အခန်း ၁၃၅၉
Vol. 91 Ch. 1359
အပိုင်း ( 1359 ) တာအိုနယ်မြေ ပုံစံသန္ဓေကို သိပ်သည်းခြင်း။
လုမင်က မျက်လုံးကိုမှိတ်ပြီး နဝမနဂါး၏ မှတ်ဉာဏ်အစိတ်အပိုင်းများကို တိတ်တဆိတ် ချေဖျက်လိုက်သည်။
ဤမှတ်ဉာဏ် အစိတ်အပိုင်းများက အလွန် အဖိုးတန်၏။ သဘာဝရတနာများစွာကို သိရှိခြင်းအပါအဝင်၊ အရေးအကြီးဆုံးက နဝမနဂါး၏ ကျင့်ကြံခြင်း အတွေ့အကြုံများ ဖြစ်သည်။
နဝမနဂါးက သိုင်းဧကရာဇ်နယ်ပယ် တန်ခိုးရှင်သာတည်း။ သူ၏ ကျင့်ကြံခြင်း အတွေ့အကြုံများက မည်မျှ တန်ဖိုးကြီးမည်အား အထူးပြောနေစရာပင် မလိုပေ။
လုမင်လည်း ဖြည်းဖြည်းချင်း ချေဖျက်နေခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် လဝက် ကြာသွားပြီ။ ရုတ်တရက်၊ လုမင် မျက်လုံးဖွင့်လိုက်သည်။
သူ့မျက်လုံးများတွင် နက်နဲသော အရိပ်အယောင်များ ပေါ်လာခဲ့၏။
နဝမနဂါး၏ မှတ်ဉာဏ်များတွင် ကစဉ့်ကလျားတာအိုနှင့် ပတ်သက်သည့် အချက်အလက်များလည်း ပါဝင်သည်။
နဝမနဂါး၏ မှတ်ဉာဏ်များတွင် ကစဉ့်ကလျားတာအိုက ကမ္ဘာပေါ်ရှိ တာအိုအားလုံး၏ ဧကရာဇ် ဖြစ်သည်။ ၎င်း၏စွမ်းအားက အံ့မခန်းဖြစ်သော်လည်း လေ့ကျင့်ရန် အလွန်ခက်ခဲ၏။
အထူးသဖြင့် အဆင့်တက်ရာတွင် တာအိုကို ဒိုမိန်းသန္ဓေအဖြစ်သို့ ပြောင်းလဲရန် အလွန်ခက်ခဲသည်။
ထိုအကြောင်းများကိုတော့ လုမင် သိထားခဲ့တာ ကြာပြီ။ နင်ယွမ်ဆေးလုံးကို အသုံးပြုလျှင်ပင် သူ့အတွက် အကျိုးသက်ရောက်မှု မရှိသလောက် ဖြစ်သည်။
သာမန် ကျင့်ကြံသူများအတွက် နင်ယွမ်ဆေးလုံး မရှိလျှင်ပင် သူတို့၏တာအိုကို တဖြည်းဖြည်း အရည်ပျော်စေပြီး နတ်ဘုရားဝိညာဉ်အတွင်းသို့ ပေါင်းစပ်ထားနိုင်သည်။ တစ်နှစ်၊ နှစ်နှစ်ကြာပြီးနောက် အဆင်ပြေသွားလိမ့်မည်။
သို့သော်လည်း ကစဉ့်ကလျားတာအိုက သာမန်တာအိုများထက် အဆတစ်ရာ ပို၍ ခက်ခဲသည်။ တစ်နည်းအားဖြင့်၊ လုမင်အတွက် အဓိပဓိနယ်ပယ်သို့ ဝင်ရောက်ရန်ပင် အနည်းဆုံး နှစ်တစ်ရာ အချိန်ယူရပေမည်။
သို့သော်လည်း နှစ်တစ်ရာက လုမင်အတွက် ရှည်ကြာလွန်းလှသည်။
'မဟုတ်ဘူး၊ ဒီနှစ်တစ်ရာက ငါ့အတွက် ကျင့်ကြံရမဲ့ ရွှေရောင်အချိန်တွေပဲ။ ငါသာ ကစဉ့်ကလျားတာအိုကို လေ့ကျင့်ရင်း နှစ်တစ်ရာလောက် ကြာသွားရင် ဒါက ငါ့ရဲ့ အလားအလာကို ဖျက်ဆီးပစ်တာနဲ့ မခြားဘူး။ အခြား ပါရမီရှင်တွေက ငါ့ကို ဖြတ်ချန်ထားနိုင်မှာ မဟုတ်ပေမဲ့ ငါ့ရဲ့ အလားအလာတွေ ကုန်ဆုံးသွားလိမ့်မယ်။ ငါ့ရဲ့ အနာဂတ် အောင်မြင်မှုတွေကလည်း အကန့်အသတ် ရှိလိမ့်မယ်'
လုမင်က သူ့စိတ်ထဲမှ တွေးလိုက်သည်။
ခဏအကြာတွင်၊ လုမင် အံကြိတ်လိုက်၏။ သူ့မျက်လုံးများက ပြတ်သားမှု အရိပ်အယောင်များ ပေါ်လာတော့သည်။
"တိုက်ခိုက်..."
လုမင်ဟာ နဝမနဂါး၏ ကျင့်ကြံခြင်း အတွေ့အကြုံများထဲမှ နည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့သည်။
ဤနည်းလမ်းအရ လုမင်ကို တာအိုနယ်မြေ သန္ဓေတစ်ခုအား အချိန်တိုအတွင်း စုစည်းနိုင်စေသည်။ သို့သော်၊ အန္တရာယ် အလွန်ကြီးမား၏။ ဂရုမစိုက်မိပါက သူ၏ ကျင့်ကြံခြင်း ဆုတ်ယုတ်မည်ဖြစ်ကာ တိုးတက်ရန် ခက်ခဲလိမ့်မည်။
အဆိုးဆုံးဖြစ်လာပါက၊ သူ့ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် ပျက်စီးသွားရမည် ဖြစ်သည်။
သို့သော်လည်း လုမင်ဟာ ရှေ့ဆက်ရန် ဆုံးဖြတ်ခဲ့သေးသည်။
အထွတ်အထိပ် တန်ခိုးရှင်တိုင်း မရေမတွက်နိုင်သော အခက်အဲများနှင့် ဆင်းရဲဒုက္ခများကို ဖြတ်သန်းဖူးကြသည်။ မည်သည့်ပြဿနာမျှမရှိဘဲ အထွတ်အထိပ်သို့ ရောက်နိုင်သည်ဟု သူ လုံးဝ မကြားခဲ့ဖူးပေ။
တိုက်ခိုက်မည်။
လုမင် ဆုံးဖြတ်ချက်ချလိုက်သည်။
ထို့အပြင်၊ ဤနေရာမှာ လုံခြုံမှုရှိ၏။
ပုံမှန်အားဖြင့်၊ သူ့အပြင် အခြားမည်သူမျှ ဤနေရာကို မရောက်နိုင်သင့်ပေ။ ဤသည်မှာ တိတ်တဆိတ်လေ့ကျင့်ရန် အကောင်းဆုံးနေရာ ဖြစ်သည်။
နေ့တစ်ဝက်ခန့် သမထကျင့်ပြီးနောက် လုမင်၏ စိတ်အခြေအနေက သမာဓိအားကောင်းပြီး တည်ငြိမ်သွားခဲ့သည်။
"ဂါး"
ထို့နောက် နဂါးဟိန်းသံနှင့်အတူ နဝမနဂါး သွေးမျိုးဆက် ထွက်ပေါ်လာခဲ့သည်။ နဝမနဂါးက လုမင်၏ မျက်ခုံးနှစ်ခုကြားသို့ ပြေးဝင်သွားပြီး အသိစိတ်ပင်လယ်ထဲတွင် ပေါ်လာခဲ့၏။
လုမင်၏ အသိစိတ်ပင်လယ်ထဲမှ တစ်နေရာမှာတော့ ကစဉ့်ကလျား အလင်းတစ်ခု လွင့်မျောနေသည်။
ယင်းက လုမင်၏ ကစဉ့်ကလျားတာအိုပင်။
နဝမနဂါးက ကစဉ့်ကလျားတာအိုအနီးတွင် ရုတ်တရက် ပေါ်လာခဲ့သည်။
"ဂါး"
ရုတ်တရက်၊ နဝမနဂါးသွေးမျိုးဆက်က ဟိန်းဟောက်လိုက်သည်။ ကစဉ့်ကလျားတာအိုက တုန်လှုပ်သွား၏။ နဝမနဂါးက ကစဉ့်ကလျားတာအိုကို လက်သည်းနှင့် ကုပ်ချလိုက်တော့သည်။
"ဝုန်း"
ကစဉ့်ကလျားတာအိုက ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ လုမင်လည်း ကမ္ဘာတစ်ခုလုံး ဗြောင်းဆန်သွားသလို ခံစားလိုက်ရ၏။ ပြင်းပြသော နာကျင်မှု ဝေဒနာက သူ့စိတ်ထဲတွင် ပျံ့နှံ့သွားတော့သည်။
ဤနာကျင်မှုမှ ပြန်မသက်သာမီတွင် အချိန်အတော်ကြာခဲ့သည်။
"ထပ်လာမယ်"
လုမင် ဟိန်းဟောက်လိုက်သည်။ နဝမနဂါးလည်း ရှေးဦးကစဉ့်ကလျားတာအိုကို ဆက်လက် ကုပ်ဆွဲလိုက်ပြန်တော့သည်။
ဟုတ်သည်၊ ဤသည်က လုမင်၏ နည်းလမ်းပင်။
သူဟာ ရှေးဦးကစဉ့်ကလျားတာအိုကို အရည်ဖျော်ရန် တိုက်ရိုက်ဆန်ပြီး ကြမ်းတမ်းသောနည်းလမ်းကို အသုံးပြုပြီး သူ၏ နတ်ဘုရားဝိညာဉ်ထဲသို့ အတင်းအကြပ် ပေါင်းစည်းနေခြင်း ဖြစ်သည်။
ဤနည်းလမ်းက လုံးဝ ရူးသွပ်စရာပင်။ အခြားသူများ သိသွားပါက လိပ်ပြာလွင့်မတတ် လန့်ဖျတ်သွားနိုင်သည်။
သို့သော်လည်း ဤနည်းလမ်းက အထိရောက်ဆုံးနှင့် အချိန်ကုန်သက်သာသောနည်းလမ်း ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
"ဝုန်း... ဝုန်း... ဝုန်း"
အသိစိတ်ပင်လယ်ထဲတွင် နဝမနဂါးက ရှေးဦးကစဉ့်ကလျား တာအိုကမ္ပည်းကို အဆက်မပြတ် တိုက်ခိုက်ခဲ့သည်။
ပထမတော့ နဝမနဂါးက နဂါးလက်သည်းတစ်ချောင်းသာ သုံးသည်။ တဖြည်းဖြည်းနှင့် နဂါးလက်သည်း အရေအတွက်က နှစ်ခု၊ ထို့နောက် သုံးခုအထိ တိုးတက်လာခဲ့၏။
ဆယ်ရက်အကြာတွင် နဂါးလက်သည်းကိုးခုက တညီတညွတ်တည်း လှုပ်ရှားလာပြီး ရှေးဦးကစဉ့်ကလျားတာအိုကို အဆက်မပြတ် တိုက်ခိုက်တော့သည်။ ရှေးဦးကစဉ့်ကလျားတာအိုလည်း ပြင်းထန်စွာ တုန်ခါနေခဲ့သည်။
"ဝမ်"
အချိန်မည်မျှကြာသွားပြီမသိ၊ ရှေးဦးကစဉ့်ကလျားတာအိုကမ္ပည်းက အသံတစ်ခု ထွက်ပေါ်လာပြီး အက်ကြောင်းတစ်ခု ပေါ်လာခဲ့သည်။
"ဖူး"
ထိုအချိန်တွင် လုမင်၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွားပြီး သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရတော့သည်။
သို့သော်၊ လုမင်၏ မျက်လုံးများက စိုးရိမ်ထိတ်လန့်မှု အနည်းငယ်မျှမရှိဘဲ ဝမ်းသာပျော်ရွှင်မှုတို့ ပေါ်လွင်နေခဲ့သည်။
"ဆက်မယ်"
နဝမနဂါးက ကစဉ့်ကလျားတာအိုကို ဆက်လက်တိုက်ခိုက်ခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ ရှေးဦးကစဉ့်ကလျားတာအိုတွင် အက်ကြောင်းများ ပို၍ များလာခဲ့၏။
နောက်ထပ် ဆယ်ရက်ကြာသွားပြီ။
ရုတ်တရက်...
"ခွမ်း"
ရှေးဦးကစဉ့်ကလျားတာအိုက ပေါက်ကွဲသွားခဲ့သည်။ လုမင်၏ ပါးစပ်ထဲမှ သွေးများ အန်ထွက်လာခဲ့၏။ သူ၏ မျက်ခုံးနှစ်ခုကြားမှာလည်း အက်ကြောင်းတစ်ခုပေါ်လာပြီး သွေးများ စီးကျလာတော့သည်။
သို့သော်၊ လုမင် ဂရုမစိုက်နိုင်ခဲ့ပေ။
"ပေါင်းစပ်လိုက်စမ်း"
လုမင် ဟိန်းဟောက်လိုက်သည်။ ပြင်းထန်သော ဆွဲအားတစ်ခုက သူ့ဒန်တျန်အတွင်းရှိ နတ်ဘုရားဝိညာဉ်မှ ထွက်ပေါ်လာ၏။ ရှေးဦးကစဉ့်ကလျားတာအို အပိုင်းအစများက သူ၏ နတ်ဘုရားဝိညာဉ်အတွင်းသို့ ပြေးဝင်သွားတော့သည်။
"ဝမ်"
ရှေးဦးကစဉ့်ကလျားတာအို၏ အပိုင်းအစများ အားလုံးက လုမင်၏ နတ်ဘုရားဝိညာဉ်ထဲသို့ ဝင်ရောက်သွားကြသည်။
ဤအခိုက်တွင်၊ သူ၏ နတ်ဘုရားဝိညာဉ်က ပေါက်ကွဲတော့မလိုမျိုး အလင်းတန်းများကို ထုတ်လွှတ်လာခဲ့သည်။
ဤအဆင့်က အန္တရာယ်အများဆုံး ဖြစ်သည်။ အကယ်၍ သူသတိမထားမိပါက၊ နတ်ဘုရားဝိညာဉ် ပေါက်ကွဲသွားမည်ဖြစ်သလို သူ၏ရုပ်ခန္ဓာကလည်း ပြိုလဲသွားလိမ့်မည်။ သူ၏ခန္ဓာနှင့် စိတ်ဝိညာဉ်က ချုပ်ငြိမ်းသွားမည် ဖြစ်သည်။
"ဖိနှိပ်"
အတွေးတစ်ခုဖြင့် ငရဲဖိနှိပ်ကျောက်စာချပ်က သူ၏ ဒန်တျန်အတွင်း၌ ပေါ်လာခဲ့သည်။ ၎င်းက နတ်ဘုရားဝိညာဉ်အထက်တွင် ရပ်တည်ကာ ဖိနှိပ်မှုအင်အားများ ထုတ်လွှတ်လိုက်၏။
တစ်ချိန်တည်းမှာပင်၊ တတိယမြောက်သွေးမျိုးဆက်က လုမင်၏ ခန္ဓာကိုယ်ပေါ်မှာ ပေါ်လာခဲ့သည်။ စွမ်းအားလှိုင်းများက လုမင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။
ဤသည်မှာ ပြီးပြည့်စုံသော အစီအစဉ် ဖြစ်သည်။
လုမင်က ပြီးပြည့်စုံသော အစီအစဥ်တစ်ခုကို ထူထောင်ရန်အတွက် နဝမနဂါး၏ ကျင့်ကြံခြင်းအတွေ့အကြုံကို သူ၏ကိုယ်ပိုင်အခြေအနေများနှင့် ပေါင်းစပ်ထားခဲ့သည်။ သူ၏ နတ်ဘုရားအဆင့် သွေးမျိုးဆက်သုံးခု အကူအညီနှင့် ဤအဆင့်ကို ပြီးမြောက်စေခဲ့ခြင်းပင်။
ပြိုကျလုနီးပါး ဖြစ်နေပြီဖြစ်သော နတ်ဘုရားဝိညာဉ်လည်း နောက်ဆုံး ဖိနှိပ်ခံရကာ ကစဉ့်ကလျားတာအို အပိုင်းအစများနှင့် ပေါင်းစပ်ပြီး တာအိုနယ်မြေ သန္ဓေတစ်ခု ဖြစ်လာခဲ့သည်။
လုမင်လည်း မျက်လုံးကိုမှိတ်ပြီး အာရုံစိုက်ကာ ဆက်လက် လေ့ကျင့်လိုက်လေသည်။
အချိန်များက တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားခဲ့သည်။
...........
ရှမ်းဟွမ်တိုက်ကြီးနှင့် အဆုံးမဲ့ဝေးကွာသည့် နေရာတစ်ခု၊ ပေယွိတိုက်ကြီးရှိ လျှို့ဝှက်နေရာတစ်ခုတွင် ရှုပ်ထွေးနေသော ကျောက်တုံးတောတစ်ခု ရှိနေသည်။ ကျောက်သစ်တောထဲတွင် ကျောက်တုံးလျှောက်လမ်းဟောင်းတစ်ခု ရှိ၏။
တိရီက ကျောက်တုံးလျှောက်လမ်းဘေးတွင် စိတ်လှုပ်ရှားစွာဖြင့် ရပ်နေလေသည်။
"ဝမ်"
ရုတ်တရက်၊ ကျောက်တုံးလျှောက်လမ်းက အလင်းရောင်တစ်ခု ထုတ်လွှတ်လိုက်သည်။ အလင်းရောင်က ပိုပြီး တောက်ပလာခဲ့၏။ နောက်ဆုံးတွင် ကျောက်တုံးလျှောက်လမ်းပေါ်မှာ ရေဝဲတစ်ခု ဖြစ်ပေါ်လာတော့သည်။
ရုတ်တရက်၊ အနက်ရောင် ရေဝဲအတွင်းမှ ပုံရိရိပ်များစွာ ထွက်လာခဲ့သည်။ တစ်၊ နှစ်၊ သုံး... နောက်ဆုံးတွင် စုစုပေါင်း ရုပ်သွင်ဆယ်ခုက ရေဝဲအတွင်းမှ ထွက်လာတော့သည်။
လူရိပ်ဆယ်ခု ပျံထွက်လာပြီးသည်နှင့် တပြိုင်နက် ကျောက်တုံးပေါ်ရှိ ရေဝဲလည်း ပျောက်ကွယ်သွားခဲ့သည်။
ထိုလူဆယ်ယောက်ကို တွေ့ရသည်နှင့် တိရီ၏ မျက်လုံးများက လေးစားမှုတို့ ချက်ချင်း ပေါ်လာခဲ့သည်။
ထိုလူဆယ်ဦးကို ဦးဆောင်လာသူက အဖိုးတန်အဝတ်အစားများကို ဝတ်ဆင်ထားသော လူငယ်တစ်ဦး ဖြစ်သည်။ သူ့မျက်လုံးများက ရှည်လျားကျဉ်းမြောင်းပြီး မျက်လုံး ဖွင့်ပိတ်လိုက်တိုင်း စူးရှသော အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့၏။
ထိုလူငယ်၏နောက်မှာတော့ အသက်အရွယ် ကြီးရင့်သူများအပါအဝင် ပိန်ပိန်ပါးပါး လူကိုးဦး ရှိနေသည်။ သူတို့တစ်ဦးစီက အားကောင်းသော အငွေ့အသက်များရှိပြီး လူများကို ပြင်းထန်သောအန္တရာယ်အား ခံစားရစေပေသည်။
"တိမိသားစုရဲ့ ကိုင်းခွဲတိရီက သခင်လေး တိရှန်းကို နှုတ်ခွန်းဆက်ပါတယ်"
တိရီက လူငယ်လေးကို ကမန်းကတန်း ဦးညွှတ်လိုက်သည်။
"မင်းက တိရီလား"
လူငယ်က တိရီကို အထင်အမြင်သေးဟန်ဖြင့် ကြည့်လိုက်၏။
"ကျုပ်က တိရီပါ"
တိရီ ခပ်သွက်သွက် ပြန်ဖြေလိုက်လေသည်။
"ဟမ့်၊ တိရီ...မင်း အတော် အသုံးမကျတာပဲ။ ရှမ်းဟွမ်တိုက်ကြီးကိုတောင် ဖြုတ်ချလို့မရဘူး"
တိရှန်းက အေးစက်စက်ဖြင့် ကြိမ်းမောင်းလိုက်သည်။
တိရီ မျက်နှာပျက်သွားသော်လည်း ငြင်းဆန်ခြင်းတော့ မပြုဝံ့ခဲ့ပေ။