အခန်း ၁၃၅၅
Vol. 91 Ch. 1355
အပိုင်း ( 1355 ) မူလန်၏ အတွေးများ။
မူထျန်း၊ မူကျန်း၊ မူရီနှင့် အခြားသူများ၏ ဘဝတွင် ဤမျှ မယုံနိုင်စရာကောင်းသော မြင်ကွင်းကို ဘယ်အချိန်က မြင်ဖူးကြသနည်း။
တောက်ဟန်နှင့် အနက်ရောင်ဝတ် လူနှစ်ယောက်လည်း တဆတ်ဆတ် တုန်နေခဲ့ကြသည်။
ဤနည်းလမ်းက သူတို့အမြင်မှာ ဒဏ္ဍာရီတစ်ခုကဲ့သို့ပင်။
အမှန်တွင်၊ ဤနည်းလမ်းက သိုင်းအုပ်ချုပ်သူတစ်ပါးအတွက် ဘာမျှမဟုတ်ပါ။
ဟင်းလင်းပြင်ကို ဖြိုခွဲပြီး မိုင်ပေါင်း သန်းရာနှင့်ချီ ဝေးကွာသောအရပ်မှ ရန်သူကို သတ်ခြင်းမှာ သာမန် သိုင်းအုပ်ချုပ်သူပင်လျှင် လုပ်နိုင်သည်။
သို့သော်လည်း အကွာအဝေးက ဝေးလေလေ၊ အင်အား ပိုနည်းလေလေပင်။
သာမန် သိုင်းအုပ်ချုပ်သူများအတွက် ဟင်းလင်းပြင်ကိုဖြတ်ပြီး ရန်သူကို သတ်လိုလျှင်၊ အဓိပဓိကိုတောင်မှ မကိုင်တွယ်နိုင်မှာ ကြောက်ရသည်။ ထို့ကြောင့် သာမန် သိုင်းအုပ်ချုပ်သူများဟာ အားကောင်းသော ရန်သူများနှင့် ရင်ဆိုင်ရပါက ထိုနည်းလမ်းကို လုံးဝ မသုံးနိုင်ကြပေ။
လုမင်၏ လက်ရှိ တိုက်ခိုက်နိုင်စွမ်းဖြင့် ဝိညာဉ်နတ်ဘုရား တစ်ပါးတည်းသာရှိသော ဂိုဏ်းတစ်ခုကို ဖျက်ဆီးရန် မိုင်သန်းပေါင်းရာချီ ဝေးကွာသောနေရာမှ အလွယ်တကူ လုပ်နိုင်သည်။
သို့သော်လည်း လုမင်က သွေးတောင်တန်းဂိုဏ်းမှ ကျင့်ကြံခြင်းအခြေခံ နိမ့်ကျသော သိုင်းပညာရှင်များကို မသတ်ခဲ့ပေ။ သူက ဝိညာဉ်ပင်လယ်နယ်ပယ်အထက်မှ ကျင့်ကြံသူများကိုသာ သတ်ခဲ့သည်။
ဝိညာဉ်နတ်ဘုရားနယ်ပယ် ဂိုဏ်းခေါင်းဆောင်အပြင် ထောင်ချီသော ကျွမ်းကျင်သူများ လုမင်၏ လက်ဝါးအောက်တွင် ပြာအဖြစ်သို့ ပြောင်းသွားကြလေသည်။
"ဝှစ်"
ရုတ်တရက် သွေးအလင်းတန်းတစ်ခုက သွေးတောင်တန်းဂိုဏ်းမှ ကောင်းကင်သို့ ထိုးတက်သွားပြီး အဝေးသို့ ပြေးသွားသည်။
"သွေးအေးနန်းတော်ရဲ့ သွေးဧကရာဇ်၊ လက်စသတ်တော့ မင်းက ဒီနောက်ကွယ်က တစ်ယောက်ပဲ"
လုမင်၏ အကြည့်များက အေးစက်သွားကာ ပြောလိုက်သည်။
သွေးတောင်တန်းဂိုဏ်းမှ သွေးအလင်းရောင်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် လုမင် မှတ်မိ၏။ ၎င်းက သွေးအေးနန်းတော်၏ သွေးဧကရာဇ်ဖြစ်သည်။
ထိုစဉ်က သွေးအေးနန်းတော်မှ ဟန်ချင်းတောင်ကို တိုက်ခိုက်သောအခါ သွေးဧကရာဇ်မှ အခြားသူများကိုဦးဆောင်ပြီး တိုက်ခိုက်ခဲ့သည်။ နောက်ပိုင်း မိုရဲ့နှင့် ဧကရီယွဲ့ရှင်းတို့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် သွေးဧကရာဇ် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး နတ်ဘုရားဝိညာဉ် တစ်ခုတည်းသာ လွတ်မြောက်နိုင်ခဲ့ပေသည်။
ဤကာလတွင်း၌ သွေးဧကရာဇ်က တစ်ဖန် ပေါ်ထွန်းလာခြင်း မရှိတော့ပါ။ လုမင်သည်ပင် သွေးဧကရာဇ်၏ နတ်ဘုရားဝိညာဉ်က ပျက်စီးပြီး ခန္ဓာကိုယ်ကော စိတ်ဝိညာဉ်ပါ ပျက်သုဉ်းသွားပြီဟု ထင်ခဲ့သည်။ မမျှော်လင့်ဘဲ၊ သွေးဧကရာဇ်၏ နတ်ဘုရားဝိညာဉ်က အရှေ့တောကန္တာရကဲ့သို့ ဝေးလံသောအရပ်၌ ခန္ဓာကိုယ်ကို သိမ်းပိုက်ခဲ့ပေသည်။ ယခုအခါ သူ၏ ကျင့်ကြံခြင်းက ဝိညာဉ်နတ်ဘုရားနယ်ပယ် သတ္တမအဆင့်သို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
သူက သွေးတောင်တန်းဂိုဏ်းကို ချုပ်ကိုင်ထားသူဖြစ်ပြီး သူ ပြန်လည်ကောင်းမွန်လာစေရန် ရတနာများကို စုဆောင်းနေခြင်းပင်။
"သွားချင်တာလား၊ ဘယ်ကိုသွားမှာလဲ"
လုမင်၏ မျက်ခုံးနှစ်ခုကြားမှ အလင်းရောင်လက်သွားသည်။ သူ၏ ဒုတိယခန္ဓာက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ဟင်းလင်းပြင်အက်ကြောင်းအတွင်း ပြေးဝင်သွား၏။ တစ်ချိန်တည်းမှာပင် သူသည် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ဖီးနစ်ငှက်မွှေးဓားပျံက ပျံထွက်သွားတော့သည်။ ဓားပျံက ခဏချင်း အခြားတစ်ဖက်တွင် ပေါ်လာပြီး သွေးဧကရာဇ်ကို ခုတ်လိုက်သည်။
သွေးဧကရာဇ်မှာ ဖီးနစ်ငှက်မွှေးဓားပျံ၏ ထက်ဝက်ပိုင်းဖြတ်ခြင်းခံရပြီး လက်မခံနိုင်စွာ အော်ဟစ်ရင်း နေရာမှာပင် လဲကျသေဆုံးသွားတော့သည်။
"ဝှစ်"
ဒုတိယခန္ဓာက ဖီးနစ်ငှက်မွှေးဓားပျံကို သိမ်းယူကာ ဟင်းလင်းပြင်အက်ကြောင်းမှတဆင့် လုမင်၏ မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက် ပျောက်ကွယ်သွားခဲ့သည်။ လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင် အက်ကြောင်းများ ပျောက်သွားတော့သည်။
သို့သော်လည်း မူထျန်းနှင့် အခြားသူများက သူတို့၏ ထိတ်လန့်တုန်လှုပ်ခြင်းမှ မတုံ့ပြန်နိုင်သေးပေ။ သူတို့အားလုံး ကြက်သီးတဖြန်းဖြန်းထသွားသည်။
အဆက်မပြတ် ဖြစ်ပျက်သွားသော အဖြစ်အပျက်များက တကယ့်ကို တုန်လှုပ်စရာကောင်းလွန်းလှပေသည်။
ဒါက ရှမ်းဟွမ်တိုက်ကြီးရဲ့ အထွတ်အထိပ် ကျွမ်းကျင်သူရဲ့ နည်းလမ်းလား။ ဒါက သိုင်းအုပ်ချုပ်သူတစ်ပါးရဲ့ နည်းလမ်းပဲလား။
ဒဏ္ဍာရီကဲ့သို့ပင်။
အချို့လူများက ကျောရိုးထဲထိ စိမ့်တက်သွားကြသည်။ ထိုသို့သော နည်းလမ်းများက အမှန်တကယ် စိတ်ကူးမယဉ်နိုင်ပေ။ လူတိုင်းက သိုင်းအုပ်ချုပ်သူများကို အလွန်ရိုသေလေးစားကြပြီး အနည်းငယ်မျှ မရိုမသေမပြဝံ့သည်မှာ အံ့သြစရာမဟုတ်ပါ။
အကြောင်းမှာ၊ သိုင်းအုပ်ချုပ်သူကို စော်ကားလိုက်ပါက သင့်ကို မိုင်ပေါင်း သန်းတစ်ရာဝေးသည့် အရပ်ကပင် သတ်ပစ်နိုင်သောကြောင့် ဖြစ်သည်။
အချိန်အတော်ကြာပြီးမှ မူထျန်းနှင့် အခြားလူများ သတိပြန်ဝင်လာခဲ့ကြလေသည်။ လုမင်ကိုကြည့်သော သူတို့၏ မျက်လုံးများက အံ့အားသင့်မှုတို့ ပြည့်နေခဲ့သည်။ ယင်းက အံ့ဖွယ်ကောင်းလွန်းလှပေသည်။
"မဟာမိတ်... မဟာမိတ်ခေါင်းဆောင်၊ ကျုပ်တို့... အမှန်အတိုင်း ပြောထားပြီးပါပြီ။ ခင်ဗျား ကျုပ်အသက်ကို ချမ်းသာပေးနိုင်မလား"
အနက်ရောင်ဝတ် လူတစ်ဦးက တုန်ယင်နေသော လေသံဖြင့် ပြောလိုက်သည်။
"မင်းရဲ့အသက်ကို ချမ်းသာပေးမယ်လို့ ငါကတိပေးခဲ့လား"
လုမင်က လျစ်လျူရှုစွာ ပြောလိုက်သည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် တောက်ဟန်၊ အနက်ရောင်ဝတ်လူ နှစ်ယောက်နှင့် ဆန်းကျယ်ကောင်းကင်မြို့ကို တိုက်ခိုက်ရန် ရောက်လာသော ကျွမ်းကျင်သူများအားလုံး ချက်ခြင်းပင် ပြာဖြစ်သွားတော့သည်။
"ငါတို့ ဒီဂိုဏ်းငယ်တွေကိုလည်း တတ်နိုင်သမျှ အမြန်ဆုံး ဖယ်ရှားပစ်ရမဲ့ပုံပဲ"
လုမင် ခပ်တိုးတိုး ပြောလိုက်သည်။
ယခုအခါ အုပ်စိုးရှင် အင်အားစုများ ဖျက်ဆီးခံရပြီးဖြစ်သောကြောင့် သူတို့အောက်မှ အင်အားစုလေးများ ဖရိုဖရဲဖြစ်ကာ အချင်းချင်း တိုက်ခိုက်သတ်ဖြတ်ကြမည်မှာ သေချာသည်။
သူတို့ကို တတ်နိုင်သမျှ ဖယ်ရှားပြီး ထိန်းချုပ်နိုင်မှ မလိုလားအပ်သော တိုက်ပွဲများကို ရှောင်ရှားနိုင်လိမ့်မည်။
"ဒါနဲ့ အစ်မတော်မူလန် ဘယ်မှာလဲ"
လုမင် မေးလိုက်သည်။
"လန်အာ…"
မူထျန်း၊ မူကျန်းနှင့် အခြားသူများ လှည့်ကြည့်လိုက်၏။ သို့သော်၊ မူလန်ကို မတွေ့ရသောကြောင့် ခဏချင်း သူတို့ ဘာပြောရမည်မှန်းမသိ ဖြစ်သွားကြလေသည်။
"အစ်မမူလန်က ဒီမှာမရှိဘူးလား။ ဒါဆိုရင်လည်း မေ့လိုက်ပါ"
ခဏစဉ်းစားပြီးနောက် လုမင် ပြုံးပြီး ပြောလိုက်လေသည်။
မူထျန်းနှင့် အခြားလူများလည်း စိတ်ထဲမှ သက်ပြင်းချလိုက်ကြသည်။
"အကြီးအကဲတို့၊ လုမင်မှာ လုပ်စရာတွေ ရှိသေးတာကြောင့် နဂါးကိုးကောင်မြို့ကို သွားရဦးမယ်။ ခင်ဗျားတို့ အနာဂါတ်မှာ ဆန်းကျယ်ကောင်းကင်နယ်မြေကြီးက ထွက်ခွာပြီး အလယ်ပိုင်းတိုက်ကြီးကို ပြောင်းရွှေ့ချင်တယ်ဆိုရင် ကျွန်တော်ကို အကြောင်းကြားဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ပါ"
လုမင် ပြောလိုက်သည်။
"ငါတို့က ဆန်းကျယ်ကောင်းကင်နယ်မြေကြီးမှာ နေလာခဲ့တာကြာတော့ ဘိုးဘွားအမွေလိုတောင် ဖြစ်နေပါပြီ။ မဟာမိတ်ခေါင်းဆောင်လုရဲ့ ကြင်နာမှုကိုတော့ ကျေးဇူးတင်ပါတယ်"
မူထျန်းက ပြောလိုက်သည်။ မသိလိုက်ခင်မှာပင်၊ လုမင်ကို ခေါ်ဝေါ်ပုံကလည်း ပြောင်းလဲခဲ့လေသည်။
လုမင်ကလည်း သတိထားမိသည်။ သို့သော်၊ သူ့စိတ်ထဲမှာ သက်ပြင်းချလိုက်ပြီး ဘာမှပြန်မပြောတော့ပေ။
လုမင်ကလည်း ထိုစဉ်က လူငယ်လေး မဟုတ်တော့ပါ။ ယခုအခါ သူက လုံမန်နဂါးမဟာမိတ်၏ မဟာမိတ်ခေါင်းဆောင်ဖြစ်ပြီး ကမ္ဘာကြီး၏ အုပ်စိုးရှင် ဖြစ်သည်။ မူထျန်းနှင့် အခြားသူများ၏ သဘောထားက ပြောင်းလဲသွားပြီး သူ့ကို လေးစားသမှုပြုနေရပြီ။ ဤသည်မှာ တားဆီးမရသော အရာဖြစ်သည်။
ထို့နောက် လုမင်လည်း မူထျန်းနှင့် အခြားသူများကို နှုတ်ဆက်ကာ နဂါးကိုးကောင်မြို့သို့ သွားခဲ့သည်။
လုမင် ထွက်သွားပြီးနောက် ဆန်းကျယ်ကောင်းကင်မြို့တွင်းရှိ အဆောင်တစ်ခုမှ လူတစ်ယောက် ထွက်လာခဲ့သည်။ သူက မူလန်သည်ပင်။
"လန်အာ၊ မင်း ဘာဖြစ်လို့ စောစောက ထွက်လာမတွေ့တာလဲ"
မူထျန်းက မေးသည်။
မူလန်က လုမင် ထွက်သွားသည့်ဘက်ကို လှမ်းကြည့်လိုက်လေသည်။ သူမ၏ မျက်လုံးများတွင် တောင့်တမှုများ ရှိနေသော်လည်း ထိုထက်ပို၍ ရှုပ်ထွေးသော အရိပ်အမြွက်တစ်ခု ရှိနေသည်။
"ကျွန်မရဲ့ အရည်အချင်းက လုမင်နဲ့ ဝေးကွာလွန်းပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ကျွန်မတို့ကြားက ကွာဟမှုက ပိုကြီးမားလာလိမ့်မယ်။ သူနဲ့ ကျွန်မက မတူညီတဲ့ ကမ္ဘာနှစ်ခုက လူတွေပါပဲ"
မူလန် သက်ပြင်းချလိုက်သည်။
မူထျန်း၊ မူကျန်းနှင့် အခြားသူများလည်း သက်ပြင်းချလိုက်ကြလေသည်။
"ကျွန်မ ထွက်လာပြီး သူ့နောက်ကို လိုက်သွားရင်တောင် ဘာအကျိုးရှိမှာလဲ။ ကျွန်မတို့က အတူတူ အသက်ကြီးလာနိုင်မှာ မဟုတ်ဘူး"
မူလန်က ဆက်လက်ပြောလိုက်သည်။
ဟုတ်တော့လည်း ဟုတ်သည်၊ သူမ၏ လက်ရှိ ကျင့်ကြံခြင်းအခြေခံက ဝိညာဉ်ပင်လယ်နယ်ပယ်၌သာ ရှိသေးသည်။ သူမ၏ အရည်အချင်းကို ကောင်းစွာ သိသည်။ ဤတစ်သက်တာတွင်၊ ဝိညာဉ်သန္ဓေသားနယ်ပယ်က သူမ၏ အကန့်အသတ်ပင်။ သူမအတွက် ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိရန် မျှော်လင့်ချက်မရှိသလောက် ဖြစ်သည်။
သို့သော်လည်း ဝိညာဉ်သန္ဓေသားနယ်ပယ် အနှစ်သုံးထောင်သာ သက်တမ်းရှိပေသည်။
လုမင်၏ သက်တမ်းကတော့ ပို၍ရှည်လျားသည်။ သိုင်းအုပ်ချုပ်သူများ၏ သက်တမ်းက အနှစ်တစ်သောင်းမှ နှစ်သောင်းအထိ အသက်ရှင်နိုင်ကြ၏။ ထို့ပြင် လုမင်၏ ကျင့်ကြံခြင်းအခြေခံက မြင့်မားလာသည်နှင့် သူ၏သက်တမ်းကလည်း ပိုရှည်ကြာလာမည် ဖြစ်သည်။
သူမနှင့် လုမင်က အတူတူရှိလျှင်တောင်မှ လက်ကျန်ဘဝများကို အတူတူ ဖြတ်သန်းနိုင်မည် မဟုတ်ပေ။
"ဒါ့အပြင် လုမင်ရဲ့ နှလုံးသားထဲကလူက ကျွန်မ မဟုတ်ပါဘူး"
အဆုံးတွင်၊ မူလန်က သက်ပြင်းချပြီး ဆန်းကျယ်ကောင်းကင်မြို့တွင်းသို့ ပြန်သွားခဲ့လေသည်။
ထိုအချိန်က မူလန်ဟာ လေ့ကျင့်ရန်အတွက် လျှို့ဝှက်ဂိုဏ်းတစ်ခုသို့ ဝင်ရောက်ခဲ့သည်။ လုမင်ကို အမီလိုက်ရန် သူမ မျှော်လင့်ခဲ့၏။ သို့သော်လည်း အဆုံးတွင် သူမနှင့် လုမင်အကြား ကွာဟချက်က ပို၍ ကျယ်ပြန့်လာမှန်း သဘောပေါက်ခဲ့ရသည်။
ကွာဟချက်က ကြီးမားလွန်း၍ သူမ လိုက်မမှီနိုင်တော့ပေ။
နောက်ဆုံးတွင် သူမ၏ ခံစားချက်များအားလုံးက သက်ပြင်းရှည်ကြီးတစ်ခုအဖြစ်သို့သာ ပြောင်းလဲသွားနိုင်ခဲ့လေသည်။
"ဟင်း"
သက်ပြင်းချလိုက်သူက မူလန် တစ်ဦးတည်း မဟုတ်ပါ။
ဆန်းကျယ်ကောင်းကင်မြို့နှင့် မိုင်ပေါင်းများစွာ ဝေးကွာသောနေရာမှ ကောင်းကင်ယံတွင် လုမင် သက်ပြင်းချလိုက်သည်။
ဆန်းကျယ်ကောင်းကင်မြို့တွင် မူလန်ရှိကြောင်း သဘာဝအတိုင်း သူသိပေသည်။
သို့ရာတွင်၊ မူလန်၏ အတွေးများကို သူ မည်သို့ မခန့်မှန်းနိုင်ဘဲ ရှိမည်နည်း။
ထိုအခြေအနေတွင် သူက မသိချင်ဟန်ဆောင်ရုံသာ တတ်နိုင်သည်။
မဟုတ်၍ မူလန်နှင့် တွေ့ရလျှင်ပင် သူ ဘာလုပ်နိုင်မည်နည်း။
သူမနှင့် ဘယ်လိုလုပ်ပြီး ပေါင်းဖက်နိုင်မည်နည်း။
လုမင်လည်း ငယ်ရွယ်စဉ်က ရှိခဲ့ဖူးသော နှလုံးသားတွင်းမှ ခင်မင်ရင်းနှီးမှုနှင့် ခံစားချက်များကိုသာ ချိုးနှိမ်နိုင်သည်။
လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်နှင့် ဟင်းလင်းပြင် အက်ကွဲသွားခဲ့သည်။ သူက ဟင်းလင်းပြင် လျှောက်လှမ်းထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။
လုမင်လည်း နဂါးကိုးကောင်မြို့သို့ ပြန်ရောက်လာပြီးနောက် အင်အားစုငယ်များနှင့် ဂိုဏ်းခွဲများ ပေါင်းစပ်မှုကို အရှိန်မြှင့်ခဲ့သည်။
လုံမန်နဂါးမဟာမိတ် ဖြတ်သန်းသွားတိုင်း၊ ထိုအင်အားစုငယ်များနှင့် ဂိုဏ်းခွဲများက သဘာဝအတိုင်း လက်နက်ချကာ လုံမန်နဂါးမဟာမိတ်သို့ ဝင်ရောက်ခဲ့ပေသည်။
အတားအဆီးအချို့ရှိလျှင်ပင် ပြတ်ပြတ်သားသား ချေမှုန်းခံခဲ့ရသည်။
လုံမန်နဂါးမဟာမိတ်က ရှမ်းဟွမ်တိုက်ကြီး၏ နေရာအနှံ့သို့ စိမ့်ဝင်ကာ ကမ္ဘာကြီးကို လွှမ်းမိုးခဲ့သည်။
သို့သော်၊ အကျပ်အတည်းတစ်ခုက ချဉ်းကပ်လာနေပြီမှန်း လုမင် မသိပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်လကြာသွားသည်။