အခန်း ၁၃၄၄
Vol. 90 Ch. 1344
အပိုင်း ( 1344 ) တိုက်ပွဲဒီရေအလှည့်အပြောင်း။
ထိုစဉ်က၊ စွန့်ပစ်ရှေးမြို့တော်နှင့်အတူ ကောင်းကင်ကမ္ဘာရှိ ကျွန်းတစ်ကျွန်းသို့ ရောက်သွားခဲ့ချိန်က ဤဖီးနစ်ငှက်မွေး အတောင်ငါးခုကို လုမင် ရရှိခဲ့ခြင်း ဖြစ်သည်။
ထို့နောက်၊ ဒုတိယခန္ဓာလုမင်က ရွှမ်ထျန်းသူတော်စင်၏ အမွေကို ရယူရန် မြင့်မြတ်နယ်မြေ လျှို့ဝှက်အိမ်တော်သို့ ဝင်ရောက်သောအခါ၊ လုမင်က ဒုတိယခန္ဓာ လုမင်အား သန့်စင်ခြင်းပစ္စည်းများနှင့် လိုအပ်သည့် အရာတချို့ကို ပေးအပ်ခဲ့ပေသည်။
နှစ်များကြာလာပြီး၊ ဒုတိယခန္ဓာလုမင် စတင် ကြီးထွားလာချိန်တွင် ဖီးနစ်ငှက်မွေးငါးခုကို ဓားပျံငါးစင်းအဖြစ် သန့်စင်ခဲ့ပါတယ်။ လုမင်ကတော့ ယင်းတို့ကို ဖီးနစ်ငှက်မွှေးဓားပျံများဟု အမည်ပေးခဲ့လေသည်။
ဖီးနစ်ငှက်မွှေး ဓားပျံများက အလွန်ထက်မြက်ပြီး ဖျက်ဆီး၍မရပေ။ သူတို့က အံ့သြစရာကောင်းလောက်အောင် အစွမ်းထက်ကြသည်။
ယခုတိုက်ခိုက်မှုမှာလည်း ဒုတိယခန္ဓာ လုမင်က ဓားပျံနှစ်လက်ကိုသာ အသုံးပြုရသေးသည်။ ယင်းက အနီရောင်ဝတ်အဘိုးကြီး ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရန် တွန်းအားပေးနိုင်ခဲ့သည်။
"အား"
ထိုအချိန်တွင် တစ်ဖက်တွင် အော်ဟစ်သံတစ်ခု ကြားလိုက်ရသည်။
ပထမ ငရဲဧကရာဇ်က လုမင်နှင့် မယှဉ်နိုင်ပေ။ ငရဲဖိနှိပ်ကျောက်စာချပ်၏ ဖိနှိပ်မှုအောက်တွင် ပထမ ငရဲဧကရာဇ်က အက်ကွဲသွားခဲ့သည်။
ငရဲဖိနှိပ်ကျောက်စာချပ်က ပထမ ငရဲဧကရာဇ်ကို ဒုတိယအကြိမ် ဖိနှိပ်လိုက်၏။ ငရဲဧကရာဇ်၏ ခန္ဓာကိုယ်က ပထမဆုံး ပြိုကျလာပြီး ထို့နောက်မှာတော့ သူ၏ဦးဝိညာဉ်ပါ ပေါက်ကွဲသွားတော့သည်။
သူဟာ တောင်ပိုင်း၏ အသန်မာဆုံး သိုင်းအုပ်ချုပ်သူ ဖြစ်သည်။ ထို့အတူ စစ်ပွဲစတင်ပြီးနောက် သတ်ဖြတ်ခံရသည့် ပထမဆုံးသော သိုင်းအုပ်ချုပ်သူ ဖြစ်ခဲ့၏။
သူ့ကို သတ်ခဲ့သူကတော့ လုမင် ဖြစ်တော့သည်။
ဤမြင်ကွင်းကိုမြင်လိုက်ရသော သူတော်စင်မြို့တော်တွင်းရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများ တုန်ယင်လှိုက်မောသွားကြသည်။
တောင်ပိုင်း အမှောင်ကမ္ဘာ၏ ပထမ ငရဲဧကရာဇ်ဟာ အတိတ်မှာ ပြိုင်စံရှားသော တည်ရှိမှုတစ်ခုဖြစ်မည်မှာ သေချာသည်။ သူက ခြေတစ်ချက် ဆောင့်လိုက်ရုံဖြုံဖြင့် တောင်ပိုင်း အမှောင်ကမ္ဘာ အပါအဝင် အားလုံး တုန်လှုပ်သွားလိမ့်မည်။
ယခင်ကဆိုလျှင် ထိုတည်ရှိမှုမျိုးက မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ နှလုံးသားကို လွှမ်းမိုးထားသည့် ဒဏ္ဍာရီတစ်ခုကဲ့သို့ ဖြစ်သည်။ တစ်ယောက်ယောက်က သူ့အကြောင်းကိုပြောတိုင်း ကြောက်ရွံ့တုန်လှုပ်နေလိမ့်မည်။
သို့ရာတွင်၊ ထိုကဲ့သို့ တုနှိုင်းမဲ့ပြီး အစွမ်းထပ် ကျွမ်းကျင်သူတစ်ဦးက ထိုကဲ့သို့ပင် သေဆုံးသွားခဲ့သည်။
"ဝမ်"
ပထမ ငရဲဧကရာဇ်ကို သတ်လိုက်ပြီးနောက် ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်က တုန်ခါလာပြီး အနီရောင်ဝတ် အဘိုးကြီးကို ဖိနှိပ်လိုက်သည်။
'ချီးပဲ'
အနီရောင်ဝတ် အဘိုးကြီး စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ ထို့နောက် ဒုတိယခန္ဓာလုမင်ကို ဓားအလင်းများ ထုတ်ဖော်လိုက်၏။
သို့သော်လည်း ဒုတိယခန္ဓာလုမင်သည် ကမ္ပည်းလမ်းစဥ်ကို လေ့ကျင့်ပြီး နည်းလမ်းအမျိုးမျိုးတို့ကို ကျွမ်းကျင်လိမ္မာသည်။ ရန်သူကို ထောင်ချောက်ဆင်ရန်၊ ရန်သူကို နှောင့်ယှက်ရန်၊ ကာကွယ်ရန်နှင့် တိုက်ခိုက်ရန်အတွက် အမျိုးမျိုးသော ဝင်္ကပါများ ပေါ်လာတော့သည်။
တစ်ချိန်တည်းမှာပင်၊ ဒုတိယခန္ဓာရှိ သတ်ဖြတ်ခြင်းအစီရင်နှင့် ဖီးနစ်ငှက်မွှေးဓားပျံများက ကြောက်စရာကောင်းသော တိုက်ခိုက်မှုများ ထုတ်ဖော်ခဲ့သည်။ အနီရောင်ဝတ် အဘိုးကြီးလည်း မပေါ့လျော့ဝံ့ဘဲ သတိကြီးကြီးထားကာ တိုက်ခိုက်ရ၏။ သူက ဒုတိယခန္ဓာ လုမင်ကို ထပ်ခါထပ်ခါ နောက်ဆုတ်စေခဲ့သော်လည်း ထို့ထက် ဘာမျှ မလုပ်နိုင်ခဲ့ပေ။
"ဝုန်း"
ထိုအချိန်တွင် ငရဲဖိနှိပ်ကျောက်စာချပ်က ရောက်ရှိလာပြီး အနီရောင်ဝတ် အဘိုးကြီးကို ဖိနှိပ်လိုက်သည်။ ကစဉ့်ကလျားတာအိုကို သယ်ဆောင်ထားသော ငရဲဖိနှိပ်ကျောက်စာချပ်က ဟင်းလင်းပြင်ကို ပြိုကျသွားစေခဲ့၏။ ယင်းကြောင့် အနီရောင်ဝတ်အဘိုးကြီးမှာ အသက်ရှူရ ခက်ခဲလာတော့သည်။
"ဝုန်း..."
အနီရောင်ဝတ် အဘိုးကြီးက ဓားကို လက်နှစ်ဘက်ဖြင့် ကိုင်ဆောင်ပြီး ငရဲဖိနှိပ်ကျောက်စာချပ်ကို ခုတ်ပိုင်းလိုက်သည်။
ငရဲဖိနှိပ်ကျောက်စာချပ်က တုန်ခါသွားပြီး နောက်ပြန်လွင့်သွားခဲ့၏။
သို့သော်လည်း ငရဲဖိနှိပ်ကျောက်စာချပ်၏ ကြောက်မက်ဖွယ် စွမ်းအားက အနီရောင်ဝတ် အဘိုးကြီးကို အမူအရာ ပြောင်းလဲသွားစေခဲ့သည်။ ယင်းက ရာနှင့်ချီသော တောင်များ၏ ဖိနှိပ်ခံလိုက်ရသလိုပင်။
ထိုအချိန်တွင် တစ်ဖက်မှ ဒုတိယခန္ဓာလုမင် ရောက်ရှိလာခဲ့သည်။
"ရွှစ်... ရွှစ်"
ဖီးနစ်ငှက်မွှေးဓားပျံနှစ်စင်းက လျှပ်စီးလက်သကဲ့သို့ မြန်သည်။ သာမန်မျက်စိဖြင့် မြင်တွေ့ရန် မဖြစ်နိုင်သလောက်ရှိသော အမြန်နှုန်းဖြင့် အနီရောင်ဝတ်လူကြီးကို ထိုးဖောက်လာခဲ့၏။ အဘိုးကြီးလည်း အင်အားအပြည့်ဖြင့် ခုခံရပြန်တော့သည်။
ဒုတိယခန္ဓာလုမင်က အနီရောင်ဝတ် အဘိုးကြီးဆီသို့ လေထဲမှ တစ်လှမ်းချင်း လျှောက်သွားခဲ့သည်။ ခြေတစ်ချက်လှမ်းလိုက်တိုင်း၊ လေထဲတွင် ဝင်္ကပါကြီးတစ်ခု ပေါ်လာခဲ့၏။
'ရှုပ်လိုက်တာ'
အနီရောင်ဝတ် အဘိုးကြီး၏ နှလုံးသားက တုန်ယင်နေခဲ့သည်။ သူ့မျက်လုံးများက ဒေါသများဖြင့် ပြည့်နှက်နေပြီး လွန်စွာ နာကျင်ခံစားနေရတော့သည်
လုမင်က ကိုင်တွယ်ရန် ခက်ခဲလွန်းလှသည်။
တစ်ဦးချင်း တိုက်ခိုက်နိုင်စွမ်းတွင်၊ အုပ်ချုပ်သူအဆင့် ဝိညာဉ်လက်နက်ကို ထိန်းချုပ်ထားသော သူ၏ တိုက်ခိုက်နိုင်စွမ်းက လုမင်ထက် သာလွန်သည်မှာ သေချာသည်။ လုမင်၏ မူလခန္ဓာနှင့် ဒုတိယခန္ဓာက အနီရောင်ဝတ် အဘိုးကြီး၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။ သူတို့က ဖိနှိပ်ခံရခြင်း သို့မဟုတ် အသတ်ခံရခြင်းပင် ဖြစ်နိုင်သည်။
သို့သော်၊ သူတို့နှစ်ဦး ပူးပေါင်းကြသည့်အခါမှာတော့ သူတို့၏အင်အားက အဆမတန် တိုးလာခဲ့သည်။ နည်းလမ်းများက ပြည့်စုံပြီး ပြင်းထန်လာ၏။ အနီရောင်ဝတ်အဘိုးကြီး၏ တိုက်ခိုက်မှုအင်အားက သာလွန်သော်လည်း အပြည့်အဝ တိုက်ခိုက်မရတော့ပေ။ သတိမထားမိပါက အန္တရာယ်ဖြစ်နိုင်သည်။
အနီရောင်ဝတ် အဘိုးကြီးက ယွမ်ချီစွမ်းအင် ပေါက်ကွဲပြီး ဟိန်းဟောက်လိုက်သည်။ သူက ဓားချက်များကို ရူးသွပ်စွာ ထုတ်ဖော်လိုက်၏။ သူ့လက်ထဲမှ ဓားနှင့် တရစပ် ခုတ်ပိုင်းလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော ဓားမုန်တိုင်းကဲ့သို့ ဓားအလင်းများက အရပ်ရပ်ကို ဖြာထွက်လာတော့သည်။
"ဝုန်း... ဝုန်း"
ဝင်္ကပါများ တစ်ခုပြီးတစ်ခု ပြိုကျသွားခဲ့သည်။
လုမင်၏ မူလခန္ဓာနှင့် ဒုတိယခန္ဓာက အေးစက်စက် ပြုံးလိုက်သည်။ သူတို့က မတိုက်ခိုက်တော့ပေ။ ဒုတိယခန္ဓာလုမင်သာ ဝင်္ကပါများ အဆက်မပြတ် တည်ဆောက်ရင်း အနီရောင်ဝတ်အဘိုးကြီးကို အဆက်မပြတ် တိုက်ခိုက်နေခဲ့သည်။
အုပ်ချုပ်သူအဆင့် ဝိညာဉ်လက်နက်ကို ထိန်းချုပ်ခြင်းက စွမ်းအင်အလွန်သုံးရသည်။ အနီရောင်ဝတ်အဘိုးကြီးအနေဖြင့် ဤကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုများအောက်တွင် ကြာကြာခံနိုင်မည်မဟုတ်ပေ။
မျှော်လင့်ထားသည့်အတိုင်းပင်၊ အတန်ကြာပြီးနောက် အနီရောင်ဝတ်အဘိုးကြီး အသက်ရှုကြပ်လာသည်။ သူ၏ ယွမ်ချီစွမ်းအင်က ကုန်ဆုံးသွားတော့မည်။
'မဟုတ်သေးဘူး၊ ငါ ဒီအတိုင်း ဆက်မသွားနိုင်တော့ဘူး။ ငါ တိရီနဲ့ အရင်ပူးပေါင်းပြီး တိုက်ခိုက်ရမယ်။ ငါတို့ အတူတူလုပ်ရင် အခြေအနေ ပိုကောင်းလာလိမ့်မယ်'
အနီရောင်ဝတ် အဘိုးကြီးက စိတ်ထဲမှ အလျင်အမြန် တွေးလိုက်သည်။ လုမင်ကို သူတစ်ဦးတည်း ဆက်လက်တိုက်ခိုက်နေပါက သူ့အတွက် ကောင်းတော့မည်မဟုတ်ပေ။ အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ပါမှ လုမင်အား တရှိန်ထိုး သတ်နိုင်မည် ဖြစ်သည်။
ထိုသို့တွေးမိသောအခါ အနီရောင်ဝတ် အဘိုးကြီးက တိရီဘက်သို့ ချက်ချင်း ပြေးတော့သည်။
ဤအခိုက်မှာပင် မူလခန္ဓာလုမင်နှင့် ဒုတိယခန္ဓာ၏ မျက်လုံးများက အေးစက်စက်အလင်းများ တပြိုင်နက်တည်း လင်းလက်သွားခဲ့သည်။
"ဝုန်း"
မူလခန္ဓာလုမင်၏ ငရဲဖိနှိပ်ကျောက်စာချပ်မှ အလင်းများက မီတာတစ်သောင်းအထိ ထိုးတက်သွားခဲ့သည်။ ကစဉ့်ကလျားတာအိုနှင့် ဝန်းရံထားရင်း တောင်လုံးတမျှ ကြီးမားလာခဲ့၏။ တတိယသွေးမျိုးဆက်မှ စွမ်းအင်များကလည်း စီးဝင်လာတော့သည်။
ငရဲဖိနှိပ်ကျောက်စာချပ်က အတားအဆီးမဲ့သော ကောင်းကင်သိုင်းဖြင့် အနီရောင်ဝတ် အဘိုးကြီးကို ပြင်းပြင်းထန်ထန် ဖိနှိပ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ဒုတိယခန္ဓာလုမင်က အော်ဟစ်ပြီး ဖီးနစ်ငှက်မွေး ဓားပျံနှစ်စင်းအား အနီရောင်ဝတ် အဘိုးကြီးဆီသို့ ပစ်လွှတ်လိုက်၏။
ဒုတိယခန္ဓာလုမင်၏ ခန္ဓာကိုယ်ပေါ်ရှိ အစီရင်များက သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် အဆုံးစွန်ထိ ပေါက်ကွဲထွက်လာခဲ့သည်။ ဒုတိယခန္ဓာ လုမင်က သတ်ဖြတ်ခြင်း ဝင်္ကပါ၏ အမြုတေ ဖြစ်၏။ အဆုံးမဲ့ ဓားစွမ်းအင်များက တဟုန်ထိုးတက်လာပြီး တစ်ခုတည်းအဖြစ် စုစည်းသွားတော့သည်။
ဒုတိယခန္ဓာက သတ်ဖြတ်ခြင်းအစီရင်နှင့် ဓားတစ်လက်အဖြစ် ပြောင်းလဲသွားကာ တိုက်ခိုက်လိုက်သည်။
မူလခန္ဓာ လုမင်လည်း အနီရောင်ဝတ် အဘိုးကြီးကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်တော့သည်။
"ဧကရာဇ်ဓား၊ ကောင်းကင် ဖျက်ဆီးသောဓား"
အနီရောင်ဝတ် အဘိုးကြီးက ယွမ်ချီစွင်းအင်များကို အရူးအမူးလှည့်ပတ်ကာ ဓားနှစ်ချက် ထုတ်ဖော်လိုက်သည်။ တောင်လုံးကဲ့သို့ ဓားအလင်းကြီးနှစ်ခုက ဒုတိယခန္ဓာနှင့် မူလခန္ဓာ လုမင်ကို ခုတ်ပိုင်းလိုက်သည်။
"ဝုန်း"
ငရဲဖိနှိပ်ကျောက်စာချပ်က ဓားအလင်းတစ်ခုကို ရင်ဆိုင်လိုက်သည်။ ဓားအလင်း ပျောက်ကွယ်သွားသော်လည်း ငရဲဖိနှိပ်ကျောက်စာချပ်ပါ လွင့်ကာ ပျံသန်းသွားရ၏။
တစ်ဖက်တွင်၊ ဓားအလင်းနှစ်ခု၏ ရင်ဆိုင်မှု ဖြစ်သည်။ ချွန်ထက်ပြီး အားကောင်းသော ဓားစွမ်းအင်များက လေထဲတွင် ပြည့်နေတော့သည်။
ဖီးနစ်ငှက်မွှေး ဓားပျံနှစ်ဖက်နှင့် ဒုတိယခန္ဓာက ပိတ်ဆီးခံလိုက်ရသည်။
သို့သော်လည်း ထိုအခိုက်တွင် နောက်ထပ်ဓားပျံသုံးချောင်းက ဒုတိယခန္ဓာ၏နဖူးမှ ထွက်လာသည်။
နောက်ထပ် ဖီးနစ်ငှက်မွှေးဓားပျံ သုံးလက် ရှိသေးသည်။
ဤဖီးနစ်ငှက်မွေးဓားပျံသုံးလက်က အနီရောင်ဝတ် အဘိုးကြီး၏ မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့သည်။
ယခင် ဓားပျံနှစ်လက်၏ တိုက်ခိုက်မှုက သူ့အား ခက်ခဲစေပြီး အသက်ရှုရန် အချိန်လိုအပ်သည်။ သို့သော်လည်း လုမင်က အချိန်ကို တွက်ချက်ပြီး ပြီးပြည့်စုံစွာ ဆုပ်ကိုင်ထား၏။ ဤအခိုက်အတန့်တွင် သူက တိကျသောချာသော တိုက်ခိုက်မှုကို စတင်လိုက်တော့သည်။
အနီရောင်ဝတ် အဘိုးကြီး၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ အော်ဟစ်လိုက်သည်။
"မဟုတ်ဘူး"
"ရွှစ်... ရွှစ်... ရွှစ်"
ဖီးနစ်ငှက်မွေး ဓားပျံသုံးစင်းက အနီရောင်ဝတ် အဘိုးကြီး၏ ခန္ဓာကိုယ်ကို ဖြတ်သွားခဲ့သည်။
တစ်ခုက သူ့နဖူးကိုဖြတ်သွားသည်။ တစ်ခုက သူ့နှလုံးသားကို ဖြတ်သွား၏။ နောက်ဆုံးတစ်ခုမူကား သူ့ဒန်တျန်ကို ဖြတ်သွားတော့သည်။
ဤနေရာသုံးခုစလုံးက အရေးကြီးသော အချက်များ ဖြစ်သည်။
အနီရောင်ဝတ် အဘိုးကြီး၏ မျက်လုံးများက မယုံကြည်နိုင်စွာ ပြူးကျယ်သွားသည်။ လုမင်နှင့် တိုက်ခိုက်ရသည့် တိုက်ပွဲတွင် သူ သေဆုံးမည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးပေ။
ထို့နောက်တော့ အနီရောင်ဝတ် အဘိုးကြီး၏ အလောင်းက မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
အုပ်ချုပ်သူ ဝိညာဉ်လက်နက်ကို ထိန်းချုပ်ထားသော ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်မှ သိုင်းအုပ်ချုပ်သူတစ်ဦး သေဆုံးသွားခဲ့ပြီ။
သူတော်စင်မြို့တော်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့သည်။
ဤတိုက်ပွဲက တိုက်ပွဲတစ်ခုလုံး၏ ရေစီးကြောင်းကို ပြောင်းလဲစေနိုင်သော တိုက်ပွဲဖြစ်သည်။ ယခု ကောင်းကင်ဧကရာဇ်ဘုရားကျောင်းမှ အထွတ်အထိပ် ကျွမ်းကျင်သူတစ်ဦးကို ဆုံးရှုံးခဲ့ပြီ။ ယခု လုမင်ကို မည်သူတားဆီးနိုင်မည်နည်း။
ကောင်းကင်ယံရှိ သိုင်းအုပ်ချုပ်သူများကြားမှ တိုက်ပွဲက ပို၍ ပြင်းထန်လာခဲ့သည်။
သိုင်းအုပ်ချုပ်သူများကြားတွင် အသေအပျောက်များ ပေါ်ပေါက်လာခဲ့၏။
သိုင်းအုပ်ချုပ်သူတချို့ ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး တချို့ဆိုလျှင် ပွဲချင်းပြီး သေဆုံးခဲ့သည်။
တိုက်ပွဲက အလွန်ရက်စက်လှပေသည်။
အများအားဖြင့် မြင့်မားပြီး ခပ်ခွာခွာနေတတ်သော သိုင်းအုပ်ချုပ်သူများက ယနေ့တွင် သွေးလွှမ်းသော တိုက်ပွဲမှာ ပါဝင်ချင်နေကြသည်။ သတိတစ်ချက် လွတ်မိရုံဖြင့် ကျဆုံးသွားရပေလိမ့်မည်။