အခန်း ၁၃၃၂
Vol. 89 Ch. 1332
အပိုင်း ( 1332 ) မင်းရဲ့ဝိညာဉ်ကိုရှာဖွေမယ်။
ဝူချန်ခုန်း ထိတ်လန့်တုန်လှုပ်သွားသည်။
ဝူချန်ခုန်း မတုံ့ဆိုင်းတော့ဘဲ သွေးမျိုးဆက်ပေါင်းစပ်ခြင်းဖြင့် ဓားအဖြစ်သို့ ပြောင်းလဲခဲ့သည်။ ကြိမ်လုံးရှည်များကို ပြင်းပြင်းထန်ထန် ခုတ်ထစ်လိုက်၏။
"ချွမ်... ထန်"
ကြိမ်လုံးများက ဝူချန်ခုန်း၏ ဓားနှင့် ပြင်းပြင်းထန်ထန် ထိပ်တိုက်တွေ့ခဲ့သည်။ အကြိမ်တိုင်းတွင်၊ ဓားက ပြင်းထန်စွာ တုန်ခါသွား၏။ အသက်ရှူချိန် အနည်းငယ် ကြာပြီးနောက်မှာတော့ ဝူချန်ခုန်း၏ သွေးမျိုးဆက်ဓားက ပြိုကျသွားပြီး သူ၏လူပုံစံသို့ ပြန်ပြောင်းသွားတော့သည်။
"မဟုတ်ဘူး"
ဝူချန်ခုန်း ကြောက်လန့်တကြား အော်လိုက်သည်။ သွေးသံတရဲရဲနှင့် သူ ထွက်ပြေးရန် ကြိုးစားလိုက်၏။
သို့သော်လည်း သူ့ပတ်ပတ်လည်တွင် ကြိမ်လုံးများရှိနေပြီး သူ့ထွက်ပြေးရာလမ်းကြောင်းအားလုံးကို ပိတ်ထားပြီ ဖြစ်သည်။
ရာနှင့်ချီသော ကြိမ်လုံးရိုက်ချက်များက ဝူချန်ခုန်းပေါ်သို့ အဆက်မပြတ် ကျလာသည်။ ကြိမ်လုံး အရိပ်များက ဝူချန်ခုန်းကို လုံးလုံးလျားလျား ဖုံးလွှမ်းသွားတော့သည်။
"အား..."
အရက်မူးအင်မော်တယ်ဝိုင်းအတွင်း၌ ကျယ်လောင်စွာ။အော်ဟစ်လိုက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
တိုက်ပွဲကို ကြည့်နေသူတိုင်း တုန်လှုပ်ခြောက်ခြားစွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိ၏။
ယင်းက မည်သို့ဖြစ်နိုင်ပါမည်နည်း။
ရလဒ်က သူတို့မျှော်လင့်ထားသည်နှင့် လုံးဝမတူပေ။
ဝူချန်ခုန်းက ဘီလူးကြီးများအောက်တွင် အသန်မာဆုံး ပါရမီရှင် ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းကလည်း တတိယအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိသွားခဲ့၏။ ရှမ်းဟွမ်တိုက်ကြီးရှိ မျိုးဆက်သစ်လူငယ်များကြားတွင် မည်သူက သူ့ကိုအနိုင်ယူနိုင်မည်နည်း။
ထို့ပြင် လုမင်က သူတို့ လုံးဝ မသိကြသော လူငယ်တစ်ယောက်အဖြစ် ရှိနေခြင်း ဖြစ်သည်။ ထို့ကြောင့် မည်သူမျှ အထင်မကြီးခဲ့ပေ။
သို့ရာတွင် ရလဒ်က လူတိုင်း၏ မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့သည်။ လုမင်က တလျှောက်လုံး တူညီသောဝင်္ကပါကို အသုံးပြုခဲ့၏။
သို့ရာတွင်၊ ဤဝင်္ကပါက အစပိုင်းတွင် အလွန်အားနည်းခဲ့သည် မဟုတ်လော။ ဝူချန်ခုန်းကိုလည်း လုံးဝမတားနိုင်ခဲ့ပေ။ နောက်ပိုင်းကျမှ ဘာကြောင့် ရုတ်တရက် ဤမျှ အစွမ်းထက်လာသနည်း။ ထိုကြိမ်လုံးများ၏ အင်အားကလည်း သိသိသာသာ တိုးလာသည်။ ဝူချန်ခုန်းပင်လျှင် သူ့ကို မတားဆီးနိုင်တော့ပေ။
နာကျင်စွာ အော်ညည်းသံများက ထွက်ပေါ်နေဆဲ ဖြစ်သည်။ ဆယ်မိနစ်ခန့်ကြာမှ ကြိမ်လုံးများ ပျောက်ကွယ်သွားကာ ဝူချန်ခုန်း၏ရုပ်သွင် ပေါ်လွင်လာခဲ့ပေသည်။
သနားစရာ၊ သနားစရာကောင်းလွန်းလှသည်။
ဝူချန်ခုန်း၏ ရုပ်သွင်ကို မြင်ရသူတိုင်း သူတို့၏စိတ်ထဲမှ "သနားစရာ" ဟူသော စကားလုံးကို မတွေးဘဲမနေနိုင်တော့ပေ။
ဝူချန်ခုန်းက ခွေးသေတစ်ကောင်ကဲ့သို့ မြေပြင်ပေါ်တွင် လဲလျောင်းနေသည်။ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ရိုက်နှက်ခံခဲ့ရ၍ သူ့အဝတ်အစားများ စုတ်ပြဲနေခဲ့ပြီ။ သူ့တစ်ကိုယ်လုံးမှာလည်း အမာရွတ်များ ပြည့်နေခဲ့သည်။ သူ့မျက်နှာက ဝက်ခေါင်းကဲ့သို့ ရောင်ရမ်းနေပြီး နှာခေါင်းရိုး ကျိုးသွား၏။ သွားများအားလုံး ကျွတ်ထွက်ကုန်ကာ သူ့ပါးစပ်က ရွဲ့စောင်းနေတော့သည်။
သူ့ကို ဝူချန်ခုန်းဟု မပြောပါက မည်သူမျှ မှတ်မိနိုင်တော့မည် မဟုတ်ပေ။
အရေးအကြီးဆုံးမှာ၊ ဝူချန်ခုန်း၏ အရှိန်အဝါက အလွန်အားနည်းနေခဲ့သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံ ပျက်စီးသွားခဲ့ပြီ။
ယခုလေးတင် ကြိမ်လုံးရိုက်ချက်များက ဝူချန်ခုန်း၏ ကျင့်ကြံခြင်းအခြေခံကို ဖျက်ဆီးပစ်လိုက်သည်။ ဝူချန်ခုန်း ဒုက္ခိတတစ်ဦး ဖြစ်သွားပြီ။
လူတော်တော်များများမှာ လေအေးကြီးကိုရှူရှိုက်ရင်း တစ်ကိုယ်လုံး အေးစက်သွားမိသည်။
အထူးသဖြင့် ဒုတိယနှင့် တတိယအဆင့် ပါရမီရှင်များ ဖြစ်သည်။ အားလုံးက လုမင်ကို လေးနက်သော မျက်လုံးများဖြင့် ကြည့်လိုက်ကြ၏။
အဲဒီလူက ဘယ်သူလဲ။ သူက ဘယ်ကလာတာလဲ။ သူဘယ်လိုများ ဒီလောက်သန်မာနိုင်တာလဲ။
ထို့အပြင်၊ ဤလူက ကမ္ပည်းတာအိုကို လေ့ကျင့်ခဲ့သည်။ ရှမ်းဟွမ်တိုက်ကြီးတွင်၊ ကမ္ပည်းတာအိုကို လေ့ကျင့်သော ပါရမီရှင်က လက်တစ်ဆုပ်စာမျှသာ ရှိသေးသည်။ ထိုလူများကလည်း ဝူချန်ခုန်းကို အနိုင်မယူနိုင်ခဲ့ပေ။
သူတို့ဦးနှောက်များကို ခြစ်ကုပ်ပြီး စဉ်းစားကြည့်လိုက်သည့်တိုင် ဤလူငယ်က ဘယ်သူမှန်း မသိကြသေးပါ။
ဤလူငယ်က လုမင် ဖြစ်နိုင်ပါမည်လော။ သို့သော်လည်း လုမင်က ကမ္ပည်းတာအိုတွင် ထိုကဲ့သို့ နက်နဲသော အောင်မြင်မှုများ ရှိသည်ကို သူတို့ တစ်ခါမှ မကြားဖူးပေ။
"မင်း ဘယ်သူလဲ"
လုမင်ကို စိုက်ကြည့်ရင်း မင်ကျစ်၏ မျက်လုံးများက လေးနက်သွားခဲ့သည်။ လုမင်ထံမှ အမူအရာ တစ်ခုခုကို သူမြင်ချင်သော်လည်း စိတ်ပျက်သွားရ၏။ လုမင်၏ မျက်နှာက အလွန်တည်ငြိမ်နေသောကြောင့် သူဘာမှမမြင်နိုင်ခဲ့ပေ။
"ငါက ဘယ်သူလဲ၊ မင်းက သိဖို့ အရည်အချင်းမပြည့်မီဘူး"
လုမင်က ပြုံးရုံပြုံးလိုက်သည်။
"ဟားဟားဟား၊ အတော်မောက်မာတာပဲ။ ဝူချန်ခုန်းကို အနိုင်ယူလိုက်ရုံနဲ့ မင်းလုပ်ချင်တာမှန်သမျှ လုပ်နိုင်တယ်လို့ မထင်လိုက်နဲ့။ ဝူချန်ခုန်းကို ငါ့လက်ချောင်းတွေနဲ့တောင် သတ်ပစ်နိုင်တယ်"
မင်ကျစ်က ဝူချန်ခုန်းကို တစ်ချက်ကြည့်ပြီး မထီမဲ့မြင်ဟန်ဖြင့် ပြုံးလိုက်သည်။
"ဒုန်း"
မင်ကျစ်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ့အရှိန်အဝါများက အရူးအမူး တိုးလာခဲ့၏။
ယနေ့မှာ သူ့အတွက် အထူးပြင်ဆင်ထားသော ဧည့်ခံပွဲဖြစ်သော်လည်း လုမင်က ရှဲ့ကျန်းကို ဒဏ်ရာရစေကာ ဝူချန်ခုန်းကို ဆက်တိုက်ဆိုသလို တိုက်ခိုက်ခဲ့သည်။ ဤသည်မှာ သူ့မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်း ဖြစ်၏။ လုမင်ကို သတ်ဖြတ်ရန်အပြင် အခြားအတွေး သူ့မှာမရှိတော့ပေ။
မင်ကျစ်၏ အရှိန်အဝါက ပို၍ အားကောင်းလာခဲ့သည်။
တတိယအဆင့် ဝိညာဉ်နတ်ဘုရား၊ စတုတ္ထအဆင့် ဝိညာဉ်နတ်ဘုရား၊ စတုတ္ထအဆင့် ဝိညာဉ်နတ်ဘုရား ...
စတုတ္ထအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်သို့ ရောက်ပြီးနောက်တွင်ပင် ၎င်းက မရပ်တန့်ခဲ့ပေ။
"ဝုန်း"
မင်ကျစ်၏ အရှိန်အဝါက ပဉ္စမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိသွားခဲ့သည်။
ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
"မင်ကျစ်က တကယ်ကို ဘီလူးကြီးအဆင့် ပါရမီရှင်တစ်ဦး ဖြစ်ထိုက်ပါပေတယ်။ သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံက ပဉ္စမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိနေပြီ"
"မင်ကျစ်က နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်ကို နိုးထခဲ့သူပဲလေ။ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက အရမ်း အားကောင်းတာပေါ့။ အခုဆိုရင် သူ့နယ်ပယ်က ပဉ္စမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်ကိုရောက်လို့ အဆင့်မြင့် ဝိညာဉ်နတ်ဘုရားကို သတ်နိုင်နေပြီ"
"ဒါက အံ့သြစရာကောင်းလွန်းတယ်"
အမှောင်စွမ်းအင်များ ရစ်ပတ်လာသော မင်ကျစ်က လုမင်ကိုကြည့်ကာ ယုံကြည်မှုအပြည့်ရှိသော အပြုံးဖြင့် ပြောလိုက်သည်။
"ကောင်လေး၊ မင်းဘယ်သူလဲဆိုတာ ငါဂရုမစိုက်တော့ဘူး။ ဒီနေ့ မင်းသေရလိမ့်မယ်"
"ဝှစ်..."
မင်ကျစ်၏ လက်ထဲတွင် အနက်ရောင် ဓားတစ်လက် ပေါ်လာခဲ့သည်။ သူက လုမင်ကို ဓားနှင့် လှမ်းခုတ်လိုက်၏။
လုမင်က ထိုနေရာတွင် မလှုပ်မယှက် ရပ်နေဆဲပင်။ ယခုတစ်ကြိမ်တွင် ကမ္ပည်းများ မပေါ်သလို ဝင်္ကပါလည်း မရှိပေ။
တခဏအတွင်းမှာပင် မင်ကျစ်၏ဓားက လုမင်၏ ဦးခေါင်းပေါ်သို့ ကျရောက်တော့မည် ဖြစ်သည်။
ထိုအချိန်တွင် လုမင်က လက်နှစ်ချောင်းကို ဆန့်ထုတ်ပြီး မင်ကျစ်၏ဓားကို ညွှန်ပြလိုက်သည်။
"ရွှစ်"
လုမင်၏ လက်ချောင်းများကြားမှ ဓားအလင်းတစ်ခု ပေါ်လာခဲ့သည်။
"ရွှပ်"
မင်ကျစ်၏ဓားက အလွယ်တကူ ထက်ပိုင်းပြတ်သွား၏။ ဓားအလင်းက မင်ကျစ်ကို ဆက်လက် ခုတ်ပိုင်းလာတော့သည်။
"မကောင်းတော့ဘူး"
မင်ကျစ် မျက်နှာပျက်သွားသည်။ သူသည် လုမင်၏ ဓားအလင်းမှ သေခြင်းတရား အန္တရာယ်ကို ခံစားခဲ့ရ၏။
ဤအခိုက်တွင် သူ့နှလုံးသားက တဆတ်ဆတ်တုန်ပြီး သူ၏ ဝိညာဉ်သည်ပင် တုန်လှုပ်နေတော့သည်။
'ဆုတ်၊ ဆုတ်၊ ဆုတ်'
သူ့နှလုံးသားထဲတွင် အော်ဟစ်သံများ ဆူညံပြီးနောက် အသည်းအသန် နောက်ပြန်ဆုတ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူက သူ့ကိုယ်သူ ကာကွယ်ရန် နည်းလမ်းအားလုံးကို အသုံးပြုခဲ့၏။
သို့သော်လည်း မကြာမီ သူစိတ်ပျက်သွားရသည်။
လုမင်၏ လက်ချောင်းမှ ဓားအလင်းက အရာအားလုံးကို ဖြတ်သန်းသွားနိုင်သည်။ ဓားအလင်းအောက်တွင် သူ့ခံစစ်တွေအားလုံးက တို့ဟူးကဲ့သို့ ပြတ်ကျသွား၏။ ထို့နောက် သူ့မျက်ခုံးနှစ်ခုကြားမှ အေးစက်သွားသလို ခံစားလိုက်ရသည်။ နောက်အခိုက်မှာတော့ သူဟာ အကန့်အသတ်မရှိသော အမှောင်ထုထဲသို့ ရောက်သွားပြီး သတိလစ်သွားတော့သည်။
"ဘာတွေဖြစ်နေတာလဲ"
ဘေးပတ်ဝန်းကျင်မှ ကြည့်ရှုသူများအားလုံး အံ့သြသွားကြသည်။
ပထမဆုံး မင်ကျစ်က လုမင်ကို တိုက်ခိုက်နေသည်အား တွေ့လိုက်ရသည်။ ထို့နောက် လုမင်၏လက်ချောင်းများမှ ဓားအလင်းတစ်ခု ထွက်လာသည်ကို တွေ့လိုက်ရ၏။ နောက်တော့ မင်ကျစ် အသည်းအသန် ဆုတ်ခွာသွားတာ တွေ့လိုက်ရလေသည်။ သို့သော်လည်း မီတာအနည်းငယ် ဆုတ်သွားပြီးနောက် မင်ကျစ်၏ ခန္ဓာကိုယ်က ကျောက်ဖြစ်သွားသကဲ့သို့ ထိုနေရာတွင်ရပ်သွားကာ မလှုပ်ရှားတော့ပေ။
လူအများ အံ့အားသင့်ပြီး လုံးဝ နားမလည်နိုင် ဖြစ်ခဲ့ရသည်။
သို့သော်လည်း ချက်ချင်းဆိုသလိုပင် အားလုံး၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။
အကြောင်းက ဤအခိုက်တွင် မင်ကျစ်၏ မျက်ခုံးနှစ်ခုကြားမှ သွေးစတစ်ခု ထွက်လာသောကြောင့်ပင်။ သွေးစအမာရွတ်က လျင်မြန်စွာ ပို၍ရှည်လာသည်။ နောက်တော့ လူတိုင်း၏ အကြည့်အောက်မှာပင် မင်ကျစ်၏ ခန္ဓာကိုယ်က ထက်ခြမ်းကွဲကျသွားတော့သည်။
သေပြီ၊ မင်ကျစ် သေသွားပြီ။ ဓားအလင်းတစ်ခုဖြင့် ထက်ခြမ်း ခွဲခံလိုက်ရသည်။
ယင်းက မည်သို့ဖြစ်နိုင်ပါမည်နည်း။
မင်ကျစ်၏ ကျင့်ကြံခြင်းအခြေခံက ဝိညာဉ်နတ်ဘုရားနယ်ပယ် ပဉ္စမအဆင့်တွင် ဖြစ်သည်။ ထို့အပြင် သူက ဘီလူးကြီးအဆင့် ပါရမီရှင်တစ်ဦးလည်း ဖြစ်သေးသည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းဖြင့်၊ သတ္တမအဆင့် ဝိညာဉ်နတ်ဘုရားကိုပင် အလွယ်တကူ သတ်နိုင်မည် ဖြစ်သည်။
ထိုကဲ့သို့ ပါရမီရှင်တစ်ဦးကို ကြက်ကလေး ငှက်ကလေးကဲ့သို့ လုမင်က ဓားအလင်းတစ်ခုဖြင့် သတ်ခဲ့သည်။ ယင်းက မည်သို့ဖြစ်နိုင်ပါမည်နည်း။ လုမင်က ဘယ်လိုများ ဤမျှသန်မာနိုင်သနည်း။
"ဘယ်သူလဲ၊ မင်း ဘယ်သူလဲ"
ရှဲ့ယန်နှင့် ရှဲ့ကျန်းတို့ အလွန်ကြောက်လန့်ကြပြီး မျက်နှာများ ဖြူဖျော့သွားကြသည်။ ကြောက်လန့်တကြား အော်ဟစ်လိုက်၏။
လုမင်က သူ့နှုတ်ခမ်းကို အနည်းငယ် တွန့်ကွေးပြီး ဓားအလင်းကို ရုတ်သိမ်းလိုက်သည်။
ယင်းက သူ၏ အုပ်ချုပ်သူ ကျင့်ကြံခြင်းအခြေခံနှင့် ရေးထွင်းထားသည့် ကမ္ပည်းတစ်ခု ဖြစ်သည်။ ယင်းက သဘာဝအတိုင်း အလွန်ကြောက်စရာကောင်း၏။ မင်ကျစ်နှင့် ဆက်ဆံရာတွင် ၎င်းကို အသုံးပြုခြင်းက ဖြုန်းတီးခြင်းပင် ဖြစ်သည်။
"ဝမ်"
လုမင်၏ ခြေဖဝါးအောက်တွင် ကမ္ပည်းစာများ ပေါ်လာသည်။ နောက်အခိုက်တွင် လုမင်က ရှဲ့ကျန်းရှေ့မှာ ပေါ်လာခဲ့၏။
"အား၊ မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ။ ဒါက သူတော်စင်မြို့တော်နော်။ မင်းဘာလုပ်မလို့လဲ"
ရှဲ့ကျန်းက ကြောက်ကြောက်လန့်လန့်ဖြင့် အော်ဟစ်လိုက်သည်။
"ငါ မင်းရဲ့ဝိညာဉ်ကို ရှာဖွေမယ်"
လုမင်၏ လျစ်လျူရှုသောအသံ ထွက်ပေါ်လာခဲ့သည်။ သူက လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်ပြီး ရှဲ့ကျန်း၏နဖူးကို ညွှန်ပြလိုက်၏။
ရှဲ့ကျန်းလည်း လုမင်၏ရှေ့တွင် တောင်ပေါင်းတစ်သောင်းနှင့် ဖိနှိပ်ခံထားရသလို လုံးဝ မလှုပ်ရှားနိုင်တော့ပေ။