အခန်း ၁၃၆၁
Vol. 91 Ch. 1361
အပိုင်း ( 1361 ) တိရီ ရောက်လာပြီ။
တည်နေရာ ရွှေ့ပြောင်းခြင်းများ စတင်ခဲ့သည်။
လုမင်၏ မူလဖြစ်သော လုမိသားစုအပြင် ဟွာချီနှင့် အခြားသူများကတော့ နဂါးဧကရာဇ်မြို့ကို သဘာဝအတိုင်း ပြောင်းရွှေ့နိုင်ကြ၏။ ထို့အပြင်၊ သူတို့၏ နယ်မြေက မြို့၏ အမြုတေနေရာဖြစ်သည်။ ကျင့်ကြံခြင်း ပတ်ဝန်းကျင်အနေအထားကလည်း အကောင်းဆုံးပင်။
နဂါးဧကရာဇ်မြို့တော်က စတင် စည်ကားသက်ဝင်လာခဲ့သည်။
လဝက်အတွင်း၊ နယ်မြေဖြတ်ကျော် တည်နေရာရွှေ့ပြောင်းခြင်း အစီရင်ဖြင့် လူသန်းပေါင်းများစွာကို နဂါးဧကရာဇ်မြို့သို့ ပြောင်းရွှေ့ခဲ့ပေသည်။
သို့သော်လည်း နဂါးဧကရာဇ်မြို့တော်၏ ကျယ်ပြောလှသော နယ်မြေကြီးအ လူသန်းပေါင်းများစွာမှာ ဘာမျှ မပြောပလောက်ပေ။ နောက်ပိုင်းမှ လူများ ပိုများလာခဲ့သည်။
နဂါးဧကရာဇ်မြို့သို့ လူများ ပြောင်းရွှေ့ပြီးနောက် မဟာမိတ်တည်ထောင်ခြင်းအခမ်းအနားအတွက် ပြင်ဆင်မှုများပြုလုပ်ရန် လူအများအပြားမှာ တစ်ဖန် အလုပ်ရှုပ်လာကြသည်။
ရှမ်းဟွမ်တိုက်ကြီးတစ်ခုလုံးမှ ကျွမ်းကျင်သူများက နဂါးဧကရာဇ်မြို့တွင် စတင်စုရုံးလာတော့သည်။
.............
ယနေ့တွင်၊ တိရီနှင့် အခြားသူများက ရှမ်းဟွမ်တိုက်ကြီးသို့ ဝင်ရောက်လာခဲ့ကြသည်။
သူတို့ ရောက်လာသည်နှင့် မဟာမိတ်တည်ထောင်ခြင်း အခမ်းအနားကို နဂါးဧကရာဇ်မြို့တော်မှာ ရက်အနည်းငယ်အတွင်း ကျင်းပမည်ဟု ကြားလိုက်ရ၏။
"ဟားဟားဟား၊ ကောင်းတယ်။ လုမင်ကို သူတို့ရဲ့ မဟာမိတ်တည်ထောင်ခြင်း အခမ်းအနားလို့ခေါ်တဲ့ နေရာမှာ သတ်လိုက်ကြရအောင်"
တိရှန်းက ရယ်မောလိုက်သည်။
"သခင်လေးတိရှန်း၊ လုမင်က အရမ်းစွမ်းအားကြီးတဲ့ နဝမနဂါးဒယ်စောက်အိုးတွေကို ထိန်းချုပ်နိုင်ပါတယ်။ ကျုပ်တို့ သတိထားရမယ်"
တိရီက ပြောသည်။
နဝမနဂါး ဒယ်စောက်အိုးများကို ထိန်းချုပ်ပြီးနောက် လုမင်၏အင်အားက ကြောက်စရာကောင်းလွန်းလှပေသည်။ တတိယအဆင့် သိုင်းအုပ်ချုပ်သူများပင်လျှင် လက်ရှောင်သွားနိုင်သည်။
"အင်း၊ ဒါဆိုရင် လုမင် မသုံးနိုင်အောင် အရင်ဆုံး နဂါးကိုးကောင်မြို့ကိုသွားပြီး နဝမနဂါး ဒယ်စောက်အိုးတွေကို ချိတ်ပိတ်ထားလိုက်တာပေါ့"
တိရှန်း ပြောလိုက်၏။
သူတို့လူစုက ဟင်းလင်းပြင်ကို ခွဲထုတ်ပြီး နဂါးကိုးကောင်မြို့ကို ဦးတည်သွားတော့သည်။
..........
မျက်စိတစ်မှိတ်အတွင်း၊ သုံးရက်ကြာသွားသည်။
မဟာမိတ် တည်ထောင်ခြင်း အခမ်းအနားကို တရားဝင် စတင်လိုက်ပြီ။
နဂါးဧကရာဇ်မြို့တော်ရှိ နတ်နဂါးလမ်း၏အဆုံးမှ ကျောက်စိမ်းဖြူခင်းထားသော ရင်ပြင်မှာ ကျွမ်းကျင်သူများ စုရုံးရောက်ရှိလာကြသည်။
အနောက်တိုင်း ကန္တာရမှလွဲ၍ ဧကရာဇ်များ အားလုံး ရောက်ရှိလာကြ၏။
ရာနှင့်ချီသော ဂိုဏ်းကြီးများအပြင် ဂိုဏ်းပေါင်းစုံမှ ဂိုဏ်းချုပ်များနှင့် ခေါင်းဆောင်ကြီးများ ထောင်နှင့်ချီကာ ရှိခဲ့သည်။
အားလုံးက ရင်ပြင်၏တစ်ဖက်စီမှာ နေရာယူခဲ့ကြလေသည်။
ဤလူများ အားလုံးက ရှမ်းဟွမ်တိုက်ကြီး၏ အထွတ်အထိပ်တွင် ရပ်နေသူများ ဖြစ်သည်။ သူတို့အားလုံးက အထွတ်အထိပ်မှာ ရပ်တည်နေသော အဓိက ပုဂ္ဂိုလ်များဖြစ်၏။ ယနေ့မှာတော့ သူတို့အားလုံး ဤနေရာမှာ စုဝေးနေကြပြီ။
ရင်ပြင် အပြင်ဘက်တွင်မူ ဧည့်ခံစားပွဲများ ပြည့်နှက်နေသည့် ပိုကျယ်ဝန်းသော နေရာလွတ်တစ်ခု ရှိသည်။ အနည်းဆုံး လူတစ်သန်းခန့် ဤနေရာတွင် စုဝေးခဲ့ပေသည်။
ထိုမျှသာမကဘဲ ရှမ်းဟွမ်တိုက်ကြီး တစ်ခုလုံးရှိ အင်အားစုအားလုံးက ပျော်ပွဲများ စတင်ဆင်နွှဲကြသည်။
ယနေ့တွင် ကမ္ဘာနှင့်အဝှမ်း ဆင်နွှဲခဲ့ကြပေသည်။
"ဒု မဟာမိတ်ခေါင်းဆောင် ရောက်လာပြီ"
ကောင်းကင်မှ အသံတစ်ခုထွက်လာပြီး နဂါးဧကရာဇ်မြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
ရှဲ့လွမ်နှင့် စစ်ဦးစီးချုပ်ဟောင်းက ပျံသန်းလာပြီး ရင်ပြင်၏ ဝဲယာ တစ်ဖက်တစ်ချက်စီတွင် ဆင်းသက်ခဲ့ကြသည်။
"ဒု-မဟာမိတ်ခေါင်းဆောင်တွေကို နှုတ်ခွန်းဆက်ပါတယ်"
အားလုံးက မတ်တပ်ရပ်ပြီး ဒုခေါင်းဆောင်နှစ်ဦးကို ဂါရပြုလိုက်ကြ၏။
"ထကြပါ"
"အားလုံးပဲ ထကြပါ"
ရှဲ့လွမ်နှင့် စစ်ဦးစီးချုပ်ဟောင်းတို့က လက်ကို မြှောက်လိုက်ကြလေသည်။
ထို့နောက် ရှဲ့လွမ်နှင့် စစ်ဦးစီးချုပ်ဟောင်းက နဂါးဧကရာဇ်မြို့တော်၏ နက်နဲရာသို့ လှမ်းကြည့်လိုက်ကြသည်။
"မဟာမိတ်ခေါင်းဆောင် ရောက်လာပြီ!"
အသံက ထပ်မံ ထွက်ပေါ်လာခဲ့သည်။
လူအပေါင်းတို့လည်း နဂါးဧကရာဇ်မြို့တော်၏ နက်နဲသောအရပ်ကို လှမ်းကြည့်လိုက်၏။
နဂါးဧကရာဇ်မြို့တော်အတွင်းပိုင်း နက်နဲရာမှ ရုပ်ပုံအချို့ ထွက်လာကြတော့သည်။
လုမင်၊ ရှဲ့နျန်ချင်းနှင့် လုမင်၏ မိဘများဖြစ်သော လုယွမ်ထျန်းနှင့် လီပင်းတို့ ဖြစ်သည်။
ယနေ့တွင် လုမင်က သူ့အဝတ်အစားများကို အထူးပြောင်းလဲခဲ့ပေသည်။ သူဟာ လက်သည်းကိုးချောင်းနှင့် ကြီးကျယ်ခမ်းနားသည့် ရွှေရောင် ၀တ်စုံကို ဝတ်ဆင်ထားခဲ့သည်။
သူ၏ ဆံပင်ရှည်များကို စုချည်ထားကာ ခရမ်းရွှေရောင်ဝတ် သရဖူကို ဆောင်းထား၏။ သူက ရွှေနဂါးဖိနပ်နှင့် ရွှေရောင်ကျောက်စိမ်းခါးပတ်ကိုလည်း ခါးတွင်ပတ်ထားသည်။
ပြင်းထန်သော ဖိနှိပ်မှု အငွေ့အသက်များကလည်း သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လျက်ရှိ၏။
သူတို့လေးယောက်က ရင်ပြင်၏ထိပ်ဆုံးမှာ ဆင်းသက်ခဲ့ကြသည်။
"မဟာမိတ်ခေါင်းဆောင်ကို နှုတ်ခွန်းဆက်ပါတယ်"
ရင်ပြင်၏ အတွင်း အပြင်မှ သန်းနှင့်ချီသော ကျင့်ကြံသူများက ဒူးထောက်ပြီး လုမင်အား ဦးညွှတ်လိုက်ကြသည်။ သူတို့၏ အသံလှိုင်းများက ကောင်းကင်ယံမှ တိမ်တိုက်များကိုပင် လွင့်ပါးသွားစေခဲ့လေသည်။
"ထကြ၊ ထိုင်ကြပါ"
လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ သူ့အသံက ကျယ်လောင်စွာ ပျံ့နှံ့သွား၏။
"ကျေးဇူးတင်ပါတယ် မဟာမိတ်ခေါင်းဆောင်"
သန်းပေါင်းများစွာသော လူတို့လည်း ပြန်ထရပ်ပြီး ထိုင်လိုက်ကြသည်။
"ဒီနေ့၊ ငါတို့ လုံမန်နဂါးမဟာမိတ် ထူထောင်ရေးကို အဓိကထားပြီး ကျင်းပမယ်။ ပြီးရင် နယ်မြေတွေကို ခွဲဝေမယ်"
လုမင် ပြောလိုက်သည်။ သူက စကားအများကြီး မပြောသော်လည်း လူအများ၏ နှလုံးသားများ ခုန်ပေါက်သွားလေသည်။
လုံမန်နဂါးမဟာမိတ်က မြောက်လွင်ပြင်၊ အရှေ့တိုင်းကန္တာရ၊ တောင်ပိုင်းအမှောင်ကမ္ဘာနှင့် အလယ်ပိုင်းတိုက်ကြီး အပါအဝင် ကမ္ဘာကို ပေါင်းစည်းခဲ့သည်။ ထို့ကြောင့် နယ်မြေများကို ဘယ်လိုခွဲဝေပြီး အစောင့်အကြပ် စေလွှတ်မလဲ ဆိုတာ လူတိုင်းက သိချင်နေခဲ့ကြသည်။
နောက်ဆုံးတော့ ဤကိစ္စတွင် ကြီးမားသော အကျိုးအမြတ်များ ရှိပေသည်။
"စလိုက်ကြရအောင်"
လုမင် ကြေညာလိုက်သည်။
ပထမအဆင့်မှာ ရှမ်းဟွမ်တိုက်ကြီး၏ အင်အားစုကြီးငယ်များက လုံမန်နဂါးမဟာမိတ်အပေါ် သွေးသစ္စာကျိန်ဆိုရန် ဖြစ်သည်။
"ဟားဟားဟား၊ ငါဒီနေ့ အချိန်မှန် ရောက်လာပုံရတယ်"
ထိုအချိန်တွင် အဝေးမှ ရယ်မောသံများ ထွက်ပေါ်လာသည်။ ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်လာပြီး ကောင်းကင်မှာ ရုပ်သွင်တစ်ခု ပေါ်လာခဲ့၏။
"အဲဒါ... တိရီပဲ"
"ဒါ တိရီ"
လူတော်တော်များများက အော်လိုက်သည်။ တစ်ချို့လူများက သူတို့၏မျက်နှာမှာ ကြောက်ရွံ့မှုတို့ ပေါ်လာခဲ့လေသည်။
တိရီသည် ထိုအချိန်က ရှမ်းဟွမ်တိုက်ကြီး၏ တစ်ဝက်နီးပါးကို သိမ်းပိုက်ခဲ့သည်။ သူ့စွမ်းအားက ကြီးမားလွန်းပေသည်။ အင်အားစုကြီးငယ်များကို တိရီက အုပ်ချုပ်ခဲ့သည်။ ယခုတော့ တိရီပေါ်လာပြီဖြစ်ရာ ထိုလူများ သဘာဝအတိုင်း ထိတ်လန့်တုန်လှုပ်သွားတော့သည်။
"တိရီ၊ မင်းဒီကိုလာဝံ့သေးတာလား။ ကောင်းတယ်၊ ဒီနေ့ မင်းရဲ့သွေးနဲ့ မဟာမိတ်အတွက် ယဇ်ပူဇော်မယ်"
ရှဲ့လွမ်က အေးစက်စက်ဖြင့် အော်လိုက်သည်။ နတ်ဆိုးအငွေ့အသက်များက ကောင်းကင်ကို ထိုးတက်သွား၏။
လုမင်က ဘာမျှမပြောပေ။ သူ၏ မျက်လုံးများတွင် ရှုပ်ထွေးမှုများ ပေါ်လာခဲ့သည်။
တိရီ၏ လက်ရှိနယ်ပယ်ကို သူ ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။ သူဟာ အဆင့်တစ် သိုင်းအုပ်ချူပ်သူနယ်ပယ် အထွတ်အထိပ်တွင်သာ ရှိသည်။ နောက်ဆုံးတိုက်ပွဲတွင်၊ တိရီက သူ့မူလအမြုတေကို ထိခိုက်စေခဲ့သောကြောင့် သူ၏ ကျင့်ကြံခြင်းမှာလည်း အဆင့်တစ်ဆင့် ပြန်လည်ဆုတ်ယုတ်သွားခဲ့သည်။
ထိုသို့သော ကျင့်ကြံခြင်းအဆင့်ဖြင့် တိရီကို လုမင်၊ ရှဲ့လွမ်၊ စစ်ဦးစီးချုပ်ဟောင်းနှင့် ထူချမ် မည်သူမဆို အလွယ်တကူ သတ်ပစ်နိုင်ပေသည်။
တိရီက ဤနေရာကို ဘယ်လိုလုပ်ပြီး လာဝံ့သေးသနည်း။
"တိရီ၊ အခြားသူတွေကိုပါ တခါတည်း ထွက်လာခိုင်းလိုက်ပါ"
လုမင်က ပြောပြီး တိရီ၏ အနောက်ကို ကျော်ကြည့်လိုက်သည်။
"ဟားဟားဟား၊ ငါတို့ကို ခေါ်လိုက်ပြီးမှတော့ မင်းသေလိမ့်မယ်"
လှောင်ပြောင်ရယ်မောသံများ ထွက်ပေါ်လာပြီး ဟင်းလင်းပြင်က အက်ကွဲသွားသည်။ ကောင်းကင်ယံတွင် စုစုပေါင်း ရုပ်သွင်ဆယ်ခုပေါ်လာပြီး ဧကရာဇ်နဂါးမြို့တော်ကို အပေါ်စီးမှ ငုံ့ကြည့်လိုက်၏။
"ဒီလူတွေက ဘယ်သူတွေလဲ"
"သူတို့ကို ငါမမြင်ဖူးဘူး"
လူတော်တော်များများ ဆွေးနွေးခဲ့ကြသည်။
"မင်းက လုမင်လား"
တိရှန်းက လုမင်ကို ကြည့်လိုက်သည်။
"မှန်တယ်"
လုမင်က ပြောသည်။
"ကောင်းတယ်၊ သိပ်ကောင်းတယ်။ မင်း ငါ့ရဲ့ တိမိသားစုက တိဟုန်ချန်နဲ့ တိဟုန်လဲ့တို့ကို သတ်ပစ်လိုက်တယ်လို့ ကြားတယ်။ မင်းက သူတို့ရဲ့ အုပ်ချုပ်သူအဆင့် ဝိညာဉ်လက်နက်တွေကိုတောင် သိမ်းသွားလိုက်သေးတယ်။ အခု ဒီကိုလာပြီး အုပ်ချုပ်သူ ဝိညာဉ်လက်နက်တွေကို ပြန်အပ်လိုက်ပါ။ ပြီးရင် ဒူးထောက်ပြီး တောင်းပန်၊ ဒါဆိုရင် ငါ မင်းရဲ့အသက်ကို ချမ်းသာပေးနိုင်လောက်မယ်"
တိရှန်းက လက်နှစ်ဖက်ကိုနောက်ပစ်ပြီး လုမင်ကို သာလွန်သောအကြည့်ဖြင့် ငုံ့ကြည့်လိုက်သည်။
"မဟာမိတ်ခေါင်းဆောင်ကို မင်း ဘယ်လိုတောင် အရိုအသေတန်မဲ့ ပြုဝံ့တာလဲ။ မင်းသေသင့်တယ်"
အတွင်းရင်ပြင်မှ ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ လူရိပ်တစ်ခုက ကောင်းကင်သို့ ပျံတက်သွားပြီး အားကြီးသော ရောင်ဝါတစ်ခုကလည်း ရင်ပြင်တစ်ခုလုံး ပြည့်သွား၏။
ဤသည်မှာ သိုင်းအုပ်ချုပ်သူ ဖြစ်သည်။ သူသည် ယခင်က အလယ်ပိုင်းတိုက်ကြီး၏ သိုင်းအုပ်ချုပ်သူ ဖြစ်ခဲ့ဖူးသည်။ သူ့နာမည်က ခုန်းထျန်းဖြစ်ပြီး နောက်ပိုင်းမှ လုမင်ကို အညံ့ခံခဲ့ခြင်း ဖြစ်ချေသည်။
ထို့ကြောင့်၊ သူဟာ လုံမန်နဂါးမဟာမိတ်တွင် အဆင့်အနိမ့်ဆုံးဧကရာဇ် ဖြစ်ခဲ့သည်။ ထို့ကြောင့်ပင် သူက လုမင်ရှေ့တွင် သစ္စာစောင့်သိကြောင်း ပြသရန်နှင့် လုမင်၏ ယုံကြည်မှုကို ရယူရန် အခွင့်အရေးကို ရှာဖွေနေခဲ့သည်။
ယခုတော့ အခွင့်အရေးကောင်း ရရှိလာပြီဖြစ်ရာ မလွတ်တမ်း ဆုပ်ကိုင်ထားရလိမ့်မည်။
"ဝုန်း"
ခုန်းထျန်းဧကရာဇ်က တိရှန်းကို လက်ဖဝါးဖြင့် ရိုက်လိုက်သည်။
"သခင်လေးတိရှန်းကို မရိုမသေပြုဝံ့တယ်၊ သေစမ်း"
တိရှန်းနောက်မှ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ထွက်လာခဲ့သည်။ သူက ဓားတစ်လက်ကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ခုတ်ပိုင်းလိုက်သည်။
ကြောက်စရာကောင်းသော ဓားအလင်းတစ်ခုက ခုန်းထျန်းဧကရာဇ်၏ ဦးခေါင်းထက်တွင် လျှပ်တစ်ပြက် ပေါ်လာခဲ့၏။ ဓားအလင်းက သူ၏ တိုက်ခိုက်မှုနှင့် ခုခံမှုကို ဖြတ်ကျော်ကာ ဆက်လက် ခုတ်ပိုင်းလိုက်တော့သည်။
ခုန်းထျန်းဧကရာဇ်၏ နာကျင်စွာ အော်ဟစ်လိုက်သံ ထွက်ပေါ်လာခဲ့သည်။ သူ့ခန္ဓာကိုယ် ထက်ခြမ်းကွဲသွားပြီး သူ၏ နတ်ဘုရားဝိညာဉ်ပင်လျှင် ပေါက်ကွဲသွား၏။ သူ့ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ပါ ပျက်သုဥ်းသွားတော့သည်။