အခန်း ၁၃၇၁
Vol. 92 Ch. 1371
အပိုင်း ( 1371 ) ပြတ်ပြတ်သားသား သတ်ဖြတ်ခြင်း။
"မင်း သေချင်နေတာပဲ"
အစိမ်းရောင်ဆံပင်နှင့် သက်လတ်ပိုင်း အမျိုးသား၏ မျက်နှာက မည်းမှောင်သွားကာ အော်လိုက်သည်။
"လူတိုင်း မြင်တဲ့အတိုင်းပဲ၊ လုမင်က ကျန်းဟိုင်အိမ်တော်ရဲ့ ရန်သူဖြစ်နေပြီ။ ငါ့အကိုကြီးရဲ့ သားနှစ်ယောက်လည်း လုမင်လက်ထဲမှာပဲ သေဆုံးသွားရတာ၊ ဒါကြောင့် လုမင်ကို ငါတို့ ဖမ်းသွားရလိမ့်မယ်"
အစိမ်းရောင်ဆံပင်နှင့် သက်လတ်ပိုင်း အမျိုးသားက လူအုပ်ကို ဝေ့ကြည့်ပြီး ပြောလိုက်သည်။
သူဟာ အခြားတိုက်ကြီးများမှ ကျွမ်းကျင်သူများကို စိုးရိမ်နေခြင်း ဖြစ်၏။ လုမင်ကိုတော့ လုံးဝ ဂရုမစိုက်ပေ။
"မင်း လုမင်ကိုလိုချင်ရင် ကန့်ကွက်စရာ မရှိပါဘူး။ ဒါပေမဲ့ ဟွင်းယွမ်တံဆိပ်ပြားကို ချန်ထားခဲ့ရမယ်"
"မှန်တယ်၊ သူ့ကိုခေါ်သွားပြီး ဟွင်းယွမ်တံဆိပ်ပြားကို ထားခဲ့လိုက်"
အခြား သိုင်းအုပ်ချုပ်သူများက ပြောလိုက်သည်။
"ဟမ့်"
အစိမ်းရောင်ဆံပင်နှင့် သက်လတ်ပိုင်း အမျိုးသားက နှာခေါင်းရှုံ့လိုက်၏။
သူက လုမင်ကို သတ်ချင်သော်လည်း သူ၏အဓိကပစ်မှတ်က ဟွင်းယွမ်တံဆိပ်ပြား ဖြစ်သည်။
"အပိုစကားတွေ ပြောလို့ဝပြီလား"
လုမင်က မတ်တပ်ထရပ်လိုက်သည်။ သူ့ထံမှ အေးစက်စက် သတ်ဖြတ်ချင်စိတ်များ ပေါ်လာခဲ့၏။
“ဒီနေရာကို ဘာကြောင့် လော့ဟွမ်းတောင်လို့ ခေါ်တာလဲသိလား”
လူအုပ်ကြီးက စကားမပြောဘဲ လုမင်ကို ပြန်ကြည့်ကြသည်။
"အဲဒါက ဧကရာဇ်တွေ ဒီနေရာကို ကျဆုံးခဲ့ဖူးလို့ပဲ။ အဲဒါကြောင့်ပဲ ဒီနေရာကို မင်းတို့ရဲ့ သင်္ချိုင်းမြေအဖြစ် ငါရွေးချယ်ခဲ့တာ"
လုမင်၏ အေးစက်သော အသံက နေရာအနှံ့ ပျံ့နှံ့သွားသည်။
"ဘာ၊ မောက်မာလိုက်တာ"
"မင်းက ငါတို့ကို သတ်ချင်နေတာလား။ ရယ်စရာကောင်းလိုက်တာ"
"ဘာမှမလုပ်နဲ့၊ ငါသူ့ကို အရင်သတ်လိုက်တော့မယ်"
လုမင်၏ စကားကိုကြားတော့ အခြား သိုင်းအုပ်ချုပ်သူများ ရှူးရှူးရှားရှား ဖြစ်သွားသည်။
"သတ်"
ထိုအချိန်တွင် လုမင်က ရုတ်တရက် ဟိန်းဟောက်ပြီး တိုက်ခိုက်လိုက်သည်။
သူက အလင်းတန်းတစ်ခုကဲ့သို့ အဆင့်နှစ် သိုင်းအုပ်ချုပ်သူများဘက်ကို ပြေးသွား၏။
"ဂါး..."
နဂါးဟိန်းသံနှင့် ပေါက်ကွဲသံကိုးခုကို ကြားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် တတိယသွေးမျိုးဆက် ပေါ်လာပြီး လုမင်ခန္ဓာကိုယ်ထဲသို့ အင်အားတစ်ခု စီးဆင်းသွား၏။ ထို့နောက်မှာတော့ ကစဉ့်ကလျား တာအိုနယ်မြေသန္ဓေက သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားတော့သည်။
"ရွှမ်း"
သူက နဂါးအမှတ်အသားဓားဖြင့် ခုတ်လိုက်သည်။
ဤအခိုက်တွင် လုမင်က သူ့အင်အားကို အပြည့်အဝ အသုံးပြုခဲ့သည်။
သိုင်းအုပ်ချုပ်သူ နှစ်ဆယ်ကျော်၏ ဝိုင်းရံမှုအောက်တွင် လုမင် လှုပ်ရှားဝံ့မည်ဟုလည်း မည်သူမျှ မမျှော်လင့်ထားပေ။
ထို့အပြင်၊ ဤသိုင်းအုပ်ချုပ်သူအားလုံးက အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ်နှင့် အထက်တွင် ရှိသည်။ ဤအင်အား ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သနည်း။
ထို့ကြောင့် လုမင် လှုပ်ရှားသောအခါ သူတို့အားလုံး အငိုက်မိသွားကြသည်။
"ရွှပ်... ရွှပ်... ရွှပ်"
နဂါးအမှတ်အသားဓားက အဆင့်နှစ် သိုင်းအုပ်ချုပ်သူ သုံးဦးကို ထက်ပိုင်းဖြတ်သွားသည်။ ဓားစွမ်းအင်က သူတို့၏ နတ်ဘုရားဝိညာဉ်များကို ဖျက်ဆီးပစ်လိုက်၏။
တခဏအတွင်း လူ သုံးဦး သေဆုံးတော့သည်။
လုမင် တိုက်ခိုက်လိုက်စဉ်တွင် သူ့မျက်ခုံးနှစ်ခုကြားမှ တောက်ပလာသည်။ ဒုတိယခန္ဓာလုမင် ထွက်လာပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်၏။ ဖီးနစ်ငှက်မွေး ဓားပျံငါးစင်းက လျင်မြန်စွာ ပျံသန်းလာတော့သည်။ ဖီးနစ်အော်ဟစ်သံများကလည်း ကောင်းကင်ယံကို လှုပ်ခါသွားစေခဲ့သည်။
ဖီးနစ်ငှက်မွေး ဓားပျံငါးလက်က အဆင့်နှစ် သိုင်းအုပ်ချုပ်သူငါးဦးကို ထိုးဖောက်ဝင်ရောက်သွား၏။ သူတို့၏ နတ်ဘုရားဝိညာဉ်များ ပျက်စီးသွားကာ နာကျင်စွာ အော်ဟစ်သံ ငါးခုကို ကြားလိုက်ရသည်။
လုမင်က ရုတ်တရက် တိုက်ခိုက်ခဲ့သည်။ မူလခန္ဓာနှင့် ဒုတိယခန္ဓာက တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ပြီး လူရှစ်ဦး သေဆုံးခဲ့၏။
ဤတော့မှ တခြားသူများ သတိဝင်လာတော့သည်။
"ဟင်၊ မင်း ဘယ်လိုတောင် အလစ်အငိုက် တိုက်ခိုက်ဝံ့တာလဲ"
"သူက ဘယ်လိုလုပ် ဒီလောက်တောင် သန်မာတာလဲဟ"
"သွား၊ သူ့ကို တိုက်ခိုက်ကြ"
ဒေါသတကြီးဖြင့် တစ်ယောက် တစ်ပေါက် အော်ဟစ်သံများ ထွက်ပေါ်လာသည်။ တချို့လူများမှာလည်း ခြေဖျားလက်ဖျားများ အေးစက်သွား၏။ ယခုလေးတင် လုမင် တိုက်ခိုက်လိုက်သူမှာ သူတို့ဖြစ်နေပါက မည်သို့ဖြစ်မည်နည်း။
တခဏအတွင်းမှာပင် မူလခန္ဓာလုမင်နှင့် ဒုတိယခန္ဓာဆီသို့ တိုက်ခိုက်မှုများ စုပြုံကျရောက်လာခဲ့သည်။
"ဝှစ်"
မူလခန္ဓာလုမင်က လှုပ်ရှားလိုက်သည်။ တဖျပ်ဖျပ်ဖျပ်လတ်နေသော အလင်းရောင်နှင့် အရိပ်ကဲ့သို့ သူက နေရာမှ ချက်ချင်း ပျောက်ကွယ်သွား၏။
"ရွှစ်"
ထို့နောက် နောက်ထပ် ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူတစ်ဦးကို လုမင်ကဓားဖြင့် ထက်ခြမ်း ခုတ်ဖြတ်လိုက်တော့သည်။
'အေးခဲလေပုလံနဲ့ လေဓာတ်စွမ်းအင်တာအိုသိုင်းကို ပေါင်းစပ်တာက တကယ်ကို မြန်တာပဲ'
လုမင် ပြုံးလိုက်သည်။
လုမင်က အေးခဲလေပုလဲကို ထိန်းချုပ်လိုက်ရာ မိုးပြာရောင် စွမ်းအင်တစ်ခု သူ့ခန္ဓာကိုယ်ထဲတွင် ပေါ်လာခဲ့သည်။ ထို့နောက် လေဓာတ်စွမ်းအင် တာအိုသိုင်းကို အသုံးပြုခဲ့၏။ ထိုအခါ သူ့အရှိန်က အလွန်မြန်ပြီး သိုင်းအုပ်ချုပ်သူများပင်လျှင် သူ၏အရှိန်အဟုန်ကို လိုက်မမီနိုင်တော့ပေ။
ဒုတိယခန္ဓာလုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ လေထဲတွင် ကမ္ပည်းများစွာ ပေါ်လာခဲ့သည်။ သူက ရှောင်ရင်းတိမ်းရင်း ကမ္ပည်းဝင်္ကပါများ တည်ဆောက်လိုက်၏။ တစ်ချိန်တည်းမှာပင်၊ သူက ဖီးနစ်ငှက်မွေးဓားပျံ ငါးလက်ကို ထိန်းချုပ်ကာ ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူကို တိုက်ခိုက်လိုက်သည်။
ထို့နောက် သူ့လက်ကိုဝှေ့ယမ်းလိုက်ရာ အလုံးစုံဝင်္ကပါအင်းကွက် ပေါ်လာသည်။ မရေမတွက်နိုင်သော ဝင်္ကပါကြီးများ ပေါ်လာပြီး ရန်သူ သိုင်းအုပ်ချုပ်သူများကို တိုက်ခိုက်ခဲ့၏။
အလုံးစုံဝင်္ကပါအင်းကွက်က အုပ်စုတိုက်ပွဲများအတွက် အသင့်တော်ဆုံးဖြစ်သည်။
မရေမတွက်နိုင်သော ထိုးစစ်၊ ခုခံကာကွယ်ခြင်းနှင့် ရန်သူများကို ထောင်ချောက်ဆင်ခြင်း ဝင်္ကပါကြီး အမျိုးမျိုးတို့က သိုင်းအုပ်ချုပ်သူများစွာကို ပျာယာခတ်သွားစေခဲ့သည်။
ဒုတိယခန္ဓာ၏ လက်ရှိအင်အားဖြင့်၊ တတိယအဆင့် သိုင်းအုပ်ချုပ်သူ တစ်ဦးပင်လျှင် အလုံးစုံဝင်္ကပါအင်းကွက်ကို ကြောက်လန့်နေရမည်ဖြစ်သည်။
"ဝှစ်... ဝှစ်"
မူလခန္ဓာလုမင်က လေဓာတ်စွမ်းအင်တာအိုသိုင်းကို အသုံးပြုပြီး လျင်မြန်စွာ လှုပ်ရှားသွားခဲ့သည်။
"ရွှပ်... ရွှပ်"
သွေးများ ဖြာရဲသွား၏။ သိုင်းအုပ်ချုပ်သူများ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရတော့သည်။
"ဒုတိယသခင်၊ ကူညီပါဦး"
ကျန်းဟိုင်အိမ်တော်မှ ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူတစ်ဦးက လှမ်းအော်လိုက်သည်။
သို့သော်လည်း ဆံပင်စိမ်းရောင် သက်လတ်ပိုင်း အမျိုးသားမှာ ဒုတိယ ခန္ဓာလုမင်ကို အာရုံစိုက်နေရသည်။ မရေမတွက်နိုင်သော ဝင်္ကပါကြီးများက သူ့အပေါ်သို့ ကျရောက်နေ၏။ ဖီးနစ်ငှက်မွေး ဓားပျံငါးလက်ကလည်း အရိပ်ကဲ့သို့ ထိုးနှက်တိုက်ခိုက်နေကြသည်။ ဤအခိုက်တွင်၊ အခြားသူများကို ကူညီရန် မဆိုထားနှင့်၊ သူ့ဘာသာသူပင် မဟန်နိုင်ပေ။
"ရွှပ်"
ကျန်းဟိုင်အိမ်တော်၏ ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူမှာ လုမင်၏ အလွယ်တကူ အသတ်ခံခဲ့ရသည်။
လုမင်၏ လက်ရှိတိုက်ခိုက်နိုင်စွမ်းအရ ဒုတိယခန္ဓာနှင့် ပထမခန္ဓာ ပူးပေါင်းသောအခါ ဒုတိယအဆင့် သိုင်းအုပ်ချူပ်သူတစ်ဦးကို သတ်ဖြတ်ခြင်းက ထမင်းစားရေသောက်သကဲ့သို့ပင်။
ထို့အပြင် ဤလူအများစုမှာ အုပ်ချုပ်သူ ဝိညာဥ်လက်နက်များ မရှိပါ။
မျက်စိတစ်မှိတ်အတွင်းမှာပင် သိုင်းအုပ်ချုပ်သူ ငါးယောက်သာ ကျန်သည်။
အဆင့်သုံး သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူငါးဦး ဖြစ်၏။
အခြား ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူအားလုံးက သေဆုံးသွားကြပြီ ဖြစ်သည်။
"နောက်ဆုတ်မယ်ဟေ့"
"ဒီလူက နတ်ဆိုး၊ အသူရာ နတ်ဆိုးပဲ"
တတိယအဆင့် သိုင်းအုပ်ချုပ်သူအချို့က အော်လိုက်သည်။ သူတို့ လိပ်ပြာလွင့်မတတ် ကြောက်နေပြီ။
လုမင်က မယုံနိုင်လောက်အောင် သန်မာသည်။
သိုင်းအုပ်ချုပ်သူ အယောက်နှစ်ဆယ်ကျော် သူတို့၏ အင်အားအရ၊ ပုံမှန်အားဖြင့် စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူပင်လျှင် ပြန်လည် ဆုတ်ခွာသွားရမည် ဖြစ်သည်။ သို့သော်၊ ယခုတော့ သူတို့အားလုံးနီးပါး လုမင်၏ သတ်ခံခဲ့ရပြီ။
သို့သော်၊ ဤသည်မှာ လုမင်၏အင်အားက စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူထက် ပိုမိုအားကောင်းသည်ဟု မဆိုလိုပါ။
လုမင်၏ မူလခန္ဓာနှင့် ဒုတိယခန္ဓာ၏ ပေါင်းစပ်မှု အထူးသဖြင့် အုပ်စုတိုက်ပွဲတွင် ပူးပေါင်းတိုက်ခိုက်မှုက ပြီးပြည့်စုံလွန်းသောကြောင့် ဖြစ်သည်။
ဒုတိယခန္ဓာက အလုံးစုံဝင်္ကပါအင်းကွက်ကို စတင်အသုံးပြုပြီး ရန်သူများကို ထောင်ချောက်ဆင်၊ နှောင့်ယှက်ပြီး တိုက်ခိုက်မှုမျိုးစုံဖြင့် တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် ရန်သူများ ဘယ်လောက်များများ ပိတ်မိနေလိမ့်မည်။ အပြင်၊ ဒုတိယခန္ဓာ လုမင်ကိုယ်တိုင်ကလည်း ပြင်းထန်သော တိုက်ခိုက်မှုများ ထုတ်ဖော်ခဲ့သည်။
ထို့ပြင် မူလခန္ဓာကလည်း အင်အားအပြည့်သုံးပြီး တိုက်ခိုက်ခဲ့၏။ ဤအခြေအနေမျိုးတွင် လုမင်က သူတို့ကို ကောက်ပင်ရိတ်လှီးသကဲ့သို့ အလွယ်တကူ သတ်နိုင်တော့သည်။
"ဝမ်"
ဤအခိုက်အတန့်တွင်၊ မူလခန္ဓာလုမင်က သွေးမျိုးဆက်ပေါင်းစပ်ခြင်းဖြင့် ငရဲဖိနှိပ်ကျောက်စာချပ် အဖြစ်သို့ ပြောင်းလဲသွားသည်။
"ဝုန်း"
တတိယအဆင့် သိုင်းအုပ်ချုပ်သူ တစ်ပါး၏ ပါးစပ်ထဲမှ သွေးများ အန်ထွက်လာသည်။ သူ့ခန္ဓာကိုယ် တစ်ဝက်ခန့် ပေါက်ကွဲသွားခြင်း ဖြစ်၏။
ထို့နောက်မှာတော့ နဂါးအမှတ်အသားဓားက ခုတ်ပိုင်းကာ ထိုသူကို သုတ်သင်လိုက်တော့သည်။
ယင်းနောက်တွင်၊ ငရဲဖိနှိပ်ကျောက်စာချပ်က တစ်ဖန် ကျရောက်လာပြန်သည်။
တခြားသူများမှာ လွတ်မြောက်ချင်ကြသော်လည်း အကန့်အသတ်မဲ့ ဝင်္ကပါကြီးက ဆီးကြိုလျက်ရှိ၏။ ဤဝင်္ကပါကို ဖြတ်ကျော်ချင်ပါက အချိန်တစ်ခုလိုသည်။ သို့သော်၊ ထိုအချိန်တစ်ခုက သူတို့ သေဆုံးရမည့် အချိန်ပင်။
"ဝုန်း"
ငရဲဖိနှိပ်ကျောက်စာချပ်ကို ကစဉ့်ကလျားတာအိုနယ်မြေကလည်း ဖုံးလွှမ်းထားခဲ့သည်။ သာမာန် တတိယအဆင့် သိုင်းအုပ်ချုပ်သူများက လုံးဝ မခုခံနိုင်ပေ။ မသေလျှင်ပင် ပြင်းပြင်းထန်ထန် ဒဏ်ရာရကြသည်။
"သေစမ်း၊ ငါပြေးရမယ်။ ထွက်သွား"
လုမင်၏လက်တွင် အခြားကျွမ်းကျင်သူများ တစ်ယောက်ပြီး တစ်ယောက် အသတ်ခံနေရကြောင်း မြင်ရပြီးနောက် အစိမ်းရောင်ဆံကင်နှင့် သက်လတ်ပိုင်း အမျိုးသားမှာ သွေးပျက်လာခဲ့သည်။ သူ ထွက်ပြေးရန် ကြိုးစားလိုက်၏။
သို့သော် ဒုတိယခန္ဓာ လုမင်က သူ့ကို စိုက်ကြည့်နေသည်။ သူ့တွင် လွတ်မြောက်ရန် လမ်းမရှိတော့ပေ။
"ဝှစ်"
ဒုတိယခန္ဓာလုမင်ထံမှ ဝင်္ကပါတစ်ခု ပေါ်လာသည်။ ဓားအလင်းတစ်ခုက အစိမ်းရောင်ဆံပင်နှင့် သက်လတ်ပိုင်းလူ၏နဖူးကို ထိုးဖောက်ဝင်လုနီးဖြစ်သွား၏။ သူ့နဖူးမှ အေးစက်စက်ချွေးများ စီးကျလာတော့သည်။
"အား"
နာကျင်စွာ အော်ဟစ်သံကို ကြားလိုက်ရပြီးနောက် အားလုံး တိတ်ဆိတ်သွားခဲ့သည်။
အခြား တတိယအဆင့် သိုင်းအုပ်ချုပ်သူအားလုံး သေဆုံးသွား၏။
ဤရာတွင် အစိမ်းရောင်ဆံပင်နှင့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးသာ ကျန်တော့သည်။