အခန်း ၁၃၃၈
Vol. 90 Ch. 1338
အပိုင်း ( 1338 ) သိုင်းအုပ်ချုပ်သူများ ထိပ်တိုက် တွေ့ကြခြင်း။
"ကျွန်မက ရှဲ့လွမ်ရဲ့ အမွေဆက်ခံသူပဲ"
ရှဲ့နျန်ချင်းက ပြောလိုက်သည်။ သူမ၏ ဦးခေါင်းထက်တွင် ကောင်းကင်နတ်ဆိုး သွေးမျိုးဆက် ပေါ်လာခဲ့၏။ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော နတ်ဆိုးအငွေ့အသက်က အရပ်ရပ်သို့ ပျံ့နှံ့သွားတော့သည်။
"ရှဲ့မိသားစုရဲ့ အသွင်ကွဲသွေးမျိုးဆက်၊ ပြီးတော့ ဒါက… အားကောင်းလိုက်တဲ့ နတ်ဆိုးအရှိန်အဝါ၊ သန့်စင်လိုက်တဲ့ နတ်ဆိုးအငွေ့အသက်"
မိစ္ဆာနတ်ဆိုးမျိုးနွယ်ဝင်များ ထိတ်လန့်တုန်လှုပ်သွားကြသည်။
"အခု ဘယ်လိုသဘောရလဲ"
လုမင် မေးလိုက်၏။
"ကောင်းပြီ၊ မိစ္ဆာနတ်ဆိုးမျိုးနွယ်က လောင်းကြေးထပ်လိုက်မယ်။ ငါတို့ မင်းနဲ့အတူ ရှဲ့မိသားစုကို သေတဲ့အထိ တိုက်ခိုက်မယ်"
မိစ္ဆာနတ်ဆိုးမျိုးနွယ်စု၏ နတ်ဆိုးဧကရာဇ်လည်း အံကို တင်းတင်းကြိတ်ကာ သဘောတူလိုက်တော့သည်။
"ကောင်းပြီ၊ အချိန်မဖြုန်းဘဲ သွားကြရအောင်"
လုမင် ဝမ်းသာသွားခဲ့သည်။ မိစ္ဆာနတ်ဆိုးမျိုးနွယ်၏ အင်အားက အားမနည်းပေ။ သူတို့ ပါဝင်ခြင်းဖြင့် သူတို့၏အင်အားက တစ်ဖန်တိုးတက်လာခဲ့ပြီ ဖြစ်သည်။
"ဝှစ်"
ငရဲကိုးခုနတ်ဆိုးနယ်မြေ၏ ထွက်ပေါက်ဆီသို့ ဦးတည် ပျံသန်းသွားကြသည်။
မကြာမီပင်၊ ငရဲကိုးခု နတ်ဆိုးနယ်မြေ၏ ထွက်ပေါက်မြို့ကို လှမ်းမြင်လိုက်ရ၏။
မြို့၏အထက်မှာတော့ တစ်မြို့လုံးကို ဖုံးအုပ်ထားသည့် အလင်းတန်းအလွှာတစ်ခု ရှိပေသည်။
"ရွှမ်"
လုမင်က လက်ညိုးတစ်ချက်ညွှန်လိုက်သည်။ ဓားအလင်းတစ်ခု ထွက်ပေါ်လာပြီး လေထုကိုဖြတ်သန်းကာ မြို့ဆီသို့ ခုတ်ချလိုက်၏။
မြို့ပေါ်ရှိ အလင်းဒိုင်းက လုမင်၏ ဓားအလင်းကို လုံးဝ မခံနိုင်ပေ။ အလင်းဒိုင်း ကွဲသွားပြီး လက်ကျန်အင်အားကြောင့် မြို့တစ်ခုလုံး နှစ်ပိုင်းခွဲလုနီးပါး ဖြစ်ခဲ့သည်။
"ရန်သူ တိုက်ခိုက်ပြီ၊ ရန်သူတိုက်ခိုက်ပြီ"
"တိုက်ခိုက်ဖို့အတွက် ပြင်ကြ"
မြို့တော်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ မြောက်များစွာသော အစွမ်းထက် ပုံရိပ်များက အရှိန်ပြင်းစွာ ထွက်ပေါ်လာကြ၏။
"သတ်"
လုမင်နှင့် အခြားလူများလည်း မြို့ဆီသို့ ပြေးသွားကြတော့သည်။
............
သူတော်စင်မြို့တော်၏အထက် စင်မြင့်ပေါ်တွင် တိရီ၊ ရှဲ့ချီထျန်းနှင့် အခြားသူများက ထိုင်ခုံများတွင် နေရာယူထားပြီး ဖြစ်သည်။
စင်မြင့်၏ မြောက်ဘက်မှာတော့ ပေပေါင်း သောင်းနှင့်ချီမြင့်သော အလံကြီးတစ်ခုက လေထဲတွင် တလူလူ လွင့်နေ၏။
ယင်းက သူတို့၏ မဟာမိတ်အလံ ဖြစ်တော့သည်။
တိရီ၊ ရှဲ့ချီထျန်းနှင့် တခြားသူများက အရက်သောက်ပြီး စောင့်နေခဲ့ကြသည်။
ရှကျိုးယန်နှင့် အခြားသူများကို ဤနေရာသို့ ခေါ်ဆောင်လာပြီး သတ်ဖြတ်ရန် စောင့်ဆိုင်းနေခဲ့၏။ တစ်ချိန်တည်းမှာပင် သူတို့က လုမင် ရောက်ရှိလာခြင်းကို စောင့်ဆိုင်းနေခဲ့ကြပေသည်။
ထိုအခိုက်တွင် ရှဲ့ချီထျန်း၏ လက်ထဲမှာ အသံလွှင့် ကျောက်စိမ်းအဆောင်တစ်ခု ပေါ်လာခဲ့သည်။ သတင်းဖတ်ပြီးသည်နှင့် သူ့မျက်နှာအမူအရာ ပြောင်းလဲသွား၏။
"ဘာဖြစ်တာလဲ"
တိရီက မေးသည်။
"တစ်ယောက်ယောက်က ရှကျိုးယန်နဲ့ တခြားသူတွေကို ကယ်တင်ပြီး ငရဲကိုးခုနတ်ဆိုးနယ်မြေ လမ်းကြောင်းကို တိုက်ခိုက်နေတယ်။ အစ်ကိုတိ၊ ဒီမှာ ခဏစောင့်ပါဦး။ ငါသွားပြီးတော့ ကြည့်လိုက်ဦးမယ်"
ပြောဆိုပြီး ရှဲ့ချီထျန်း ထရပ်လိုက်သည်။ သူက ရှဲ့မိသားစု၏ ကျွမ်းကျင်သူများကို ငရဲကိုးခု နတ်ဆိုးနယ်မြေသို့ ပို့ဆောင်တော့မည်။
ထိုအချိန်တွင် သူတော်စင်မြို့တော် အပြင်ဘက်၌ ပုံရိပ်များ ပေါ်လာသည်။
လုမင်၊ ရှဲ့လွမ်၊ ရန်ခွမ်းစုနှင့် လူရိုင်းဧကရာဇ်တို့ ဖြစ်သည်။ ထို့အတူပင် အခြားတစ်ဖက်မှ ကောင်းကင်နတ်ဘုရားတပ်မဟာမှ ကျွမ်းကျင်သူများ ပေါ်လာကြ၏။
"အခုပဲ"
လုမင် ရုတ်တရက်ပြောလိုက်သည်။
"ဝုန်း"
လုမင်က ခြေတစ်ချက်လှမ်းလိုက်သည်။ မိုးနှင့်မြေကြားတွင် ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့၏။ ဟင်းလင်းပြင်က ပေါက်ကွဲပြီး သူတော်စင်မြို့သို့ အနက်ရောင် ဟင်းလင်းပြင်အက်ကြောင်းတစ်ခုအဖြစ် တိုးဝင်သွားတော့သည်။
သူတော်စင်မြို့တော်ထက် ကောင်းကင်တွင် အလင်းလွှာတစ်ခု ပေါ်လာခဲ့သည်။ သို့သော်လည်း ဟင်းလင်းပြင်အက်ကြောင်း ထိမှန်သောအခါတွင် ပြင်းထန်စွာ တုန်ခါသွားသည်။
"ဝုန်း"
တစ်ဖက်တွင် ရှဲ့လွမ်က လက်သီးဖြင့်ထိုးလိုက်ရာ အလင်းလွှာပေါ်သို့ ထိုးကျသွား၏။
"တိုက်ခိုက်ကြ"
ကောင်းကင်နတ်ဘုရား တပ်မဟာ၏ အခြား သိုင်းအုပ်ချုပ်သူများ အပါအဝင် အခြားသိုင်းအုပ်ချုပ်များသည်လည်း တစ်ချိန်တည်းတွင်ပင် တိုက်ခိုက်လိုက်တော့သည်။ သိုင်းအုပ်ချုပ်သူ နှစ်ဆယ်ကျော်က တပြိုင်နက်တည်း တိုက်ခိုက်သောအခါ မိုးနှင့်မြေကို ကွဲအက်သွားစေနိုင်သည်။
"ဝုန်း... ဝုန်း"
ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုက အလင်းလွှာပေါ်သို့ ကျရောက်သွားပြီး ပြင်းထန်စွာ တုန်လှုပ်သွားစေခဲ့၏။
"ခလွမ်"
နောက်ဆုံးတော့ အလင်းလွှာ အတားအဆီးက မခံနိုင်တော့ပေ။ ပင့်ကူမျှင်ကဲ့သို့ အက်ကြောင်းများ ပေါ်လာပြီး နောက်ဆုံးတွင် ပေါက်ကွဲသံနှင့်အတူ ပေါက်ကွဲသွားတော့သည်။
ရှဲ့ချီထျန်းက ကျွမ်းကျင်သူများနှင့် ငရဲကိုးခုနတ်ဆိုးနယ်မြေသို့ သွားတော့မည့်အချိန်တွင် သူတော်စင်မြို့တော်အထက် ကောင်းကင်ယံ၌ ပေါက်ကွဲသံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ကမ္ဘာအဆုံးသတ် ရောက်လာသကဲ့သို့ တော်လည်းသံကြီးများပင် ထွက်ပေါ်လာခဲ့၏။
"ဘာဖြစ်တာလဲ"
သူတော်စင်မြို့တော်မှ မရေမတွက်နိုင်သောလူများ ကြောက်ရွံ့ထိတ်လန့်သော အမူအရာများဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။
ကောင်းကင်မှ ခုခံနိုင်စွမ်းမရှိသော ဖိအားတစ်ခု ပျံ့နှံ့သွား၏။ လူတိုင်းလိုလို ကြီးစွာသော ကပ်ဘေးကြီးတစ်ခု ကျရောက်တော့မည်ဟု ခံစားလိုက်ရသည်။
"နောက်ဆုံးတော့ သူတို့ ဒီကိုရောက်လာပြီ"
တိရီက ကောင်းကင်ကို မော့ကြည့်လိုက်သည်။
"မင်းတို့ အချိန်မှန် ရောက်လာခဲ့တာပဲ"
ရှဲ့ချီထျန်းလည်း အေးစက်သော မျက်လုံးများဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်၏။
"အုန်း..."
ရုတ်တရက် ကောင်းကင်က ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ မှောင်မိုက်သော ဟင်းလင်းပြင်အက်ကြောင်း အများအပြားက ကောင်းကင်တွင် ပေါ်လာခဲ့၏။ မြင်ကွင်းက အံ့မခန်းဖြစ်ပြီး ထိတ်လန့်တုန်လှုပ်စရာပင်။
ထို့နောက်တွင်၊ လူရိပ်များ တစ်ခုပြီးတစ်ခု ထိုအက်ကြောင်းများမှ ထွက်လာခဲ့ကြသည်။
သူတို့ထဲတွင် တစ်ဦးစီက ကမ္ဘာလောက၏ အရှင်သခင်များကဲ့သို့ ကြောက်စရာကောင်းသည့် အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။
"လုမင်၊ အဲဒါက လုမင်ပဲ"
"ပြီးတော့ ရှဲ့လွမ်"
သူတော်စင်မြို့တော်မှ တစ်စုံတစ်ယောက်က အော်လိုက်သည်။
ခေါင်းဆောင်လာသူနှစ်ဦးက လုမင်နှင့် ရှဲ့လွမ်တို့ ဖြစ်ချေသည်။
လုမင်က မျိုးဆက်သစ် လူငယ်များကြားတွင် သြဇာအရှိဆုံး ပါရမီရှင်ဖြစ်သည်။ သူသည် ငယ်ရွယ်သေးသူဖြစ်သော်လည်း အဆင့်တစ် သိုင်းအုပ်ချုပ်သူတစ်ပါးကို သတ်နိုင်ခဲ့ပြီး အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူနှင့်ပင် တိုက်ခိုက်နိုင်စွမ်း ရှိ၏။ သူက အတိတ်တွင် တစ်ခါမျှ မပေါ်ပေါက်ဖူးသော ပါရမီရှင်တစ်ဦး ဖြစ်သည်။
ရှဲ့လွမ်ကတော့ ရှေးဟောင်းသူတော်စင်မင်းဆက်၏ ရှဲ့မိသားစုမှ အနှိုင်းမဲ့ ကျွမ်းကျင်သူတစ်ဦးပင်။ လွန်ခဲ့သော နှစ်ပေါင်း သုံးသောင်းခန့်က သူတစ်ဦးတည်းဖြင့် ကမ္ဘာကြီးကို မုန်တိုင်းထန်စေခဲ့သည်။ ရှေးဟောင်းသူတော်စင်မင်းဆက် ရှဲ့မိသားစုကို ဆန့်ကျင်တိုက်ခိုက်ပြီး ဒေသကြီးတစ်ခုအား ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားစေခဲ့ပေသည်။
ယင်းကြောင့် တိုက်ကြီးတွင် အဆင့်အတန်း အနေအထားကြီးအတွက် တိုက်ပွဲဝင်နေသော ကျွမ်းကျင်သူများဖြင့် ပြည့်နှက်လာခဲ့သည်။
သူတို့နှစ်ဦးစလုံးက အရှိန်အဝါ အလွန်ကြီးကြသူများ ဖြစ်ချေသည်။ ယခုတော့ သူတို့ နှစ်ယောက် အတူတူ လာနေကြပြီ ဖြစ်သည်။
"ဝုန်း... ဝုန်း... ဝုန်း"
နောက်ထပ် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများက ကောင်းကင်သို့ ထိုးတက်သွားခဲ့သည်။ တိရီနှင့် ရှဲ့ချီထျန်းကလည်း သိုင်းအုပ်ချုပ်သူအရှိန်အဝါများ ထုတ်ဖော်ပြီး ကောင်းကင်ကို ပျံတက်သွား၏။ သူတို့က လုမင်၊ ရှဲ့လွမ်နှင့် အခြားသူများ၏ ဆန့်ကျင်ဘက်တွင် ရပ်လိုက်ကြသည်။
သူတို့အထဲတွင် တိရီနှင့် သူ့အနားရှိ အဘိုးကြီးနှစ်ဦးက ကြောက်စရာအကောင်းဆုံး ရောင်ဝါများ ရှိသည်။ သူတို့ သုံးယောက်က လုမင်နှင့် အခြားသူများထက် သာလွန်သော ရောင်ဝါများ ရှိကြ၏။
"လုမင်နဲ့ ရှဲ့လွမ်၊ မင်းတို့ ဒီကိုရောက်နေပြီမို့ ဒီမှာပဲ ထာဝရနေလိုက်ကြပါတော့"
ရွှေရောင်ဝတ် အဘိုးကြီးက သတ်ဖြတ်ချင်စိတ်တို့ဖြင့် ပြောလိုက်သည်။
"သေချာတာပေါ့"
တစ်ဖက်မှ အိုမင်းသော အသံတစ်ခုနှင့် ဟင်းလင်းပြင်အက်ကြောင်းများ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ပုံရိပ်ဆယ်ခုကျော် ထွက်လာခဲ့၏။
သူတို့က ကောင်းကင်နတ်ဘုရားတပ်မဟာ၏ ကျွမ်းကျင်သူများဖြစ်သည်။
ကောင်းကင်နတ်ဘုရားတပ်မဟာ၏ ကျွမ်းကျင်သူများက ပေါ်လာသည်နှင့်၊ သူတို့၏ အရှိန်အဝါများမှာ လုမင်၊ အခြားသူများနှင့် ပေါင်းစပ်သွားခဲ့သည်။
"ကောင်းတယ်။ မင်းဒီကိုရောက်နေပြီဆိုမှတော့ ဒါကို တစ်ခါတည်း ဖြေရှင်းလိုက်ရအောင်"
ရှဲ့ချီထျန်း ဟိန်းဟောက်လိုက်၏။ ရှဲ့မိသားစု၏ ကျွမ်းကျင်သူများကလည်း ကောင်းကင်သို့ ပျံတက်လာတော့သည်။
"ဝုန်း"
နှစ်ဘက်စလုံးက သိုင်းအုပ်ချုပ်သူများစွာကို ထုတ်ပြလိုက်၏။ သူတို့၏ အရှိန်အဝါများက မြို့တော်တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။
သူတော်စင်မြို့တော်ထဲရှိ မရေမတွက်နိုင်သော လူများအတွက် ထိုသို့သောဖိအားများကို တွန်းလှန်ရန်မှာ မလွယ်ပေ။ သူတို့အားလုံး လောက၏ သခင်များနှင့် ရင်ဆိုင်ရသကဲ့သို့ပင် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ဒူးထောက်သွားကြသည်။
"ဝမ်... ဝမ်"
ထိုအချိန်တွင် သူတော်စင်မြို့တော်တစ်ခုလုံး တုန်လှုပ်သွားပြီး မရေမတွက်နိုင်သော အလင်းတန်းများ ထွန်းတောက်လာခဲ့သည်။
သူတော်စင်မြို့တော်တွင်းရှိ မရေမတွက်နိုင်သော အဆောက်အအုံများနှင့် လမ်းများကို ကမ္ပည်းများက ဖုံးအုပ်ထား၏။ ယင်းနောက် သူတော်စင်မြို့တော်ကို ကာကွယ်ထားသည့် ကြီးမားသော ဝင်္ကပါတစ်ခု ဖြစ်လာတော့သည်။
သူတော်စင်မြို့တော်ဟာ နှစ်သန်းပေါင်းများစွာ အမွေဆက်ခံခဲ့သော နေရာဖြစ်သည်။ ခေတ်အဆက်ဆက်မှ သူတော်စင်ဧကရာဇ်များကလည်း ဝင်္ကပါများဖြင့် သူတော်စင်မြို့တော်ကို မွမ်းမံခဲ့၏။ ထို့ကြောင့် သူတော်စင်မြို့တော်ကို ဖျက်ဆီး၍မရဘူးဟုပင် ဆိုနိုင်သည်။
ကမ္ပည်းများက လေထဲတွင် ပြည့်နေပြီး ကြီးမားသော ဝင်္ကပါတစ်ခု ပေါ်လာခဲ့သည်။ ထိုမှသာလျှင် သူတော်စင်မြို့တော်တွင်းရှိလူများလည်း ဖိအားများမှ သက်သာသွားကြသည်။
လူတော်တော်များများက အသက်ပြင်းပြင်းရှူလိုက်ရင်းမှ သူတို့၏ခန္ဓာကိုယ်များမှာ အေးစက်နေသော ချွေးများ ရွှဲနေတာကို သိလိုက်ကြသည်။
သိုင်းအုပ်ချုပ်သူများ ဒါဇင်ချီကာ ထိပ်တိုက်တွေ့ဆုံကြသည့် မြင်ကွင်းက ကြောက်စရာကောင်းလွန်းပေသည်။ ရှမ်းဟွမ်တိုက်ကြီး၏ သမိုင်းတွင် ဤအခြေအနေမျိုးက အကြိမ်အနည်းငယ်သာ ဖြစ်ပျက်ခဲ့ဖူးသည်။
"ဒီနေ့တော့ ကမ္ဘာပျက်သွားမှာ ကြောက်ရတယ်"
တချို့က ယနေ့ ဖြစ်ပွားတော့မည့် တိုက်ပွဲကြီးကို တွေးတောရင်း သက်ပြင်းချလိုက်သည်။
"လုမင်၊ ဒီနေ့ မင်း ရောက်လာရင်တောင်မှ ရှကျိုးယန်နဲ့ အခြားသူတွေကို ကယ်တင်နိုင်မှာ မဟုတ်ဘူး။ သူတို့ ဒီနေ့သေရလိမ့်မယ်"
တိရီ၏ အသံကို ကြားလိုက်ရသည်။ သူက လုမင်ကို အပြောင်းအလဲမရှိဘဲ အေးစက်သောအကြည့်ဖြင့် ကြည့်လိုက်၏။
"ဟုတ်လား"
ရုတ်တရက်၊ ကြည်လင်ပြတ်သားသော အသံတစ်ခုကို ကြားလိုက်ရသည်။ သို့ရာတွင် မူလခန္ဓာ လုမင်မှ ပြောလိုက်ခြင်းတော့ မဟုတ်ပါ။ ထိုအစား အခြားတစ်ဖက်မှ ထွက်လာခြင်း ဖြစ်သည်။
လေထုအက်ကွဲသံများကို ကြားလိုက်ရ၏။ သူတော်စင်မြို့တော်သို့ ပျံသန်းလာသော ပုံရိပ်များစွာကို မြင်လိုက်ရတော့သည်။
"အဲဒါက… လုမင်၊ လုမင် နောက်တစ်ယောက်ပဲ"
တစ်ယောက်က မနေနိုင်ဘဲ အော်ဟစ်လိုက်သည်။