အခန်း ၁၃၆၄
Vol. 91 Ch. 1364
အပိုင်း ( 1364 ) တတိယအဆင့် သိုင်းအုပ်ချုပ်သူကို သတ်ခြင်း။
"သူတို့ကိုသတ်၊ သူတို့အားလုံးကိုသတ်"
တိရှန်းက အဝေးမှ ဒေါသတကြီး အော်လိုက်သည်။
အလွန် အန္တရာယ်များခဲ့၏။ တိရှန်းဟာ သေခြင်းတံခါးဝသို့ ဖြတ်လျှောက်ရသလို ခံစားလိုက်ရသည်။ သူ့မှာ အလွန်ကြောက်သွားပြီး အေးစက်စက် ချွေးများပင် ထွက်လာတော့သည်။
စွန့်ပစ် လူရိုင်းကျွန်းတစ်ကျွန်းပေါ်ရှိ မျိုးဆက်တူတစ်ဦးက သူ့အား သတ်လုနီးပါးဖြစ်မည်ဟု ဘယ်တုန်းကမျှ မမျှော်လင့်ခဲ့ပေ။ ဒေါသထွက်လွန်း၍ သူ၏ သတ်ဖြတ်ချင်စိတ်က အရည်ဖွဲ့လုနီးပါး ဖြစ်ခဲ့သည်။
ငွေရောင်ဆံပင်နှင့် အဘိုးကြီးက တိရှန်း၏နောက်တွင် ပေါ်လာခဲ့သည်။ သို့သော်၊ သူက မလှုပ်ရှားသေးပေ။
"ဘယ်သူက ဘယ်သူ့ကိုသတ်မလဲ ကြည့်ရသေးတာပေါ့"
ရှဲ့လွမ်နှင့် အခြားနှစ်ယောက်က အဆင့်နှစ် သိုင်းအုပ်ချုပ်သူ ငါးဦးကို ပိတ်ဆို့ထားခဲ့သည်။ လုမင်က အဆင့်သုံး သိုင်းအုပ်ချုပ်သူနှစ်ဦးကို ရင်ဆိုင်ခဲ့၏။
"ဝုန်း၊ ချွမ်"
ပေါက်ကွဲသံများနှင့် ဓားမြည်သံများက ကောင်းကင်ကို တုန်ခါစေခဲ့သည်။ အဆင့်သုံး သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူနှစ်ဦး၏လက်ထဲတွင် ရွှေရောင်ဓားတစ်လက်စီ ပေါ်လာသည်။ နှစ်ခုစလုံးက အုပ်ချုပ်သူ ဝိညာဉ်လက်နက်များ ဖြစ်၏။
အဆင့်သုံး အုပ်ချုပ်သူများက အုပ်ချုပ်သူ ဝိညာဉ်လက်နက်ကို ထိန်းချုပ်သောအခါ မည်မျှအစွမ်းထက်မည်နည်း။
သို့သော်လည်း လုမင်က လုံးဝမကြောက်ပါ။ ကစဉ့်ကလျား တာအိုနယ်မြေသန္ဓေဖြင့် ရစ်ပတ်ထားသည့် ဓားချက်များအား ထုတ်ဖော်လိုက်သည်။
"ချွမ်၊ ထန်..."
ဓားနှစ်ချောင်း တိုက်မိပြီးနောက် ဓားအလင်းများ ပတ်ဝန်းကျင်ကို ဖြာထွက်လာ၏။
ထိုအဆင့်သုံး သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူက လုမင်ကို မယှဉ်နိုင်ပေ။ သူ့ခန္ဓာကိုယ်က တုန်ယင်နေပြီး နောက်ပြန်ဆုတ်သွားခဲ့ရသည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
မနီးမဝေးမှ တိရီ၊ တိရှန်းနှင့် ငွေရောင်ဆံပင်နှင့် အဘိုးကြီးတို့အားလုံး မယုံကြည်နိုင်စွာ မျက်လုံးများ ပြူးကျယ်သွားသည်။
လုမင်၏ တိုက်ခိုက်နိုင်စွမ်းက အဆင့်သုံး သိုင်းအုပ်ချုပ်သူကိုပင် အမှန်တကယ် ဖိနှိပ်နိုင်ပြီလော။
မြေပြင်တွင်၊ လုံမန်နဂါးမဟာမိတ်မှ ကျွမ်းကျင်သူများလည်း အလွန် စိတ်လှုပ်ရှားခဲ့သည်။
တချို့က လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားကြတော့သည်။
လုမင်ဟာ အလွန်အစွမ်းထက်သည်။ သူသည် သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ မရောက်သေးသော်လည်း အဆင့်သုံး သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူကိုပင် ဖိနှိပ်နိုင်နေပြီ။
ရှမ်းဟွမ်တိုက်ကြီးတွင် အဆင့်သုံး သိုင်းအုပ်ချုပ်သူများ မရှိပါ။
လွန်ခဲ့သောနှစ်ပေါင်း သုံးသောင်းခန့်က သူ၏အထွတ်အထိပ်သို့ ရောက်ရှိနေသော ရှဲ့လွမ်သာ အဆင့်သုံးသိုင်းအုပ်ချုပ်သူ ဖြစ်ခဲ့ဖူးသည်။
သို့သော်လည်း ယခုအခါ ထိုသို့သော ကျွမ်းကျင်သူကို လုမင်က ဖိနှိပ်နေခဲ့ပြီ။
မဟာမိတ်ခေါင်းဆောင်၊ ထိုသူမှာ သူတို့ လုံမန်နဂါးမဟာမိတ်၏ မဟာမိတ်ခေါင်းဆောင် ဖြစ်သည်။
သူတော်စင်မြို့တိုက်ပွဲမှ လုမင်ဆိုလျှင်တော့ အဆင့်သုံး သိုင်းအုပ်ချုပ်သူနှင့် ယှဉ်နိုင်ဦးမည် မဟုတ်ပါ။ ထို့အပြင် တစ်ဖက်လူမှာ အုပ်ချုပ်သူ ဝိညာဥ်လက်နက် ရှိသည်။
သို့သော်၊ လက်ရှိ လုမင်က အဓိပဓိတစ်ပိုင်းနယ်ပယ်သို့ ချိုးဖြတ်သွားခဲ့ပြီ။ သူ၏ တိုက်ခိုက်နိုင်စွမ်းကလည်း သိသိသာသာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။ သူက သူတော်စင်မြို့တော်တိုက်ပွဲမှ လုမင်နှင့် လုံးဝ မတူတော့ပေ။
"ဝှစ်"
တစ်ချိန်တည်းတွင်၊ အခြား တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူက လုမင်အား တိုက်ခိုက်ခဲ့သည်။
သို့သော်၊ လုမင် သတိပြုမိပုံမရပေ။ သူက နဂါးအမှတ်အသားဓားနှင့် ပထမလူကို ခုတ်ပိုင်းလိုက်သည်။
ဓားချက်က လုမင်ကို ထိခါနီးမှ လုမင်၏ မျက်ခုံးနှစ်ခုကြားမှ လူရိပ်တစ်ခု ထွက်လာခဲ့သည်။
ဒုတိယခန္ဓာ၊ လုမင်၏ ဒုတိယခန္ဓာ။
"ဝှစ်"
ဒုတိခန္ဓာ လုမင်က သူ့လက်နှစ်ချောင်းကို ဓားကဲ့သို့သုံးပြီး ပြိုင်ဘက်၏ဓားကို ဟန့်တားလိုက်သည်။
ဤကာလအတွင်း လုမင်၏ အဓိကခန္ဓာက လေ့ကျင့်နေသလို၊ သူ၏ ဒုတိယခန္ဓာကလည်း အလကား မနေပေ။
ထို့ပြင် ဒုတိယခန္ဓာက အာရုံထွေပြားခြင်းမရှိဘဲ ကမ္ပည်းတာအိုကို စိတ်နှလုံးအကြွင်းမဲ့ လေ့ကျင့်သောကြောင့် သူ၏တိုးတက်မှုနှုန်းမှာ ပို၍ပင် မြန်ဆန်ခဲ့သည်။
သူတော်စင်မြို့တော်မှ တိုက်ပွဲအတွင်း၌ ဒုတိယခန္ဓာဟာ ရွှေရောင် ဝိညာဉ်မီးခွက်တစ်လုံးသာ ထွန်းညှိထားခဲ့သေးသည်။ သို့သော်၊ ဤကာလအတွင်း၌ ဒုတိယမြောက် ရွှေရောင် ဝိညာဉ်မီးခွက်အား ထွန်းညှိခဲ့၍ သူ၏ တိုက်ခိုက်နိုင်စွမ်းမှာ များစွာ တိုးတက်ခဲ့သည်။
"ဝှစ်... ဝှစ်"
ဖီးနစ်ငှက်မွေး ဓားပျံငါးလက်က ဒုတိယခန္ဓာ၏ မျက်ခုံးနှစ်ခုကြားမှ ထွက်ပေါ်လာပြီး တစ်ဖက်လူကို တိုက်ခိုက်လိုက်တော့သည်။
ထိုလူလည်း တုန်လှုပ်သွားပြီး ဓားချက်ကိုရုတ်သိမ်း၍ တားဆီးရန်သာ တတ်နိုင်ခဲ့သည်။
မူလခန္ဓာလုမင်က ပြိုင်ဘက်ကို ဆက်လက်တိုက်ခိုက်ခဲ့ပေသည်။
ကစဉ့်ကလျားတာအိုနယ်မြေသန္ဓေ ရစ်ပတ်ထားသော နဂါးအမှတ်အသားဓားနှင့် လုမင်၏စွမ်းအားက မယုံနိုင်စရာကောင်းအောင် သန်မာသည်။
"ထန်... ထန်"
ပြိုင်ဘက်မှာ တိုက်စစ်မဖွင့်နိုင်ဘဲ အစွမ်းကုန် ခုခံနေရတော့သည်။
ဓားနှစ်ချောင်း ဒုတိယအကြိမ် ထိပ်တိုက်တွေ့သောအခါ ပြိုင်ဘက်၏ ခန္ဓာကိုယ်က အဆက်မပြတ် တုန်ခါသွားသည်။ သူ့မျက်နှာက ဖြူဖျော့နေပြီး နောက်ပြန်ဆုတ်သွားခဲ့၏။
"ရွှစ်... ဝှစ်"
မူလခန္ဓာလုမင်လည်း အလွတ်မပေးဘဲ နဂါးအမှတ်အသားဓားနှင့် ပြင်းထန်သော တိုက်ခိုက်မှုများကို အဆက်မပြတ် ထုတ်ဖော်လိုက်တော့သည်။
လုမင်က လုံးဝ အသာစီးရခဲ့သည်။
ရုတ်တရက်...
တံဆိပ်ခတ်တော် တံခါးလေးခုက ကောင်းကင်တွင် ပေါ်လာခဲ့သည်။ တံခါးလေးခုမှ တောက်ပသော ပိတ်လှောင်ခြင်း အလင်းရောင်များ ထွက်ပေါ်လာခဲ့၏။
ထိုအချိန်တွင် ပြိုင်ဘက်က အငိုက်မိပြီး ခဏတာ အေးခဲသွားသည်။
ယင်းက ခဏတာဖြစ်သော်လည်း လုံလောက်ပေသည်။
"ငရဲဖိနှိပ်ကျောက်စာချပ်"
လုမင်က သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုကာ ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်အဖြစ် ပြောင်းလဲခဲ့သည်။
"ဝုန်း"
ငရဲဖိနှိပ်ကျောက်စာချပ်က တစ်ဖက်လူကို တိုက်ရိုက် ဖိနှိပ်လိုက်၏။
လုမင်က အဓိပဓိနယ်ပယ်သို့ ချိုးဖြတ်ခဲ့ပြီး ကစဉ့်ကလျားတာအိုနယ်မြေသန္ဓေကို နားလည်ခဲ့သည်။ ဤအချိန်တွင် သွေးမျိုးဆက်ပေါင်းစပ်ခြင်းဖြင့် ငရဲဖိနှိပ်ကျောက်စာချပ်အဖြစ် ပြောင်းလဲခဲ့ပါက သူ မည်မျှ အစွမ်းထက်မည်နည်း။
ထိုလူက တံဆိပ်တော်တံခါးများကို အသည်းအသန် ဖောက်ထွက်လိုက်သည်။ အရေးကြီးသော အခိုက်အတန့်တွင် သူ့ဓားနှင့် ခုခံနိုင်ခဲ့၏။ သို့တိုင်၊ သူ့ခန္ဓာက ပြင်းပြင်းထန်ထန် တုန်ခါသွားဆဲပင်။ သူ့ခန္ဓာကိုယ်မှ အရိုးအက်ကွဲသံများ ထွက်ပေါ်လာပြီး ခန္ဓာတစ်ခုလုံး ပေါက်ကွဲလုမတတ် ဖြစ်သွားသည်။ တချိန်တည်းမှာပင် သူ့ပါးစပ်မှ သွေးများ အန်ထွက်လာတော့သည်။
"ဝှစ်"
လုမင်၏ နတ်ဘုရားစိတ်အာရုံနှင့် ထိန်းချုပ်မှုအောက်တွင် နဂါးအမှတ်အသားဓားက လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ ဖြတ်သန်းသွားခဲ့သည်။
ငရဲဖိနှိပ်ကျောက်စာချပ်ကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သော ထိုလူမှာ ဤတိုက်ခိုက်မှုကို မည်သို့ရှောင်တိမ်းနိုင်မည်နည်း။ နဂါးအမှတ်အသားဓား ဖြတ်သန်းသွားသည်နှင့် ဦးခေါင်းပြတ်တစ်လုံးက လေထဲသို့ ပျံတက်သွားသည်။ နဂါးအမှတ်အသားဓားက တစ်ဖန် ပြန်လှည့်လာချိန်မှာတော့ တစ်ဖက်လူ၏ နတ်ဘုရားဝိညာဉ်ပါ ပြာအဖြစ် ပြောင်းလဲသွား၏။
တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူတစ်ဦး သေဆုံးသွားပြီ။
တစ်ဖက်တွင်လည်း ဒုတိယခန္ဓာလုမင်၏ တိုက်ပွဲက ပြီးဆုံးသွားပြီ ဖြစ်သည်။
ဒုတိယမြောက် ရွှေရောင်ဝိညာဉ်မီးခွက်ကို ထွန်းညှိပြီးနောက် ဒုတိယခန္ဓာလုမင်၏ တိုက်ခိုက်နိုင်စွမ်းမှာ သူတော်စင်မြို့တော်တိုက်ပွဲတွင် ရှိစဉ်ကထက် များစွာတိုးတက်လာခဲ့သည်။ ဤအချိန်တွင် သူက အလုံးစုံဝင်္ကပါအင်းကွက်ကို ထုတ်ယူပြီး ပြိုင်ဘက်ကို ပိတ်လှောင်ခဲ့သည်။
"ဝှစ်... ဝှစ်... ဝှစ်"
ဖီးနစ်ငှက်မွှေး ဓားပျံငါးခုက ပြိုင်ဘက်၏ သေကွင်းငါးဌာနကို တိုက်ရိုက်ထိုးဖောက်သွား၏။
တတိယအဆင့် သိုင်းအုပ်ချုပ်သူနှစ်ဦးမှာ ထိုကဲ့သို့ပင် အသတ်ခံခဲ့ရတော့သည်။
လုံမန်နဂါးမဟာမိတ်မှ ကျွမ်းကျင်သူများလည်း အံ့အားသင့်ပြီးနောက် အလွန်ဝမ်းသာသွားကြသည်။
တိရီ၊ တိရှန်းနှင့် တခြားသူများက မယုံကြည်နိုင် ဖြစ်နေကြတော့သည်။
"သတ်၊ သတ်"
မူလခန္ဓာလုမင်နှင့် ဒုတိယခန္ဓာလုမင်က တိရှန်းဆီသို့ တပြိုင်နက်တည်း ပြေးသွားသည်။
"မကောင်းတော့ဘူး၊ သခင်လေး... နောက်ဆုတ်လိုက်"
တိရှန်းအနားမှ ငွေရောင်ဆံပင်နှင့် အဘိုးကြီး၏ မျက်နှာအမူအရာ ပြောင်းသွားသည်။ သူ့လက်ထဲတွင် ရွှေရောင်ဓားတစ်ချောင်း ပေါ်လာခဲ့၏။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ တိရှန်းရှေ့သို့ ရောက်လာသည်။ ပြိုးပြိုးပြက်ပြက် တောက်ပနေသော ရွှေရောင်ဓားအလင်းနှင့်က လုမင်ကို ဆီးကြိုခုတ်လိုက်၏။
ငွေရောင်ဆံပင်နှင့် အဘိုးကြီး၏ ဓားကလည်း အုပ်ချုပ်သူဝိညာဉ်လက်နက်တစ်ခုဖြစ်သည်ကို သံသယဖြစ်စရာမရှိပေ။
ထို့ထက်၊ ငွေရောင်ဆံပင်အဘိုးကြီး၏ ကျင့်ကြံခြင်းက ပို၍ပင် အံ့သြဖွယ်ကောင်းသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံက တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်သို့ပင် ရောက်နေပြီ။
သို့သော်လည်း မူလခန္ဓာလုမင်နှင့် ဒုတိယခန္ဓာ လုမင်၏ ပူးပေါင်းတိုက်ခိုက်မှုကို မယှဉ်နိုင်သေးပါ။ တိုက်ကွက်အနည်းငယ် ရင်ဆိုင်ပြီးနောက် ငွေရောင်ဆံပင်နှင့် အဘိုးကြီး နောက်ပြန်ဆုတ်သွားခဲ့ရသည်။
"ဆုတ်... ဆုတ်တော့"
တိရှန်းလည်း တုန်လှုပ်ချောက်ချားသွားခဲ့သည်။ လုမင်၏ ခွန်အားက သူ့စိတ်ကူးထက် ကျော်လွန်သွားခဲ့ပြီ။ သူဟာ တိရီပြောထားသည်ထက် အများကြီးပို၍ သန်မာသည်။ တတိယအဆင့် သိုင်းအုပ်ချုပ်သူများပင်လျှင် သူ့ကို မယှဉ်နိုင်ပေ။ တိရှန်း အော်ဟစ်ပြီး လှည့်ထွက်ပြေးလိုက်သည်။
"ချွမ်"
"ဝုန်း"
မူလခန္ဓာလုမင်နှင့် ဒုတိယခန္ဓာလုမင်က ပူးပေါင်းပြီး ငွေရောင်ဆံပင်နှင့်အဘိုးကြီးကို ထပ်မံတိုက်ခိုက်လိုက်၏။ ဤတစ်ကြိမ်တွင်၊ ငွေရောင်ဆံပင်နှင့်အဘိုးကြီးမှာ မိုင်ပေါင်းများစွာ ဆုတ်သွားရတော့သည်။
"ဝှစ်"
ဒုတိယခန္ဓာလုမင်က တိရှန်းဆီသို့ ပြေးသွားခဲ့သည်။
"မဟုတ်ဘူး"
ငွေရောင်ဆံပင် အဘိုးကြီး မျက်နှာပျက်သွားသည်။ သူသည် လူနှင့်ဓား တစ်သားတည်းဖြစ်သွားပုံ ရ၏။ သူက ဓားအလင်းတစ်ခုအသွင်နှင့် တိရှန်းရှေ့တွင် ချက်ချင်းပေါ်လာတော့သည်။
တခဏချင်းမှာပင်၊ သူက ဓားအလင်း တစ်ရာ့ရှစ်ခုကို ထောင့်ပေါင်းစုံမှ ထုတ်ဖော်လိုက်သည်။
ဒုတိယခန္ဓာလုမင်၏ မျက်လုံးနှစ်ခုကြားမှ ဝိညာဉ်မီးလျှံ တောက်ပလာခဲ့သည်။ အလုံးစုံဝင်္ကပါအင်းကွက်မှ မရေမတွက်နိုင်သော ဝင်္ကပါကြီးများ ပေါ်လာခဲ့၏။ အမျိုးမျိုးသော တိုက်ခိုက်မှု ဝင်္ကပါကြီးများ၊ ပိတ်လှောင်ခြင်း ဝင်္ကပါများက ငွေရောင်ဆံပင်အဘိုးကြီးနှင့် တိရှန်းတို့ထံ ရောက်ရှိလာတော့သည်။
တစ်ချိန်တည်းမှာပင်၊ ဖီးနစ်ငှက်မွှေးဓားပျံ ငါးလက်က ဖြတ်သန်းသွားခဲ့သည်။
ထိုအချိန်တွင် မူလခန္ဓာလုမင်လည်း ထပ်ရောက်လာခဲ့၏။
ငွေရောင်ဆံပင် အဘိုးကြီးက တိရှန်းကို ကာကွယ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း အခြေအနေမှာ စိုးရိမ်စရာဖြစ်တော့သည်။
"သခင်လေး၊ ဟင်းလင်းပြင်လွန်းပျံကို သုံးလိုက်တော့"
ငွေရောင်ဆံပင် အဘိုးကြီးက အော်လိုက်သည်။
"ဟင်းလင်းပြင်လွန်းပျံ၊ ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်"
တိရှန်း သွေးပျက်ချောက်ချားပြီး မျက်နှာတစ်ခုလုံး ဖြူရော်နေခဲ့သည်။ သူ့ခန္ဓာမှာလည်း နတ်ပူးသကဲ့သို့ တဆတ်ဆတ်တုန်ယင်လျက်ရှိ၏။ ငွေရောင်ဆံပင်နှင့် အဘိုးကြီး၏ သတိပေးချက်ကိုကြားမှ သတိဝင်လာကာ ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်သည်။ သူ၏ မျက်ခုံးနှစ်ခုကြားမှ အလင်းရောင်တောက်ပသွား၏။ အလယ်ပိုင်းက ဖောင်းကြွပြီး ချွန်ထက်သည့် အစွန်းနှစ်ဖက်ရှိသော ဝိညာဉ်လက်နက်တစ်ခု ထွက်ပေါ်လာတော့သည်။
ထိုဝိညာဉ်လက်နက်က ပေါ်လာသည်နှင့် တပြိုင်နက် လျင်မြန်စွာ ကျယ်ပြန့်လာခဲ့သည်။ တချိန်တည်းမှာပင် အလင်းတန်းတစ်ခုက တိရှန်းနှင့် ငွေရောင်ဆံပင် အဘိုးကြီးကို ဖုံးအုပ်သွားသည်။
"သွားကြစို့"
ငွေရောင်ဆံပင်နှင့်အဘိုးကြီးက သူ၏ ယွမ်ချီစွမ်းအင်ဖြင့် အသက်သွင်းလိုက်၏။ ဟင်းလင်းပြင်လွန်းပျံက တောက်ပလာပြီး တစ်ချက် တုန်ခါသွားကာ လေထဲမှ ပျောက်ကွယ်သွားတော့သည်။
အခြားလူများကို သူတို့ လုံးဝ ဂရုမစိုက်တော့ပေ။