အခန်း ၁၃၄၅
Vol. 90 Ch. 1345
အပိုင်း ( 1345 ) လုမင်နှင့် တိရီ။
သို့ရာတွင် ထိုသိုင်းအုပ်ချုပ်သူတိုင်းက တိုက်ခိုက်နေသော်လည်း တိုက်ပွဲအခြေအနေကို အမြဲ အာရုံစိုက်နေခဲ့ကြသည်။
ဤအခိုက်အတန့်တွင် လုမင်က အနီရောင်ဝတ်အဘိုးကြီးကို သတ်လိုက်သည်အား မြင်ရပြီးနောက်၊ မြောက်ပိုင်းလွင်ပြင်နှင့် ကောင်းကင်နတ်ဘုရားတပ်မဟာမှ လူများက အလွန် အားတက်သွားကြ၏။
တစ်ဖက်တွင်၊ ကောင်းကင်ဧကရာဇ်ဘုရားကျောင်းနှင့် ရှဲ့မိသားစုတို့က ဆန့်ကျင်ဘက် ဖြစ်သည်။ သူတို့အားလုံး တုန်လှုပ်သွားတော့သည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
တစ်ယောက်ယောက်က အော်လိုက်သည်။
လုမင်က အုပ်ချုပ်သူအဆင့် ဝိညာဉ်လက်နက်ကို ထိန်းချုပ်ထားသော ဒုတိယအဆင့် အထွတ်အထိပ်မှ သိုင်းအုပ်ချုပ်သူတစ်ပါးကို အမှန်တကယ် သတ်ပစ်ခဲ့၏။
လုမင်က ဘယ်လိုလုပ်ပြီး ဤမျှအစွမ်းထက်နိုင်သနည်း။
လုမင်ကြောင့် ဤတိုက်ပွဲတွင် ကြီးမားသော အပြောင်းအလဲများ ရှိလာတော့မလား။
"ဝုန်း"
လုမင်နှင့် အနီးဆုံး စစ်မြေပြင်တွင် ထူချမ်နှင့် ရှကျိုးယန်က တိရီနှင့် အပြန်အလှန် ထိုးနှက်တိုက်ခိုက်ပြီး နှစ်ဖက်စလုံး ဆုတ်ခွာသွားကြသည်။
"ဝှစ်... ဝှစ်"
မူလခန္ဓာလုမင်နှင့် ဒုတိယခန္ဓာက လေထုကိုဖြတ်သန်းပြီး တိရီအနီးတွင် ပြန်ပေါ်လာကာ တိုက်ခိုက်လိုက်၏။
"ငါ့ကို အတူတူပူးပေါင်းပြီး တိုက်ခိုက်ချင်တာလား။ ကောင်းတယ်၊ မင်းတို့အားလုံးကို တစ်ခါတည်း သတ်တာပေါ့"
တိရီက အလွန်အားကောင်းသည်။ သူ့မျက်လုံးများကလည်း ဓားကဲ့သို့ စူးရှ၏။
"တိရီ၊ မင်းကိုသတ်ဖို့လောက်နဲ့ ဘာဖြစ်လို့ အတူတူ တိုက်ခိုက်ရမှာလဲ။ ဒီနေ့ မင်းနဲ့ငါကြားက အကြွေးကို ရှင်းမယ်"
လုမင် ပြောလိုက်သည်။ သူ့ထံမှ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာကာ တိရီကို လွှမ်းမိုးလိုက်၏။
"အကြီးအကဲကျိုးယန်နဲ့ ထူချမ်၊ သွားပြီး တခြားသူတွေကို ကူညီလိုက်ပါ။ တိရီကို ကျွန်တော်အတွက် ထားခဲ့လိုက်"
လုမင် ပြောလိုက်သည်။
"ကောင်းပြီ"
ထူချမ်က လုမင်၏အမိန့်ကို အပြည့်အဝ နားထောင်သည်။ လုမင် ပြောသမျှကို သူ လုပ်၏။ သူက ခေါင်းညိတ်ပြပြီး တခြားတိုက်ပွဲအုပ်စုများဆီသို့ ပြေးသွားတော့သည်။
သူက ပုဆိန်ကိုမြှောက်ပြီး သိုင်းအုပ်ချုပ်သူတစ်ပါးကို ခုတ်ပိုင်းကာ ထက်ခြမ်းခွဲချလိုက်သည်။
"မကောင်းတော့ဘူးဟေ့၊ တိုက်ပွဲဝင်္ကပါတွေ စုဖွဲ့ကြ"
သိုင်းအုပ်ချုပ်သူတစ်ပါးက အလောတကြီး အော်ဟစ်လိုက်၏။
ထူချမ်၏ လှုပ်ရှားမှုက တိုက်ပွဲဟန်ချက် ပျက်သွားစေသည်မှာ သံသယဖြစ်စရာ မလိုပေ။ သိုင်းအုပ်ချုပ်သူတချို့က ဟိန်းဟောက်ပြီး ခုခံကာကွယ်ရန် တိုက်ပွဲဝင်္ကပါကို စုရုံးလိုက်ကြသည်။
သို့မှသာ သူတို့က ထူချမ်ကို တားဆီးနိုင်တော့သည်။
"လုမင်..."
ရှကျိုးယန်ကတော့ လုမင်အတွက် အနည်းငယ် စိုးရိမ်နေဆဲ ဖြစ်သည်။
"အကြီးအကဲကျိုးယန်၊ စိတ်မပူပါနဲ့။ ဒီနေ့ တိရီနဲ့ ကျွန်တော် စာရင်းရှင်းရမယ်"
လုမင် ပြောလိုက်သည်။
"ဒါဆို သတိထားပါ"
ရှကျိုးယန်လည်း သတိပေးပြီး အခြား သိုင်းအုပ်ချုပ်သူများကို သွားရောက်တိုက်ခိုက်တော့သည်။
လုမင်နှင့် မဟာမိတ်များဘက်မှ အသာစီးရလာခဲ့သည်။
အစပိုင်းမှာတော့ သူတို့ဘက်တွင် သိုင်းအုပ်ချုပ်သူများ ပိုနည်းသောကြောင့် အားနည်းချက် ရှိသည်။ ယခုမူ အခြေအနေက ပြောင်းပြန်ဖြစ်သွားပြီ။
ရှကျိုးယန် ထွက်သွားပြီးနောက် တိရီနှင့် လုမင်တို့ နှစ်ဦးတည်းသာ ကျန်သည်။
"ဝုန်း"
မျက်နှာချင်းဆိုင် ရပ်လိုက်ပြီးနောက် သတ်ဖြတ်ချင်စိတ်များ ပေါက်ကွဲထွက်လာခဲ့၏။
နှစ်များ အတော်ကြာပြီးနောက်၊ လုမင်ဟာ တိရီနှင့် ရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီး အဆုံးအဖြတ်တိုက်ပွဲကို တိုက်နိုင်ပြီ ဖြစ်သည်။
လမ်းတစ်လျှောက်တွင် လုမင်က မရေမတွက်နိုင်သော အန္တရာယ်များနှင့် ဒုက္ခများကို ကြုံတွေ့ခဲ့ရသည်။ နောက်ဆုံးတော့ သူ၏ တိုက်ခိုက်နိုင်စွမ်းက ဤအဆင့်သို့ ရောက်ရှိလာပြီး တိရီနှင့် တိုက်ခိုက်နိုင်ခဲ့ပြီ။
နဝမနဂါး သွေးအနှစ်သာရကြောင့်လည်း သူတို့နှစ်ဦးက ဆန့်ကျင်ဘက်သို့ ရောက်နေပြီ ဖြစ်သည်။ တိုက်ပွဲက ရှောင်လွှဲ၍မရပေ။
"ဝမ်"
လုမင်၏ ကျောရိုးက အပူလှိုင်းများကို ထုတ်လွှတ်လိုက်ပြီး လေထဲတွင်လည်း သွေးအလင်းများ ပြည့်သွားသည်။ ယင်းက နဝမနဂါးသွေးမျိုးဆက်၏ တုံ့ပြန်မှုပင်။
တစ်ချိန်တည်းမှာပင် တိရီ၏ ခန္ဓာကိုယ်မှလည်း သွေးနီရောင်အလင်းတန်းများဖြင့် ပြည့်နှက်လာခဲ့သည်။ နဂါးဟိန်းဟောက်သံကို ဖျတ်ခနဲ ကြားလိုက်ရသည်။
'နဝမနဂါး သွေးအနှစ်သာရ'
လုမင်၏ စိတ်အတွေးများက လှုပ်ရှားသွားသည်။
နဝမနဂါးသွေးမျိုးဆက်မှတစ်ဆင့် တိရိထံမှ နဝမနဂါး သွေးအနှစ်သာရကို သူ ခံစားနိုင်ပေသည်။
တိရီက လုမင်ကဲ့သို့ နဝမနဂါးသွေးမျိုးဆက်ကို မနိုးထခဲ့ပေ။ ထိုအစား သူ့ခန္ဓာကိုယ်အတွင်းတွင် စုပ်ယူကာ ပေါင်းစပ်ထားခဲ့ခြင်း ဖြစ်သည်။
မမှားပေ၊ တိရီက နဝမနဂါးသွေးအနှစ်သာရကို ရရှိချိန်တွင် သိုင်းအုပ်ချုပ်သူ ဖြစ်နေပြီ ဖြစ်သည်။ သူက သွေးမျိုးဆက်နိုးထစေရန် မသုံးနိုင်ဘဲ ပေါင်းစည်းရန်သာ တတ်နိုင်ခဲ့ပေသည်။
"သတ်"
တိရီ အချိန်မဖြုန်းချင်တော့ပါ။ သူက လုမင်ကို စတင် တိုက်ခိုက်လိုက်သည်။
"ဝှစ်"
ဒုတိယခန္ဓာလုမင်က လေထဲသို့ ခြေလှမ်းလိုက်သည်နှင့် ဝင်္ကပါများ ထွက်ပေါ်လာခဲ့သည်။ ရန်သူကို ထောင်ချောက်ဆင်ခြင်း၊ တိုက်ခိုက်ခြင်း ဝင်္ကပါအမျိုးမျိုး ရှိခဲ့၏။ ဝင်္ကပါများက အလင်းမျိုးစုံကို ထုတ်လွှတ်ကာ တိရီအား တိုက်ခိုက်ကြတော့သည်။
တစ်ချိန်တည်းမှာပင် ဖီးနစ်ငှက်မွှေး ဓားပျံငါးခုက တိရီဆီသို့ ပျံသန်းသွားကြသည်။
ငရဲဖိနှိပ်ကျောက်စာချပ်ကလည်း ကစဉ့်ကလျားတာအိုဖြင့် တိရီကို တိုက်ခိုက်လိုက်၏။
တိရီ၏ တိုက်ခိုက်နိုင်စွမ်းက အလွန်အားကောင်းသည်။ သူသည် အနီရောင်ဝတ် အဘိုးကြီးထက်ပင် ပို၍ အားကောင်း၏။ သို့သော်လည်း ရလဒ်ကတော့ မကွာခြားလှပေ။ လုမင်၏ မူလခန္ဓာနှင့် ဒုတိယခန္ဓာ၏ ပူးပေါင်းတိုက်ခိုက်မှုက ပြီးပြည့်စုံသောကြောင့် တိရီမှာ အင်အားအပြည့်ကို မထုတ်ဖော်နိုင်ဘဲ ဖြစ်ခဲ့ရသည်။
အတန်ကြာ တိုက်ခိုက်ပြီးနောက်မှာတော့ လုမင်က အသာစီးရလာတော့သည်။
"လုမင်၊ ဒီနေ့ မင်းကို ငါ့ရဲ့ အပြင်းထန်ဆုံး တိုက်ခိုက်နိုင်စွမ်းကို ပြသမယ်"
တိရီက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့တစ်ကိုယ်လုံး တောက်ပလာ၏။ တိရီ၏ ခန္ဓာကိုယ်မှ အလင်းမျိုးစုံ ထွက်လာခဲ့သည်။
ဤအလင်းများက ထူးဆန်းသော ဖြစ်စဉ်အမျိုးမျိုးကို ဖြစ်ပေါ်စေသည်။
အစစ်အမှန်နဂါးများ ပျံသန်းခြင်း၊ ဖီးနစ်များ ငိုကြွေးခြင်း၊ ချီလင်များ၊ နတ်ငှက်များ၊ ဓားများ... စသည်ဖြင့်။
တိရီ၏ ခန္ဓာကိုယ်ပေါ်တွင် ထူးခြားသော ဖြစ်စဉ်မျိုးစုံ ပေါ်လာတော့သည်။
လုမင်ဟာ ထိုအထဲမှ နဝမနဂါးကိုပင် မြင်လိုက်ရသည်။
"သွေးမျိုးဆက်တစ်ထောင် ဝိညာဉ်ခန္ဓာ"
တိရီက သံရှည်ဆွဲပြီး ဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အတက်အကျတစ်ခု ထွက်ပေါ်လာခဲ့၏။
"ဝုန်း... ဝုန်း"
တိရီ၏ တိုက်ခိုက်နိုင်စွမ်းက အလွန်တိုးတက်လာခဲ့သည်။ ရွှေရောင်ဓားတစ်လက်က ကောင်းကင်ကို ဖြတ်သန်းသွား၏။ ဓားအလင်းတစ်ခုစီက အရာအားလုံးကို ဖြိုခွင်းပစ်နိုင်သည်။
ဒုတိယခန္ဓာမှ တည်ဆောက်ထားသော ဓားအလင်းက ချက်ခြင်း ပျက်စီးသွားခဲ့သည်။
"ထန်"
ဓားအလင်းက ငရဲဖိနှိပ်ကျောက်စာချပ်ကို ထိမှန်သွား၏။ ငရဲဖိနှိပ်ကျောက်စာချပ်က ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး အဝေးသို့ လွင့်စဉ်သွားတော့သည်။
ကံကောင်းထောက်မစွာဖြင့် ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်တွင် မူလခန္ဓာ တစ်စိတ်တစ်ပိုင်းရှိပြီး စွမ်းအား အလွန်တိုးတက်ခဲ့သည်။ မဟုတ်ပါက၊ လုမင်မှ သူ့ကို ထိပ်တိုက်ရင်ဆိုင်ဝံ့မည် မဟုတ်ပေ။
"ထန်... ထန်... ထန်"
ဖီးနစ်ငှက်မွှေး ဓားပျံငါးခုက လွင့်စဉ်သွားခဲ့သည်။ ထို့အတူပင် ဒုတိယခန္ဓာလည်း ဆုတ်သွားရတော့သည်။
'ဘယ်လောက်တောင် အစွမ်းထက်လိုက်လဲ'
လုမင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့သည်။
တိရီ၏ တိုက်ခိုက်နိုင်စွမ်းက ရုတ်တရက် သိသိသာသာ တိုးတက်လာခဲ့၏။ ထိုအရာအားလုံးက သူ့ခန္ဓာကိုယ်ပေါ်မှ ထူးခြားသော ဖြစ်စဉ်များကြောင့် ဖြစ်သည်။
လုမင်ဟာ တိရီက သွေးမျိုးဆက်အားလုံး၏ အနှစ်သာရဖြင့် စွမ်းအားကြီးမားသော ဝိညာဉ်ခန္ဓာကို လေ့ကျင့်ထားခြင်းဖြစ်မည်ဟု မှန်းဆမိခဲ့သည်။ ထိုဝိညာဥ်ခန္ဓာ ပေါက်ကွဲသောအခါ၊ ၎င်း၏ စွမ်းအားက သာမန် ဝိညာဉ်ခန္ဓာထက် များစွာ ပို၍ အားကောင်းပေလိမ့်မည်။
"ဝိညာဉ်တစ်သောင်း၊ သတ်ဖြတ်ခြင်း"
တိရီက ဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်ရှိ သက်ရှိသတ္တဝါမျိုးစုံကလည်း ရုတ်တရက် ဟိန်းဟောက်လိုက်၏။ အားလုံးက သက်တန့်ရောင်စုံ အလင်းများအဖြစ်နှင့် လုမင်ဆီသို့ ပျံသန်းလာတော့သည်။
"ဂါး"
လုမင်ဟာ သူတို့ထဲတွင် နဝမနဂါး၊ အစစ်အမှန်နဂါးနှင့် ချီလင်တို့ကို တွေ့လိုက်ရသည်။ သူတို့က ကြောက်စရာကောင်းသော အရှိန်အဝါများဖြင့် လုမင်ကို တိုက်ခိုက်လာကြတော့သည်။
ငရဲဖိနှိပ်ကျောက်စာချပ်က တုန်ခါသွားခဲ့သည်။ ၎င်းက ကစဉ့်ကလျားစွမ်းအင်များကိုသယ်ဆောင်ရင်း အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အသုံးပြုလိုက်၏။
"ဝုန်း... ဝုန်း... ဝုန်း"
ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။
သို့ရာတွင်၊ တိရီက ဓားကိုကိုင်ဆွဲပြီး ဒုတိယခန္ဓာ လုမင်အား တိုက်ခိုက်လိုက်သည်။
"ငါ မင်းကို အရင်သတ်မယ်"
တိရီက အေးစက်စက်ဖြင့် ပြောလိုက်သည်။
သူ့အမြင်တွင်၊ ဒုတိယခန္ဓာ လုမင်က ပို၍ ကိုင်တွယ်ရခက်ပေသည်။ သူ့တွင် လှည့်ကွက်များစွာနှင့် နည်းလမ်းအမျိုးမျိုး ရှိသည်။ ထို့ကြောင့် ဒုတိယခန္ဓာကိုသတ်လိုက်လျှင် မူလခန္ဓာ လုမင်က ကြောက်စရာမရှိတော့ပေ။
"တိရီ၊ မင်း ငါ့ကို သတ်နိုင်မယ်ထင်လို့လား။ ဒီနေ့ မင်းသိအောင် ငါပြမယ်"
ဒုတိယခန္ဓာလုမင်က တည်ငြိမ်စွာ ပြုံးလိုက်သည်။ တချိန်တည်းမှာပင် နားလည်ရခက်စွာ ပြုံးပြလိုက်၏။
"ဝှစ်..."
ဒုတိယခန္ဓာ လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ စာလိပ်တစ်ခု ထွက်ပေါ်လာတော့သည်။ ထို့နောက်တွင် စာလိပ်က လျင်မြန်စွာ ပြန့်ကားလာပြီး တိရီကို လွှမ်းခြုံသွားခဲ့သည်။
"အလုံးစုံဝင်္ကပါအင်းကွက်၊ လျန်ခန်းရဲ့ အလုံးစုံဝင်္ကပါအင်းကွက်ပဲ"
တိရီက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဒါဆိုရင် မင်းကို အလုံးစုံဝင်္ကပါအင်းကွက်ရဲ့ စွမ်းအား ထပ်ပြီး မြည်းစမ်းစေရအောင်"
ဒုတိယခန္ဓာလုမင်၏ မျက်ခုံးနှစ်ခုကြားမှ ရွှေရောင်ဝိညာဉ်မီးများ တောက်ပလာခဲ့သည်။ အလုံးစုံဝင်္ကပါအင်းကွက်က အဆုံးမဲ့အလင်းများ တောက်ပလာ၏။ ထူထဲသော ကမ္ပည်းများနှင့် ဝင်္ကပါကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။
ဝင်္ကပါမှ ကြောက်စရာကောင်းပြီး မရေမတွက်နိုင်သော တိုက်ခိုက်မှုများက တိရီကို အဆက်မပြတ် တိုက်ခိုက်လိုက်ကြသည်။
"ဝှစ်... ဝှစ်"
တိရီကလည်း ရွှေရောင်ဓားကိုဆုပ်ကိုင်ပြီး အရူးအမူး ခုတ်ပိုင်းလိုက်၏။ ဓားအလင်းများက တရွှီရွှီမြည်ပြီး တိုက်ခိုက်မှုများကို ဖျက်ဆီးပစ်နေတော့သည်။
သို့သော်လည်း အလုံးစုံဝင်္ကပါအင်းကွက်တွင် အဆုံးမဲ့ ဝင်္ကပါများနှင့် အဆုံးမဲ့တိုက်ခိုက်မှုများ ပါရှိသည်။ တိရီအပေါ် တိုက်ခိုက်မှုများက အဆက်မပြတ်ဖြစ်ပြီး အဆုံးမရှိပေ။
သံသယဖြစ်စရာမလိုအောင် အလုံးစုံဝင်္ကပါအင်းကွက်ကလည်း အုပ်ချုပ်သူဝိညာဥ်လက်နက်တစ်ခု ဖြစ်သည်။
ထိုစဉ်က ဧကရာဇ်လျန်ခန်းသည် ပထမအဆင့် သိုင်းအုပ်ချုပ်သူဖြစ်ပြီး တိရီကတော့ ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူ ဖြစ်နေပြီ ဖြစ်သည်။ သူတို့ကြားတွင် အင်အား ကွာဟချက်က အလွန်ကြီးမား၏။ လျှို့ဝှက်ဆန်းကျယ်ပြီး အစွမ်းထက်သည့် အလုံးစုံဝင်္ကပါအင်းကွက်ကြောင့်သာ မဟုတ်ပါက တိရီ၏ လုပ်ကြံတိုက်ခိုက်မှုမှ ဧကရာဇ်လျန်ခန်း မည်သို့ လွတ်မြောက်နိုင်မည်နည်း။ အမှတ်အသားချန်ကာ မလွတ်မြောက်နိုင်ဘဲ တစ်ခါတည်း သေဆုံးသွားရမည် ဖြစ်သည်။