အခန်း ၁၃၇၀
Vol. 92 Ch. 1370
အပိုင်း ( 1370 ) အချိန်တန်ပြီ။
အဆင့်သုံး သိုင်းအုပ်ချုပ်သူတစ်ဦး အပါအဝင် သိုင်းအုပ်ချုပ်သူငါးဦး ရောက်ရှိလာသော်လည်း သူတို့အားလုံး ချက်ချင်း အသတ်ခံခဲ့ရပေသည်။ ယခုအခါ မြင့်မြတ်သောကောင်းကင်ဧကရာဇ်တစ်ပါးသာ ကျန်သည်။
မြင့်မြတ်သောကောင်းကင်ဧကရာဇ်လည်း သူ၏ ကျောရိုးထဲထိ အေးစက်သွားသလို ခံစားလိုက်ရသည်။
သူ့အမြင်တွင် ရှမ်းဟွမ်တိုက်ကြီးမှာ ကျွမ်းကျင်သူများ ရှိလျှင်ပင် အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူက ကန့်သတ်ချက်ဖြစ်လိမ့်မည်။ သူ၏ အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် ကျင့်ကြံခြင်းဖြင့် ရှမ်းဟွမ်တိုက်ကြီး၌ အတားအဆီးမရှိ သွားလာနိုင်သည်။
ယခုတော့ ရှမ်းဟွမ်တိုက်ကြီးဟာ ကျားရဲတွင်းတစ်ခု ဖြစ်နေမှန်း သူသဘောပေါက်ခဲ့ရပြီ။
"ငါ့ကို ချမ်းသာပေးပါ"
မြင့်မြတ်သောကောင်းကင်ဧကရာဇ်က ကြောက်ရွံ့တုန်လှုပ်စွာဖြင့် တောင်းပန်လိုက်သည်။
"ငါ့ရဲ့ ဟွင်းယွမ်တံဆိပ်ပြားကို လုယက်ရအောင် ရောက်လာကတည်းက မင်းကို ပြန်သတ်ခံရဖို့လည်း အသင့်ပြင်ထားသင့်တယ်။ ရှမ်းဟွမ်တိုက်ကြီးကို မင်းရဲ့ အိမ်ခြံလို့ထင်ပြီး ငါလုမင်ကို အနိုင်ကျင့်ရလွယ်ကူမယ်လို့ မင်း တကယ်ထင်နေတာလား"
လုမင်၏ အသံက မြင့်မြတ်သောကောင်းကင်ဧကရာဇ်နောက်ကွယ်မှ ပေါ်လာခဲ့သည်။ သူက နဂါးအမှတ်အသားဓားဖြင့် ခုတ်ချလိုက်၏။
မြင့်မြတ်သောကောင်းကင်ဧကရာဇ်လည်း နောင်တရခြင်းနှင့် မုန်းတီးခြင်းများ ပြည့်သွားသည်။ သူက အစွမ်းကုန် ကြိုးစားလိုက်သော်လည်း ရလဒ်ကတော့ မပြောင်းလဲနိုင်ခဲ့ပေ။
"ရွှပ်"
မြင့်မြတ်သော ကောင်းကင်ဧကရာဇ်လည်း လေထဲမှာပင် သေဆုံးခဲ့သည်။
ရန်ပြုတိုက်ခိုက်လာသော သိုင်းအုပ်ချုပ်သူ ငါးပါးစလုံး သေဆုံးသွားကြပြီ။
"လုမင်၊ နဂါးဧကရာဇ်မြို့တော်ကို စောင့်ကြပ်ဖို့ သိုင်းအုပ်ချုပ်သူအားလုံးကို အမိန့်ပေးထားသင့်တယ်။ နောက်ထပ် ကျွမ်းကျင်သူတွေ ရောက်လာဦးမှာကို ငါကြောက်တယ်"
ရှဲ့လွမ်က အကြံပြုလိုက်သည်။
"မဟုတ်သေးဘူး"
လုမင်က သူ့လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်၏။
"ဒီအတိုင်း ထိုင်စောင့်ပြီး ခုခံနေရင် အဆုံးမသတ်နိုင်ဖြစ်နေလိမ့်မယ်။ အခု ငါတို့က အစပြုတိုက်ခိုက်ပြီး ဘယ်သူမှ နောက်မလာနိုင်အောင် လုပ်ဖို့လိုတယ်။ ရှမ်းဟွမ်တိုက်ကြီးရဲ့ အစိတ်အပိုင်းအားလုံးကို သတင်းဖြန့်လိုက်ပါ။ နောက်ထပ် အခြားတိုက်ကြီးများရဲ့ ကျွမ်းကျင်သူတွေ ရောက်လာပြီဆိုရင် တစ်ခါတည်း ပြောလိုက်။ ငါ လုမင် လော့ဟွမ်းတောင်မှာ ရှိတယ်လို့"
"မင်းက လော့ဟွမ်းတောင်မှာ နေချင်တာလား"
ရှဲ့လွမ်က မျက်ခုံးပင့်ကာ ပြောလိုက်သည်။
"အမှန်ပဲ၊ လော့ဟွမ်းတောင်မှာ သိုင်းအုပ်ချုပ်သူအားလုံးကို သတ်မယ်"
လုမင် ခေါင်းညိတ်လိုက်သည်။
"မင်း ငါတို့အကူအညီလိုသေးလား"
ရှဲ့လွမ်က ပြော၏။ လုမင်က စိတ်ပိုင်းဖြတ်ထားပုံရသောကြောင့် သူ မဆွဲဆောင်တော့ပေ။
"မလိုပါဘူး အကြီးအကဲရှဲ့၊ ခင်ဗျား နဂါးဧကရာဇ်မြို့တော်ကိုပဲ စောင့်ရှောက်ထားလိုက်ပါ"
လုမင် ပြောလိုက်သည်။ ထို့နောက်မှာတော့ လုမင်လည်း လော့ဟွမ်းတောင်ကို ဦးတည်ပျံသန်းသွားတော့သည်။
လော့ဟွမ်းတောင်က နဂါးဧကရာဇ်မြို့နှင့် မဝေးသောနေရာတွင် ရှိသည်။ ယင်းမှာ မိုင်ဆယ်သန်းအကွာရှိ ကောင်းကင်သို့ ထိုးဖောက်ဝင်နေသော တောင်ကြီးတစ်လုံး ဖြစ်ချေသည်။
ဒဏ္ဍာရီများအရ ဤနေရာတွင် ဧကရာဇ်တစ်ပါး ကျဆုံးခဲ့ဖူးသည်။ ထို့ကြောင့်ပင် လော့ဟွမ်း(ဧကရာဇ်ကျဆုံး)တောင်ဟု နာမည်တွင်ခဲ့ပေသည်။
ခဏအကြာတွင် လုမင်က လော့ဟွမ်တောင်ထိပ်မှာ ပေါ်လာပြီး တင်ပျဉ်ခွေထိုင်၍ ငြိမ်သက်စွာ စောင့်ဆိုင်းလိုက်သည်။
နဂါးဧကရာဇ်မြို့တော်မှ သတင်းဖြန့်ခြင်းကြောင့်လည်း လော့ဟွမ်းတောင်တွင် လုမင်ရှိနေသောသတင်းက ရှမ်းဟွမ်တိုက်ကြီး တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။
အချိန်ကြာလာသည်နှင့်အမျှ အခြားသော တိုက်ကြီးများမှ ပညာရှင် များ ရှမ်းဟွမ်တိုက်ကြီးသို့ ရောက်လာခဲ့ကြသည်။
"လုမင်က လော့ဟွမ်းတောင်မှာ ရှိနေတာပဲ"
"လော့ဟွမ်းတောင်ကို သွားမယ်"
"ဟွင်းယွမ်တံဆိပ်ပြားကို ငါ ပထမဆုံး ယူရမယ်"
ပုံရိပ်များက တစ်ခုပြီးတစ်ခု လော့ဟွမ်းတောင်ကို ဦးတည်သွားတော့သည်။
............
မြောက်လွင်ပြင်၏ နယ်စပ်တွင် ထစ်ချုန်းသံများ ထွက်ပေါ်လာခဲ့သည်။ ကြီးမားသော ပင်လယ်ဖြတ်ကျော် သင်္ဘောကြီးတစ်စင်းက ကမ်းရိုးတန်းပေါ်တွင် လေပြင်းနှင့် လှိုင်းလုံးများကို ဖြတ်ကျော်ကာ ပျံသန်းသွား၏။
"ဝှစ်၊ ဝှစ်"
ပင်လယ်ဖြတ် ဟင်းလင်းပြင်သင်္ဘောပေါ်တွင် ရုပ်ပုံသုံးခု ပေါ်လာခဲ့သည်။ သူတို့တစ်ဦးစီက ကြီးကျယ်ခမ်းနားသော အရှိန်အဝါများ ရှိပေသည်။
ပုံရိပ်သုံးခုတွင် နှစ်ဦးက ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်သို့ရောက်ရှိနေပြီ ဖြစ်သည်။ အလယ်မှ တစ်ဦးကတော့ ပို၍ပင် ကြောက်စရာကောင်း၏။ သူက တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိပြီး ဖြစ်သည်။
ထိုလူမှာ ရှည်လျားသော အစိမ်းရောင်ဆံပင်များရှိပြီး အသက်လေးဆယ်ကျော်ခန့် ရှိပုံရသည်။
ထိုအချိန်တွင်၊ အဝေးမှ လူလတ်ပိုင်းတစ်ဦး ပျံသန်းလာပြီး လူသုံးယောက်ရှေ့တွင် ရပ်လိုက်သည်။ သူက အလယ်မှ အစိမ်းရောင်ဆံပင်နှင့် လူကြီးကိုဦးညွတ်ပြီး ပြောလေသည်။
"ဒုတိယသခင်၊ လုမင်က လော့ဟွမ်းတောင်မှာ လေ့ကျင့်နေတယ်လို့ သတင်းရခဲ့ပါတယ်"
"အင်း၊ ငါ နားလည်ပြီ"
အစိမ်းရောင်ဆံပင်နှင့် လူကြီးက ခေါင်းညိတ်ပြီး လှောင်ပြောင်ပြောဆိုလိုက်သည်။
"ဒီလုမင်က တကယ့်ကို ရဲတင်းတယ်။ ကျန်းဟိုင်အိမ်တော်ရဲ့ သခင်လေးကိုတောင် သတ်ဝံ့တယ်။ ဒီတစ်ခေါက် အစ်ကိုကြီး ငါ့ကိုလွှတ်လိုက်တာက လုမင်ကိုသတ်ပြီး ငါ့တူနှစ်ယောက်အတွက် လက်စားချေဖို့ပဲ။ ပြီးတော့ ဟွင်းယွမ်တံဆိပ်ပြားကို ယူရမယ်"
"ကျုပ်တို့ အစွမ်းကုန်ကြိုးစားပါမယ်"
ဘေးနားမှ တခြားသူများက ချက်ချင်းပြောလိုက်၏။
"ကောင်းပြီ၊ သွားကြစို့"
အစိမ်းရောင်ဆံပင်နှင့် လူလတ်ပိုင်းအမျိုးသားက ဦးဆောင်ပြီး ထွက်သွားတော့သည်။
............
လော့ဟွမ်းတောင်တွင်၊ လုမင်က တင်ပျဉ်ခွေထိုင်နေရင်း သူ့ပတ်ဝန်းကျင်ကို တစ်ချက် အကဲခတ်လိုက်သည်။
လော့ဟွမ်းတောင်တဝိုက်တွင် ကျွမ်းကျင်သူ ခုနစ်ဦး၊ ရှစ်ဦးခန့် ပေါ်လာကြ၏။
သူတို့အားလုံးက တိုက်ကြီးအသီးသီးမှ ကျွမ်းကျင်သူများဖြစ်ပြီး တစ်ဦးစီက အဆင့်နှစ် သိုင်းအုပ်ချုပ်သူများ ဖြစ်သည်။
ဤစွမ်းအားက အလွန်တုန်လှုပ်ဖွယ်ကောင်းပေသည်။
သို့သော်၊ ဤလူများက မလှုပ်ရှားသေးပေ။ လုမင်ကို ကြောက်ရွံ့သောကြောင့်မဟုတ်ဘဲ အချင်းချင်း သတိထားနေသောကြောင့် ဖြစ်သည်။
"ဟွင်းယွမ်တံဆိပ်ပြားက ငါ့ဟာ၊ ငါက ပထမဆုံး ရောက်လာတာဘဲ"
"ရယ်စရာကောင်းလိုက်တာ၊ မင်း ပထမဆုံးရောက်လာတာနဲ့ မင်းအပိုင် ဖြစ်ရောလား။ အရူး"
"မင်းတို့က ကျန့်ပင်းတိုက်ကြီးကို ဆန့်ကျင်ဖို့ ကြိုးစားနေတာလား"
သိုင်းအုပ်ချုပ်သူများက အားကောင်းသော အရှိန်အဝါများကို ထုတ်ဖော်ကာ အချင်းချင်း ရင်ဆိုင်နေကြသည်။
ကျန့်ပင်းတိုက်ကြီးမှ ကျွမ်းကျင်သူ နှစ်ဦး ရောက်လာကြ၏။ အဆင့်နှစ် သိုင်းအုပ်ချုပ်သူတစ်ဦးနှင့် အခြား တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူတစ်ဦးတို့ ဖြစ်သည်။
ရှန်းရွှီတိုက်အဖွဲ့အစည်း၏ ထိပ်တန်းတိုက်ကြီး ဆယ်ခုထဲမှ တစ်ခုက မျှော်လင့်ထားသည့်အတိုင်း အမှန်တကယ် အစွမ်းထက်သည်။
ကျွမ်းကျင်သူများက အချင်းချင်း ငြင်းခုန်နေကြသော်လည်း မည်သူမျှတော့ မလှုပ်ရှားဝံ့သေးပေ။
လုမင်လည်း မနှောင့်ယှက်ဘဲ ပြုံးကာ စောင့်ကြည့်နေခဲ့သည်။
ယခုအချိန်က သူလှုပ်ရှားရမည့် အချိန်မဟုတ်ပေ။ လူများ ပိုများလာသောအခါမှ သူ့လှုပ်ရှားမှုလျှင်လည်း အချိန်နှောင်းမည်မဟုတ်ပါ။
အချိန်ကြာလာသည်နှင့်အမျှ သိုင်းအုပ်ချုပ်သူများ ပိုများလာခဲ့သည်။
နောက်မှလာသော သိုင်းအုပ်ချုပ်သူက ဆယ့်ခြောက်ယောက်ခန့် ရှိပေသည်။
ရှန်းရွှီတိုက်အဖွဲ့စည်းတွင် စတုတ္တအဆင့်ရှိသော ပေယွိတိုက်ကြီးသည်ပင် လူတချို့ကို စေလွှတ်ခဲ့သည်။
"ဝှစ်... ဝှစ်"
ထိုအချိန်တွင်၊ ပုံရိပ်လေးခုက အဝေးမှ ပျံသန်းလာသည်။
သူတို့ကို ဦးဆောင်လာသူမှာ အစိမ်းရောင်ဆံပင်နှင့် လူလတ်ပိုင်း အမျိုးသား ဖြစ်သည်။
"ရှန်းရွှီတိုက်အဖွဲ့အစည်းရဲ့ တောင်ပိုင်းနတ်နန်းတော်က ကျန်းဟိုင်အိမ်တော်ရောက်လာပြီ။ မဆိုင်တဲ့သူတွေ နောက်ဆုတ်ပါ"
အစိမ်းရောင်ဆံပင်နှင့် လူလတ်ပိုင်းလူရွယ် အမျိုးသား အနားမှ တစ်ယောက်က လှမ်းအော်လိုက်၏။
တခြားသူများ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
"ဘာ၊ တောင်ပိုင်းနတ်နန်းတော်ကတောင် ရောက်လာပြီလား"
"တောင်ပိုင်းနတ်နန်းတော်မှာ ဟွင်းယွမ်တံဆိပ်ပြားရှိနေပြီ မဟုတ်ဘူးလား။ သူတို့က ဘာကြောင့်ပါဝင်နေတာလဲ"
အခြားသူများအားလုံး၏ မျက်လုံးအကြည့်များ တင်းမာသွားကြသည်။
ရှန်းရွှီတိုက်ကြီး၏ အင်အားက ကြီးမားလွန်းကာ အခြားသော တိုက်ကြီးများ၏ အင်အားကို ကျော်လွန်နေခဲ့သည်။
သို့သော်၊ ထိုကဲ့သို့ စွန့်လွှတ်ရန်တော့ မဖြစ်နိုင်ပေ။
"ကျန်းဟိုင်အိမ်တော်ဖြစ်ရင်တောင် ငါတို့ကို အနိုင်ကျင့်ဖို့ မကြိုးစားပါနဲ့။ ဒီမှာ ငါတို့ လူအများကြီးရှိတယ်၊ မင်းတို့ကို မကြောက်ဘူး"
"ဟုတ်တယ်၊ ကျန်းဟိုင်စစ်သူကြီး ရောက်လာရင်တောင် ငါတို့ကို နည်းနည်း သတိထားစေဖို့ပဲ ဖြစ်နိုင်မယ်။ ငါတို့ကို နောက်ဆုတ်စေချင်ရင် မဖြစ်နိုင်ဘူး"
တခြားသူများက တစ်ယောက်ပြီး တစ်ယောက် ပြောဆိုလိုက်ကြသည်။
ဤနေရာကို လာဝံ့သူတိုင်းက သက်ဆိုင်ရာ တိုက်ကြီးများ၏ အထွတ်အထိပ် ကျွမ်းကျင်သူများ ဖြစ်သည်။ အစိမ်းရောင်ဆံပင်နှင့် သက်လတ်ပိုင်းအမျိုးသား၏ ကျင့်ကြံခြင်းအခြေခံက အားကောင်းသော်လည်း၊ တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူက သူတစ်ဦးတည်းသာ ဖြစ်၏။ သူက အခြားသူများကို ကြောက်ရွံ့စေရန် မလုံလောက်ပေ။
"တယ်၊ အတင့်ရဲလိုက်တာ။ မင်းတို့က ကျန်းဟိုင်အိမ်တော်နဲ့ တောင်ပိုင်းနတ်နန်းတော်ကို ဆန့်ကျင်ဖို့ ကြိုးစားနေတာလား။"
အစိမ်းရောင်ဆံပင်နှင့် သက်လတ်ပိုင်းအရွယ် အမျိုးသား၏ မျက်လုံးများက အေးစက်သွားသည်။
သို့သော် အခြားသူများက နှာခေါင်းရှုံ့လိုက်ပြီး မည်သူကမျှ နောက်ဆုတ်ခြင်းမရှိပေ။
ဤနေရာတွင် ရှန်းရွှီတိုက်အဖွဲ့အစည်း၏ တောင်ပိုင်း တိုက်ကြီးများမှ ကျွမ်းကျင်သူအများစု စုရုံးခဲ့ကြသည်။ ဤနေရာတွင် ကျွမ်းကျင်သူများစွာ စုစည်းထားသဖြင့်၊ ကျန်းဟိုင်အိမ်တော်အား အဘယ်ကြောင့် ကြောက်ကြမည်နည်း။ အဆိုးဆုံးက ဟွင်းယွမ်တံဆိပ်ပြားကို ရယူပြီးနောက် ပုန်းနေရုံ ဖြစ်သည်။ သို့ဖြစ်လျှင် တောင်ပိုင်းနတ်နန်းတော်၏ ကျွမ်းကျင်သူများက သူတို့အား ဘာလုပ်နိုင်မည်နည်း။
အစိမ်းရောင်ဆံပင်နှင့် သက်လတ်ပိုင်း အမျိုးသား၏ မျက်နှာက မည်းမှောင်သွားသည်။
ရောက်လာသူတိုင်းက ကျွမ်းကျင်သူများချည်း ဖြစ်၏။ တတိယအဆင့် သိုင်းအုပ်ချုပ်သူများချည်း ငါးဦးကျော် ရှိသည်။ သူတို့ထဲတွင် တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်မှ ကျွမ်းကျင်သူများ မရှိသော်လည်း အစိမ်းရောင်ဆံပင်နှင့် သက်လတ်ပိုင်း အမျိုးသားကို သတိထားစေနိုင်သေးသည်။
"နောက်ဆုံးတော့ အချိန်ကျပြီ"
ဤအခိုက်အတန့်တွင်၊ လော့ဟွမ်းတောင်မှ လုမင်က တည်ငြိမ်စွာ ပြောလိုက်၏။
သိုင်းအုပ်ချုပ်သူအားလုံး လုမင်ကို ချက်ချင်း လှမ်းကြည့်လိုက်ကြသည်။
"လုမင်၊ မင်း ကျန်းဟိုင်အိမ်တော်ရဲ့လူတွေကို ဘယ်လိုတောင် သတ်ဝံ့တာလဲ။ အခု ဟွင်းယွမ်တံဆိပ်ပြားကို လွှဲပေးပြီး မင်းရဲ့ပြစ်ဒဏ်ကို ခံယူဖို့ ငါနဲ့ ကျန်းဟိုင်အိမ်တော်ကို လိုက်ခဲ့ပါ"
အစိမ်းရောင်ဆံပင်နှင့် သက်လတ်ပိုင်း အမျိုးသားက အော်လိုက်၏။
"ဟိုင်ထျန်းနဲ့ ဟိုင်ယွိ... အဲဒီအမှိုက်နှစ်ကောင်က သေသင့်လို့ သတ်လိုက်တာ ဘာဖြစ်လဲ။ မင်း လက်စားချေချင်တယ်ဆိုရင် လုပ်လိုက်ပါ"
လုမင် အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။