← Chapters

အခန်း ၁၃၂၉

Vol. 89 Ch. 1329

အခန်း ၁၃၂၉

Vol. 89 Ch. 1329

အပိုင်း ( 1329 ) သူတော်စင်မြို့တော်သို့ တိတ်တဆိတ် ဝင်ရောက်ခြင်း။

လုမင်လည်း စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ကောင်းကင်နတ်ဘုရားတပ်မဟာက အမှန်တကယ် မရိုးရှင်းပေ။ အမှောင်ထဲတွင် ပုန်းအောင်းနေသော ကျွမ်းကျင်သူတစ်ယောက် ရှိနေဆဲ ဖြစ်သည်။ ထိုကျွမ်းကျင်သူသည် ယခင်တိုက်ပွဲများတွင် တစ်ခါမျှ မပေါ်ခဲ့ဖူးပေ။

ကောင်းကင်နတ်ဘုရားတပ်မဟာပင်လျှင် ဤအခြေအနေမျိုးရှိသည်။ သို့ဆိုလျှင် သူတို့ထက်ပို၍ နက်နဲသည့် ‌အခြေခံအုတ်မြစ်နှင့် ရှဲ့မိသားစုတွင် ဝှက်ဖဲ မည်သို့မရှိဘဲနေမည်နည်း။

ကောင်းကင်နတ်ဘုရားတပ်မဟာ၏ စစ်ဦးစီးချုပ်ဟောင်းက ရှဲ့လွမ်ကို လက်ယှက်ပြပြီးနောက် လုမင်ကို ကြည့်လိုက်သည်။ သူက နွေးထွေးစွာပြုံးရင်း ပြောလေသည်။

"တကယ်ကို မျိုးဆက်တိုင်းမှာ ထူးချွန်သူတွေ အမှန်ရှိတာပဲ။ ညီ‌လေးလုရဲ့ ခွန်အားကို ဒီအဘိုးကြီး လေးစားမိပါတယ်"

"စစ်ဦးစီး၊ ခင်ဗျား ယဉ်ကျေးလွန်းပါပြီ"

လုမင် လက်ယှက်ပြီး ပြောလိုက်သည်။

"ဖရိုဖရဲဧကရာဇ်၊ ညီလေးလု... ‌ဒီအဘိုးကြီးက မင်းတို့ကို တိကျတဲ့ အဖြေတစ်ခု ပေးနိုင်ပါတယ်။ ကောင်းကင်နတ်ဘုရားတပ်မဟာက ခုနစ်ရက်အကြာ တိုက်ပွဲမှာ သေချာပေါက် ပါဝင်မယ်"

စစ်ဦးစီးချုပ်ဟောင်းက ပြောလိုက်၏။

လုမင်နှင့် ရှဲ့လွမ်လည်း သူ့စကားကြောင့် အလွန်ဝမ်းသာသွားတော့သည်။

စစ်ဦးစီးချုပ်ဟောင်း၏ စကားက ခုနစ်ရက်အကြာတွင် ကောင်းကင်ဧကရာဇ်ဘုရားကျောင်းနှင့် ရှဲ့မိသားစုတို့ကို တိုက်ခိုက်ရန် သူတော်စင်မြို့သို့ သွားရန်အတွက်၊ သူတို့နှင့်ပူးပေါင်းရန သဘောတူခဲ့ကြောင်း ဆိုလိုသည်။

ပိုင်ကျန်းဧကရာဇ်နှင့် ကောင်းကင်နတ်ဘုရားတပ်မဟာမှ အခြား ကျွမ်းကျင်သူများ အံ့ဩသွားသော်လည်း ဘာမျှ မပြောကြတော့ပေ။

ကောင်းကင်နတ်ဘုရားတပ်မဟာက ဤတိုက်ပွဲတွင် ငြိမ်နေ၍မရကြောင်း သူတို့လည်း နားလည်ခဲ့ကြသည်။

မြောက်ပိုင်းလွင်ပြင် ရှုံးနိမ့်ခဲ့ပါက ကောင်းကင်နတ်ဘုရားတပ်မဟာလည်း ပျက်စီးခြင်း၏ ကံကြမ္မာကို ရှောင်လွှဲနိုင်မည် မဟုတ်ချေ။ မြောက်ပိုင်းလွင်ပြင်နှင့် ပူးပေါင်းခြင်းက သူတို့၏ တစ်ခုတည်းသော အခွင့်အရေး ဖြစ်သည်။

"ကောင်းပြီ၊ စစ်ဦးစီးချုပ်နဲ့ အားလုံးပဲ... ခုနစ်ရက်ကြာရင် ဆုံကြမယ်"

"ခုနစ်ရက်မှတွေ့မယ်"

လုမင်နှင့် ရှဲ့လွမ်လည်း ထွက်ခွာသွားခြင်းမပြုမီ ပြောခဲ့သည်။

ဤခရီးစဉ်၏ ရည်ရွယ်ချက်ကတော့ အောင်မြင်သည်ဟု ယူဆနိုင်ပေသည်။

သားရဲတစ်ရာမျိုးနွယ်ကို ပြန်လာပြီးနောက်၊ လုမင်က တိတ်တဆိတ် ဆက်လက်လေ့ကျင့်ခဲ့သည်။

နောက်ထပ် လေးရက် ကြာသွားပြီ။ ကောင်းကင်ဧကရာဇ်ဘုရားကျောင်းနှင့် ရှဲ့မိသားစုတို့ကြား မဟာမိတ်ဖွဲ့ခြင်းမပြုမီ သုံးရက်သာလိုတော့သည်။

လျှို့ဝှက်ခန်းတစ်ခုတွင်၊ လုမင်၏ မျက်ခုံးနှစ်ခုကြားမှ အလင်းရောင်တစ်ချက်လက်ပြီး ဒုတိယခန္ဓာလုမင် ထွက်ပေါ်လာခဲ့သည်။

ထို့နောက် မူလခန္ဓာလုမင်က သူ့လက်ကိုဝှေ့ယမ်းပြီး တောင်နှင့်မြစ်ပန်းချီကားကို ထုတ်ယူလိုက်သည်။ ဒုတိယခန္ဓာ လုမင်က ဖမ်းယူသိမ်းဆည်းလိုက်၏။

ထို့နောက် မူလခန္ဓာလုမင်က မျက်လုံးများကိုမှိတ်သွားပြီး ဒုတိယခန္ဓာ လုမင် ပြုံးလိုက်တော့သည်။

"သူတော်စင်မြို့တော်ကို အရင်သွားရအောင်"

ဒုတိယခန္ဓာလုမင်က ပြုံးပြီး ရှေ့တစ်လှမ်းတိုးကာ နေရာမှ ပျောက်ကွယ်သွားသည်။

ခဏအကြာတွင်၊ ဒုတိယခန္ဓာက သားရဲတစ်ရာမျိုးနွယ်မှ မိုင်ပေါင်းများစွာအကွာတွင် ပေါ်လာခဲ့သည်။

လုမင်၏ အစီအစဉ်မှာ အဓိပဓိကျိုးယန်၊ ပိုင်ရှီကျင်းနှင့် အခြားအရာများအကြောင်း အချက်အလက်စုဆောင်းရန်အတွက် သူ၏ ဒုတိယခန္ဓာကို သူတော်စင်မြို့တော်ထဲသို့ ဦးစွာဝင်ခိုင်းရန် ဖြစ်သည်။

လုမင်၏ အသိစိတ်က ဒုတိယခန္ဓာထဲကို နစ်မြုပ်သွား၏။ ထို့ကြောင့် သူ၏ ဒုတိယခန္ဓာက မူလခန္ဓာကဲ့သို့ ဖြစ်သည်။

"အရင်ဆုံး ရုပ်ဖျက်ရအောင်"

လုမင်က မီးခိုးရောင် ၀တ်စုံကို ထုတ်ယူပြီး ဝတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့မျက်နှာနှင့် ပုံပန်းသဏ္ဍာန်က ပြောင်းလဲလာခဲ့၏။ နောက်ဆုံးတွင် သူက ပိန်ပိန်ပါးပါး လူငယ်တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

သူ့အသွင်အပြင်က အလွန်ရိုးရှင်းသည်။ သူက လူစုလူဝေးထဲတွင် အလွယ်တကူ သတိပြုရန်ခက်သည့် လူတစ်ဦးအသွင် ဖြစ်သွားခဲ့လေသည်။

ယင်းနောက်တွင် လုမင်၏ ခန္ဓာကိုယ်ပေါ်မှာ ကမ္ပည်းစာလုံးများ ပေါ်လာသည်။ လုမင်၏ အရှိန်အဝါက အဆင့်ခုနစ် ကမ္ပည်းသခင်အဆင့်သို့ ရောက်သည်အထိ ထိုးကျသွား၏။ ထို့နောက် ရှေ့သို့ခြေတစ်လှမ်းတိုးကာ ဟင်းလင်းပြင်ခုန်ကျော်ခြင်းဖြင့် ပျောက်ကွယ်သွားတော့သည်။

ယခုအခါ လုမင်၏ ကမ္ပည်းတာအို ဒုတိယခန္ဓာက သိုင်းအုပ်ချုပ်သူဖြစ်နေပြီ ဖြစ်သည်။ သူ၏အမြန်နှုန်းက မယုံနိုင်စရာကောင်းအောင် မြန်ဆန်လွန်း၏။ နေ့တစ်ဝက် မပြည့်မီမှာပင် သူတော်စင်မြို့တော်က ရှေ့တွင်ပေါ်လာတော့သည်။

သူတော်စင်မြို့တော်၏ မြို့တံခါးတွင် အစောင့်များ ရှိသည်။ စစ်ဆေးမှုများမှာ အလွန်တင်းကျပ်၏။ ဝင်ရောက်လာသူတိုင်းကို တင်းတင်းကျပ်ကျပ် စစ်ဆေးမှုများ လုပ်ကြသည်။

သို့သော်လည်း လုမင်က ရွှမ်ထျန်းသူတော်စင်၏ အမွေကို အမွေဆက်ခံခဲ့ပေသည်။ သူ၏ ကမ္ပည်းစွမ်းရည်က ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သူ့ကိုယ်သူ ဖုံးကွယ်ရန် ကမ္ပည်းဝင်္ကပါတစ်ခုကို အသုံးထားပါက သိုင်းအုပ်ချုပ်သူများပင်လျှင် ဖော်ထုတ်နိုင်မည် မဟုတ်ပေ။

လုမင်ဟာ သူတော်စင်မြို့ထဲသို့ အလွယ်တကူ ဝင်ရောက်နိုင်ခဲ့သည်။

'လူတွေအများကြီးပဲ'

သူတော်စင်မြို့တော်၏ လမ်းများပေါ်တွင် လျှောက်လာရင်း၊ မြို့တော်သည် ယခင်ကထက် လူများ လာရောက်လည်ပတ်မှု ပို၍များကြောင်း လုမင် သတိပြုမိခဲ့သည်။

သို့သော်လည်း ယင်းက ပုံမှန်ပင်။

ကောင်းကင်ဧကရာဇ်ဘုရားကျောင်းနှင့် ရှဲ့မိသားစုကြားမှ မဟာမိတ် အခမ်းအနား မတိုင်မီ ရက်အနည်းငယ်သာ လိုသည်။ ထို့ကြောင့်ပင် ရှဲ့မိသားစုနှင့် ၎င်းတို့၏ မဟာမိတ်များအားလုံးက သူတော်စင်မြို့တော်ထဲသို့ ကြိုတင် ရောက်ရှိလာခဲ့ကြပေသည်။

ကောင်းကင်ဧကရာဇ်ဘုရားကျောင်း၏ လက်‌အောက်ရှိ အင်အားစုများကလည်း သူတော်စင်မြို့တော်သို့ ရောက်လာခဲ့ကြသည်။ သဘာဝအရ သူတော်စင်မြို့တော်တွင် လူ စည်ကားနေတော့သည်။

"ယနေ့ညမှာ ရှဲ့မိသားစုက ရှဲ့ရန်၊ ရှဲ့ကျန်းနဲ့ အခြားမင်းသားများက တောင်ပိုင်းရဲ့ ပါရမီရှင် မင်ကျစ်နဲ့အတူ ဧည့်ခံပွဲတစ်ခု ပြုလုပ်မှာပါ။ အဲဒီအချိန်မှာ ပါရမီရှင် လူငယ်အပေါင်းတို့လည်း တက်ရောက်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်"

သူတော်စင်မြို့ထဲသို့ ဝင်လာပြီးနောက် ထိုသတင်းကို ကြားလိုက်ရသည်။

'မင်ကျစ်'

လုမင်၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာခဲ့၏။

နောက်ဆုံးတွင် မင်ကျစ်၊ ရဟန်းဝူလျန့်နှင့် ဝူယွဲ့သူတော်စင်တို့သာ ပြန်လာခဲ့ပြီး လုံချန်မူကား ပြန်မရောက်သေးပေ။ ထို့ကြောင့် ဘာတွေ ဖြစ်ပျက်ခဲ့မှန်း မည်သူမျှ မသိ‌သေးပါ။

လုမင်လည်း အတော်သိချင်နေခဲ့သည်။

"ဒါဆိုရင် ဒီညမှာ စိတ်လှုပ်ရှားစရာတွေနဲ့ စည်ကားနေတော့မှာပေါ့။ ဒီလိုခမ်းနားတဲ့ မြင်ကွင်းကို ငါတို့ လက်လွှတ်မခံနိုင်ဘူး"

"အမှန်ပဲ၊ ရှန်းရွှီတိုက်ကြီးကို သွားရောက်ကြတဲ့ ထိပ်သီးပါရမီရှင် ဆယ့်နှစ်ဦးထဲမှာ နောက်ဆုံး သုံးဦးပဲ ပြန်လာနိုင်ခဲ့တယ်။ သူတို့ထဲမှာ နှစ်ဦးက အနောက်တိုင်းကန္တာရကပဲ။ ဒါပေမဲ့ ဘာဖြစ်လို့လဲမသိဘူး အဲဒီရဟန်းနဲ့ သီလရှင်က ပြန်လာကတည်းက ဘာလှုပ်ရှားမှုမရှိဘဲ ငြိမ်ကျသွားခဲ့တယ်။ ဒါကြောင့် တစ်နည်းပြောရရင် မင်ကျစ်က အမြင့်ဆုံး ပါရမီရှင်ပဲ"

"မှန်ပါတယ်။ အနာဂတ်မှာ မင်ကျစ်က ရှမ်းဟွမ်တိုက်ကြီးရဲ့ ထိပ်သီး တန်ခိုးရှင်တစ်ဦးဖြစ်လာဖို့ ရည်မှန်းထားတာ။ အဲဒါကြောင့်ပဲ ရှဲ့မိသားစုရဲ့ မင်းသားတွေက မင်ကျစ်အတွက် ဧည့်ခံပွဲကြီး ကျင်းပပေးခဲ့တာပေါ့"

လူတော်တော်များများ ဆွေးနွေးနေကြရာ လုမင် သတင်းတချို့ ရလိုက်သည်။

လုမင်လည်း လမ်းမပေါ်တွင် ပေါ့ပေါ့ပါးပါး လမ်းလျှောက်ရင်း လှောင်ပြုံး ပြုံးလိုက်လေသည်။

မကြာမီ ‌နေစောင်းပြီ။ လုမင်လည်း အရက်မူးအင်မော်တယ်ဝိုင်းသို့ သွားခဲ့သည်။

အရက်မူးအင်မော်တယ်ဝိုင်းက သူတော်စင်မြို့တော်တွင် အတော်လေးကျော်ကြားသည်။ အတွင်းပတ်ဝန်းကျင်က လိုက်လျောညီထွေဖြစ်ပြီး ကျွမ်းကျင်သူများအတွက် လေ့ကျင့်နိုင်သည့် နေရာလည်း ရှိ၏။ ထို့ကြောင့်ပင် ယင်းက ကျွမ်းကျင်သူများ စုစည်းရာ နေရာတစ်ခု ဖြစ်လာခဲ့ပေသည်။

အရက်မူးအင်မော်တယ်ဝိုင်း၏ အ၀င်ဝတွင် လူငယ်လူရွယ်များစွာတို့ ဝင်ရောက်နေကြသည်။

အဝင်ဝတွင် လူများကို စစ်ဆေးနေသော်လည်း သာမန်ကာလျှံကာ စစ်ဆေးခြင်းသာ ဖြစ်ချေသည်။

အရက်မူးအင်မော်တယ်ဝိုင်းသို့ ဝင်ရောက်လာပြီးနောက် စားပွဲများနှင့် ကုလားထိုင်များ ပြည့်နှက်နေသော ပွင့်လင်းသည့်‌ နေရာတစ်ခုသို့ ရောက်လာခဲ့သည်။ ယခုအခါမှာတော့ လူတော်တော်များများက နေရာယူထားပြီးကြပြီ။

လုမင်က နေရာကို အကဲခတ်လိုက်ရာ ရင်းနှီးသော မျက်နှာများစွာကို တွေ့လိုက်ရသည်။

သူတို့ထဲတွင် အများစုက အုပ်စိုးရှင် အင်အားစုအချို့မှ ဒုတိယတန်းနှင့် တတိယတန်းစား ပါရမီရှင်များ ဖြစ်ကြ၏။

အမြင့်ဆုံးအထပ်တွင်၊ လုမင်က ပို၍ပင်ရင်းနှီးသော ရုပ်ပုံများကို မြင်လိုက်ရသည်။

ရှဲ့ရန်၊ ရှဲ့ကျန်းနှင့် ရှဲ့မိသားစု၏ မင်းသားများနှင့် ထျန်းဝူဓားဂိုဏ်း၏ ပါရမီရှင် ဝူချန်ခုန်း...

လုမင်သည် ထျန်းဝူဓားဂိုဏ်းက ကောင်းကင်ဧကရာဇ်ဘုရားကျောင်းသို့ ဝင်ရောက်ထားပြီးပြီဖြစ်မှန်း ယခင်က သိခဲ့ရသည်။ ထို့ကြောင့် ဝူချန်ခုန်းနှင့် အခြားသူများက ကောင်းကင်ဧကရာဇ်ဘုရားကျောင်း၏ အဖွဲ့ဝင်များ ဖြစ်လာခဲ့ပေသည်။

"မင်ကျစ် ရောက်လာပြီ"

တစ်စုံတစ်ယောက်က အော်လိုက်သည်။

ခပ်လှမ်းလှမ်းတွင် အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးက လက်နှစ်ဖက်ကို နောက်ပစ်ပြီး ဖြတ်လျှောက်လာနေသည်။

သူ့ထံမှ ကြီးစိုးသော အရှိန်အဝါများ ထွက်ပေါ်နေခဲ့၏။ ထိုလူငယ်မှာ မင်ကျစ် ဖြစ်သည်။

"ဝှစ်... ဝှစ်..."

ရှဲ့ရန်၊ ရှဲ့ကျန်း၊ ဝူချန်ခုန်းနှင့် အခြားသူများလည်း မင်ကျစ်ကို ကြိုဆိုရန်အတွက် ကောင်းကင်သို့ အမြန်ပျံသန်းသွားကြသည်။

"ဟားဟားဟား၊ ညီနောင်မင်ကျစ် ဒီကိုရောက်လာခဲ့တာ ဂုဏ်ယူစရာပါပဲ"

ရှဲ့ရန်က အားပါးတရ ရယ်မောလိုက်သည်။

"အမှန်ပါပဲ၊ ညီနောင်မင်ကျစ်ရဲ့ တည်ရှိမှုက ငါ့ရဲ့ နိမ့်ကျတဲ့နေထိုင်ရာကို ဂုဏ်သရေတက်စေခဲ့တယ်"

ရှဲ့ကျန်းကလည်း ပြော၏။

ထို့နောက်မှာတော့ တခြားပါရမီရှင်များကလည်း မင်ကျစ်ကို မြှောက်ပင့်ပြောဆိုလာတော့သည်။

လက်ရှိတွင် မင်ကျစ်က ရှဲ့မိသားစုအပါအဝင် ကောင်းကင်ဧကရာဇ်ဘုရားကျောင်း၏ မျိုးဆက်သစ် လူငယ်များကြားတွင် နံပါတ်တစ်ပါရမီရှင် ဖြစ်သည်။ သူသည် တစ်ဦးတည်းသော ဘီလူးကြီးအဆင့် ပါရမီရှင်လည်း ဖြစ်ခဲ့၏။ သူ့အနာဂတ်က အကန့်အသတ်မရှိပေ။ သဘာဝအတိုင်း၊ လူတိုင်းက သူ့ကို မျက်နှာသာပေးခဲ့ကြရသည်။

"အင်း၊ အားလုံးပဲ ယဉ်ကျေးလွန်းပါပြီ"

မင်ကျစ်က လက်နှစ်ဖက်ကိုနောက်ပစ်ထားရင်းမှ ဝတ်ကျေတမ်းကျေသဘောမျိုး ပြောလိုက်၏။

သို့သော်လည်း ရှဲ့ကျန်းနှင့် အခြားသူများက စိတ်မဝင်စားပေ။ သူတို့က မင်ကျစ်ကို စင်မြင့်ပေါ်သို့ ခေါ်ဆောင်လာပြီးနောက် ထပ်မံ မြှောက်ပင့်ပြောဆိုလိုက်ကြသည်။

မင်ကျစ်က တည်ငြိမ်သော အမူအရာဖြင့် မုတ်ဆိတ်ကိုပွတ်ပြီး ခေါင်းတညိတ်ညိတ် လုပ်လိုက်၏။ သို့သော်လည်း သူ့စိတ်ထဲမှာတော့ အလွန် ကျေနပ်နေတော့သည်။

ဤခံစားချက်ကို သူ အလွန်နှစ်သက်သည်။ ကြယ်များ ဝန်းရံထားသည့် လတစ်စင်းကဲ့သို့ ခံစားချက်က သူ့ကို ယစ်မူးစေခဲ့ပေသည်။

ယခင်ကလည်း ကြယ်များ ဝန်းရံနေသည့် လတစ်စင်းကဲ့သို့ သူ နေခဲ့ရသည်။ ရှမ်းဟွမ်တိုက်ကြီး၏ အုပ်ချုပ်သူပါရမီရှင် အနေဖြင့် အထွတ်အထိပ်၌ ရပ်တည်နေခဲ့ပေသည်။ သို့သော်လည်း ထိုစဉ်က သူနှင့် နှိုင်းယှဉ်နိုင်သူ ဆယ်ဦးကျော် ရှိသည်။ ထို့ကြောင့် သူ၏ တည်ရှိမှုက အနည်းငယ် အားနည်းခဲ့ပေသည်။

သို့သော်၊ ယခုက မတူတော့ပါ။ အရာအားလုံးက သူ့ကို ဗဟိုပြနေသည်။ ဤခံစားချက်တွင် သူ အလွန်ကျေနပ်နေတော့သည်။

All Chapters