အခန်း ၁၃၂၂
Vol. 89 Ch. 1322
အပိုင်း ( 1322 ) သတင်းထူး၊ အဆုံးအဖြတ်တိုက်ပွဲအချိန်ကို ရှေ့တိုးမယ်။
"အစ်ကိုရန်၊ ဘာတွေဖြစ်နေတာလဲ"
လုမင်က ရန်ခွမ်းစုကိုကြည့်ကာ လေးလေးနက်နက် မေးလိုက်သည်။ ရန်ခွမ်းစုကို စိုက်ကြည့်ရင်း သူ့မျက်လုံးများက အလင်းရောင် တောက်ပလာခဲ့၏။
ရန်ခွမ်းစု၏ အမူအရာက ပြောင်းသွားခဲ့သည်။ နောက်ဆုံးတွင် သူက သက်ပြင်းရှည်ကြီး မှုတ်ထုတ်ကာ ပြောလိုက်လေသည်။
"လုမင်၊ ငါမင်းကို လောလောဆယ် မပြောချင်ပေမဲ့ မင်းရဲ့တိုက်ခိုက်နိုင်စွမ်းက ဒီအဆင့်ကို ရောက်နေပြီမို့ ငါပြောရင်လည်း ဘာမှတော့ မဖြစ်တော့ပါဘူး"
"ဖူရုပ်သေးဂိုဏ်းရဲ့ လျန်ရီတောင်ဝင်္ကပါကို တိရီက ဖျက်ဆီးပစ်လိုက်ပြီ"
"ဘာ"
ရန်ခွမ်းစု၏ စကားများက လုမင်၏နှလုံးသားထဲတွင် မိုးကြိုး ထစ်ချူန်းသကဲ့သို့ ပဲ့တင်ထပ်သွားသည်။
လုမင် ပြန်ရောက်လာသည်နှင့် အရေးကြီး သတင်းများကို ဆက်တိုက်ကြားခဲ့ရသည်။ ထို့နောက် ထျန်းရှအကယ်ဒမီ တိုက်ခိုက်ခံရကြောင်း ကြားသိရသဖြင့် အမြန်ပြေးသွားခဲ့ရ၏။ ထို့ကြောင့် ဖူရုပ်သေးဂိုဏ်းအကြောင်းမေးရန် သူ့တွင် အချိန်မရှိခဲ့သော်လည်း ထိုသို့သောပြောင်းလဲမှုကို မမျှော်လင့်ထားပေ။
လုမင်၏စိတ်ထဲတွင် ဖူရုပ်သေးဂိုဏ်းက အချိန်အတော်ကြာအောင် ထိန်းထားနိုင်ဆဲဖြစ်သည်။ ထို့ကြောင့် လုမင်လည်း မမေးမိခဲ့ပေ။
"လွန်ခဲ့တဲ့လအနည်းငယ်က တိရီ စတင်တိုက်ခိုက်ခဲ့တယ်။ ပထမဆုံး ကောင်းကင်နတ်ဆိုးချိုင့်ဝှမ်းက အလွယ်တကူ ဖျက်ဆီးခံခဲ့ရတယ်လေ။ ဒုတိယကတော့ ဖူရုပ်သေးဂိုဏ်းအလှည့်ပဲ"
"ဖူရုပ်သေးဂိုဏ်းရဲ့ ယင်ယန်ဝင်္ကပါက အားကောင်းပြီး တိရီတစ်ယောက်တည်းကို ပိတ်ဆို့ထားဖို့ ပြဿနာမရှိပေမဲ့ တိရီနဲ့ အခြား ထိပ်သီးကျွမ်းကျင်သူနှစ်ဦးက အုပ်ချုပ်သူ ဝိညာဉ်လက်နက်တွေနဲ့ အတူတူ တိုက်ခိုက်ခဲ့ကြတယ်။ အဲဒီအချိန်မှာ ဆရာ၊ ကျွင်းစုန့်ကြွယ်နဲ့ ပိုင်ရှီကျင်းတို့က အခြားသူတွေကို ရွှေ့ပြောင်းချိန်ရအောင် ယင်ယန်ဝင်္ကပါကို ကိုယ်တိုင်ကိုယ်ကျ ထိန်းချုပ်ထားခဲ့တယ်။ အဲဒါကြောင့် အခြားသူတွေ မြောက်ပိုင်းလွင်ပြင်ကို ရောက်လာနိုင်ခဲ့ပေမဲ့ ဆရာနဲ့ ပိုင်ရှီကျင်းတို့ကတော့ တိရီလက်ကို ကျရောက်သွားခဲ့ရတယ်"
ရန်ခွမ်းစုက အသေးစိတ်ရှင်းပြလိုက်သည်။
ဖူရုပ်သေးဂိုဏ်း၏ တပည့်အများစု၊ လုမင်၏ မိဘများ၊ ဟွာချီနှင့် အခြားသူများမှာ တည်နေရာရွှေ့ပြောင်းခြင်း အစီရင်ဖြင့် မြောက်ပိုင်းလွင်ပြင်သို့ ပြောင်းရွှေ့လာနိုင်ခဲ့ကြသည်။ သို့ရာတွင် နေကိုးစင်းအဓိပဓိ၊ ပိုင်ရှီကျင်းနှင့် ကျွင်းစုန့်ကြွယ်တို့က တိရီလက်ထဲကို ကျရောက်သွားခဲ့ရလေသည်။
"စစ်ဦးစီးချုပ်၊ သိပ်ပြီး စိတ်မပူပါနဲ့။ အဲဒီအချိန်က တိရီဟာ သူတို့အသက်ကို ချန်ထားတဲ့အတွက် ချက်ချင်း သတ်လိုက်မယ်လို့တော့ မထင်ဘူး"
တစ်ယောက်ယောက်က လုမင်ကို အကြံပေးလိုက်သည်။
"တကယ်လည်း၊ သူတို့ကိုသတ်မဲ့အစား အသက်ရှင်လျက်ထားမှ အသုံးဝင်ရမှာလေ။ အဲဒါကြောင့် အခုလောလောဆယ် အန္တရာယ်မဖြစ်သင့်ပါဘူး"
တခြားသူများကလည်း အကြံပေးလိုက်ကြသည်။
ဤအခိုက်တွင် လူအများ၏ အမူအရာများက ပြောင်းလဲသွားကြသည်။ အသံလွှင့် ကျောက်စိမ်းအဆောင်များက သူတို့၏လက်ထဲတွင် ကိုယ်စီ ပေါ်လာကြ၏။
အရေးကြီးသော သတင်းတစ်ခု ဖြစ်ပုံရသည်။ အဆင့်မြင့် ကျွမ်းကျင်သူအားလုံး သတင်းကို တပြိုင်နက်တည်း လက်ခံရရှိခဲ့သည်။
သူတို့အားလုံး ဝိညာဉ်အသိဖြင့် ကျောက်စိမ်းအဆောင်မှ သတင်းကို ဖတ်ရှူလိုက်လေသည်။
"ဒါက ဘယ်လိုဖြစ်ရတာလဲ"
ဖတ်လိုက်ပြီးသည်နှင့် ရန်ခွမ်းစုက အော်လိုက်သည်။ စိတ်လှုပ်ရှားလွန်း၍ သူ့ခန္ဓာကိုယ်မှ အရှိန်အဝါများကိုပင် မထိန်းချုပ်နိုင်တော့ပေ။ သူ့ထံမှ လောင်ကျွမ်းနေသော မီးဓာတ်အရှိန်အဝါများ ပျံ့နှံ့သွားကာ ခန်းမအတွင်းရှိ အပူချိန်က လျင်မြန်စွာ မြင့်တက်လာခဲ့သည်။
"သေစမ်း"
"ချီးတဲ့မှပဲ"
ထို့နောက် အခြားသူများလည်း ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။ ရှဲ့လွမ်သည်ပင် မျက်စိမျက်နှာပျက်လာတော့သည်။
"ဘာလဲ၊ ဘာတွေဖြစ်နေတာလဲ"
လုမင်လည်း ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်း သူ့နှလုံးသားထဲတွင် ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။
သူက ယခုမှ ပြန်ရောက်ခြင်းဖြစ်ရာ သဘာဝအတိုင်း မည်သူမျှ သူ့ကို သတင်းမပို့ပေ။
"စစ်ဦးစီးချုပ်လု..."
လူတော်တော်များများက လုမင်ကိုကြည့်ကာ တစ်ခုခုပြောချင်သော်လည်း တုံ့ဆိုင်းသွားကြသည်။
"လုမင်..."
ရန်ခွမ်းစုလည်း လက်သီးကို တင်းတင်းဆုပ်ထားကာ မျက်လုံးများနီရဲလာခဲ့၏။ ဒေါသကြောင့် သူ့တစ်ကိုယ်လုံး အနည်းငယ် တုန်ယင်နေေတော့သည်။
"ဘာတွေဖြစ်နေတာလဲ။ ပြောကြစမ်းပါ"
လုမင် ဒေါသတကြီးဖြစ်ပြီး အော်လိုက်သည်။ သူ့မျက်လုံးများက ပို၍ လင်းလက်လာပြီး အစွမ်းထက် အရှိန်အဝါများ ပေါက်ကွဲထွက်လာတော့သည်။
သို့တိုင်၊ အားလုံးက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ စကားမပြောကြသေးပေ။
"ငါ့ကိုယ်တိုင်ကြည့်မယ့်"
လုမင်လည်း လှုပ်ရှားပြီး အဓိပဓိတစ်ပါးထံမှ ကျောက်စိမ်းအဆောင်ကို ဆွဲယူလိုက်သည်။ ထိုအဓိပဓိမှာ အနည်းငယ်မျှ မခုခံနိုင်ဘဲ လုယူခံလိုက်ရလေသည်။
လုမင်လည်း ဝိညာဉ်အသိဖြင့် ကျောက်စိမ်းအဆောင်ကို စကင်န်ဖတ်လိုက်သည်။ ထို့နောက် သူ့အမူအရာမှာ သိသိသာသာ ပြောင်းလဲသွား၏။ သူ့မျက်နှာက မည်းမှောင်သွားကာ အေးစက်သော သတ်ဖြတ်ချင်စိတ်တို့ ပေါက်ကွဲထွက်လာတော့သည်။
"တိရီ၊ ရှဲ့မိသားစု"
လုမင် တစ်ခွန်းချင်း ပြောလိုက်သည်။ သူ၏ သတ်ဖြတ်ချင်စိတ်က အေးစက်လွန်းသဖြင့် လူတိုင်းကို ကျောရိုးထဲထိ စိမ့်တက်သွားစေခဲ့သည်။
ကျောက်စိမ်းအဆောင်ထဲတွင် စာတစ်စောင်သာ ရှိ၏။
ယခုလေးတင် ရှေးဟောင်းသန့်စင်မင်းဆက် ရှဲ့မိသားစုနှင့် ကောင်းကင်ဧကရာဇ်ဘုရားကျောင်းတို့ ပူးပေါင်းကာ သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့ပေသည်။ နောက်တစ်လအကြာတွင် ရှဲ့မိသားစုနှင့် ကောင်းကင်ဧကရာဇ်ဘုရားကျောင်းက သူတော်စင်မြို့တော်တွင် မဟာမိတ်ပွဲတစ်ခု ကျင်းပမည်ဖြစ်သည်။ ထိုအချိန်တွင် သစ္စာဖောက် အဓိပဓိကျိုးယန်၊ ပိုင်ရှီကျင်းနှင့် အခြားသူများ အသတ်ခံရမည်ဖြစ်ပြီး သူတို့၏သွေးများကို ယဇ်ပူဇော်ရန် အသုံးပြုလိမ့်မည်။
စာက တိုတောင်းသော်လည်း လုမင်၏ သတ်ဖြတ်ချင်စိတ်ကို အထွတ်အထိပ်သို့ ရောက်သွားစေခဲ့သည်။
လူတိုင်း၏ အကြည့်များက လုမင်ဆီသို့ ရောက်လာခဲ့ကြသည်။ လုမင်သည် ဖူရုပ်သေးဂိုဏ်း၏ ဂုဏ်းချုပ်ငယ်ဖြစ်ပြီး အဓိပဓိကျိုးယန်နှင့် ရင်းနှီးသောဆက်ဆံရေး ရှိသောကြောင့် ဤအချိန်မျိုးတွင် သဘာဝအတိုင်း လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။
"ရှဲ့မိသားစု၊ တိရီ။ ဒီလိုဆိုမှတော့ သူတို့အားလုံးကို... သတ်"
နောက်ဆုံးစကားကို ပြောလိုက်ချိန်တွင် လုမင်ထံမှ ပြင်းထန်သော တိုက်ခိုက်ချင်စိတ်တို့ ထုတ်လွှတ်လိုက်သည်။ သူ့အကြည့်များက မိုင်ပေါင်း ဘီလီယံချီဝေးသော သူတော်စင်မြို့တော်ကို လှမ်းမြင်နိုင်ပုံရ၏။
"လုမင်၊ မင်း သူတော်စင်မြို့ဝော်ကို သွားမလို့လား။ စိတ်ကိုထိန်းစိမ်းပါ၊ ဒါက တိရီနဲ့ ရှဲ့မိသားစုရဲ့ အကြံအစည်ဖြစ်နိုင်တယ်။ ထျန်းရှအကယ်ဒမီက တိုက်ပွဲကြောင့် တိရီက မင်းရဲ့အင်အားကို သိထားပြီးလောက်ပြီ။ ဒါကြောင့် မင်းကို သတိထားလာပြီး ဒီစာကိုပို့လိုက်တာ။ သူ့ရည်ရွယ်ချက်က မင်းကို သူတော်စင်မြို့တော်ဆီ လာရောက်အောင်ဆွဲဆောင်ပြီး သတ်ဖို့ပဲ။ မင်း အလောတကြီး မလုပ်သင့်ဘူး"
ရှဲ့လွမ်လည်း ကမန်းကတန်း ပြောလိုက်သည်။
"ဒီလိုဆိုမှတော့ သူတို့ရဲ့ ဆန္ဒအတိုင်း လုပ်ကြတာပေါ့။ တစ်လကြာရင် သူတော်စင်မြို့တော်ကို ခရီးထွက်မယ်"
လုမင်၏ အကြည့်များက အေးစက်နေခဲ့သည်။
"မဟုတ်သေးဘူး စစ်ဦးစီးချူပ်လု၊ ငါတို့ရဲ့ လက်ရှိအင်အားနဲ့၊ ငါတို့က ကောင်းကင်ဧကရာဇ်ဘုရားကျောင်းနဲ့ ရှဲ့မိသားစုကို မယှဉ်နိုင်သေးဘူး"
"မှန်ပါတယ်။ ဒါ့အပြင် သူတော်စင်မြို့တော်မှာ ပိုအန္တရာယ်များတယ်"
တခြားသူများလည်း လုမင်ကို ဆွဲဆောင်ရန် ကြိုးစားလိုက်ကြသည်။
တစ်လကြာသောအခါ သူတော်စင်မြို့တော်က ကျားရဲတွင်းတစ်ခုဖြစ်မည်မှာ သေချာသည်။ ထိုနေရာကို သွားရောက်ခြင်းက အလွန်အန္တရာယ်များပေသည်။
"ငါတို့ တိုက်ခိုက်ဖို့ဆိုတာက မဖြစ်နိုင်တာ မဟုတ်ပါဘူး။ မူလက ပြင်ဆင်ချိန်ရအောင် အတိုင်းအတာတစ်ခုအထိ စောင့်ချင်ခဲ့တာ။ အခြေအနေက ဒီလိုမျိုးဖြစ်လာမှတော့ တိုက်ခိုက်ဖို့ပဲ ရှိတော့တယ်"
လုမင်၏ အသံက အေးစက်နေပြီး သူ့မျက်လုံးများမှာလည်း ဆုံးဖြတ်ချက်တို့ ပြည့်နေခဲ့သည်။
အဓိပဓိကျိုးယန်၊ ပိုင်ရှီကျင်း၊ ကျွင်းစုန့်ကြွယ်နှင့် အခြားသူများကို သူ ကယ်တင်ရလိမ့်မည်။ မဟုတ်ပါက၊ တိရီနှင့် အခြားသူများကို သတ်နိုင်ခဲ့လျှင်ပင် ဘာထူးဦးမည်နည်း။
ဤအခိုက်အတန့်တွင် ထျန်းရှအကယ်ဒမီ၏ ကျောက်စိမ်းနန်းတော််အပြင်ဘက်တွင် ဟင်းလင်းပြင်က ရုတ်တရက် တုန်ခါသွားသည်။ ထို့နောက်တွင် လေထဲမှာ ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့၏။
ထိုလူရိပ်က ဘယ်သူမှန်း မြင်ရလျှင်တော့ အားလုံး အံ့ဩတကြီး အော်ဟစ်မိလိမ့်မည်။
အကြောင်းမှာ ထိုလူရိပ်က လုမင်ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ ပို၍ အတိအကျပြောရလျှင် သူက လုမင်၏ ဒုတိယခန္ဓာပင်။
လုမင်၏ ဒုတိယခန္ဓာက ရွှမ်ထျန်းသူတော်စင်၏ အမွေကို ရရှိခဲ့ပြီးကတည်းက ကမ္ပည်းတာအိုအား လေ့ကျင့်နေခဲ့သည်။ ယခုတော့ လုမင်က သူ့ကို ဆင့်ခေါ်လိုက်ပြီ။
"တိရီနဲ့ ရှဲ့မိသားစု၊ ငါတို့ တိုက်ခိုက်ကြတာပေါ့"
လုမင်၏ ဒုတိယခန္ဓာက အေးစက်စက်ဖြင့် တီးတိုးပြောလိုက်သည်။ ထို့နောက်တွင် သူက ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်၏။ ဟင်းလင်းပြင်က အလိုအလျောက် ကွဲထွက်သွားပြီး ဒုတိယခန္ဓာ ပျောက်ကွယ်သွားတော့သည်။
သားရဲတစ်ရာမျိုးနွယ်၏ အစည်းအဝေးခန်းမထဲတွင်...
"အချိန်မတိုင်ခင် တိုက်ခိုက်ရမှာလား၊ စစ်ဦးစီးချုပ်လု... ငါတို့က အားနည်းနေသေးတယ်နော်"
"ဟုတ်တယ်၊ တိရီနဲ့ အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူနှစ်ယောက်တည်းကိုတောင် ရပ်တန့်လို့မရဘူး"
"စစ်ဦးစီးချုပ်လု၊ ဒီကိစ္စကို သေချာစဉ်းစားသင့်ပါတယ်"
တခြားသူများက လုမင်ကို ဆွဲဆောင်ရန် ကြိုးစားလိုက်ကြသည်။
အရေးအကြီးဆုံးမှာ တိရီနှင့် အခြား အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူနှစ်ဦးတွင် အုပ်ချုပ်ဝိညာဉ်လက်နက်များ ရှိနေခြင်း ဖြစ်သည်။ သူတို့သည် လွန်စွာ သန်မာကြ၏။ သာမန် သိုင်းအုပ်ချုပ်သူနယ်ပယ် တန်ခိုးရှင်များသာ သူတို့ကို ရင်ဆိုင်ရပါက ခဏချင်း အသတ်ခံရမည် ဖြစ်သည်။
သူတို့ကို မည်သို့ခုခံနိုင်မည်နည်း။
ထို့ပြင် နောက်တစ်လကြာသောအခါ သူတော်စင်မြို့တော်တွင် ကျွမ်းပညာရှင်များ အားလုံးရှိနေမည်မှာ သေချာသည်။ သူတို့က လုမင်ကို ကြိုစောင့်နေလိမ့်မည်။
ထိုအချိန်မျိုးတွင် သူတို့နှင့် ရင်ဆိုင်ခြင်းက ပညာမရှိရာ ကျသည်။
လုမင်က သူ့လက်ကို မြှောက်လိုက်သောအခါ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
"ကျုပ်တို့ သွားမယ်ကတည်းက ယုံကြည်ချက်ရှိတဲ့ တိုက်ပွဲတစ်ခုကိုပဲ တိုက်ခိုက်မှာပါ။ ကျုပ်တို့က ကျုပ်တို့လူကို ကယ်တင်တော့မှာဆိုမှတော့၊ ကျုပ် လုမင်က ခင်ဗျားတို့ရဲ့အသက်ကို ဘယ်လိုလုပ်ပြီး စတေးမှာလဲ"
စကားဆုံးသည်နှင့် လုမင်၏ မျက်ခုံးနှစ်ခုကြားမှ အလင်းရောင် တစ်ချက် လက်သွားသည်။ ထို့နောက်မှာတော့ လုမင်ဘေးတွင် အားကောင်းသော အရှိန်အဝါများနှင့် ပုံရိပ်တစ်ခု ထွက်ပေါ်လာတော့သည်။