အခန်း ၁၃၄၇
Vol. 90 Ch. 1347
အပိုင်း ( 1347 ) နဝမနဂါးဒယ်စောက်အိုး၊ ထွက်ခဲ့လော့။
ကြေးလူသားကိုးယောက် ပေါ်လာသည်နှင့် တပြိုင်နက် သိုင်းအုပ်ချုပ်သူကိုးဦးက ထိန်းချုပ်လိုက်ကြသည်။ ထိုအခါ သူတို့၏ တိုက်ခိုက်နိုင်စွမ်းက သိုင်းအုပ်ချုပ်သူနယ်ပယ် ဒုတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး ကစားပွဲကို ချက်ချင်း ပြောင်းပြန်လှန်လိုက်တော့သည်။
"ဝုန်း"
လုမင် အတွေးဝင်သွားချိန်တွင် တိရီထံမှ ပေါက်ကွဲသံကို ကြားလိုက်ရသည်။ သူ့ခန္ဓာကိုယ်က မီးတောက်နေသကဲ့သို့ ကောင်းကင်အမြင့်ကို ထိုးတက်သွား၏။
"လုမင်၊ ဒီနေ့သေရမဲ့လူက မင်းပဲကွ။ မင်းက ငါ့အတွက် ပြိုင်ဘက်ဖြစ်မှာမဟုတ်ဘူး"
တိရီက ဟိန်းဟောက်ပြီး အေးစက်စက် သတ်ဖြတ်ချင်စိတ်များကို ထုတ်လွှတ်လိုက်သည်။
"လူစုကြ၊ စုပေါင်းပြီးတော့ တိုက်ခိုက်ကြ"
ပိုင်ကျန်းဧကရာဇ်က အော်ဟစ်ပြီး လူစုစည်းလိုက်သည်။
ရှဲ့မိသားစု၏ အခြေခံအုတ်မြစ်က အလွန်တုန်လှုပ်စရာကောင်းသည်။ သူတော်စင်မြို့တော်၏ သမိုင်းတွင် မည်သူတစ်ဦးတစ်ယောက်မျှ ဖောက်ဖျက်နိုင်ခြင်း မရှိခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။ ဤမျှခိုင်မာသော အခြေခံအုတ်မြစ်နှင့်၊ မည်သူက သူတို့ကို အနိုင်ယူနိုင်မှာလဲ။
သိုင်းအုပ်ချုပ်သူ ကိုးဦး၏ ထိန်းချုပ်မှုအောက်တွင်၊ ကြေးလူသားကိုးဦးက အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူများနှင့် ညီမျှသည်။ အဆင့်နှစ် အထွတ်အထိပ် သိုင်းအုပ်ချုပ်သူကိုးဦး၏ တိုက်ခိုက်နိုင်စွမ်းမှာ မည်မျှအားကောင်းပါမည်နည်း။
ပိုင်ကျန်းဧကရာဇ်၊ ထူချမ်၊ ရှကျိုးယန်၊ လူရိုင်းဧကရာဇ်၊ ဧကရီယွဲ့ရှင်းနှင့် အခြားသူများက စုစည်းပြီး ကြေးလူသားကိုးဦးကို သတိထားကာ ကြည့်လိုက်သည်။
"သတ်၊ သတ်ကြ"
ရှဲ့ချီထျန်း အမိန့်ပေးလိုက်သည်။
"သတ်၊ သတ်"
အရပ် သုံးမီတာ မြင့်မားသော ကြေးလူသားကိုးဦးက စတင် လျှောက်လှမ်းလိုက်ကြသည်။ ခြေတစ်ချက်လှမ်းလိုက်တိုင်း လေထုက ပေါက်ကွဲသွား၏။ သူတို့က ပိုင်ကျန်းဧကရာဇ်နှင့် အခြားသူများဆီသို့ ပျံသန်းသွားတော့သည်။
သူတို့အပြင် ရှဲ့ချီထျန်းနှင့် အခြားသော သိုင်းအုပ်ချုပ်သူများလည်း ပါ၀င်သည်။
"သူတို့ နိုင်သွားပြီ။ ရှဲ့မိသားစုနဲ့ ကောင်းကင်ဧကရာဇ်ဘုရားကျောင်းက အနိုင်ရလိမ့်မယ်"
"ဒီတိုက်ပွဲမှာ သည်းထိတ်ရင်ဖိုစရာမရှိတော့ပါဘူး။ အခုအချိန်ကစပြီး၊ ရှမ်းဟွမ်တိုက်ကြီးကို ကောင်းကင်ဧကရာဇ်ဘုရားကျောင်းနဲ့ ရှဲ့မိသားစုက ပိုင်စိုးလိမ့်မယ်"
သူတော်စင်မြို့တော်တွင် တိုက်ပွဲကိုကြည့်ရှုနေကြသော လူအများက သက်ပြင်းချလိုက်သည်။ ဤတိုက်ပွဲက သည်းထိတ်ရင်ဖိုစရာ မရှိတော့ဘူးဟု သူတို့ခံစားခဲ့ရပေသည်။
ရှဲ့မိသားစုနှင့် ကောင်းကင်ဧကရာဇ်ဘုရားကျောင်းက အနိုင်ရမည်မှာ သေချာသည်။ ကြေးလူသားကိုးဦး၏ တည်ရှိမှုက တိုက်ပွဲ၏ ရလဒ်ကို သတ်မှတ်ခဲ့ပြီးပြီ။
လူတချို့ သက်ပြင်းချကြသည်။ ဤတိုက်ပွဲက စိတ်လှုပ်ရှားစရာကောင်းလွန်းလှပေသည်။ သိုင်းအုပ်ချုပ်သူများ၏ အသက်များက မြက်ပင်များကဲ့သို့ ဖြစ်သည်။ ယခုအချိန်ထိ သိုင်းအုပ်ချုပ်သူ ဆယ်ပါးကျော် ကျဆုံးခဲ့ပြီးပြီ။
ဤတိုက်ပွဲကို သမိုင်းမှတ်တမ်းများတွင် မှတ်တမ်းတင်ထားပြီး ခေတ်အဆက်ဆက် ပျံ့နှံ့သွားတော့မည် ဖြစ်သည်။
"သေတဲ့အထိ တိုက်ခိုက်ကြစို့"
ပိုင်ကျန်းဧကရာဇ်က အော်လိုက်သည်။
"သတ်"
ထူချမ်က သူ့ပုဆိန်ကိုကိုင်ပြီး ကြေးလူသားတစ်ယောက်ဆီ ပြေးသွား၏။ သူက ပုဆိန်ကြီးကိုမြှောက်ကာ အင်အားကြီးမားစွာဖြင့် ခုတ်ပိုင်းလိုက်တော့သည်။
ကြေးလူသားကလည်း လက်သီးဖြင့် ပြန်လည်ထိုးနှက်လိုက်သည်။
"ဒုန်း"
ထူချမ်က အုပ်ချုပ်သူ ဝိညာဉ်လက်နက်ကို ထိန်းချုပ်ထားသူ ဖြစ်သည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းက ကြေးလူသားထက် ပို၍ အားကောင်း၏။ အသံတစ်ချက်နှင့် ကြေးလူသား လွင့်သွားတော့သည်။
"သူဒဏ်ရာမရဘူး"
ပိုင်ကျန်းဧကရာဇ်နှင့် အခြားသူများ တုန်လှုပ်သွားကြသည်။
ထူချမ်က ကြေးလူသားကို လွင့်စဉ်စေပြီး အသာစီးရခဲ့ပုံရှိသော်လည်း ကြေးလူသားတွင် ဒဏ်ရာမရှိပေ။ သူ့လက်သီးပေါ်၌သာ အရိပ်အယောင်မျှ ပေါ်လာခဲ့သည်။
မာကျောလွန်းပေသည်။ အုပ်ချုပ်သူ ဝိညာဉ်လက်နက်ပင်လျှင် မချိုးဖြတ်နိုင်ပါက မည်ကဲ့သို့ တိုက်ခိုက်နိုင်မည်နည်း။
ပိုင်ကျန်းဧကရာဇ်နှင့် အခြားသူများ၏ မျက်လုံးများတွင် စိတ်ပျက်အားငယ်မှုတို့ ပေါ်လာခဲ့သည်။
"ငါတို့ သုံးယောက် ဒီရုပ်သေးကို ကိုင်တွယ်မယ်။ ကျန်တဲ့လူတွေကို မင်းတို့ သတ်လိုက်ကြ၊ သူတို့ထဲက တစ်ယောက်မှ အလွတ်မပေးနဲ့"
ကြေးလူသားတစ်ဦးထံမှ အသံထွက်လာခဲ့သည်။
"ဝှစ်... ဝှစ်"
ကြေးလူသားတချို့က ထူချမ်ကို ချက်ချင်း ဝိုင်းထားလိုက်၏။ ကျန်သော ကြေးလူသားများက ပိုင်ကျန်းဧကရာဇ်နှင့် အခြားသူများကို တိုက်ခိုက်ကြတော့သည်။
လေထု တုန်ခါမှုနှင့်အတူ၊ ပိုင်ကျန်းဧကရာဇ်နှင့် အခြားသူများရှေ့တွင် ပုံရိပ်နှစ်ခု ပေါ်လာခဲ့သည်။
သူတို့က လုမင်၏ မူလခန္ဓာနှင့် ဒုတိယခန္ဓာ ဖြစ်ချေသည်။
ဤအခိုက်တွင် မူလခန္ဓာ လုမင်က လူသားပုံစံသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။
"ဒီကြေးလူသားကိုးကောင်ကို ငါ့အတွက်ထားလိုက်ပါ။ မင်းတို့ တခြားသူတွေနဲ့ သွားပြီး ပူးပေါင်းလိုက်"
လုမင် ပြောလိုက်သည်။
"ဟမ်၊ ဘာရယ်"
ပိုင်ကျန်းဧကရာဇ်နှင့် အခြားသူများ အံ့အားသင့်သွား၏။
ကြေးလူသားကိုးဦးကို လုမင်အတွက် ထားခဲ့ရမှာလား။
လုမင်က ကြေးလူသားကိုးဦးကို တစ်ဦးတည်း ရင်ဆိုင်ပါမည်လော။ ယင်းက မည်သို့ဖြစ်နိုင်ပါမည်နည်း။
လုမင်က အလွန်သန်မာသောကြောင့် ကြေးလူသား နှစ်ဦး၊ သုံးဦးကို အမှန်တကယ် ကိုင်တွယ်နိုင်စွမ်း ရှိနိုင်သည်။ သို့သော်၊ ဤမျှများပြားသော ကြေးလူသားများကို မည်သို့ ခုခံနိုင်မည်နည်း။
ဤကြေးလူသားကိုးဦးက ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်တွင် ရှိကြပြီး အလွန်လည်း မာကျောသည်။
တတိယအဆင့် သိုင်းအုပ်ချုပ်သူသည်ပင် သူတို့ကို ချိုးဖျက်နိုင်မည် မဟုတ်ပေ။
"လုမင်၊ အတူတူ တိုက်ခိုက်ကြတာပေါ့။ ငါတို့မှာ မျှော်လင့်ချက်ရှိပါသေးတယ်"
"ဟုတ်တယ်၊ မင်းတစ်ယောက်တည်း တိုက်ခိုက်ဖို့က အန္တရာယ်များလွန်းတယ်"
လူရိုင်းဧကရာဇ်၊ ဧကရီယွဲ့ရှင်းနှင့် အခြားသူများက ပြောဆိုလိုက်ကြသည်။
"သတ်၊ လုမင်ကို အရင်သတ်ကြ၊ သူက သေချင်နေတာကြောင့် သူ့ကို အရင်သတ်လိုက်"
ကောင်းကင်အမြင့်တွင် ရှဲ့ချီထျန်းက အော်ဟစ် အမိန့်ပေးလိုက်သည်
"သတ်"
"သတ်"
"ဝုန်း... ဝုန်း... ဝုန်း"
ကြေးလူသားကိုးခုက လုမင်ကို တိုက်ခိုက်လိုက်ကြသည်။
"နဝမနဂါးဒယ်စောက်အိုး၊ ဖိနှိပ်"
နဝမနဂါးသွေးမျိုးဆက်က လုမင်၏ ဦးခေါင်းထက်တွင် ပေါ်လာခဲ့သည်။ သူက ပါးစပ်ကိုဟပြီး ဟိန်းဟောက်လိုက်ရာ ပါးစပ်အတွင်းမှ နဝမနဂါးဒယ်စောက်အိုးကိုးလုံး ပေါ်လာခဲ့၏။ နဝမနဂါး ဒယ်စောက်အိုးကြီးများ ပေါ်လာသည်နှင့် တပြိုင်နက် တောင်လုံးတမျှ ကြီးမားလာကာ ကြေးလူသားကိုးဦးကို ဖိနှိပ်လိုက်တော့သည်။
"နဝမနဂါးဒယ်စောက်အိုး၊ မင်း နဝမနဂါး ဒယ်စောက်အိုးတွေကို ယူလာတာလား"
ကောင်းကင်တွင် တိရီက ကြောက်လန့်တကြား အော်လိုက်သည်။
နဝမနဂါး ဒယ်စောက်အိုးများက ဘယ်သောအခါမှ မရွေ့ခဲ့ပေ။ ယင်းတို့မှာ နဂါးသွေးကြောကိုးခုကို ဖိနှိပ်ရန်အတွက် ရှေးခေတ်မှ ပညာရှင်တစ်ဦးမှ သန့်စင်ခဲ့ခြင်း ဖြစ်သည်။
သမိုင်းတွင် နဝမနဂါး ဒယ်စောက်အိုးများကို တစ်ကြိမ် ရွေ့လျားစေနိုင်သူက နဝမနဂါးသွေးမျိုးဆက်နှင့် လုမင်တစ်ဦးသာ ရှိခဲ့သည်။
တိရီကတော့ နဝမနဂါး သွေးအနှစ်သာရတစ်စက်ကို သွေးမျိုးဆက်တစ်ထောင် ဝိညာဉ်ခန္ဓာ လေ့ကျင့်ရန် အသုံးပြုခဲ့သောကြောင့် နဝမနဂါး ဒယ်စောက်အိုးအား အသုံးမပြုနိုင်ပေ။
ထို့ပြင် နဝမနဂါး ဒယ်စောက်အိုးများက နဂါးသွေးကြောများနှင့် ဝေးကွာလွန်းလျှင်၊ နဂါးသွေးကြောများ တုန်ခါမှုကြောင့် ဒယ်စောက်အိုးများ ပြန်လည် ပျံသွားမည် ဖြစ်သည်။
အရေးအကြီးဆုံးကတော့၊ လုမင်မှ နဝနနဂါးဒယ်စောက်များကို ယူသွားသော်လည်း နဂါးကိုးကောင်မြို့တော်ရှိ ဘယ်သူကမှ အကြောင်းမကြားကြခြင်း ဖြစ်သည်။
"ဝုန်း"
နဝမနဂါးဒယ်စောက်အိုးကိုးခုက ကြေးလူသားကိုးခုကို ဖိနှိပ်လိုက်သည်။
"ချိုးဖြတ်လော့"
ကြေးလူသားကိုးဦးလည်း အော်ဟစ်ပြီး လက်သီးဖြင့် ထိုးနှက်လိုက်၏။
"ဒေါင်... ဒေါင်"
သတ္တုတောင်ကြီးနှစ်လုံး တိုက်မိသွားသကဲ့သို့ ကျယ်လောင်သော အသံများ ထွက်ပေါ်လာခဲ့သည်။ ထိုအသံလှိုင်းကပင် သာမန် သိုင်းအုပ်ချုပ်သူတချို့ကို မျက်နှာများ ဖြူဖျော့သွားစေခဲ့၏။ သူတို့၏ ခန္ဓာကိုယ်ကို ယွမ်ချီစွမ်းအင်နှင့် ကမန်းကတန်း ဖုံးလွှမ်းပြီး ကာကွယ်လိုက်ကြရသည်။
"ဝုန်း... ဝုန်း... ဝုန်း"
ထို့နောက်မှာတော့ ကြေးလူသားကိုးဦးက အမြောက်ကျည်များကဲ့သို့ အဝေးသို့ လွင့်စဉ်သွားတော့သည်။
"ဘယ်လို...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
ရှဲ့ချီထျန်းနှင့် အခြားသူများ အံ့အားသင့်သွားကြသည်။
ကြေးလူသားကိုးခုက လုမင်နှင့် လုံးဝ မယှဉ်နိုင်ပေ။ အားလုံး မြေပေါ်သို့ ပြုတ်ကျသွားကြသည်။ သို့ရာတွင် ယင်းက မည်သို့ဖြစ်နိုင်ပါမည်နည်း။
တစ်ဖက်တွင်၊ ပိုင်ကျန်းဧကရာဇ်နှင့် အခြားသူများက အလွန်ဝမ်းသာသွားကြသည်။
"ဖိနှိပ်"
လုမင် အော်ပြောလိုက်၏။ ဒယ်စောက်အိုးကြီးကိုးလုံးက ကြေးလူသားကိုးဦးကို ဆက်လက်ဖိနှိပ်လိုက်တော့သည်။
လုမင်၏ ကျင့်ကြံခြင်းအခြေခံက ဝိညာဉ်ပင်လယ်နယ်ပယ်တွင် ရှိနေသေးပြီး နဝမနဂါးသွေးမျိုးဆက်က နတ်ဘုရားအဆင့်နှစ်တွင် ရှိနေစဉ်ကပင်၊ နဝမနဂါးဒယ်စောက်အိုးများကို ထိန်းချုပ်ပြီး အဓိပဓိများကို တိုက်ခိုက်နိုင်ခဲ့သည်။ နောက်ဆုံးတွင်၊ သူက ဒယ်စောက်အိုးကိုးခုစလုံး စုစည်းလိုက်သောအခါ တိရီ၏ ကိုယ်ပွားကိုပင် ခုခံနိုင်ခဲ့ပေသည်။
ယခုဆိုလျှင် လုမင်၏ ကျင့်ကြံခြင်းအခြေခံက ယခင်ကထက် အဆများစွာ အားကောင်းလာခဲ့ပြီ ဖြစ်သည်။ ထို့အပြင်၊ သူ၏ နဝမနဂါး သွေးမျိုးဆက်က နတ်ဘုရားအဆင့်ကိုးသို့ ရောက်ရှိသွားခဲ့၏။ သို့ဖြစ်ပေရာ နဝမနဂါး ဒယ်စောက်အိုးများ၏ စွမ်းအားကလည်း သဘာဝအတိုင်း အဆများစွာ အားကောင်းလာတော့သည်။
ကြေးလူသားကိုးဦးစလုံး လုံးလုံးလျားလျား ဖိနှိပ်ခံလိုက်ရသည်။
"ဝုန်း... ဝုန်း... ဝုန်း"
နဝမနဂါး ဒယ်စောက်အိုးကိုးလုံးက ကြေးလူသားကိုးဦးကို ဖိနှိပ်လိုက်သည်။ ကြေးလူသားကိုးဦးက ပြင်းပြင်းထန်ထန် တုန်လှုပ်သွား၏။ ၎င်းတို့ပေါ်ရှိ ကမ္ပည်းများကလည်း လောင်ကျွမ်းနေသကဲ့သို့ တောက်ပနေတော့သည်။
သို့သော်လည်း အချိန်အနည်းငယ်အတွင်းမှာပင် လောင်ကျွမ်းသွားသကဲ့သို့ ကြေးရုပ်တု၏ ခန္ဓာကိုယ်ပေါ်ရှိ အလင်းရောင်များက လျင်မြန်စွာ မှေးမှိန်သွားသည်။
ထို့နောက်တွင် ကြေးရုပ်တုကိုးခုက ပေါက်ကွဲသံကိုးခုနှင့် အမှန်တကယ် ပေါက်ကွဲသွားတော့သည်။
ကြေးရုပ်တုကိုးခုကို ရှေးဟောင်းသူတော်စင်မင်းဆက်၏ ပထမဆုံး သူတော်စင်ဧကရာဇ်က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယခုမူကား၊ နောက်ဆုံးတွင် နဝမနဂါး ဒယ်စောက်အိုးများ၏ တိုက်ခိုက်မှုကြောင့် ပေါက်ကွဲသွားခဲ့ပြီ။
ကြေးလူသားများနှင့် ပေါင်းစပ်ပြီး ထိန်းချုပ်ထားသော သိုင်းအုပ်ချုပ်သူကိုးဦးလည်း အော်ဟစ်ရန်ပင် အချိန်မရှိဘဲ ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ကြေးလူသား ကိုးဦးစလုံး ဖျက်ဆီးခံခဲ့ရသည်။
မြင်ကွင်းက ရုတ်တရက် တိတ်ဆိတ်သွား၏။ မြင်လိုက်ရသူတိုင်း ကိုယ့်မျက်စိကို မယုံနိုင်တော့ပေ။
"ဘုန်း"
ဤအခိုက်တွင် အလောင်းတစ်လောင်းက ကောင်းကင်မှ ပြုတ်ကျလာသည်။
ယင်းက တိဟုန်ချန်၊ တိဟုန်ချန် အသတ်ခံခဲ့ရချေပြီ။
ထို့နောက်တွင် ပုံရိပ်တစ်ခု ဆင်းသက်လာခဲ့သည်။ ၎င်းက ရှဲ့လွမ် ဖြစ်၏။ သူ့ထံမှ နတ်ဆိုးအရှိန်အဝါများက ကောင်းကင်သို့ ထိုးတက်သွားတော့သည်။