အခန်း ၁၃၆၈
Vol. 92 Ch. 1368
အပိုင်း ( 1368 ) တိုင်းတပါးမှ သိုင်းအုပ်ချုပ်သူများ။
"မဟာမိတ်ခေါင်းဆောင်၊ မင်း ဘာဖြစ်လို့ မဟာမိတ်ခေါင်းဆောင်ကို ရှာတာလဲ"
ချွီလော့ အံ့အားသင့်သွားပြီး မေးလိုက်သည်။
"မဟာမိတ်ခေါင်းဆောင်လား၊ ကြည့်ရတာ လုမင်ရဲ့ အဆင့်အတန်းက ဒီနေရာမှာ နိမ့်ကျပုံမရဘူး။ ပြောစမ်းပါဦး၊ လုမင် အခုဘယ်မှာလဲ"
အစိမ်းရောင်ဝတ်လူက ပြောလိုက်သည်။
"မင်းဘာဖြစ်လို့ မဟာမိတ်ခေါင်းဆောင်ကို ရှာနေတာလဲ"
ချွီလော့ သတိထားပြီး မေးလိုက်၏။
"တော်စမ်း၊ ငါ မင်းကိုမေးနေရင် မေးတာကိုပဲဖြေ။ အပိုတွေ မပြောနဲ့"
အစိမ်းရောင်ဝတ်လူက စိတ်မရှည်စွာဖြင့် အေးစက်စက် အော်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော ရောင်ဝါတစ်ခု ထွက်ပေါ်လာကာ ချွီလော့ကို ဖိချလိုက်၏။
ချွီလော့၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားရတော့သည်။
"ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူ"
အော်ဟစ်ရင်း သူ့အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။
ဤအစိမ်းရောင်ဝတ် အမျိုးသားက အမှန်တကယ် ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူ ဖြစ်နေသည်။
"မင်း ဘာဖြစ်လို့ မဟာမိတ်ခေါင်းဆောင်ကို ရှာနေတာလဲ။ မဟုတ်ရင် ပြောဖို့ စဉ်းတောင် မစဉ်းစားနဲ့"
ချွီလော့ အော်ဟစ်လိုက်သည်။
"မပြောသေးဘူးလား၊ မင်း သေချင်နေတာပဲ"
အစိမ်းရောင်ဝတ် အမျိုးသား၏ အကြည့်က အေးစက်သွားသည်။ သူ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။
ချွီလော့ ကမန်းကတန်း ဆုတ်ခွာသွားပြီး ကာကွယ်ရေးဝင်္ကပါများက သူ့ရှေ့တွင် ပေါ်လာတော့သည်။
"ဝုန်း... ဝုန်း"
သို့သော်၊ ချွီလော့၏ ခုခံမှုများက အစိမ်းရောင်ဝတ် အမျိုးသား၏ လက်ဝါးအောက်တွင် တိုက်ရိုက် ကြေမှုန့်သွားခဲ့သည်။ သွေးတစ်ပွက်အန်ရင်း ချွီလော့၏ ခန္ဓာက အမြောက်ဆန်ကဲ့သို့ လွင့်စဉ်သွားလေသည်။
"ဆုတ်"
ချွီလော့ လုံးဝ မတုံ့ဆိုင်းဘဲ လှည့်ထွက်ပြေးသွားသည်။
"ဟမ့်၊ မင်းပြေးသွားတော့ ပြီးရောလား"
အစိမ်းရောင်ဝတ်လူက အေးစက်စက် ငေါက်လိုက်သည်။ သို့သော်၊ လိုက်မသွားပေ။ သူက နဂါးကိုးကောင်မြို့အောက်သို့ ဆင်းသက်ပြီး ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို ဖမ်းဆီးလိုက်သည်။ အစိမ်းရောင် အခိုးအငွေ့များကလည်း ဝိညာဉ်နတ်ဘုရားနယ်ပယ်လူကို ဖုံးလွှမ်းသွား၏။
ထိုလူက ကြီးစွာသောနာကျင်မှုကို ခံစားရဟန်ဖြင့် အသံနက်ကြီးနှင့် အော်ဟစ်လိုက်ရာ အနီးနားရှိ အခြားလူများပင် ကြက်သီးတဖြန်းဖြန်းထသွားတော့သည်။
"ပြောစမ်း၊ လုမင် ဘယ်မှာလဲ"
အစိမ်းရောင်ဝတ် အမျိုးသားက အေးစက်စက် မေးလိုက်သည်။
"မဟာမိတ်ခေါင်းဆောင်က နဂါးဧကရာဇ်မြို့တော်... နဂါးဧကရာဇ်မြို့တော်မှာ နေပါတယ်"
ထိုလူက အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။
"နဂါးဧကရာဇ်မြို့တော်မြေပုံ ငါ့ကို ပေးစမ်း"
အစိမ်းရောင်ဝတ် အမျိုးသားက အေးစက်စက် ပြောလိုက်၏။ ထိုလူလည်း မငြင်းဆန်ဝံ့ဘဲ သိုလှောင်လက်စွပ်အတွင်းမှ မြေပုံကိုထုတ်ယူကာ အစိမ်းရောင်ဝတ် အမျိုးသားကို ပေးလိုက်တော့သည်။
အစိမ်းရောင်ဝတ် အမျိုးသားက ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူကို လွှတ်ပေးလိုက်ပြီး မြေပုံကို တစ်ချက်ကြည့်ကာ ပြုံးလိုက်သည်။
"ဟားဟားဟား၊ နောက်ဆုံးတော့ ငါမင်းကိုတွေ့ပြီ လုမင်။ လူဖုန်းတိုက်ကြီးကနေ ဒီကို အပြေးအလွှားလာခဲ့ရတာ အချိန်မဖြုန်းမိတော့ဘူး"
အစိမ်းရောင်ဝတ် အမျိုးသား၏ မျက်လုံးက အေးစက်သော အလင်းတန်းတစ်ခု လင်းလက်ကာ နဂါးဧကရာဇ်မြို့ဆီသို့ ပျံသန်းသွားတော့သည်။
လုမင်သာ ဤနေရာတွင် ရှိနေလျှင်တော့ လူဖုန်းတိုက်ကြီးက ရှန်းရွှီတိုက်အဖွဲ့အစည်း တောင်ဘက်ပိုင်းမှဖြစ်ကြောင်း သိနိုင်မည် ဖြစ်သည်။ သူတို့က ရှမ်းဟွမ်တိုက်ကြီးနှင့် မဝေးသောနေရာတွင် ရှိပေသည်။
အစိမ်းရောင်ဝတ် အမျိုးသား ထွက်သွားပြီးမှ ဖမ်းဆီးခံခဲ့ရသော ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူလည်း ဤတော့မှ သက်ပြင်းချလိုက်နိုင်သည်။ သို့သော်လည်း၊ ကပ်ဘေးမှ လွတ်မြောက်ပြီဟု သူခံစားမိချိန်မှာပင် အစိမ်းရောင် အခိုးအငွေ့များ ရုတ်တရက် ထွက်ပေါ်လာပြီး သူ့ကို ဖုံးအုပ်ထားသည်။
နာကျင်စွာ အော်ဟစ်သံကို တစ်ဖန် ကြားလိုက်ကြရ၏။
ခဏအကြာမှ မြူခိုးများ ပြန့်ကျဲသွားသောအခါ၊ ဝိညာဉ်နတ်ဘုရားနယ်ပယ် ထိုကျွမ်းကျင်သူက အရိုးစုတစ်ခုသာ ကျန်တော့သည်။
အနီးနားရှိ လူများ အားလုံး အသက်ပြင်းပြင်း ရှူရှိုက်လိုက်မိသည်။
တောင်ပိုင်းအမှောင်ကမ္ဘာနှင့် မြောက်ပိုင်း လွင်ပြင်မှာလည်း အလားတူ မြင်ကွင်းများ ဖြစ်နေပေသည်။
ထိုနေရာနှစ်ရပ်လုံးကိုလည်း သိုင်းအုပ်ချုပ်သူများ တိုက်ခိုက်ခဲ့ကြသည်။
နဂါးဧကရာဇ်မြို့တော်မှ လုမင်လည်း ထိုသတင်းကို ရရှိခဲ့သည်။
"ကျန့်ပင်းတိုက်ကြီးက ကျွမ်းကျင်သူတစ်ယောက် တောင်ပိုင်း အမှောင်ကမ္ဘာမှာ ပေါ်လာတယ်လား"
လုမင် မျက်မှောင်ကြုတ်လိုက်၏။
အင်အားစုအားလုံး တိုက်ခိုက်ခံနေရသည်။ ရောက်လာသူများကလည်း သိုင်းအုပ်ချုပ်သူများ ဖြစ်၏။ သူတို့ထဲတွင် အားအနည်းဆုံးက ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူ ဖြစ်သည်။
မြောက်ပိုင်းလွင်ပြင်သာလျှင် ကျန့်ပင်းတိုက်ကြီးမှ ဧကရာဇ်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
"ကျန့်ပင်းတိုက်ကြီး... အခြေခံ သတင်းတွေအရ သူတို့အားလုံးက မတူညီတဲ့ တိုက်ကြီးတွေကနေ ရောက်လာခဲ့ပုံရတယ်။ တကယ် ထူးဆန်းတာပဲ"
လုမင် မျက်မှောင်ကြုတ်လိုက်သည်။
သူတို့က မတူညီသော တိုက်ကြီးများမှဖြစ်ပြီး ရှမ်းဟွမ်တိုက်ကြီးသို့ ရုတ်တရက် ရောက်လာကြခြင်း ဖြစ်၏။ ထို့အပြင်၊ သူတို့အားလုံးက ပစ်မှတ်တူညီပြီး လုမင်ကိုရှာဖွေရန် ရောက်လာခြင်း ဖြစ်သည်။
လုမင် အလွန် အံ့ဩသွား၏။ တိုက်ကြီးအသီးသီးမှ တန်ခိုးကြီးသော ဤပုဂ္ဂိုလ်များ အားလုံးက သူ့အား ရှာဖွေရန် ရှမ်းဟွမ်တိုက်ကြီးသို့ လာနေသည်။ ယင်းက ဘယ်အကြောင်းကြောင့် ဖြစ်သနည်း။
"ဟင်"
ထိုအချိန်တွင်၊ လုမင်က နောက်ထပ်သတင်းတစ်ပုဒ်ကို ရရှိခဲ့သည်။
မြောက်ပိုင်းလွင်ပြင်ရှိ နတ်ဆိုးဘုရားတောင်ကြားမှ တစ်စုံတစ်ယောက်က တိုက်ခိုက်ခဲ့သည်။
နတ်ဆိုးဘုရားတောင်ကြားတွင် ရှိနေသူမှာ ရှဲ့လွမ် ဖြစ်၏။ ရှဲ့လွမ်က အင်အားပြပြီး ရန်သူကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။ ထို့အပြင်၊ သူက ထိုလူကိုဖမ်းဆီးပြီး နယ်မြေဖြတ်ကျော် တည်နေရာရွှေ့ပြောင်းခြင်း အစီရင်ဖြင့် နဂါးဧကရာဇ်မြို့တော်သို့ လာနေပြီ။
လုမင် ဝမ်းသာသွားသည်။ ဤသည်က စစ်ဆေးမေးမြန်းရန် အခွင့်ကောင်းပင်။
လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဟင်းလင်းပြင်ကို ခွဲထွက်သွားသည်။ နောက်အခိုက်မှာတော့ သူဟာ နယ်မြေဖြတ်ကျော် တည်နေရာရွှေ့ပြောင်းခြင်းအစီရင်တွင် ပေါ်လာခဲ့၏။ ထိုနေရာတွင် ရှဲ့လွမ်ကို တွေ့လိုက်ရသည်။
ဖြူဖပ်ဖြူရော်မျက်နှာနှင့် မြေပြင်ပေါ်တွင် လဲကျနေသော ပိန်ပိန်ပါးပါး အဘိုးအိုတစ်ဦးလည်း ရှိနေသည်။ သူ့အငွေ့အသက်များကတော့ အလွန် အားနည်းနေပြီ။
"ငါက ပေယွိတိုက်ကြီးကကွ။ မင်း ငါ့ကို လွှတ်ပေးလိုက်တာ ပိုကောင်းမယ်။ မဟုတ်ရင် မင်း သေချင်းဆိုးနဲ့ သေသွားလိမ့်မယ်"
ပိန်ပိန်အဘိုးအိုက ရှဲ့လွမ်ကို အော်ဟစ်ခြိမ်းခြောက်လိုက်သည်။
ဤအဘိုးကြီးမှာ ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျင့်ကြံခြင်းအခြေခံကို ပိုင်ဆိုင်ထားသော်လည်း ရှဲ့လွမ်ကိုတော့ မယှဉ်နိုင်ခဲ့ပေ။
"ဝုန်း"
လုမင်က ရောက်လာသည်နှင့် အဘိုးကြီး၏ မျက်နှာကို ခြေဖြင့် ဆောင့်နင်းလိုက်သည်။ အဘိုးကြီး၏ မျက်နှာက မြေပြင်နှင့် ကြမ်းကြမ်းတမ်းတမ်း မိတ်ဆက်သွားရသည်။
"ပြောစမ်း၊ မင်း ငါ့ကိုရှာဖို့ ရှမ်းဟွမ်တိုက်ကြီးကို ဘာဖြစ်လို့ လာတာလဲ"
လုမင် အေးစက်စက် မေးလိုက်သည်။
"ဒါဆို မင်းက လုမင်လား"
လုမင်ကိုမြင်တော့ လောဘအရိပ်အယောင်များက ပိန်ပိန်အဘိုးကြီး၏ မျက်လုံးများတွင် လင်းလက်သွား၏။
"ပြောမှာသာပြောစမ်း"
လုမင်က ခြေဖြင့် တစ်ချက်ခတ်ထုတ်လိုက်သည်။ အဘိုးကြီးက ခုခံရန် ကြိုးစားသေးသော်လည်း သူ၏ကျင့်ကြံခြင်းအခြေခံကို တံဆိပ်ခတ်ထားသောကြောင့် အသုံးမဝင်ပေ။
"လုမင်၊ မင်း ငါ့ကို ဟွင်းယွမ်တံဆိပ်ပြားပေးပြီး လွှတ်လိုက်ရင် ပိုကောင်းမယ်။ မဟုတ်ရင် မင်းသေရုံတင်မကဘူး၊ ရှမ်းဟွမ်တိုက်ကြီးတစ်ခုလုံး မင်းနဲ့အတူ နစ်မြုပ်သွားလိမ့်မယ်"
ပိန်ပိန်အဘိုးကြီးက အော်လိုက်သည်။
"ဟွင်းယွမ်တံဆိပ်ပြားလား၊ မင်းက ဟွင်းယွမ်တံဆိပ်ပြားအတွက် ရောက်လာတာလား။ ပြောစမ်း၊ ဘာတွေဖြစ်နေတာလဲ"
လုမင် အေးစက်စက် ပြောလိုက်သည်။
ဤလူများက ဟွင်းယွမ်တံဆိပ်ပြားအတွက် ရောက်လာကြခြင်း ဖြစ်၏။ ယင်းက လုမင်၏ မျှော်လင့်ချက်များထက် ကျော်လွန်သွားပြီး သူ့ကို ပို၍ပင် စူးစမ်းလိုစိတ် ဖြစ်စေသည်။
"မင်း ငါ့ကို လွှတ်စမ်း"
ပိန်ပိန်အဘိုးကြီးက အော်လိုက်သည်။
"ဖြောင်း... ဖြောင်း"
အသံနှစ်ချက် ထွက်ပေါ်လာခဲ့၏။ လုမင်၏ ခြေဖဝါးအောက်တွင် အဘိုးကြီး၏ ခြေအစုံက ပေါက်ကွဲကာ ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ပိန်ပိန်အဘိုးကြီးလည်း မျက်လုံးများ ပြူးပြဲသွားကာ အသက်ပြင်းပြင်းရှူလိုက်ရသည်။
သိုင်းအုပ်ချုပ်သူတစ်ဦးတွင် ဝိညာဉ်ခန္ဓာရှိခြင်းကြောင့် ဒဏ်ရာများရလျှင်ပင် အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်လာနိုင်သည်။ ထို့ကြောင့် သူ၏ခြေထောက်များ ပေါက်ကွဲခြင်းက မပြောပလောက်ပေ။ သို့သော်၊ နှလုံးသားထဲထိ စိမ့်တက်လာသော နာကျင်ခြင်းက အမှန်တကယ် ဖြစ်သည်။
"ပြော၊ အခြေအျနအားလုံးကို အမှန်အတိုင်းပြောပါ။ မဟုတ်ရင် နောက်တစ်ခါ ငါ့ခြေကန်ချက်က မင်းရဲ့ ဒန်တျန် ဖြစ်လိမ့်မယ်"
လုမင် အေးစက်စက် ပြောလိုက်သည်။
ပိန်ပိန်အဘိုးကြီး၏ နှလုံးသားက လေးလံသွား၏။ သူ၏ ဒန်တျန်ကို ကန်လိုက်ပါက၊ သူ၏နတ်ဘုရားဝိညာဉ် အန္တရာယ်ရှိလိမ့်မည်။
နောက်ဆုံးတွင် ပိန်ပိန်အဘိုးကြီးမှာ သူသိသမျှ ပြောပြရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။
လွန်ခဲ့သောလအနည်းငယ်ကပင် ရှန်းရွီတိုက်ကြီးမှ ထိတ်လန့်ဖွယ်သတင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
တောင်ပိုင်းနတ်နန်းတော်က ပါရမီရှင်တစ်ဦးကို ဖမ်းမိပြီး ထိုပါရမီရှင်မှာ ဟွင်းယွမ်တံဆိပ်ပြားရှိသည်ဟု ဆိုသည်။ ဟွင်းယွမ်တံဆိပ်ပြားနှင့်ဆိုလျှင်၊ လူတစ်ဦးက နတ်ဘုရားအပျက်အယွင်းများသို့ လွတ်လပ်စွာဝင်ထွက်ပြီး အတွင်းမှရတနာများကို ရယူနိုင်ပေမည်။
ထိုသတင်းထွက်လာပြီးနောက် လှိုင်းလုံးကြီးများ မြင့်တက်လာခဲ့သည်။
နောက်ပိုင်းတွင် ဟွင်းယွမ်တံဆိပ်ပြားရှိသော ထိုပါရမီရှင်က ရှမ်းဟွမ်တိုက်ကြီးမှ ဆင်းသက်လာသည်ဟူသော သတင်းတစ်ပုဒ် ထပ်မံထွက်လာခဲ့၏။ သူ့အပြင် ရှမ်းဟွမ်တိုက်ကြီးမှာ ဟွင်းယွမ်တံဆိပ်ပြားကို ကိုင်ဆောင်ထားသည့် အခြားလူတစ်ယောက် ရှိသေးသည်။ သူ့နာမည်က လုမင် ဖြစ်သည်။
ထိုသတင်းက ရှန်းရွှီတိုက်ကြီးနှင့် အခြားတိုက်ကြီးများသို့ပင် လေပြင်းမုန်တိုင်းကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။
နတ်ဘုရားအပျက်အယွင်းများသည် အလွန်တရာ ဆန်းကြယ်ကြ၏။ ယင်းက အန္တရာယ်များသော်လည်း အတွင်းမှာ မရေမတွက်နိုင်သော ရတနာများ ရှိနေကြသည်။
ရှန်းရွှီတိုက်ကြီးတွင် နတ်ဘုရားအပျက်အယွင်းများ အများကြီး ရှိသည်။ ထိုအထဲတွင် အတွင်းပိုင်း အထူးသဖြင့် အမြုတေနေရာက အန္တရာယ်အများဆုံး ဖြစ်၏။ သိုင်းအုပ်ချုပ်သူများပင်လျှင် ဝင်ရောက်သွားပါက သေလိမ့်မည်။
ယခုမူ၊ ဟွင်းယွမ်တံဆိပ်ပြားဖြင့် လူတစ်ဦးက နတ်ဘုရားအပျက်အယွင်းများကို လွတ်လပ်စွာဝင်ရောက်ပြီး အတွင်းမှရတနာများကို ရယူနိုင်ပြီ ဖြစ်သည်။ ယင်းကြောင့် ရှန်းရွှီတိုက်အဖွဲ့အစည်းမှာ ရုတ်ရုတ်သဲသဲဖြစ်သွားတော့သည်။
ဟွင်းယွမ်တံဆိပ်များထဲမှ တစ်ခုမှာ တောင်ပိုင်းနတ်နန်းတော်၏လက်တွင် ရှိနေသည်။ ထို့ကြောင့် ကျန်လူများက အခြားတစ်ခုအတွက်သာ တိုက်ပွဲဝင်နိုင်ကြ၏။ ထိုတစ်ခုက လုမင်ဆီမှ အရာဖြစ်သည်။
နောက်ဆုံးတွင် လုမင် နားလည်သွားခဲ့သည်။ တိုက်ကြီးအသီးသီးမှ သိုင်းအုပ်ချုပ်သူများက အလွန်တရာဝေးလံသော ရှမ်းဟွမ်တိုက်ကြီးသို့ အဘယ်ကြောင့် ဖြတ်ကျော်လာနေကြမှန်း သူ နားလည်သွား၏။ သူတို့၏ မူလပစ်မှတ်က သူ့ခန္ဓာကိုယ်ပေါ်ရှိ ဟွင်းယွမ်တံဆိပ်ပြားကို ဖြစ်တော့သည်။