အခန်း ၁၃၆၇
Vol. 92 Ch. 1367
အပိုင်း ( 1367 ) လုံချန်၏ တည်နေရာ။
လုမင် ရောက်လာသည်နှင့် တပြိုင်နက်၊ လုမင်ဟာ အရပ်သုံးမီတာခန့် မြင့်မားသော ရွှေရောင် ဗုဒ္ဓအလင်းနှင့် ရဟန်းတစ်ပါး လုမင်၏ရှေ့တွင် ပေါ်လာခဲ့သည်။
"ရပ်လိုက်ပါ၊ ဒါက ဗုဒ္ဓဂိုဏ်းရဲ့ မြင့်မြတ်တဲ့ နေရာပဲ"
ထွားကျိုင်းသောရဟန်းက ဗာဂျရာဗုဒ္ဓကဲ့သို့ သူ့လက်တစ်ဖက်ကိုဆန့်တန်းကာ လုမင်အား တားဆီးလိုက်သည်။
"ကိုယ်တော်၊ ဂျူနီယာလုမင်က ဝူလျန့်ရဟန်းနဲ့ ဝူယွဲ့သီလရှင်ဆီကို လာပြီး လည်ပတ်တာပါ"
လုမင်က လက်ယှက်ပြီး ယဉ်ကျေးစွာ ပြောလိုက်သည်။
"လုမင်၊ မင်းက လုံမန်နဂါးမဟာမိတ်ရဲ့ ခေါင်းဆောင်လား"
အံ့အားသင့်မှုတို့က လုမင်၏ မျက်လုံးများတွင် လင်းလက်သွား၏။
"ကျုပ်ပါ"
လုမင် ခေါင်းညိတ်လိုက်သည်။
"ဆိုတော့ မဟာမိတ်ခေါင်းဆောင်လုပဲ၊ ဒါပေမဲ့ ဝူလျန့်နဲ့ ဝူယွဲ့က လောလောဆယ် တံခါးပိတ်လေ့ကျင့်နေတယ်။ သူတို့နဲ့တွေ့ဖို့ အဆင်မပြေမှာကို ငါကြောက်တယ်"
ထွားကျိုင်းသောရဟန်းက ပြောသည်။
"တိတ်တဆိတ် လေ့ကျင့်နေတာလား"
လုမင် မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။
"ကိုယ်တော်၊ လုမင်က မေးခွန်းနည်းနည်းလောက်မေးဖို့ ရောက်လာတယ်လို့ သတင်းပို့ပေးနိုင်မလား။ ဒါပြီးရင် ကျုပ် ချက်ချင်းထွက်သွားမှာပါ"
"မဟာမိတ်ခေါင်းဆောင် လု၊ ငါမင်းကို ပြောထားပြီးသားပဲ။ ဝူလျန့်နဲ့ ဝူယွဲ့က လောလောဆယ်မှာ တိတ်တဆိတ် လေ့ကျင့်နေတယ်။ သူတို့နဲ့တွေ့ဆုံဖို့ ခက်ခဲမှာကို ငါကြောက်တယ်"
ထွားကျိုင်းသော ရဟန်းက လေသံခပ်မာမာဖြင့် ပြောလိုက်သည်။
လုမင်၏ မျက်နှာအမူအရာက အနည်းငယ် မည်းမှောင်သွားသည်။
သူက ခဏတာမျှ တွေ့ရလျှင်ပင် ဖြစ်သည်။ ထို့အပြင် လုမင်၏ လက်ရှိအထောက်အထားအရ သူ့ကို ရှမ်းဟွမ်တိုက်ကြီး၏ အုပ်စိုးရှင်အဖြစ် သတ်မှတ်နိုင်ပေသည်။ သို့သော်လည်း ဤရဟန်းက သူ့ကိုတားဆီးရန် ကြိုးစားနေဆဲ ဖြစ်သည်။ နောက်ကွယ်တွင် အကြောင်းတစ်ခုခု ရှိလိမ့်မည်။
လုမင်လည်း အတင်းအကြပ် ဝင်ရမလားဟုပင် တွေးလိုက်မိသည်။ ဤရဟန်းသည် အဆင့်တစ် သိုင်းအုပ်ချုပ်သူသာဖြစ်၍ လုမင်ကို တားဆီးနိုင်စွမ်းတော့ မရှိပေ။
"ခုန်းကျန့်၊ မဟာမိတ်ခေါင်းဆောင် လု ကို ဝင်ခွင့်ပြုလိုက်ပါ"
ထိုအချိန်တွင် ဗောဓိဘုရားကျောင်းမှ အိုမင်းသော စကားသံတစ်ခုကို ကြားလိုက်ရသည်။ ထို့နောက်တွင် ဗုဒ္ဓအလင်းရောင်များနှင့် ကြင်နာတတ်ပုံရသော ရဟန်းတစ်ပါးက ထွားကျိုင်းသောရဟန်း၏ ဘေးတွင် ပေါ်လာခဲ့လေသည်။
ဤရဟန်း၏ ဦးခေါင်းအထက်တွင် ဗုဒ္ဓရောင်ခြည်စက်ဝိုင်းတစ်ခု ရှိနေသည်။ စူးရှသော အလင်းများက လုမင်၏ မျက်လုံးများကိုပင် အနည်းငယ် ကျုံ့စေခဲ့ပေသည်။
တတိယအဆင့် သိုင်းအုပ်ချုပ်သူ။
ဤရဟန်းအိုကြီးသည် တတိယအဆင့်သိုင်းအုပ်ချုပ်သူ ဖြစ်နေသောကြောင့် လုမင် တိတ်တဆိတ် အံ့ဩသွားမိသည်။
ရှဲ့လွမ်အပြင် ရှမ်းဟွမ်တိုက်ကြီးတွင် တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူတစ်ဦး အမှန်တကယ် ရှိသေးသည်။
အနောက်တိုင်း ကန္တာရက လုမင်ကို အမှန်တကယ် အံ့အားသင့်စေခဲ့သည်။
အကယ်၍ ထိုကျွမ်းကျင်သူသာ ရှမ်းဟွမ်တိုက်ကြီးကို အုပ်စိုးရန်ကြိုးပမ်းရာမှာ ပါဝင်ခဲ့မည်ဆိုလျှင်၊ တိရီ မည်သို့အခွင့်အရေးရနိုင်မည်နည်း။
"ခုန်းကျန့်က ဆရာတော်ခုန်းဟိုင်ကို နှုတ်ခွန်းဆက်ပါတယ်"
ထွားကျိုင်းသောရဟန်းက လက်အုပ်ချီပြီး ရဟန်းအိုကြီးကို နှုတ်ဆက်လိုက်သည်။
ဤပုဂ္ဂိုလ်မှာ ဗောဓိဘုရားကျောင်း၏ ကျောင်းထိုင်ဆရာတော် ဖြစ်ချေသည်။
"အမိတ္တဘ၊ ဒီရဟန်းအိုကြီး ခုန်းဟိုင်က မဟာမိတ်ခေါင်းဆောင်လုကို နှုတ်ခွန်းဆက်ပါတယ်"
ကျောင်းထိုင်ဆရာတော် ခုန်းဟိုင်က ဦးညွှတ်ပြီး ပြောလိုက်သည်။
"ဆရာတော် ယဉ်ကျေးလွန်းပါပြီ၊ လုမင်က ဆရာတော်ကို နှုတ်ခွန်းဆက်ပါတယ်"
လုမင်လည်း ပြန်လည်နှုတ်ဆက်လိုက်လေသည်။
"မဟာမိတ်ခေါင်းဆောင် လု၊ ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ။ မဟာမိတ်ခေါင်းဆောင်လု ဒီမနက် လာမယ်ဆိုတာကို ဒီရဟန်းအိုကြီးက ကြိုသိနေတာကြောင့် မင်းနဲ့တွေ့ဖို့ ဝူလျန့်နဲ့ ဝူယွဲ့ကို အကြောင်းကြားပြီးပြီ"
ကျောင်းထိုင်ဆရာတော် ခုန်းဟိုင်က ပြောလိုက်သည်။
"အိုး"
လုမင် မျက်ခုံးပင့်လိုက်သော်လည်း ဘာမျှမပြောတော့ပေ။ ခုန်းဟိုင်၊ ခုန်းကျန့်တို့နှင့်အတူ ဗောဓိဘုရားကျောင်းထဲသို့ ဝင်ရောက်လာပြီးနောက် ခြံဝင်းထဲတွင် ထိုင်ကာ စောင့်ဆိုင်းနေခဲ့သည်။
"အမိတ္တဘ၊ ဒကာတော် လုမင်... မတွေ့တာကြာပြီ။ မင်း မသေဘူးဆိုတာ ငါသိတယ်"
မကြာမီ၊ ဗုဒ္ဓဘာသာ ရွတ်ဆိုသံတစ်ခု ကြားလိုက်ရသည်။ ရဟန်းဝူလျန့်နှင့် ဝူယွဲ့သီလရှင်တို့ လျှောက်လာကြသည်။
လုမင်၏ မျက်လုံးများက ဝင်းလက်သွား၏။
ဤအခိုက်တွင် ခုန်းဟိုင်နှင့် ခုန်းကျန့်တို့က လုမင်တို့ လွတ်လွတ်လပ်လပ် ပြောဆိုနိုင်ရန် ထွက်သွားကြချေပြီ။
"ဝူလျန့်၊ ရှန်းရွှီတိုက်ကြီးမှာ ဘာတွေဖြစ်ပျက်ခဲ့တာလဲ။ တောင်ပိုင်းနတ်နန်းတော်ရဲ့ လူတွေက ရှမ်းဟွမ်တိုက်ကြီးကိုပြန်လာပြီးတော့... ငါက ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ ပါရမီရှင်ကို စော်ကားမိလို့ ငါ့ကိုသတ်လိုက်ပြီလို့ ကြေညာသွားတယ်။ အဲဒီတုန်းက မင်း ဘာဖြစ်လို့ မပြောခဲ့တာလဲ"
လုမင်က အချိန်မဆွဲတော့ဘဲ သူ့စိတ်ထဲတွင် နေရာယူထားသည့် အဓိကအကြောင်းရာကို မေးလိုက်သည်။
"ဟင်း၊ လုမင်... ငါ့ကိုလည်း အပြစ်မတင်ပါနဲ့"
ရဟန်းဝူလျန့်က သက်ပြင်းချပြီး ပြောလိုက်သည်။
"ငါတို့ကို ပြန်လိုက်ပို့တာက တောင်ပိုင်းနတ်နန်းတော်ရဲ့ ဝမ့်မိသားစုက စေလွှတ်လိုက်တဲ့ ကျွမ်းကျင်သူတွေပဲ။ သူတို့က ရှမ်းဟွမ်တိုက်ကြီးကို ရောက်တဲ့အခါ သတင်းမပြန့်စေဖို့ ငါတို့ကို ပြောထားတယ်"
"တောင်ပိုင်းနတ်နန်းတော်က အရမ်းအစွမ်းထက်တယ်ဆိုတာ မင်းလည်းသိမှာပါ။ သူတို့မှာ စတုတ္တတအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတွေတောင် ရှိတယ်။ အဲဒါကို ငါတို့လည်း ဆန့်ကျင်ဘက်မပြုဝံ့ဘူး။ နောက်ပြီး ဟိုရဟန်းအိုကြီး ခုန်းဟိုင်က သူရဲဘောကြောင်ပြီး ငါတို့ကို အပြင်လောကကို စိတ်ပူနေမဲ့အစား တိတ်တဆိတ်လေ့ကျင့်ဖို့ ပြောခဲ့တယ်"
ရဟန်းဝူလျန့်က ပြောလိုက်သည်။
ဝူလျန့်ရဟန်းက မဲ့ကာရွဲ့ကာ ပြောလိုက်ခြင်း ဖြစ်၏။ သူက ရဟန်းခုန်းဟိုင်ကို ရဟန်းအိုကြီးကြီးဟု ပြောခဲ့သည်။
"အမိတ္တဘ"
ဝူယွဲ့သီလရှင်လည်း မကြားချင်ယောင်ဆောင်ကာ ရွတ်ဆိုလိုက်လေသည်။
"ဒါနဲ့ လုမင်၊ မင်းကို တောင်ပိုင်းနတ်နန်းတော်က အမဲလိုက်နေတာ မဟုတ်ဘူးလား။ အဲဒီတုန်းက မင်းသေသွားပြီလို့ ငါတကယ်ထင်ခဲ့တာ"
ရဟန်းဝူလျန့်က ဆက်ပြောသည်။
"အင်း၊ အဲဒီအကြောင်းကတော့ မပြောချင်တော့ပါဘူး။ ဒါနဲ့ လုံချန်ဘယ်လိုလဲ။ သူ မင်းတို့နဲ့အတူ ပြန်မလာဘူးလား။ သူဘယ်မှာလဲ"
လုမင် မေးလိုက်၏။
"ဟင်း၊ လုံချန်ကတော့ သူသေဖို့များတယ်။ သူ့ကို ဝမ့်မိသားစုရဲ့ လူတွေက ဖမ်းခေါ်သွားကြတာ"
ရဟန်းဝူလျန့်က သက်ပြင်းချလိုက်သည်။
"ဝမ့်မိသားစုလား"
လုမင်၏ မျက်လုံးများက အေးစက်သွားသည်။
"သူတို့က ဘာဖြစ်လို့ လုံချန်ကိုခေါ်သွားတာလဲ မင်းသိလား"
"ငါမသိဘူး"
ရဟန်းဝူလျန့်က ခေါင်းကို ခါယမ်းလိုက်သည်။
လုမင် မျက်မှောင်ကြုတ်လိုက်၏။ သူက ဝမ့်မိသားစု၏ပါရမီရှင် ဝမ့်ကျန်းကို စော်ကားခဲ့သောကြောင့် ဒေါသဖျေဖျောက်ရန် လုံချန်အား အသုံးချခဲ့ပါသလော။
"ကိုင်း၊ လုမင်။ ငါတော့ ဒါပဲသိတယ်။ မင်းရောက်လာတာ အချိန်ကောင်းပဲ။ တကယ်လို့ မင်း ရက်နည်းနည်းနောက်ကျရင် မင်း ငါတို့ကို တွေ့နိုင်မှာ မဟုတ်တော့ဘူး"
ရဟန်းဝူလျန့်က ပြောလိုက်သည်။
"အိုး၊ မင်း ထွက်သွားတော့မှာလား"
လုမင် စိတ်ဝင်တစား မေးလိုက်၏။
"ဟုတ်တယ်၊ ရက်နည်းနည်းကြာရင် ဝူယွဲ့နဲ့ ငါ ယွမ်လုကိုသွားပြီး အဲဒီမှာရှိတဲ့ ဗုဒ္ဓဂိုဏ်းကြီးနဲ့ ပူးပေါင်းတော့မှာ။ လုမင်... အနှေးနဲ့အမြန် ငါ မင်းကို လိုက်မီလိမ့်မယ်"
ရဟန်းဝူလျန့်က ရယ်မောလိုက်သည်။
လုမင် တိတ်တဆိတ် တုန်လှုပ်သွား၏။ အနောက်တိုင်းကန္တာရ၏ ရေက ပို၍ နက်ရှိုင်းနေပုံရသည်။ သူတို့က ယွမ်လုမှ ဗုဒ္ဓဂိုဏ်းကြီးနှင့်ပင် ဆက်သွယ်နိုင်ပေသည်။
"ဒါဆိုရင်၊ နောင်အခါ ယွမ်လုမှာ ငါတို့ ပြန်ဆုံကြတာပေါ့"
လုမင် ပြောလိုက်သည်။
ထို့နောက် လုမင်လည်း နှုတ်ဆက်ကာ ထွက်ခဲ့တော့သည်။
အချိန်များက ကုန်တာမြန်လွန်းသည်။ မျက်စိတစ်မှိတ်အတွင်း နောက်ထပ်တစ်လ ကုန်ဆုံးသွားခဲ့ပြီ။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း၌၊ လုမင်သည် ရှမ်းဟွမ်တိုက်ကြီး၏ ကမ်းရိုးတန်းတွင် အမည်မသိ ပညာရှင်များ ပေါ်လာကြောင်း သတင်းရရှိခဲ့သည်။
လုမင်လည်း မျက်မှောင်ကြုတ်ပြီး သူတို့ကို ပိုပြီး သတိထားကြည့်နေရန် အမိန့်ပေးလိုက်တော့သည်။
.............
ရှမ်းဟွမ်တိုက်ကြီး၏ အရှေ့တိုင်း၊ ပင်လယ်ကမ်းရိုးတမ်းတွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခုကလည်း သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။ ယင်းမှာ သိုင်းအုပ်ချုပ်သူတစ်ပါး၏ အရှိန်အဝါ ဖြစ်သည်။
"နောက်ဆုံးတော့ ရှမ်းဟွမ်တိုက်ကြီးကို ငါရောက်ပြီ။ ပုံမှန်ဆိုရင်တော့ လုမင်က ရှမ်းဟွမ်တိုက်ကြီးမှာပဲ ရှိနေသေးသင့်တယ်"
ထိုလူက အစိမ်းရောင်ဝတ်ရုံကို ၀တ်ထားသည်။ သူ့မျက်လုံးများက ကျဉ်းမြောင်းပြီး စူးရှ၏။ ဤအခိုက်တွင် သူ့မျက်လုံးထဲမှာ လောဘ အရိပ်အယောင်များ ပေါ်လာခဲ့သည်။ ထိုလူက သူ့ခန္ဓာကို လှုပ်ခါပြီး အရှေ့တိုင်းကန္တာရ၏ နက်နဲရာဆီသို့ ပျံသန်းသွား၏။
မကြာမီ၊ သူက နဂါးကိုးကောင် မြို့အပြင်ဘက်သို့ ရောက်လာတော့သည်။
"ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားတဲ့မြို့လဲ။ ဒီမှာ သိုင်းအုပ်ချုပ်သူတစ်ပါးရှိတယ်။ သူ့ဆီကနေ လုမင် ဘယ်မှာလဲဆိုတာကို ငါရှာတွေ့နိုင်တယ်"
အစိမ်းရောင်ဝတ် အမျိုးသားက ရယ်မောကာ နဂါးကိုးကောင်မြို့ထဲသို့ ပြေးသွားခဲ့သည်။ ထို့နောက် သူ့ထံမှ ကြီးစိုးသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး နဂါးကိုးကောင်မြို့ကို လွှမ်းခြုံသွား၏။
"ဘာတွေဖြစ်နေတာလဲ၊ သူက အရမ်းအစွမ်းထက်တယ်"
"အုပ်ချုပ်သူ၊ အဲဒါ သိုင်းအုပ်ချုပ်သူပဲ။ လုံမန်နဂါးမဟာမိတ်က ဘယ်ဧကရာဇ်ရောက်လာတာလဲ"
နဂါးကိုးကောင်မြို့မှ လူအများအပြားမှာ ဤအရှိန်အဝါ၏ ဖိနှိပ်ခံခဲ့ရပြီး ဒူးထောက်လုနီးပါး ဖြစ်သွားသည်။ အားနည်းသူအချို့ဆိုလျှင် သွေးများပင် အန်ထွက်ကုန်တော့သည်။
"ဘယ်သူလဲ"
နဂါးကိုးကောင်မြို့၏ နက်နဲရာအရပ်မှ ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထွားကျိုင်းသော လူရိပ်တစ်ခု ထွက်ပေါ်လာ၏။
ဤလူထွားကြီးမှာ ချွီလော့ ဖြစ်သည်။ သူ့အား နဂါးကိုးကောင်မြို့ကို စောင့်ရှောက်ရန် တာဝန်ပေးထားခြင်း ဖြစ်ချေသည်။
အစိမ်းရောင်ဝတ် အမျိုးသားကိုမြင်တော့ ချွီလော့ မျက်မှောင်ကြုတ်လိုက်သည်။
ထိုလူကို သူ မသိပေ။
ယခုအခါ၊ အနောက်တိုင်းကန္တာရမှတပါး ရှမ်းဟွမ်တိုက်ကြီးရှိ သိုင်းအုပ်ချုပ်သူအားလုံး လုံမန်နဂါးမဟာမိတ်ကို ဝင်ရောက်ခဲ့ကြသည်။ ထိုဧကရာဇ်အားလုံးကို ချွီလော့ သိ၏။ သို့သော်၊ ဤလူကိုတော့ မသိပေ။ သူဟာ တိုင်းတပါးမှ ဆင်းသက်လာသည့် ဧကရာဇ်ဖြစ်ကြောင်း ထင်ရှားသည်။
"ဟားဟားဟား၊ မင်းနောက်ဆုံးတော့ သိသွားပြီပဲ။ ငါ မင်းကို မေးခွန်းတစ်ခုမေးမယ်၊ မင်း ရိုးရိုးသားသားဖြေရင်တော့ ပိုကောင်းမယ်။ မဟုတ်ရင် မင်းဒုက္ခရောက်လိမ့်မယ်"
အစိမ်းရောင်ဝတ် အမျိုးသားက ရယ်မောလိုက်သည်။
"မင်း ဘာမေးချင်တာလဲ"
ချွီလော့ မေးလိုက်၏။
"လုမင် အကြောင်း ကြားဖူးလား"
အစိမ်းရောင်ဝတ် အမျိုးသားက ပြောလိုက်သည်။