အခန်း ၁၃၆၅
Vol. 91 Ch. 1365
အပိုင်း ( 1365 ) တိရီကို သတ်ခြင်း။
"အခုမှ ထွက်သွားချင်တာလား"
"ဝုန်း"
ငရဲဖိနှိပ်ကျောက်စာချပ်က လေဟာပြင်ပေါ်ကို ဖိချလိုက်သည်။ မိုင်တစ်ထောင်အတွင်း ဟင်းလင်းပြင်က ပေါက်ကွဲသွား၏။ သို့သော်၊ ဟင်းလင်းပြင်လွန်းပျံက အစနအန မမြင်ရဘဲ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
"နောက်ထပ် အုပ်ချုပ်သူအဆင့် ဝိညာဉ်လက်နက်၊ အဲဒါက လွတ်မြောက်ခြင်းအမျိုးအစားပဲ"
လုမင် မကြည်မသာဖြစ်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။
ပြိုင်ဘက်က ချမ်းသာလွန်းပြီး အုပ်ချုပ်သူဝိညာဉ်လက်နက်မျိုးစုံ ပိုင်ဆိုင်ထား၏။
ပထမဆုံး တိုက်ခိုက်မှု အမျိုးအစားများ ရှိသည်။ နောက်တော့ ခံစစ်အမျိုးအစာကို ထုတ်ပြခဲ့၏။ သူတို့တွင် လွတ်မြောက်ခြင်းအမျိုးအစား ဝိညာဉ်လက်နက်များပင် ရှိခဲ့သည်။
ငွေရောင်ဆံပင် အဘိုးကြီး၏ ထိန်းချုပ်မှုအောက်တွင်၊ ဟင်းလင်းပြင်လွန်းပျံက လျင်မြန်လွန်းပြီး ချက်ခြင်းပျောက်သွားခဲ့လေသည်။ ယင်းမှာ ဟင်းလင်းပြင်ခုန်ကျော်ခြင်းထက် ပို၍ လျင်မြန်သည်။
တိရှန်း လွတ်မြောက်သွားပြီးနောက် လုမင်က အခြားဘက်ကို ကြည့်လိုက်သည်။
"တိရီ၊ မင်း ဘယ်သွားမှာလဲ"
လုမင်က သူ၏ လူသားပုံစံသို့ ပြန်ပြောင်းလိုက်သည်။ သူ့နှုတ်ခမ်းထောင့်တွင် အေးစက်သောအပြုံးတစ်ခု ပေါ်လာခဲ့သည်။
ဤအခိုက်တွင်၊ တိရီက အသည်းအသန် ထွက်ပြေးနေ၏။
သူ့မျက်နှာမှာလည်း တုန်လှုပ်ခြောက်ခြားမှုနှင့် မယုံနိုင်ခြင်းတို့ ပြည့်နေတော့သည်။
လအနည်းငယ်သာ ကြာသေးသော်လည်း လုမင်၏ တိုက်ခိုက်နိုင်စွမ်းက သိသိသာသာ မြင့်မားလာခဲ့သည်။ ယခုအခါ သူက နဝမနဂါး ဒယ်စောက်အိုးများ၏ အကူအညီမပါဘဲနှင့်ပင် အဆင့်သုံး သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူများကို သတ်နိုင်နေပြီ။
'ဘယ်လိုဖြစ်နိုင်မှာလဲ၊ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မလဲ'
တိရီက သူ့စိတ်ထဲမှ ဟိန်းဟောက်လိုက်သည်။ သူဟာ လုံးဝ လက်မခံနိုင်ဖြစ်နေပြီး အသည်းအသန် ပြေးနေတော့သည်။
"ဝှစ်"
ရုတ်တရက်၊ သူ့ရှေ့တွင် ရုပ်သွင်တစ်ခု ပေါ်လာခဲ့သည်။
"လုမင်"
တိရီ၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။
တိရီ၏ရှေ့တွင် ပေါ်လာသည့် လူက သဘာဝအတိုင်း ဒုတိယခန္ဓာ လုမင်သည်ပင်။
"တိရီ၊ ဒီတစ်ခါ မင်းရဲ့ ဝိညာဉ်ခန္ဓာကို မီးရှို့လည်းမရတော့ဘူး။ အခု မင်း လွတ်မြောက်နိုင်ဦးမယ် ထင်တာလား"
လုမင်၏ အသံက တိရီ၏အနောက်ဘက်မှ ထွက်ပေါ်လာပြန်သည်။
သူ့နောက်တွင် မူလခန္ဓာ လုမင် ရှိသည်။
"သတ်"
တိရီက အလွန်ပြတ်သားပြီး တိုက်ရိုက် တိုက်ခိုက်လိုက်သည်။
သို့သော်လည်း သူ၏ ကျင့်ကြံခြင်းအခြေခံက အဆင့်တစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အဆင့်တစ် အထွတ်အထိပ်သို့ ကျဆင်းသွားခဲ့ပြီး၊ သူ၏ သွေးမျိုးဆက်တစ်ထောင် ဝိညာဉ်ခန္ဓာကလည်း ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းက လုမင်နှင့် ခြားနားလွန်းပေသည်။
ဒုတိယခန္ဓာ လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ အလုံးစုံဝင်္ကပါအင်းကွက်ပေါ်လာပြီး တိရီအား ဖမ်းဆီးလိုက်သည်။
"တိရီ၊ ငါမင်းကို နောက်မှသတ်မယ်"
လုမင်က လှောင်ပြောင်ပြီး ရှဲ့လွမ်နှင့် တခြားသူများ တိုက်ခိုက်နေသော စစ်မြေပြင်ကို ပြန်လာခဲ့သည်။
တိုက်ပွဲနေရာတွင် အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်မှ ကျွမ်းကျင်သူငါးဦးက သွေးပျက်နေကြပြီ ဖြစ်သည်။ သို့သော်လည်း၊ သူတို့ လွတ်မြောက်ချင်နေကြသည့်တိုင် ရှဲ့လွမ်နှင့် အခြားသူများ၏ တားဆီးခြင်းကို ခံခဲ့ရပေသည်။
"ဝှစ်... ဝှစ်... ဝှစ်"
လုမင်က နဂါးအမှတ်အသားဓားကိုကိုင်ပြီး ဓားချက်ငါးချက်ကို ဆက်တိုက် ခုတ်လိုက်သည်။ ရန်သူ သိုင်းအုပ်ချုပ်သူ ငါးဦးစလုံး အနည်းငယ်မျှ မခုခံနိုင်ဘဲ သေဆုံးသွား၏။
နဂါးဧကရာဇ်မြို့မှ လူတိုင်း အံ့အားသင့်သွားကြသည်။ သူတို့အားလုံး လုမင်ကို စိုက်ကြည့်ရင်း ကြက်သေသေနေတော့သည်။
အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်မှ ကျွမ်းကျင်သူငါးဦးစလုံးကို တိုက်ခိုက်မှုတစ်ခုစီဖြင့် သတ်ခဲ့သည်။
ဤမြင်ကွင်းမျိုး၊ ဤသက်ရောက်မှုမျိုးက ပြင်းထန်လွန်းပေသည်။
ရှမ်းဟွမ်တိုက်ကြီးတွင် အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူများက တိုက်ကြီး၏ ထိပ်ဆုံးမှာ ရပ်တည်နေသူများ ဖြစ်သည်။ သို့သော်လည်း လုမင်၏လက်မှာတော့ ကြက်ကလေးငှက်ကလေးကဲ့သို့ အားနည်းခဲ့လေသည်။
"မဟာမိတ်ခေါင်းဆောင်က ပြိုင်ဘက်ကင်းတယ်"
"မဟာမိတ်ခေါင်းဆောင်က အနှိုင်းမဲ့တယ်"
ရုတ်တရက် နဂါးဧကရာဇ်မြို့တော်၌ မိုးမြေတုန်ဟီးစေနိုင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
မရေမတွက်နိုင်သောလူများမှာ မျက်နှာများ နီရဲလာပြီး ရူးသွပ်စွာ ဟိန်းဟောက်ကြ၏။ ဤအခိုက်အတန့်တွင်၊ လုမင်၏ပုံရိပ်က သူတို့၏နှလုံးသားထဲမှာ အစားထိုး၍မရတော့ပေ။ သူဟာ အနှိုင်းမဲ့ပြီး ပြိုင်ဘက်ကင်းခဲ့သည်။
အော်ဟစ် ကြွေးကြော်သံများက ပို၍ ကျယ်လောင်လာပေသည်။
လုမင်၏ ဂုဏ်သိက္ခာသည်လည်း အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။
လုမင်က သူ့လက်ကိုမြှောက်ပြီး ဖိချဟန်ပြုလိုက်မှ အားလုံး တိတ်ဆိတ်သွားလေသည်။
"ဝှစ်"
လုမင်က ခြေတစ်ချက်လှမ်းပြီး တိရီရှေ့မှာ ပေါ်လာခဲ့သည်။
"လုမင်၊ ငါတို့က ဘယ်သူဆိုတာ မင်းသိရဲ့လား။ သခင်လေး တိရှန်းက ဘယ်သူမှန်းရော မင်းသိလား။ ငါ မင်းကို ပြောလိုက်မယ်၊ ငါတို့က ယွမ်လုရဲ့ တိမိသားစုက လူတွေပဲ။ တိမိသားစုရဲ့ လူတွေကို သတ်ဝံ့မှတော့ မင်းသေပြီ။ သခင်လေးတိရှန်းက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး။ ရှမ်းဟွမ်တိုက်ကြီးတစ်ခုလုံး မင်းနဲ့အတူ မြှုပ်နှံခံရလိမ့်မယ်"
တိရီက ဟိန်းဟောက်လိုက်သည်။
"ယွမ်လု အင်အားစုကြီးလား၊ တိမိသားစုလား"
လုမင် မျက်မှောင်ကြုတ်လိုက်သည်။
တိရီ၊ တိရှန်းနှင့် အခြားသူများတွင် ထူးခြားသော နောက်ခံရှိကြောင်း သူ ခန့်မှန်းထားပြီး ဖြစ်သည်။ သို့သော်၊ သူတို့က ယွမ်လုအင်အားကြီးမှဖြစ်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
စစ်ဦးစီးချုပ်ဟောင်း၊ ရှဲ့လွမ်နှင့် အခြားသူများလည်း အသက်ပြင်းပြင်းရှူလိုက်မိသည်။
ယွမ်လု အင်အားစု၊ တိမိသားစုက အမှန်တကယ် ယွမ်လုမှ ဖြစ်နေသည်။
ယင်းက ရှမ်းဟွမ်တိုက်ကြီး သို့မဟုတ် ရှန်းရွှီတိုက်အဖွဲ့အစည်းမှ နှိုင်းယှဉ်နိုင်တာ မဟုတ်ပေ။
ဒဏ္ဍာရီများအရ ယွမ်လုတွင် ကျွမ်းကျင်သူများနှင့် ပါရမီရှင်များ ပြည့်နေသည်။ သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ကျော်လွန်သွားသည့် တည်ရှိမှုများလည်း မရေမတွက်နိုင်အောင် ရှိပေသည်။
ထိုတန်ခိုးရှင်များက လက်တစ်ချောင်းတည်းဖြင့် သူတို့၏ ရှမ်းဟွမ်တိုက်ကြီးကို ဖျက်ဆီးပစ်နိုင်သည်။
ထို့ကြောင့် ယွမ်လုအင်အားစုအကြောင်း ကြားရသောအခါ လူတိုင်း စိုးရိမ်သွားပေသည်။
ယင်းကိုမြင်တော့ တိရီက လှောင်ပြောင်ပြောဆိုလိုက်သည်။
"လုမင်၊ မင်းငါ့ကို လွှတ်လိုက်တာ ပိုကောင်းမယ်။ ဒါဆိုရင် ငါ မင်းကို ကူညီကောင်း..."
"ဟားဟားဟား၊ ပေါက်ကရတွေ"
သို့သော်လည်း၊ တိရီ စကားမဆုံးခင် လုမင်က အသံကျယ်ကျယ်နှင့် ရယ်မောပြီး နှောင့်ယှက်လိုက်သည်။
"တိရီ၊ မင်းဟာ တန်ခိုးထွားတဲ့ တည်ရှိမှုတစ်ခု ဖြစ်ခဲ့ပေမဲ့ အခုတော့ ငါ့ကို ခြိမ်းခြောက်ရအောင် ဒီလိုလှည့်ကွက်တွေကို သုံးနေရတယ်။ ဘယ်လောက် သနားစရာကောင်းပြီး ဝမ်းနည်းစရာကောင်းလိုက်လဲ"
လုမင် လှောင်ပြောင်လိုက်၏။
"လုမင်၊ မင်း..."
တိရီ ဒေါသထွက်သွားသည်။
"တိရီ၊ ဘာပြောပြော ဒီနေ့ မင်းသေလိမ့်မယ်။ တိရှန်းလည်း အခုအခြေအနေနဲ့ ရပ်လိုက်တာ ပိုကောင်းလိမ့်မယ်။ ဒါပေမဲ့ သူက မသိတတ်ဘဲ ခေါင်းမာရင်တော့ ယွမ်လုက တိမိသားစု၊ ငါ သူတို့ကိုပါ ဖျက်ဆီးပစ်မယ်"
လုမင် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ သူ့အသံက နဂါးဧကရာဇ်မြို့တော် တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ပေသည်။
ယွမ်လုက တိမိသားစု၊ ငါသူတို့ကို ဖျက်ဆီးပစ်မယ်။
ယင်းက ဘယ်လိုမာနမျိုးဖြစ်သနည်း။ ဘယ်လို ယုံကြည်မှူမျိုး ဖြစ်မည်နည်း။
တိရီလည်း အံ့သြသွားသည်။ နောက်တော့ သူက ဟားတိုက်ရယ်မောရင်း လှောင်ပြောင်ပြောဆိုလိုက်သည်။
"လုမင်၊ မင်းက တိမိသားစုကို ဖျက်ဆီးချင်နေတာလား။ မင်းက သနားစရာကောင်းအောင် အမြင်မရှိသူ၊ ရေတွင်းအောက်ခြေက ဖားတစ်ကောင်ပဲ"
"လုမင်၊ ယွမ်လုမှာ ကျွမ်းကျင်သူ ဘယ်လောက်ရှိတယ်ဆိုတာ မင်းသိလား။ သိုင်းအုပ်ချုပ်သူတွေဆိုတာ အဲဒီမှာ ပုရွက်ဆိတ်တွေပဲ။ ဒါ့အပြင် တိမိသားစုက ဘယ်လောက်သန်မာလဲ သိရဲ့လား။ မင်းကများ တိမိသားစုကို ဖျက်ဆီးပစ်မယ်လို့ ပြောဝံ့တယ်။ မင်းရဲ့စကားသာ ယွမ်လုကို ပျံ့နှံ့သွားရင်တော့ အားလုံး မျက်ရည်ကျအောင် ရယ်မောကြလိမ့်မယ်"
တိရီက သေခြင်းရှင်ခြင်းကို စိတ်ထဲမထားသလို ရယ်မောလိုက်သည်။
"သူတို့က သန်မာရင်တောင် ဘာဖြစ်လဲ။ အဲဒီအချိန်က ငါဟာ အရှေ့တိုင်း ဆန်းကျယ်ကောင်းကင်နယ်မြေကြီးရဲ့ မြို့လေးတစ်မြို့က လူတစ်ယောက်ပဲ။ အဲဒီအချိန်မှာ ကောင်းကင်ဧကရာဇ်ဘုရားကျောင်းကတော့ အထွတ်အထိပ်ကို ရောက်နေပြီ။ မင်း တိရီကလည်း မြင့်မားပြီး တန်ခိုးကြီးခဲ့တယ်။ ဒါပေမယ့် အခုကော ဘယ်လိုလဲ"
လုမင် တည်ငြိမ်စွာပြောလိုက်သည်။ သူ့စကားတိုင်းတွင် ယုံကြည်မှုအပြည့်ရှိ၏။
တိရီ တိတ်ဆိတ်သွားခဲ့သည်။
"ဂါး"
ထိုအချိန်တွင် နဝမနဂါးသွေးမျိုးဆက်က လုမင်၏ ဦးခေါင်းထက်မှာ ပေါ်လာသည်။
"တိရီ၊ မင်းက နဝမနဂါးရဲ့ သွေးအနှစ်သာရကို အမြဲလိုချင်နေတာ မဟုတ်ဘူးလား။ ဒီနေ့ မင်းကို နဝမနဂါးနဲ့ပဲ ငါသတ်မယ်"
ထို့နောက် နဝမနဂါးက ပါးစပ်ကိုဟပြီး ဝါးမျိုခြင်းစွမ်းအားဖြင့် တိရီကို လွှမ်းခြုံလိုက်သည်။
ကျန်နဝမနဂါး သွေးအနှစ်သာရများနှင့် ပေါင်းစပ်ပြီးကတည်းက နဝမနဂါးသွေးမျိုးဆက်၏ ဝါးမျိုခြင်းစွမ်းအားမှာ အဆများစွာ အားကောင်းလာခဲ့သည်။ ယင်းက အံ့မခန်း ပြင်းထန်လာခဲ့၏။
ဝါးမျိုခြင်းစွမ်းအားက တိရီ၏ အသက်အနှစ်သာရ၊ သွေးအနှစ်သာရ၊ နှလုံးသွေးနှင့် အခြားအရာများကို လျင်မြန်စွာ ဝါးမြိုတော့သည်။
တိရီမှာ စိတ်ဓာတ်ပြတ်သားပြီး သေခြင်းအတွက် အဆင်သင့်ဖြစ်နေသော်လည်း၊ ထိုသို့သော အခြေအနေမျိုးတွင် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အစွမ်းကုန် ရုန်းကန်နေဆဲ ဖြစ်သည်။
သို့သော်လည်း အလုံးစုံဝင်္ကပါအင်းကွက်တွင် သူ၏ ရုန်းကန်ခြင်းက အချည်းနှီးပင်။
ခဏအကြာတွင်၊ တိရီ၏ အသက်အနှစ်သာရကို လုံး၀ ဝါးမျိုသွား၍ သွေ့ခြောက်နေသော အလောင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
နဂါးဧကရာဇ်မြို့တော်မှ မရေမတွက်နိုင်သောလူများလည်း ရှုပ်ထွေးသောအမူအရာများဖြင့် ကောင်းကင်ကို ကြည့်နေမိလေသည်။
တိရီမှာ မျိုးဆက်ဟောင်း အုပ်ချုပ်သူတစ်ဦး ဖြစ်သည်။ သူသည် အနှစ်တစ်သောင်းခန့် ကြံစည်ခဲ့ပြီး ရှမ်းဟွမ်တိုက်ကြီး တစ်ခုလုံးကိုပင် ပေါင်းစည်းလုနီးပါး ဖြစ်ခဲ့၏။
လုမင်ကဲ့သို့ ရှားပါးသော ပါရမီရှင်တစ်ဦး ပေါ်ပေါက်ခြင်းကြောင့်သာ မဟုတ်လျှင် တိရီ အောင်မြင်ပြီး ရှမ်းဟွမ်တိုက်ကြီးကို အမှန်တကယ် ပေါင်းစည်းနိုင်မည် ဖြစ်သည်။
တိရီကို မျိုးဆက်တစ်ခု၏ အုပ်စိုးရှင်ဟု ခေါ်ဆိုနိုင်ပေသည်။ သို့သော်လည်း နောက်ဆုံးမှာတော့ လုမင်၏လက်ထဲမှာ သေဆုံးသွားခဲ့ရသည်။
"မဟာမိတ် တည်ထောင်ခြင်း အခမ်းအနားကို ဆက်လက် ဆင်နွှဲကြစို့"
လုမင်က ပြန်လှည့်ကာ နဂါးဧကရာဇ်မြို့တော်သို့ ဆင်းသက်လိုက်သည်။ သူ့အသံက တစ်မြို့လုံးသို့ ပျံ့နှံ့သွားလေသည်။
"မဟာမိတ်ခေါင်းဆောင်က အနှိုင်းမဲ့ပါတယ်"
လူများ၏ အော်ဟစ်ကြွေးကြော်သံများက ကောင်းကင်ယံမှာ ပဲ့တင်ထပ်သွားသည်။
ဤတိုက်ပွဲအပြီးတွင်၊ လုမင်၏ ဂုဏ်သိက္ခာသည် အထွတ်အထိပ်သို့ရောက်ရှိသွားပေသည်။
ယွမ်လုနှင့် ပတ်သက်သည့် အကြောင်းများကိုတော့ လူအနည်းငယ်သာ သိကြသည်။ အများစုက ကြားပင်မကြားဖူးကြချေ။