အခန်း ၁၃၄၂
Vol. 90 Ch. 1342
အပိုင်း ( 1342 ) သိုင်းအုပ်ချုပ်သူများ၏ တိုက်ပွဲ။
"ရှကျိုးယန်ရဲ့ ဝိညာဉ်ခန္ဓာက အင်မတန် အစွမ်းထက်တာပဲ။ အဲဒါက သာမန် ဝိညာဉ်ခန္ဓာတစ်ခုမဟုတ်မှာ ငါကြောက်တယ်"
"အမှန်ပါပဲ၊ သူ့ရဲ့ ဝိညာဉ်ခန္ဓာက ရှားပါးတဲ့ နေကိုးစင်းနတ်ဘုရားခန္ဓာပဲလေ။ အဲဒါက သာမန် ဝိညာဉ်ခန္ဓာ မဟုတ်ဘူး"
သိုင်းအုပ်ချုပ်သူတချို့က ဆွေးနွေးလိုက်ကြသည်။
ကောင်းကင်အမြင့်တွင် တိရီနှင့် ရှကျိုးယန်က မျက်စိတစ်မှိတ်အတွင်းမှာပင် တိုက်ကွက် ဒါဇင်ချီကာ ဖလှယ်ခဲ့သည်။
တိုက်ပွဲအချိန်ကြာလေလေ၊ တိရီ၏ မျက်လုံးများက ပို၍ အေးစက်ပြီး သတ်ဖြတ်ချင်စိတ်တို့ ပို၍ ပြင်းထန်လေလေပင်။
"တပည့်မိုက်၊ သေစမ်း"
ရုတ်တရက် တိရီက ဟိန်းဟောက်လိုက်သည်။ သူ့လက်ထဲတွင် ရွှေရောင်ဓားတစ်ချောင်း ပေါ်လာပြီး ဓားအလင်းတစ်ခု ရုတ်တရက် လင်းလက်သွား၏။
"အုပ်ချုပ်သူဝိညာဥ်လက်နက်"
လုမင်၏ မျက်လုံးများက ရုတ်တရက် ကျဉ်းမြောင်းသွားသည်။
တိရီ၏ လက်ထဲမှဓားက အုပ်ချုပ်သူဝိညာဉ်လက်နက်ဖြစ်မည်မှာ အသေအချာပင်။
နောက်ဆုံးတွင် တိရီက သူ၏ အုပ်ချုပ်သူဝိညာဥ်လက်နက်ကို ထုတ်ယူခဲ့ပြီ ဖြစ်သည်။
ထို့ထက်၊ လုမင်ကို အံ့အားသင့်စေသည်မှာ တိရီ၏လက်ထဲမှ အုပ်ချုပ်သူ ဝိညာဥ်လက်နက်က တိဟုန်ချန် အသုံးပြုခဲ့သော လက်နက်နှင့် အလွန်ဆင်တူနေခြင်းပင်။ ယင်းက တူညီသော အုပ်ချုပ်သူဝိညာဥ်လက်နက်တစ်မျိုး ဖြစ်ပုံရသည်။
"ချွမ်"
တိရီ၏ဓားက ဧကရာဇ်ဝိညာဥ်မျှော်စင်ကို ခုတ်ပိုင်းပြီး လွင့်စဉ်သွားစေခဲ့သည်။
ထို့နောက်တွင် ဓားက ရှကျိုးယန်ကို ဆက်လက် ခုတ်ပိုင်းလိုက်၏။
နောက်ဆုံးတွင် ရှကျိုးယန်၏ ကျင့်ကြံခြင်းအခြေခံက တိရီထက် များစွာနိမ့်ကျသည်။ တိရီမှ အုပ်ချုပ်သူဝိညာဉ်လက်နက်ကို ထုတ်ယူလိုက်သောအခါမှာတော့ သူနှင့် မယှဉ်နိုင်တော့ပေ။ သူ ဒဏ်ရာအပြင်းအထန်ရပြီး သွေးအန်ကာ လွင့်စဉ်သွားခဲ့သည်။
"ဆရာ"
ရန်ခွမ်းစု စိုးရိမ်သွားသည်။
"သတ်"
တိရီက သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ရှကျိုးယန်ကို ဆက်လက် တိုက်ခိုက်လိုက်သည်။
သူက ရှကျိုးယန်ကို တစ်ခါတည်း သတ်ပစ်ချင်ခဲ့သည်။
"ဝှစ်"
ထိုအချိန်တွင် လုမင်က လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ သူ့ခန္ဓာထဲတွင် နဂါးစွမ်းအင်ကိုးခု ပေါက်ကွဲထွက်လာခဲ့၏။ တစ်ချိန်တည်းမှာပင် နဝမနဂါးနှင့် တတိယသွေးမျိုးဆက်တို့က တစ်ချိန်တည်းတွင် ပေါ်လာတော့သည်။
လုမင်က နဝမနဂါးအဖြစ် ပြောင်းလဲလိုက်သည်။ နဝမနဂါးက သူ့ခန္ဓာကိုယ်ကို တွန့်လိမ်ပြီး တိရီကို တိုက်ခိုက်လိုက်၏။
သူ၏ နဂါးလက်သည်းကို ကစဉ့်ကလျားစွမ်းအင်များက ဖုံးအုပ်ထားသည်။
လုမင်က ဤလှုပ်ရှားမှုတွင် သူ၏ခွန်အားအပြည့်ကို အသုံးပြုခဲ့ပေသည်။
"လုမင်၊ မင်းသူ့ကိုကယ်ချင်ရင် ငါမင်းကိုအရင်သတ်မယ်"
တိရီက အေးစက်စက်ဖြင့် အော်လိုက်သည်။ သူ့ဓားက မရပ်တန့်ဘဲ လုမင်ကို ခုတ်ချလိုက်၏။
"ဝုန်း"
လုမင်၏ နဂါးလက်သည်းက ဓားကို ဖမ်းဆုပ်လိုက်သည်။
လုမင်လည်း ကမ္ဘာပေါ်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သကဲ့သို့ အနှိုင်းမဲ့ ထက်မြက်ပြီး ကြောက်စရာကောင်းသော ဓားစွမ်းအားကို ခံစားလိုက်မိသည်။
ကစဉ့်ကလျားတာအိုနှင့် နဂါးလက်သည်းက ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ အဆုံးတွင် နဂါးလက်သည်းက အမှန်တကယ် ပြိုကျသွား၏။ ကြောက်စရာကောင်းသော ဓားအလင်းက ကစဉ့်ကလျားတာအိုကိုဖြတ်ပြီး နဝမနဂါးပေါ်သို့ ကျရောက်လာတော့သည်။
"ဝုန်း"
ကြီးမားသော နဝမနဂါးခန္ဓာက ရပ်တန့်ခြင်းမပြုမီ မိုင်တစ်ရာကျော် လွင့်စဉ်သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှာလည်း ဓားဒဏ်ရာများဖြင့် ဖုံးအုပ်သွားပေသည်။
တိရီက အုပ်ချုပ်သူဝိညာဉ်လက်နက်ကို ထိန်းချုပ်ပြီး အစွမ်းကုန် ခုတ်ပိုင်းခဲ့ခြင်း ဖြစ်သည်။ သူ၏စွမ်းအားက အမှန်တကယ် ကြောက်စရာကောင်း၏။ လုမင်က အင်အားအပြည့်ဖြင့် တားဆီးခဲ့သော်လည်း နဝမနဂါးမှာ ဒဏ်ရာများဖြင့် ဖုံးလွှမ်းကာ ပြိုကျလုနီးပါး ဖြစ်ခဲ့ရသေးသည်။
လုမင်က သွေးမျိုးစွမ်းအားကို လှည့်ပတ်လိုက်သောအခါ နဝမနဂါး၏ ဒဏ်ရာများ လျင်မြန်စွာ ပျောက်ကင်းသွားခဲ့သည်။
"လုမင်၊ ငါမင်းကိုပြောပြီးပြီ။ မင်း မကယ်နိုင်ဘူး"
တိရီ၏ မျက်လုံးများက အေးစက်သွားသည်။ သူက ဓားကို လက်ထဲတွင်ကိုင်ပြီး ရှကျိုးယန်အား ဆက်လက်တိုက်ခိုက်သည်။
"ဂါး"
နဝမနဂါးက ဟိန်းဟောက်ပြီး ထပ်မံကယ်တင်ရန် လှုပ်ရှားလိုက်၏။
"ဝုန်း"
ထိုအချိန်တွင် အနီရောင်ဝတ် အဘိုးကြီးတစ်ယောက်က လုမင်ရှေ့တွင် ပေါ်လာကာ ဓားနှင့် ဆီးကြိုခုတ်တော့သည်။
"မင်းရဲ့ပြိုင်ဘက်က ငါပဲ"
ဤအဘိုးကြီးက တိရီ၏အနားမှ ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူ ဖြစ်သည်။ သူက တိုက်ခိုက်သောအခါ သူ့စွမ်းအားက တကယ်ကို တုန်လှုပ်စရာပင်။
"သတ်"
ထိုအချိန်တွင် လူရိုင်းဧကရာဇ်၊ ချွီလော့နှင့် အခြားသူများက အနီရောင်ဝတ် အဘိုးကြီးကို အော်ငေါက်ပြီး တိုက်ခိုက်လိုက်ကြသည်။
"မင်း တိုက်ခိုက်ချင်ရင် ငါလိုက်ခဲ့မယ်"
"သတ်"
ကောင်းကင်ဧကရာဇ်ဘုရားကျောင်းမှ အခြား သိုင်းအုပ်ချုပ်သူများကလည်း လူရိုင်းဧကရာဇ်နှင့် အခြားသူများကို တိုက်ခိုက်လိုက်၏။
"သေစမ်း၊ တိုက်ခိုက်ကြစို့"
"သတ်ကြ"
"ဝုန်း... ဝုန်း"
ဖရိုဖရဲ တိုက်ပွဲဖြစ်သွားသည်။ ကောင်းကင်ဧကရာဇ်ဘုရားကျောင်းနှင့် မြောက်ပိုင်းလွင်ပြင်မှ သိုင်းအုပ်ချုပ်သူများက စတင်တိုက်ခိုက်လိုက်၏။ သူတို့က ကိုယ်စီပြိုင်ဘက်များကို ရွေးချယ်ကာ ကောင်းကင်သို့ ထိုးတက်သွားပြီး စတင် တိုက်ခိုက်လိုက်တော့သည်။
"ဝုန်း"
ရှဲ့လွမ်နှင့် တိဟုန်ချန်တို့လည်း တိုက်ခိုက်ခဲ့ကြသည်။ ဓားအလင်းများကြောင့် ကောင်းကင်က ပြိုကွဲလုနီး ဖြစ်နေခဲ့၏။ သူတို့နှစ်ယောက်က အခြားသူများနှင့် ဝေးကွာသော ကောင်းကင်ယံမှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြတော့သည်။
"တိုက်ခိုက်ကြ"
တစ်ဖက်တွင်၊ ကောင်းကင်နတ်ဘုရားတပ်မဟာနှင့် ရှဲ့မိသားစု၏ သိုင်းအုပ်ချုပ်သူများကလည်း လှုပ်ရှားဆောင်ရွက်ခဲ့ကြသည်။ သူတို့လည်း ဖရိုဖရဲတိုက်ပွဲတွင် ပါဝင်ခဲ့၏။
စစ်ဦးစီးချုပ်ဟောင်းကလည်း ရှဲ့စန်းချုံးနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြသည်။
ပိုင်ကျန်းဧကရာဇ်ကမူ သူတော်စင်ဧကရာဇ်ဟောင်းကို တိုက်ခိုက်လိုက်၏။
"ဝုန်း... ဝုန်း... ဝုန်း"
သူတော်စင်မြို့တော်အထက် ကောင်းကင်ယံက ကမောက်ကမ ဖြစ်နေခဲ့သည်။ ဒါဇင်ချီသော သိုင်းအုပ်ချုပ်သူများ၏ တိုက်ခိုက်မှုကြောင့် မိုင်သန်းပေါင်းများစွာအတွင်းတွင် ဖျက်ဆီးခြင်း အငွေ့အသက်များ ပျံ့နှံ့သွား၏။
သူတော်စင်မြို့တော်က ကမ္ပည်းဝင်္ကပါများနှင့် ကာကွယ်ထားသည့်အပြင်၊ သိုင်းအုပ်ချုပ်သူများက ကောင်းကင်သို့တက်ပြီး တမင်တကာရှောင်ဖယ်၍ တိုက်ခိုက်ခြင်းကြောင့် မဟုတ်ပါက သူတော်စင်မြို့တော်ကြီး ပျက်စီးသွားရမည် ဖြစ်သည်။
သို့ဖြစ်လျှင်ပင် အဖျက်စွမ်းအားက အလွန် ကြောက်စရာကောင်းနေသေးသည်။ သူတော်စင်မြို့တော်ရှိ မရေတွက်နိုင်သောလူများ တုန်လှုပ်ချောက်ချားစွာဖြင့် ဒူးထောက်သွားကြရသည်။
အဓိပဓိတချို့ပင်လျှင် မျက်နှာများ ဖြူဖျော့သွားလေသည်။
ဤတိုက်ပွဲမျိုးက ကြောက်စရာကောင်းအောင် ကြမ်းလွန်းသည်။ အဓိပဓိများပင်လျှင် ဝင်ရောက် မစွတ်ဖက်နိုင်ပေ။ မဟုတ်ပါက ခဏချင်း ပြာအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။
ရန်ခွမ်းစု၊ ရှဲ့နျန်ချင်းနှင့် အခြားသူများလည်း စိုးရိမ်ပူပန်စွာဖြင့် မော့ကြည့်နေခဲ့ကြသည်။
သူတို့က ပါဝင်တိုက်ခိုက်ချင်သော်လည်း ဘာမျှမတတ်နိုင်မှန်း သိပေသည်။ ထို့ကြောင့် စောင့်ကြည့်ရုံသာ တတ်နိုင်သည်။
အဓိပဓိအားလုံး မလှုပ်ရှားပဲ ကောင်းကင်ကို မော့ကြည့်နေခဲ့ကြပေသည်။
ကောင်းကင်ယံရှိ သိုင်းအုပ်ချုပ်သူများကြားမှ တိုက်ပွဲက ရှမ်းဟွမ်တိုက်ကြီး၏ အခြေအနေကို အဆုံးအဖြတ်ပေးမည့် တိုက်ပွဲဖြစ်မှန်း သူတို့ နားလည်သည်။
"ဝုန်း..."
နဝမနဂါး၏ နဂါးလက်သည်းက အနီရောင်ဝတ် အဘိုးအိုနှင့် ထိပ်တိုက်တွေ့ခဲ့သည်။ နှစ်ဖက် အရည်အချင်း တူညီခဲ့၏။
"လုမင်၊ ငါ ရှကျိုးယန်ကို အရင်သတ်ပြီးမှ မင်းကိုသတ်မယ်။ ဒီနေ့ မင်းကို ဘယ်သူမှ မကယ်နိုင်တော့ဘူး"
တိရီက လှောင်ပြောင်လိုက်သည်။
အခြေအနေက အသိသာကြီးပင်၊ သူတို့ဘက်က ပိုအားကောင်းသည့် တိုက်ခိုက်သူများ ရှိခဲ့သည်။
သူနှင့် အနီရောင်ဝတ် အဘိုးအိုတို့ကို တားဆီးနိုင်သူ မရှိပေ။
တိရီက ရှေ့သို့လှမ်းပြီး ရှကျိုးယန်ကို တိုက်ခိုက်လိုက်သည်။
"သေတဲ့အထိ တိုက်ခိုက်ကြတာပေါ့"
ရှကျိုးယန်က အော်ဟစ်လိုက်သည်။ သူက ဒဏ်ရာရနေသော ခန္ဓာကိုယ်ဖြင့် တိရီကို တိုက်ခိုက်ရန် မာန်သွင်းလိုက်၏။
"ထူချမ်"
ထိုအချိန်တွင် လုမင်၏ မျက်ခုံးနှစ်ခုကြားမှ ရုပ်သွင်တစ်ခု ထွက်ပေါ်လာခဲ့သည်။ သူက ပုဆိန်တစ်လက်ကိုကိုင်ပြီး တိရီကို ခုတ်ပိုင်းလိုက်၏။
ကြီးမားသော အင်အားကြောင့် တဂျုန်းဂျုန်း မြည်သံများပင် ထွက်ပေါ်လာတော့သည်။
တိရီ၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့သည်။ သူ့တွင် ရှကျိုးယန်နှင့် ရင်ဆိုင်ရန် အချိန်မရှိတော့ဘဲ ဓားကိုဝှေ့ယမ်းပြီး ပုဆိန်ခုတ်ချက်အား ရင်ဆိုင်လိုက်ရသည်။
"ထန်"
ထိပ်တိုက်တွေ့ဆုံပြီးနောက် ထူချမ်နှင့် တိရီ၏ ခန္ဓာကိုယ်များက တုန်လှုပ်သွားပြီး နောက်ပြန်ဆုတ်သွားခဲ့ကြသည်။
"ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူ၊ ပြီးတော့ အုပ်ချုပ်သူ ဝိညာဉ်လက်နက်နဲ့။ မဟုတ်သေးဘူး၊ အဲဒါက ရုပ်သေးပဲ။ လုမင်... မင်းမှာ ဘာဖြစ်လို့ ဒီလောက် အစွမ်းထက်တဲ့ ရုပ်သေးရှိတာလဲ"
တိရီက ဝိညာဉ်အသိနှင့် ထူချမ်ကို စစ်ဆေးပြီးနောက် မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။
လုမင်တွင် ထိုမျှအစွမ်းထက်သော ရုပ်သေးတစ်ခု အမှန်တကယ် ရှိ၏။
ထူချမ်က စကားတစ်ခွန်းမှ မပြောဘဲ သူ့ပုဆိန်ကို မြှောက်ပြီး တိရီကို တိုက်ခိုက်လိုက်သည်။
"ချွမ်"
တိရီလည်း ထူချမ်ကို ပြန်လည်တိုက်ခိုက်ရန်မှတပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။
ထူချမ်ကလည်း အုပ်ချုပ်သူ ဝိညာဥ်လက်နက်ကို ထိန်းချုပ်ထားခြင်း ဖြစ်သည်။ သူ့အင်အားက တိရီထက် အားမနည်းဘဲ အပြင်းအထန် တိုက်ခိုက်လိုက်သည်။
ထိုအချိန်တွင် ရှကျိုးယန်၏ ခန္ဓာကိုယ်ကို မီးလျှံများက ဖုံးလွှမ်းသွားသည်။ နေဘုရားကျောက်မှ စွမ်းအားက သူ့ခန္ဓာကိုယ်ထဲသို့ ဆက်လက် စီးဆင်းနေခဲ့၏။ သူ့ခန္ဓာကိုယ်မှ ဒဏ်ရာများက လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာတော့သည်။
"ချီးပဲ၊ ငါမင်းကိုအရင်သတ်မယ်"
အနီရောင်ဝတ် အဘိုးကြီးက အော်ဟစ်လိုက်သည်။ သူ့လက်ထဲတွင် ရွှေရောင်ဓားတစ်လက် ပေါ်လာခဲ့၏။
အုပ်ချုပ်သူ ဝိညာဥ်လက်နက်။ ဤဓားကလည်း တိရီနှင့် တိဟုန်ချန်တို့ ကိုင်ဆွဲထားသော ဓားများနှင့် တူညီလုနီးပါး ဖြစ်သည်။
ဤအုပ်ချုပ်သူဝိညာဥ်လက်နက်များက အစုံလိုက်ပေါ်လာခဲ့ပုံပင်။ တိရီ၏ နောက်ခံက လျှို့ဝှက်ဆန်းကျယ်ပြီး ထူးခြားသည်ဟူသော လုမင်၏အတွေးက ပို၍ ခိုင်မာလာခဲ့သည်။
တိရီ၏ နောက်ခံက လျှို့ဝှက်ဆန်းကြယ်ပေသည်။ သူဟာ လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းခန့်က ရုတ်တရက် ပေါ်လာပုံရသည်။
"ဘယ်သူက သတ်မှာလဲ"
အနီရောင်ဝတ် အဘိုးကြီးက အုပ်ချုပ်သူ ဝိညာဥ်လက်နက်ကို ထုတ်ယူပြီး လုမင်ကို တိုက်ခိုက်ခါနီးတွင် ပြတ်သားသောအသံတစ်ခုက သူ့နောက်မှ ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတစ်ခုက အနီရောင်ဝတ်အဘိုးကြီးကို ခုတ်ပိုင်းလာခဲ့၏။
အနီရောင်ဝတ်အဘိုးကြီးလည်း တုန်လှုပ်သွားပြီး ကမန်းကတန်းလှည့်ကာ ဓားချက် ထုတ်ဖော်ခုခံလိုက်တော့သည်။
"လုမင်"
အနီရောင်ဝတ် အဘိုးကြီး၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့သည်။ သူ့အမူမရာလည်း ပြောင်းလဲသွား၏။
သူ့နောက်မှ လူကလည်း လုမင် ဖြစ်သည်။
ဒုတိယခန္ဓာ လုမင်။