အခန်း ၁၃၆၆
Vol. 92 Ch. 1366
အပိုင်း ( 1366 ) အနောက်တိုင်း ကန္တာရသို့။
ယင်းနောက် မဟာမိတ် အခမ်းအနားကို ချောမွေ့စွာ ဆက်လက်ကျင်းပခဲ့သည်။
အင်အားစုကြီးများက မဟာမိတ်ဖွဲ့ရန် ကျိန်ဆိုကာ နယ်မြေများ ခွဲဝေခဲ့ပေသည်။
အားလုံးပြီးနောက် ပွဲတော်ကြီး ကျင်းပရန် ဖြစ်သည်။
စားပွဲကြီးက တစ်ရက်နှင့်တစ်ည ကြာမြင့်ခဲ့ပြီးမှ တဖြည်းဖြည်း လူစုခွဲခဲ့ကြလေသည်။
ရှမ်းဟွမ်တိုက်ကြီး၏ မြောက်ဘက်၊ အကန့်အသတ်မရှိသော ပင်လယ်တစ်ခုပေါ်တွင် ဟင်းလင်းပြင်က အက်ကွဲသွားပြီး လွန်းပျံတစ်ခု ပေါ်လာခဲ့သည်။
"ဝမ်"
လွန်းပျံက ပေါ်လာပြီးနောက် လူရိပ်နှစ်ခုကို ထုတ်ဖော်ကာ ကျုံ့ဝင်သွား၏။
ထိုလူနှစ်ဦးသည်ကား တိရှန်းနှင့် ငွေရောင်ဆံပင် အဘိုးကြီးတို့ ဖြစ်တော့သည်။
"ဖူး"
ငွေရောင်ဆံပင်နှင့် အဘိုးကြီးမှာ ပေါ်လာသည်နှင့်တပြိုင်နက် ပါးစပ်ထဲမှ သွေးများ အန်ထွက်လာသည်။
လုမင်နှင့် တိုက်ပွဲအပြီးတွင် ငွေရောင်ဆံပင်နှင့်အဘိုးကြီးမှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ပေသည်။
သို့ပေမည့် တိရှန်းကတော့ ငွေရောင်ဆံပင်နှင့် အဘိုးကြီးကို မကြည့်ပေ။ သူ့မျက်လုံးများက အေးစက်ပြီး မျက်နှာမှာလည်း ရက်စက်ကြမ်းကြုတ်မှုတို့ ပြည့်နေသည်။ သူက တောင်ဘက်ပိုင်းကို လှမ်းကြည့်ရင်း အေးစက်စက် ပြောလိုက်သည်။
"အဲဒီခွေးကောင် လုမင်ကို ငါ အပိုင်းပိုင်း ဖြတ်ပစ်မယ်"
ယွမ်လုတွင် ဤအဖြစ်မျိုးကြုံပါက ဖြေသာသော်လည်း ယခုတော့ လူရိုင်းကျွန်းဖြစ်သည့် ရှမ်းဟွမ်တိုက်ကြီးမှာ ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။ အုပ်ချုပ်သူဝိညာဉ်လက်နက်များကို ဆုံးရှုံးခဲ့ရသည့်အပြင် သူလည်း ထွက်ပြေးခဲ့ရပေသည်။ တကယ်ကို အရှက်ဗြန်းဗြန်းကွဲရခြင်း ဖြစ်သည်။
အဓိကအားဖြင့် လုမင်ကို သူ အလွန်မုန်းတီးသည်။
သေဆုံးသွားသော သူ၏ လက်အောက်ငယ်သားများကိုတော့ တိရှန်းက လုံးဝ ဂရုမစိုက်ပါ။
သူ့အမြင်တွင် သူတို့က အရေးမပါသော ပုရွက်ဆိတ်များထက် မပိုပေ။
တိမိသားစုတွင် ထိုပုရွက်ဆိတ်မျိုးက များပြားသည်။
ငွေရောင်ဆံပင် အဘိုးကြီး၏ မျက်လုံးများက ဝမ်းနည်းမှု အရိပ်အယောင်ကို လှစ်ဟလာသော်လည်း ခဏအတွင်း ပျောက်ကွယ်သွားလေသည်။
"သခင်လေး၊ အခု ဘာလုပ်ကြမလဲ"
ငွေရောင်ဆံပင်နှင့် အဘိုးကြီးက မေးလိုက်သည်။
"နောက်ထပ် ငါတို့ ဘာလုပ်နိုင်မှာလဲ။ ယွမ်လုကို ပြန်မယ်"
တိရှန်း အံကြိတ်လိုက်၏။
"လက်စားချေဖို့ ကျွမ်းကျင်သူတွေကို ခေါ်ရအောင် ယွမ်လုကို ပြန်သွားမှာလား"
ငွေရောင်ဆံပင်နှင့် အဘိုးကြီးက ထပ်မေးပြန်သည်။
"မင်း ရူးနေတာလား၊ ယွမ်လုကတေ ဒီဝေးလံခေါင်သီတဲ့ လူရိုင်းကျွန်းဆီ လူနည်းနည်းလောက် သယ်ပို့ဖို့တောင် ဘယ်လောက်ကုန်ကျတယ်ဆိုတာ မင်းသိလား။ မိသားစုက ငါ့ကို တစ်ကြိမ် ခြွင်းချက်ထားပြီးပြီ။ နောက်ထပ် အချိန်တိုအတွင်း ထပ်လုပ်ပိုင်ခွင့် ပြုကြတော့မှာ မဟုတ်ဘူး"
"ဒါပေမဲ့ အဲဒါက ကြာရှည်တော့မှာ မဟုတ်ပါဘူး။ ငါ သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ချိုးဖြတ်ပြီးရင် မျိုးနွယ်ထဲမှာ ငါ့အဆင့်အတန်းက ပိုမြင့်မားလာမှ၊ ပြီးတာရင် ငါ ထပ်လာခဲ့မယ်။ ဆယ်နှစ်၊ အလွန်ဆုံး ဆယ်နှစ်အတွင်း အဲဒီကောင်လေးနဲ့ ရှမ်းဟွမ်တိုက်ကြီး တစ်ခုလုံးကို ဖျက်ဆီးပစ်မယ်"
တိရှန်းက ရက်စက်ကြမ်းကြုတ်သော မျက်နှာဖြင့် ဟိန်းဟောက်လိုက်သည်။ အချိန်အတော်ကြာပြီးမှ သူ ငြိမ်သက်သွားကာ ငွေရောင်ဆံပင် အဘိုးကြီးနှင့်အတူ ပေယွိတိုက်ဆီသို့ ပြန်သွားတော့သည်။
.............
လုမင်၏ ဘဝက တည်ငြိမ်အေးချမ်းမှုရှိခဲ့သည်။
သူကိုယ်တိုင် လေ့ကျင့်ခြင်းမှလွဲ၍ နေ့တိုင်း သူ့တပည့်နှစ်ယောက်ကို သင်ကြားခဲ့ပေသည်။
တစ်ခါတစ်ရံ သူ့မိဘများ၊ ဟွာချီနှင့် အခြားသူများကို သင်ကြားပေးသည်။
ဒုတိယခန္ဓာကလည်း လေ့ကျင့်ခြင်းအပြင် ရံဖန်ရံခါ တာအိုတရားဟောလေ့ ရှိသည်။
သူ၏ ဒုတိယခန္ဓာက သူတော်စင်တစ်ဦး၏ အမွေကိုရရှိပြီး သိုင်းအုပ်ချုပ်သူ ဖြစ်လာခဲ့သူပင်။ ကမ္ပည်းတာအိုအပေါ် သူ၏ သိမြင်မှုက ရှမ်းဟွမ်တိုက်ကြီးတစ်ခုလုံး၌ အမြင့်မားဆုံးဟု ဆိုနိုင်သည်။
ထို့ကြောင့် ဒုတိယခန္ဓာလုမင်က တာအိုတရားဟောသည့်အခါတိုင်း ကမ္ပည်းတာအိုကို လျှောက်လှမ်းသူများ စုရုံးရောက်လာတတ်ပေသည်။
ပိုင်ရှီကျင်း၊ ကျွင်းစုန့်ကြွယ်နှင့် တခြားသူများဆိုလျှင် တစ်ကြိမ်တစ်ခါမှ မလွတ်ခဲ့ပါ။ တာအိုတရား လာကြားနာသည့် သိုင်းအုပ်ချုပ်သူများပင် ရှိခဲ့သည်။
လုမင်လည်း မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ ကျင့်ကြံခြင်းအတွေ့အကြုံအားလုံးကို ဝေမျှပေးခဲ့သည်။
တစ်ချိန်တည်းမှာပင် နဂါးဧကရာဇ်မြို့တော်၏ လူဦးရေက တိုးများလာကာ စည်ကားလာတော့သည်။
ရှမ်းဟွမ်တိုက်ကြီးတစ်ခုလုံး၊ လုံမန်နဂါးမဟာမိတ်တစ်ခုလုံးက တက်ကြွမှုအပြည့်ရှိသည်။ အရှိန်အဟုန်ဖြင့်လည်း ကြီးထွားသန်မာလာခဲ့၏။
လက်ရှိ ရှမ်းဟွမ်တိုက်ကြီး၏ သိုင်းအုပ်ချုပ်သူအရေအတွက်မှာ သမိုင်းတစ်လျှောက် အနည်းပါးဆုံးဟု ဆိုနိုင်သည်။
အနောက်တိုင်းကန္တာရမှလူများနှင့် ရှဲ့မိသားစုမှ အုပ်ချုပ်သူအနည်းငယ်မှလွဲ၍ လုံမန်နဂါးမဟာမိတ် တစ်ခုလုံးတွင် သိုင်းအုပ်ချုပ်သူ အယောက်နှစ်ဆယ်အောက်သာ ရှိသေးသည်။
သို့သော်လည်း ဤအခြေအနေမျိုးဖြင့်၊ သိုင်းအုပ်ချုပ်သူ အရေအတွက် တဖြည်းဖြည်း တိုးလာရန်မှာ အချိန်အကြာကြီး ကြာမည်မဟုတ်ပါ။
ယခုအခါ၊ လုံမန်နဂါးမဟာမိတ်က ကမ္ဘာကို ပေါင်းစည်းပြီး အရင်းအမြစ်များစုပေါင်း၍ ကျင့်ကြံခြင်းနယ်မြေ အမျိုးမျိုးကို အများပိုင်အဖြစ် ဖွင့်လှစ်ပေးခဲ့သည်။ ထို့ကြောင့် ထိပ်တန်း ပါရမီရှင်များ ခံစားနိုင်သော အခြေအနေက ယခင်ကထက် အဆများစွာ ပိုကောင်းလာပေသည်။
ယခင်ကတော့ အုပ်စိုးရှင်အင်အားစုများဟာ နယ်မြေတစ်ခုကို အုပ်စိုးပြီး သူတို့ ကိုယ်ပိုင်အရင်းအမြစ်များကို ထိန်းသိမ်းထားသည်။ ထို့ကြောင့် ကမ္ဘာ့ အရင်းအမြစ်များက အလွန်အကန့်အသတ် ရှိချေသည်။
ယခုမူကား၊ သူတို့အလိုရှိသော အရင်းအမြစ်များကို ရွေးချယ်နိုင်ပြီဖြစ်သည်။
ထူးချွန်ထက်မြက်သော မျိုးဆက်သစ်လူငယ်များ၏ ကျင့်ကြံခြင်းအရှိန်ကလည်း အလွန်တိုးတက်လာတော့သည်။
သိုင်းအုပ်ချုပ်သူများကလည်း သူတို့၏ ကျင့်ကြံခြင်း အတွေ့အကြုံများကို ပေးအပ်ခဲ့သည်။ ထိုသို့ဖြင့် အနာဂတ်တွင် သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်ရန် အခွင့်အလမ်းများလည်း တိုးလာမည်ဟု ယုံကြည်ထားတော့သည်။
မဟာမိတ်ဖွဲ့ပြီး တစ်လအကြာတွင် ရန်ခွမ်းစုက အောင်မြင်စွာဖြတ်ကျော်ပြီး သိုင်းအုပ်ချုပ်သူ ဖြစ်လာသည်။ လုံမန်နဂါးမဟာမိတ်၏ သိုင်းအုပ်ချုပ်သူမှာလည်း တစ်ဦး ထပ်တိုးခဲ့ပေသည်။
မဟာမိတ်ဖွဲ့ပြီး နှစ်လအကြာတွင် လုမင်၏ အကူအညီဖြင့် ရှဲ့လွမ်လည်း နောက်ဆုံးတွင် ခြေတစ်လှမ်းတိုးခဲ့သည်။ သူ၏ မူလအခြေခံအများစုကို ပြန်လည်ထိန်းသိမ်းခဲ့ပြီး သူ၏ကျင့်ကြံခြင်းက နောက်ဆုံးတွင် သိုင်းအုပ်ချုပ်သူနယ်ပယ် တတိယအဆင့်သို့ ပြန်လည်ရောက်ရှိသွားတော့သည်။
လုမင်အပြင် သူက လုံမန်နဂါးမဟာမိတ်၏ အသန်မာဆုံးသူ ဖြစ်လာခဲ့သည်။
အချိန်များကုန်လွန်သွားခဲ့ပြီ၊ မျက်စိတစ်မှိတ်အတွင်း မဟာမိတ် အခမ်းအနား ကျင်းပပြီးသည်မှာ သုံးလကျော်သွားပြီ ဖြစ်သည်။
လွန်ခဲ့သည့် သုံးလအတွင်း၊ လုမင်၏ ကျင့်ကြံခြင်းက တဖြည်းဖြည်း တိုးတက်ခဲ့ပေသည်။
သူ၏ တာအိုနယ်မြေ သန္ဓေသားပုံစံကလည်း တနေ့တခြား ပိုအားကောင်းလာသည်။
သိုင်းပညာမျိုးစုံမှာလည်း တိုးတက်ခဲ့၏။
လုမင်ဟာ နဝမနဂါး သွေးအနှစ်သာရ ကိုးစက်ကို ပေါင်းစပ်ပြီးနောက် နဝမနဂါး၏ ကျင့်ကြံခြင်းအတွေ့အကြုံများကို စုပ်ယူခဲ့သည်။ နောက်ဆုံးတွင် သူက နဝမနဂါးခြေလှမ်း၏ ပြီးပြည့်စုံသော အဆင့်ကိုးသို့ ရောက်ရှိခဲ့ပေသည်။
သူ၏ သန့်စင်သော ဝိညာဉ်ခန္ဓာကလည်း ခုနစ်ဆယ် ရာခိုင်နှုန်းအထိ လေ့ကျင့်နိုင်ခဲ့သည်။
ထို့အပြင်၊ ရှဲ့နျန်ချင်းသည်လည်း ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့၍ သူ၏တိုးတက်မှုက အလွန်လျင်မြန်ကာ အဓိပဓိနယ်ပယ်မှ ခြေတစ်လှမ်းသာ ဝေးတော့သည်။
သို့သော်လည်း တန်တန်နှင့် ပူဖောင်းလေးက အိပ်စက်နေကြဆဲဖြစ်သည်။ ယခုထိ မနိုးကြသေးပါ။
ယခုအခါ၊ နဂါးနတ်ဘုရားတောင်ကြားသို့သွားရန် နှစ်နှစ်သဘောတူညီချက်မတိုင်မီ တစ်နှစ်သာ လိုသည်။
"အဲဒီတုန်းက လုံချန်နဲ့ တခြားသူတွေ ဘာဖြစ်သွားတာလဲ။ လုံချန်က ဘာကြောင့် ပျောက်ကွယ်သွားပြီး မင်ကျစ်၊ ဝူလျန့်ရဟန်းနဲ့ တခြားနှစ်ယောက်တည်းပဲ ပြန်လာကြတာလဲ။ အခု မင်ကျစ်သေပြီဆိုတော့ သိတဲ့သူက ရဟန်းဝူလျန့်နဲ့ ဝူယွဲ့သီလရှင်ပဲ ရှိတော့မယ်။ ကြည့်ရတာ အနောက်တိုင်းကန္တာရကို ခရီးထွက်ဖို့ အချိန်တန်ပြီပဲ"
နဂါးဧကရာဇ်မြို့တော်ရှိ မဟာမိတ်မြို့တော် ခြံဝင်းအတွင်းမှ အဆောင်တစ်ခုတွင် လုမင် လက်ဖက်ရည်သောက်ရင်း အတွေးနယ်ချဲ့နေမိသည်။
သူက လုံချန်၏နေရာကို ရှာဖွေရန် ဆုံးဖြတ်ခဲ့ပေသည်။
လုံချန်သည် လူတော်တစ်ဦးဖြစ်ပြီး လုမင်၏ သူငယ်ချင်းဟုလည်း ဆိုနိုင်သည်။ ရှန်းရွှီတိုက်ကြီး၌ လုမင်ပြဿနာဖြစ်တော့ သူလည်း ငြိမ်တွယ်ခဲ့ပေသည်။ သူ့ကြောင့် လုံချန် အသတ်ခံရပါက သူ စိတ်မသက်မသာ ဖြစ်မိလိမ့်မည်။
ထိုသို့တွေးမိသောအခါ လုမင်လည်း ရှေ့ကို ခြေတစ်လှမ်းတိုးပြီး ပျောက်ကွယ်သွားတော့သည်။
...........
အနောက်တိုင်းကန္တာရသည် အမြဲတမ်း ဗုဒ္ဓဘာသာ၏ကမ္ဘာဖြစ်ခဲ့ပြီး ဗုဒ္ဓဘာသာက အုပ်ချုပ်ခဲ့သည်။
အနောက်ကန္တာရမှ လူတိုင်းနီးပါးက ဗုဒ္ဓဘာသာကို ယုံကြည်ကြ၏။
ထို့အပြင်၊ အနောက်တိုင်း ကန္တာရက အမြဲတစေ လျှို့ဝှက်ဆန်းကြယ်ပြီး ရှမ်းဟွမ်တိုက်ကြီး တိုက်ပွဲများတွင် မပါဝင်ခဲ့ဖူးပေ။
သို့သော်လည်း အနောက်တိုင်းကန္တာရကို မည်သူမျှ လျှော့မတွက်ရဲကြပါ။
အတိတ်တွင် အုပ်စိုးရှင်အင်အားစုတစ်ခုက တပ်မဟာကြီးများနှင့် အနောက်တိုင်းကန္တာရကို ဦးတည်ခဲ့သည်။ သို့သော်လည်း နောက်ဆုံးမှာတော့ ပြန်မလာနိုင်ကြသလို ဘာမျှ လှိုင်းမထစေခဲ့ပေ။
ဤတစ်ကြိမ်မှာလည်း၊ ရှမ်းဟွမ်တိုက်ကြီးက ရှားရှားပါးပါး ဖရိုဖရဲအခြေအနေသို့ ကျရောက်ခဲ့သည့်တိုင် အနောက်တိုင်း ကန္တာရကတော့ ကင်းကွာနေဆဲ ဖြစ်သည်။
"ဝှစ်"
အနောက်တိုင်း ကန္တာရ၏ နယ်စပ်တွင် လုမင်၏ပုံရိပ် ပေါ်လာခဲ့သည်။
လုမင်လည်း အဝေးကိုလှမ်းကြည့်ရင်း အနောက်တိုင်းကန္တာရ၏ နက်နဲရာဆီသို့ ပျံသန်းသွားတော့သည်။
အနောက်တိုင်းကန္တာရ၏ ကျယ်ပြန့်သော နယ်မြေကြီးတွင် မရေမတွက်နိုင်သော ဘုရားကျောင်းများနှင့် ရှေးဟောင်းဘုရားကျောင်းများ ပြည့်နေသည်။
ဤတစ်ခေါက်တွင် လုမင်၏ရည်ရွယ်ချက်က အနောက်တိုင်းကန္တာရ၏ ရှေးအကျဆုံး ဗောဓိဘုရားကျောင်းသို့ ဖြစ်ချေသည်။
ဝူလျန့်ရဟန်းနှင့် ဝူယွဲ့သီလရှင်က ဗောဓိကျောင်းမှ လာကြခြင်းဖြစ်ကာ ထိုနေရာတွင် နေကြသည်ဟု ဆိုသည်။
လုမင်၏ အမြန်နှုန်းဖြင့် အနောက်တိုင်းကန္တာရ၏ နယ်မြေတစ်ဝက်ကျော်ကို ဖြတ်ကျော်သွားရန် အချိန်သိပ်မကြာလိုက်ပေ။
'ကျွမ်းကျင်သူတွေ အများကြီးပဲ'
လုမင် တိတ်တဆိတ် တုန်လှုပ်သွားသည်။
လမ်းတစ်လျှောက်တွင် အစွမ်းထက်သော အရှိန်အဝါများစွာကို လုမင် တွေ့ရှိခဲ့၏။
နှစ်ဆယ်ထက်မနည်းသော အဓိပဓိ အရှိန်အဝါများကို လုမင် တွေ့ရှိခဲ့ပေသည်။
သိုင်းအုပ်ချုပ်သူ အရှိန်အဝါနှစ်ခုကိုပင် လုမင် တွေ့ရှိခဲ့သည်။
လုမင်က မျဉ်းဖြောင့်အတိုင်း ပျံသန်းနေခြင်းဖြစ်သော်လည်း ကျွမ်းကျင်သူများစွာကို ရှာဖွေတွေ့ရှိထားပြီးပြီ။ ယင်းမှာ မယုံနိုင်စရာ ဖြစ်သည်။
ရံဖန်ရံခါ ပြိုပျက်နေသည့် ဘုရားကျောင်းများမှာပင် အဓိပဓိများကို တွေ့ရသည်။ တကယ်ကို တုန်လှုပ်စရာပင်။
အနောက်တိုင်းကန္တာရက အဓိက နယ်မြေကြီးငါးခုအနက် အလယ်ပိုင်း တိုက်ကြီးပြီးလျှင် ဒုတိယဖြစ်သည်ဟု ဆိုကြသည်။ ယခုတော့ ကောလဟာလများမှာ အမှန်ဖြစ်ပုံပင်။
မကြာမီပင် ကြီးကျယ်ခမ်းနားသော တောင်ပေါ်ရှိ ဘုရားကျောင်းတစ်ခုက လုမင်၏ မျက်လုံးများရှေ့တွင် ပေါ်လာခဲ့သည်။
ဗောဓိဘုရားကျောင်းသို့ ရောက်ချေပြီ။