုအခါ သူတို့ရင်ဆိုင်ရတာက ထျန်းရှအကယ်ဒမီမှ ပညာရှင်များ၊ မိုရဲ့နှင့် အခြား သိုင်းအုပ်ချုပ်သူများ ဖြစ်၏။ အုပ်ချုပ်သူများအတွက် သူတို့ကို သတ်ဖြတ်ရန်က ကြက်ကလေး ငှက်ကလေး သတ်ရသလို လွယ်ကူသည်။ အဓိပဓိများပင်လျှင် တစ်ချက်တည်းနှင့် သေကြရလိမ့်မည်။

ကောင်းကင်ဧကရာဇ်ဘုရားကျောင်း၏ တပ်မဟာများက လုံးဝ ကမောက်ကမ ဖြစ်နေခဲ့သည်။ အားလုံးက အသက်လု၍ ထွက်ပြေးရန်သာ အာရုံစိုက်နေကြတော့သည်။

အဓိပတိအချို့ပင်လျှင် ဆက်လက်တိုက်ပွဲဝင်ရန် ဆန္ဒမရှိတော့ဘဲ အသည်းအသန် ထွက်ပြေးသွားကြသည်။

"မင်းမလွတ်နိုင်ဘူး"

ထျန်းရှအကယ်ဒမီ၏ သိုင်းအုပ်ချုပ်သူများက ထိုအဓိပဓိများကို ပစ်မှတ်ထားခဲ့ကြသည်။ ထိုအဓိပတိများအားလုံး တစ်ယောက်ပြီးတစ်ယောက် အသတ်ခံခဲ့ရလေသည်။

ဤသည်မှာ တစ်ဖက်သတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း ဖြစ်သည်။ တိုက်ပွဲက သိပ်မကြာ‌သေးသော်လည်း ကောင်းကင် ဧကရာဇ် ဘုရားကျောင်း၏ တပ်သား ထက်ဝက်ကျော် အသတ်ခံခဲ့ရသည်။ အောက်ခြေမြေပြင်က အလောင်းများနှင့် ပြည့်သွားခဲ့လေသည်။

လွတ်မြောက်သွားသူများက ကျင့်ကြံခြင်းအခြေခံ အားနည်းသူများ ဖြစ်သည်။ သူတို့ကို သတ်ဖြတ်ရန်တော့ ဘယ်သူမှ စိတ်မဝင်စားပါ။ သူတို့က တိုက်ပွဲကြီးများ၏ အခြေအနေတစ်ခုလုံးကို သိပ်ပြီးမထိခိုက်နိုင်ပေ။

ထျန်းရှအကယ်ဒမီအထက် ကောင်းကင်ယံမှ တိုက်ပွဲသုံးခုသာ ကျန်သည်။

ရှဲ့လွမ်က တိဟုန်ချန်နှင့် ရင်ဆိုင်ခဲ့သည်။

လူရိုင်းဧကရာဇ်က တောင်တန်းကျိုးဧကရာဇ်ကို တိုက်ခိုက်၏။ ချွီလော့က တတိယ ငရဲဧကရာဇ်နှင့် တိုက်ခိုက်နေတော့သည်။

"ဒါကို မြန်မြန်အဆုံးသတ်ကြရအောင်။ အတူတူ တိုက်ခိုက်ကြစို့"

လုမင်၏ အသံထွက်လာသည်။ တစ်ချိန်တည်းမှာပင် သူက တတိယ ငရဲဧကရာဇ်ထံ တိုက်ခိုက်လိုက်၏။

ဤအခိုက်အတန့်တွင်၊ လုမင်၏ သွေးမျိုးဆက်စွမ်းအားများ ကုန်ဆုံးသွား၍ သွေးမျိုးဆက်ပေါင်းစပ်ခြင်း မလုပ်နိုင်သော်လည်း ကစဉ့်ကလျားတာအိုကိုတော့ ဆက်လက်အသုံးပြုနိုင်ဆဲ ဖြစ်သည်။ သူ့စွမ်းအားက ကြောက်မက်ဖွယ်ကောင်းနေသေးသည်။

"ဝုန်း"

လုမင်က တတိယ ငရဲဧကရာဇ်ထံသို့ ချဉ်းကပ်ကာ လက်သီးဖြင့်ထိုးလိုက်သည်။

ဤလက်သီးချက်က ကစဉ့်ကလျား တာအိုစွမ်းအားသယ်ဆောင်သွားပြီး ကောင်းကင်အမိုးခုံးကို ဖြိုခွဲပစ်လိုက်၏။

"မဟုတ်ဘူး…"

တတိယ ငရဲဧကရာဇ်လည်း ဆိုးရွားသောအန္တရာယ်ကို ခံစားခဲ့ရသည်။ သူက ကြောက်လန့်တကြား အော်ဟစ်ပြီး အမှောင်စွမ်းအင်အဖြစ်ပြောင်းလဲကာ ထွက်ပြေးရန် ကြိုးစားလိုက်၏။

သို့သော်လည်း ကစဉ့်ကလျား တာအိုအောက်တွင် အရာအားလုံးဟာ အချည်းနှီးပင်။

လုမင်၏ လက်သီးချက်ကြောင့် တတိယ ငရဲဧကရာဇ် နာကျင်စွာ အော်ဟစ်လိုက်ရသည်။ အမှောင်စွမ်းအင်များ ပျောက်ကွယ်သွားပြီး တတိယ ငရဲဧကရာဇ်၏ ခန္ဓာကိုယ် ပေါ်လာခဲ့၏။ သို့သော်လည်း၊ ၎င်းက အပိုင်းပိုင်းကွဲသွားကာ သူ၏ဝိညာဉ်နတ်ဘုရားသည်ပင် ဤလက်ချက်သီးအောက်တွင် ပျောက်ကွယ်သွား‌တော့သည်။

ဤမြင်ကွင်းကြောင့် ချွီလော့နှင့် အခြား အုပ်ချုပ်သူများ တုန်လှုပ်သွားကြသည်။

သာမာန် အဆင့်တစ် သိုင်းအုပ်ချုပ်သူများမှာ လုမင်၏ လက်သီးတစ်ချက်ဖြင့် သေဆုံးခဲ့ရသည်။

"သေရော"

တောင်တန်းကျိုးဧကရာဇ်လည်း ယင်းကိုမြင်ပြီးနောက် လိပ်ပြာလွင့်မတတ် ဖြစ်သွားသည်။

သို့ရာတွင် လူရိုင်းဧကရာဇ်က သူ့လမ်းကြောင်းကို ပိတ်ဆို့ခဲ့၏။ မိုရဲ့၊ ရန်ခွမ်းစုနှင့် အခြားသူများကလည်း တိုက်ခိုက်နေကြသည်။ သူ့တွင် ပြေးစရာမရှိတော့ပေ။

လုမင်က တတိယ ငရဲဧကရာဇ်ကို သတ်လိုက်ပြီးနောက် တောင်ကျိုးဧကရာဇ်ဆီသို့ ဦးတည်သွားခဲ့သည်။

တောင်တန်းကျိုးဧကရာဇ်လည်း ပို၍ ထိတ်လန့်လာတော့သည်။

"တိဟုန်ချန်၊ ငါ့ကိုကယ်ပါဦး"

တောင်တန်းကျိုးဧကရာဇ်က အော်ဟစ်ပြီး တိဟုန်ချန်ကို အကူအညီတောင်းလိုက်သည်။

သို့သော် တိဟုန်ချန်သည် ရှဲ့လွမ်နှင့် တိုက်ခိုက်နေရသောကြောင့် သူ့ကိုယ်သူ ကာကွယ်ရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။

ရှဲ့လွမ်က သူ၏အထွတ်အထိပ်တွင် ရှိခဲ့စဉ်မှာ အဆင့်သုံး သိုင်းအုပ်ချုပ်သူ ဖြစ်ခဲ့သည်။ သို့သော်လည်း ငရဲဖိနှိပ်ကျောက်စာချပ်အောက်တွင် နှစ်ပေါင်းသုံးသောင်း ဖိနှိပ်ခံရသောအခါ သူ့အခြေခံ ထိခိုက်သွား၏။ ထို့ကြောင့် သူ၏ အထွတ်အထိပ်သို့ အလွယ်တကူ ပြန်မလာနိုင်တော့ပေ။ သို့သော်လည်း သူဟာ တိုက်ပွဲအတွေ့အကြုံ ကြွယ်ဝသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံက တိဟုန်ချန်နှင့် တူညီသော်လည်း၊ တိဟုန်ချန်ထက် ပို၍ အားကောင်းနေဆဲပင်။

ထို့ကြောင့် တိဟုန်ချန်တွင်လည်း သူ့ကိုယ်သူသာ ကာကွယ်နိုင်ခဲ့သည်။ တောင်တန်းကျိုးဧကရာဇ်ကို ကယ်တင်ရန် သူ့တွင် အချိန်မရှိပေ။

"မင်း တိမိသားစုကို ဘယ်လိုတောင် စော်ကားဝံ့တာလဲ။ မင်းတို့အားလုံး သေကြရလိမ့်မယ်"

အဆုံးတွင်၊ တိဟုန်ချန်က ကျယ်လောင်စွာ ဟိန်းဟောက်ပြီး ရှဲ့လွမ်နှင့် တိုက်ကွက် ဖလှယ်လိုက်သည်။ ထို့နောက်မှာတော့ သူက အလင်းတန်းတစ်ခုကဲ့သို့ အဝေးကို ပြေးထွက်သွားတော့သည်။ အမှန်ပင် သူ ထွက်ပြေးသွားသည်။

ရှဲ့လွမ်ကလည်း မလိုက်သွားပေ။ သူ၏ တိုက်ခိုက်နိုင်စွမ်းက တိဟုန်ချန်ထက် အနည်းငယ် သန်မာသော်လည်း တိဟုန်ချန်ကို သတ်ဖြတ်ရန်တော့ မလုံလောက်ပါ။

"မဟုတ်ဘူး…"

တိဟုန်ချန် ပြေးသွားသည်ကို မြင်သောအခါ‌ တောင်တန်းကျိုးဧကရာဇ် စိတ်ပျက်လက်ပျက် အော်ဟစ်လိုက်သည်။

ထိုအချိန်တွင် လုမင်က အနားရောက်လာပြီး အေးစက်စက်သတ်ဖြတ်ချင်စိတ်တို့ဖြင့် တောင်တန်းကျိုးဧကရာဇ်ကို ဖုံးလွှမ်းလိုက်တော့သည်။

"ငါ့ကိုမသတ်ပါနဲ့၊ ငါအညံ့ခံတယ်၊ အညံ့ခံပါတယ်"

တောင်တန်းကျိုးဧကရာဇ် အော်လိုက်သည်။

တတိယ ငရဲဧကရာဇ်၏ အခြေအနေကို သူမြင်ထားပြီးပြီ ဖြစ်သည်၊ အရှုံးမပေးပါက‌ သေလိမ့်မည်။

"အရှုံးပေးတာ ကောင်းပါတယ်၊ ဒါပေမဲ့ မင်းရဲ့ ကျင့်ကြံခြင်းကို တံဆိပ်ခတ်ရလိမ့်မယ်"

လုမင် ပြောလိုက်သည်။

လုမင်က တောင်တန်းကျိုးဧကရာဇ်ကို မသတ်လိုပါ။ ‌နောက်ဆုံးတွင်၊ တောင်တန်းကျိုးဧကရာဇ်က သိုင်းအုပ်ချုပ်သူနယ်ပယ် တန်ခိုးရှင် ဖြစ်သည်။ သူ့ကို အညံ့ခံစေပါက သူတို့အတွက် အကျိုးရှိလိမ့်မည်။

တောင်တန်းကျိုးဧကရာဇ်လည်း အကူအညီမဲ့ပြီး လက်လျှော့ရုံသာ တတ်နိုင်ခဲ့သည်။

အတတ်နိုင်ဆုံး ခုခံလျှင်ပင် အသတ်ခံရမည်မှန်း သူသိ၏။ ထို့ကြောင့် လုမင်ကို ပို၍ ယုံကြည်ချင်သည်။

"သူ့ရဲ့ ကျင့်ကြံခြင်းကို တံဆိပ်ခတ်လိုက်ပါ"

လုမင် အမိန့်ပေးလိုက်သည်။

လူရိုင်းဧကရာဇ်၊ ချွီလော့နှင့် မိုရဲ့လည်း တောင်တန်းကျိုးဧကရာဇ်၏ ကျင့်ကြံခြင်းကို တံဆိပ်ခတ်လိုက်တော့သည်။

နောက်ဆုံးတော့ တိုက်ပွဲ ပြီးပြတ်သွားခဲ့သည်။

ကောင်းကင်ဧကရာဇ်ဘုရားကျောင်းက ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ပေသည်။ စေလွှတ်လိုက်သော ကျွမ်းကျင်သူအားလုံးနီးပါး သေဆုံးသွားကြသည်။

တိဟုန်ချန်သာလျှင် လွတ်မြောက်သွားခဲ့သည်။ တတိယ ငရဲဧကရာဇ် ကျဆုံးသွားပြီး တောင်တန်းကျိုးဧကရာဇ်က လက်နက်ချခဲ့၏။ သူတို့အတွက် ကြီးစွာသော ဆုံးရှုံးမှုကို ခံစားခဲ့ကြရပေသည်။

"ကျေးဇူးတင်ပါတယ်၊ လုမင်"

ထျန်းရှအကယ်ဒမီ၏ သိုင်းအုပ်ချုပ်သူ ဌာနမှူးနှစ်ဦးက လုမင်ထံသို့လာကာ လက်ယှက်၍ ကျေးဇူးတင်စကား ပြောလိုက်သည်။

"ဌာနမှူးနှစ်ယောက်က ယဉ်ကျေးလွန်းပါပြီ။ ညီနောင်ခုန်းရှင်းနဲ့ ကျုပ်က သူငယ်ချင်းတွေပဲလေ။ အခုလို ထျန်းရှအကယ်ဒမီ အခက်အခဲကြုံနေချိန်မှာ လုမင်က ဘယ်လို လျစ်လျူရှုနိုင်မှာလဲ"

လုမင် ပြောလိုက်သည်။

"အစ်ကို... အစ်ကိုလု"

ခုန်းရှင်းနှင့် စန္ဒကူးနတ်သမီးတို့လည်း အတူတကွ ရောက်ရှိလာကာ လုမင်ကို ဦးညွှတ်လိုက်ကြသည်။ သူတို့၏ ခံစားချက်များကတော့ ရှုပ်ထွေးနေလေသည်။

သူတို့ မှတ်မိကြသေးသည်။ ကမ္မတိုက်ပွဲ ပြီးဆုံး၍ မကြာမီပင် လုမင်က လုရှောက်ချင်းဟူသော အမည်နှင့် အလယ်ပိုင်းတိုက်ကြီးသို့ ရောက်ရှိလာခဲ့သည်။

ထိုအချိန်က၊ လုမင်၏ တိုက်ခိုက်နိုင်စွမ်းဟာ သူတို့နှင့် မခြားပေ။ ကျင့်ကြံခြင်းအခြေခံဆိုပါက သူတို့ထက်ပင် နိမ့်ကျခဲ့သည်။

သို့သော်လည်း နှစ်အနည်းငယ်အတွင်းတွင် မြေကမ္ဘာ ပြိုကျစေနိုင်သည့် အပြောင်းအလဲများ ရှိလာခဲ့သည်။ လုမင်၏ ကျင့်ကြံခြင်းအခြေခံနှင့် တိုက်ခိုက်နိုင်စွမ်းက သူတို့ထက် သာလွန်သွားခဲ့၏။ ယခုဆိုလျှင် သူက ရှမ်းဟွမ်တိုက်ကြီး၏ အထွတ်အထိပ်၌ ရပ်တည်နေခဲ့ပြီ။

သူတို့ တစ်သက်လုံး လုမင်ကို အမှီလိုက်နိုင်မှာ မဟုတ်တော့ပေ။

"အစ်ကိုခုန်း၊ နတ်သမီး"

လုမင် ပြုံးပြီး နှုတ်ဆက်လိုက်သည်။

ထို့နောက်တွင် သူက ‌ထျန်းရှအကယ်ဒမီ၏ ဌာနမှူး နှစ်ယောက်ကို ကြည့်ကာ ပြောလိုက်သည်။

"ဌာနမှူးတို့၊ အခုဆိုရင် ကမ္ဘာကြီးက ဖရိုဖရဲဖြစ်နေပြီ။ ခင်ဗျားတို့ ဘယ်ကိုသွားဖို့ စီစဉ်ထားကြလဲ"

"ဒါက... ဟင်း၊ ငါတို့ အဲဒါကို မစဉ်းစားမိဘူး"

အရပ်ပိုမြင့်သော ဌာနမှူးက သက်ပြင်းချလိုက်၏။

ထျန်းရှအကယ်ဒမီတွင် သိုင်းလမ်းစဥ်ကို လေ့ကျင့်သူများနှင့် ကမ္ပည်းလမ်းစဉ် လျှောက်လှမ်းနေသူများ ရှိသည်။ ဌာနမှူးနှစ်ဦးသည်လည်း သိုင်းလမ်းစဉ်နှင့် ကမ္ပည်းလမ်းစဥ်တို့ကို အသီးသီး လျှောက်လှမ်းကြပေသည်။

အရပ်ရှည်သော ဌာနမှူးက သိုင်းလမ်းစဉ်လျှောက်လှမ်းပြီး ကျန်တစ်ဦးကတော့ ကမ္ပည်းလမ်းစဉ် လျှောက်လှမ်းသူ ဖြစ်သည်။

"ဒီလိုဆိုရင် ဘယ်လိုလဲ။ ထျန်းရှအကယ်ဒမီက ကျုပ်တို့နဲ့ မဟာမိတ်ဖွဲ့ပြီး မြောက်ပိုင်းလွင်ပြင်ကို အတူတူသွားနေကြတာပေါ့။ ဒီနည်းနဲ့ ကျုပ်တို့ ကောင်းကင် ဧကရာဇ် ဘုရားကျောင်းကို တိုက်ခိုက်တဲ့အခါ ပိုပြီး ယုံကြည်မှုရှိလာလိမ့်မယ်"

လုမင် အကြံပြုလိုက်သည်။

ဌာနမှူးနှစ်ဦးလည်း တစ်ယောက်ကို တစ်ယောက်ကြည့်ကာ လက်ယှက်ပြီး ပြောလိုက်၏။

"လုမင်၊ တကယ်ကို ငါတို့က အတွေးတူသွားတာပဲ"

"ကောင်းတယ်၊ ဟားဟားဟား...။ ဒီလိုဆိုရင် မနှောင့်နှေးရအောင် ကျုပ်တို့ အခုပဲ မြောက်ပိုင်းလွင်ပြင်ကို သွားကြမယ်။ ကျုပ်တို့နောက်ကျရင် ကောင်းကင်ဧကရာဇ်ဘုရားကျောင်းက ပြန်ရောက်လာနိုင်တယ်"

လုမင် ပြောလိုက်သည်။

"ကောင်းပြီ၊ အခု ချက်ချင်း ထွက်လိုက်ကြရအောင်။ အားလုံး ကျောက်စိမ်းနန်းတော်ထဲကို ဝင်လို့ရပါတယ်။ ကျောက်စိမ်းနန်းတော်က လျှို့ဝှက်ရတနာပဲ"

အရပ်ရှည်သော ဌာနမှူးက ပြောသည်။

"ကောင်းပြီ"

လုမင် ခေါင်းညိတ်လိုက်လိုက်၏။ အားလုံးက ကျောက်စိမ်းနန်းတော်ထဲသို့ ပြေးသွားကြတော့သည်။

ဤဖြစ်စဉ်အတွင်း၌ ရှဲ့လွမ်က တစ်ခွန်းမျှ ဝင်မပြောဘဲ တိတ်ဆိတ်နေခဲ့သည်။

All Chapters