အခန်း ၁၃၇၃
Vol. 92 Ch. 1373
အပိုင်း ( 1373 ) ရှန်းရွှီတိုက်ကြီးသို့ ပြန်ရောက်ပြီ။
"ဟုတ်တယ်၊ ငါ ရှန်းရွှီတိုက်ကြီးကို သွားတော့မယ်။ အဲဒီမှာ လူလုံးပြလိုက်သရွေ့ အားလုံး အဲဒီမှာပဲ စုဝေးကြလိမ့်မယ်"
လုမင် ပြောလိုက်သည်။
နောက်ဆုံးတွင်၊ ထိုလူများ၏ပစ်မှတ်က လုမင်နှင့် ဟွင်းယွမ်တံဆိပ်ပြား ဖြစ်သည်။ ရှမ်းဟွမ်တိုက်ကြီး မဟုတ်ပေ။
ရှန်းရွှီတိုက်ကြီးတွင် လူလုံးပြလိုက်သရွေ့ ဟွင်းယွမ်တံဆိပ်ပြားကို လိုချင်သူများက ရှမ်းဟွမ်တိုက်ကြီးသို့ လာကြတော့မည် မဟုတ်ပါ။ ဤနည်းအားဖြင့် လုံမန်နဂါးမဟာမိတ်နှင့် လုမင်၏ မိသားစု၊ သူငယ်ချင်းများလည်း ဘေးကင်းမည် ဖြစ်သည်။
ဤသည်က လုမင်၏ အစီအစဉ်ပင်။
သို့သော်လည်း ဤအစီအစဉ်က အလွန်ရဲတင်းပြီး အန္တရာယ်ရှိသည်ဟု ဆိုနိုင်သည်။
"လုမင်၊ ငါ နင်နဲ့လိုက်ခဲ့မယ်"
ရှဲ့နျန်ချင်းက လုမင်၏ မျက်လုံးများကို စိုက်ကြည့်ရင်း လုမင်၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
"ကောင်းပြီ"
ခဏစဉ်းစားပြီးနောက် လုမင် ခေါင်းညိတ်လိုက်၏။
ရှဲ့နျန်ချင်းလည်း လှပစွာ ပြုံးလိုက်လေသည်။
အချိန်မဖြုန်းပါ။ နောက်တစ်နေ့တွင် လုမင်က လုံမန်နဂါးမဟာမိတ်၏ အဆင့်မြင့် အဖွဲ့ဝင်များကို စုရုံးပြီး သူ့အစီအစဉ်ကို ကြေညာခဲ့သည်။
ပထမတော့ ရှဲ့လွမ်၊ ရှကျိုးယန်နှင့် တခြားသူများက သဘောမတူဘဲ ကန့်ကွက်သည်။ သို့သော်၊ လုမင်က ဆုံးဖြတ်ပြီးသားမို့ သူတို့ မတတ်နိုင်တော့ပေ။
အစည်းအဝေးအပြီးတွင် လုမင်နှင့် ရှဲ့လွမ်က လုံမန်နဂါးမဟာမိတ်၏ ခြံဝင်းတစ်ခုတွင် ထိုင်နေခဲ့ကြသည်။
"အကြီးအကဲရှဲ့၊ လုမင် ဒီတစ်ခါထွက်သွားပြီးရင် ဘယ်တော့မှ ပြန်လာနိုင်မလဲ မသိဘူး။ ဒါကြောင့် လုံမန်နဂါးမဟာမိတ်ကို ခင်ဗျားလက်မှာပဲ ထားခဲ့ရတော့မယ်"
လုမင် ပြောလိုက်သည်။
"ဘာဖြစ်လို့ ဒီလိုပြောတာလဲ"
ရှဲ့လွမ် အံ့အားသင့်သွား၏။
"နဂါးနတ်ဘုရားတောင်ကြားနဲ့ ချိန်းဆိုထားတာက တစ်နှစ်မလိုတော့ဘူး။ ရှန်းရွှီတိုက်ကြီးကို ခရီးစဉ်က တစ်နှစ်လောက် အချိန်ယူရမှာ ငါ ကြောက်တယ်။ ဒါကြောင့် အချိန်တန်လို့ နဂါးနတ်ဘုရားတောင်ကြားရဲ့ တမန်တော်ရောက်လာရင် ယွမ်လုကို ချက်ချင်း သွားရတော့မှာ"
လုမင် ရှင်းပြလိုက်သည်။
ရှဲ့လွမ် တိတ်ဆိတ်သွား၏။ ခဏကြာပြီးနောက် သူ ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"စိတ်မပူပါနဲ့ မဟာမိတ်ခေါင်းဆောင်။ ငါရှိနေသရွေ့ လုံမန်နဂါးမဟာမိတ်နဲ့ မင်းရဲ့မိသားစုကို ငါအာမခံပေးမယ်"
"ကျေးဇူးတင်ပါတယ် အကြီးအကဲ"
လုမင် ပြုံးလိုက်သည်။
"ကျုပ် ခင်ဗျားကိုပေးထားတဲ့ကတိကို ဘယ်တော့မှ မမေ့ပါဘူး။ ယွမ်လုမှာ ကျုပ် အခြေခံခိုင်မာတာနဲ့ ယွမ်လုကိုလာနိုင်ဖို့ ကူညီပေးမယ်"
"ကျေးဇူးတင်ပါတယ်"
ရှဲ့လွမ်လည်း သူ၏ခွက်ကို လေးလေးနက်နက် မြှောက်ပြလိုက်လေသည်။
ထို့နောက် လုမင်ဟာ လုယွမ်ထျန်း၊ လီပင်းတို့နှင့်အတူ ညစာစားရန် သွားခဲ့သည်။
နောက်တစ်နေ့ကို ရောက်သည်နှင့်၊ လုမင်နှင့် ရှဲ့နျန်ချင်းလည်း ရှန်းရွှီတိုက်ကြီးသို့ ထွက်သွားကြတော့သည်။
မြောက်ပိုင်းလွင်ပြင်၏ အစွန်း၊ အဆုံးမဲ့ ပင်လယ်ပြင်တွင်... လုမင်က ရှုပ်ထွေးသောအကြည့်များဖြင့် အဝေးမှ ရှမ်းဟွမ်တိုက်ကြီးကို လှမ်းကြည့်လိုက်သည်။
သူ နောက်တစ်ခေါက်ပြန်လာရန် အချိန်ဘယ်လောက်ကြာမည်မှန်း ဘယ်သူသိမှာလဲ။
ရှဲ့နျန်ချင်းက ဘာမျှမပြောဘဲ လုမင်၏အနားတွင် ငြိမ်သက်စွာ ရပ်နေခဲ့သည်။
"ရှောင်ချင်း၊ သွားရအောင်"
အချိန်အတော်ကြာပြီးနောက် လုမင် ပြုံးလိုက်သည်။ ရှဲ့နျန်ချင်း၏ လက်ကလေးကို ဆုပ်ကိုင်ပြီး လှည့်ထွက်သွား၏။
ယခုတစ်ကြိမ်တွင် လုမင်နှင့်အတူ ရှဲ့နျန်ချင်းသာ လိုက်ပါလာခဲ့သည်။ ထူချမ်ကိုတော့ လုမင်မိသားစုကို စောင့်ရှောက်ရန်၊ လုမင်မိသားစုတွင် ထားခဲ့ပေသည်။
ခဏကြာ ပျံသန်းပြီးနောက် ရှဲ့နျန်ချင်းက တောင်နှစ်မြစ် ပန်းချီကားအတွင်းသို့ ဝင်ရောက်သွားသည်။ လုမင်လည်း အရှိန်မြှင့်ကာ ခရီးဆက်ခဲ့တော့သည်။
ရှန်းရွှီတိုက်ကြီးသို့ တတ်နိုင်သမျှ မြန်မြန်ရောက်ရန် လိုသည်။
လုမင်လည်း ဟင်းလင်းပြင်ခုန်ကျော်ခြင်းဖြင့် အရှိန်ကုန်သုံးကာ ခရီးဆက်ခဲ့ပေသည်။
အရှိန်ကုန်သုံး၍ ခရီးသွားခြင်းက စွမ်းအင်များစွာ သုံးရသည်။ လုမင်၏ လက်ရှိ ယွမ်ချီစွမ်းအင်ဖြင့်ပင် ကြာရှည်မနေနိုင်ပေ။
သို့သော်လည်း၊ လုမင်တွင် ဒုတိယခန္ဓာ ရှိသည်။ မူလခန္ဓာက ယွမ်ချီစွမ်းအင် ကုန်သွားသောအခါ၊ ဒုတိယခန္ဓာက ခရီးဆက်သည်။ ထိုအချိန်တွင်း၌ မူလခန္ဓာက စွမ်းအင် ပြန်လည်ဖြည့်တင်း၏။
လုမင်၏ လက်ရှိအမြန်နှုန်းက သာမန် တတိယအဆင့် သိုင်းအုပ်ချုပ်သူထက် အနည်းငယ် ပို၍မြန်ဆန်သည်။ သူဟာ မရပ်မနား နေ့ရောညပါ ခရီးနှင်ခဲ့၏။ ရက်အနည်းငယ်အတွင်းမှာပင် ရှန်းရွှီတိုက်ကြီးကို လှမ်းမြင်နေရပြီ ဖြစ်သည်။
ယခင်က၊ မိုးကြိုးကြံ့အဓိပဓိကိုစီးပြီး ပြန်သောအခါတွင် လပေါင်းများစွာ ကြာခဲ့သည်။ ယခုမူကား၊ သူ၏ အရှိန်အပြည့်နှင့် သွားလာခြင်းက မိုးကြိုးကြံ့အဓိပဓိထက် အဆများစွာ ပိုမြန်သည်။
"ရှန်းရွှီတိုက်ကြီး၊ ငါပြန်ရောက်လာပြီ"
ရှန်းရွှီတိုက်ကြီးသို့ ပျံသန်းသွားရင်း လုမင်၏ မျက်လုံးများက တဖြည်းဖြည်း အေးစက်လာခဲ့သည်။
ရှန်းရွှီတိုက်ကြီးသို့ ရောက်လာပြီးနောက် လုမင်က နေရာတစ်ခုရှာကာ စွမ်းအင်ပြန်လည်ဖြည့်တင်းလိုက်လေသည်။
"ကျန်းဟိုင်အိမ်တော်၊ မင်းတို့ကနေ ငါ စလိုက်မယ်"
ထို့နောက်၊ လုမင်လည်း ခပ်တိုးတိုးရေရွတ်ပြီး ဟင်းလင်းပြင်ကို ဆုပ်ဖြဲကာ ထွက်သွားတော့သည်။
ရှန်းရွှီတိုက်ကြီးကို သူရောက်လာပြီဖြစ်ကြောင်း အားလုံးကို အသိပေးလိုပါက လွယ်ကူသည်။ ယင်းက အသံကျယ်ကျယ် ထွက်ပြလိုက်ရုံပင်။
ဤအတွက် လုမင်ဟာ ကျန်းဟိုင်အိမ်တော်ကို ပထမဆုံး မျက်စိကျခဲ့သည်။
မကြာခင်မှာပဲ၊ လုမင်ဟာ ကျန်းဟိုင်အိမ်တော်ကို ရောက်သွား၏။
ကျန်းဟိုင်အိမ်တော်က ကြီးမားသော ရှေးမြို့ဟောင်းတစ်ခု၏ အလယ်ဗဟိုတွင် တည်ရှိသည်။ ယင်းမှာ အလွန်ခမ်းနားပြီး ဘုံဗိမာန်များစွာဖြင့် ဝန်းရံထားပေသည်။
"ဝုန်း"
လုမင်က ရှေးမြို့တော်တွင် ပေါ်လာပြီးနောက် သူ့အရှိန်အဝါများကို တိုက်ရိုက် ထုတ်ဖော်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက ရှေးမြို့ဟောင်းတစ်ခုလုံးကို လွှမ်းခြုံသွား၏။
"ဘာတွေဖြစ်နေတာလဲ"
"ကြီးမားလိုက်တဲ့ ဖိအား၊ ဒါက အဓိပဓိပဲ"
"အဓိပဓိတစ်ပါးမှာ ဒီလောက် အစွမ်းထက်တဲ့ အရှိန်အဝါ ဘယ်လို ရှိနိုင်မှာလဲ"
ရှေးမြို့ဟောင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
"အဲဒါဘယ်သူလဲ။ ကျန်းဟိုင်အိမ်တော်မှာ ပြဿနာလာရှာဝံ့တယ်။ သေချင်နေတာပဲ"
"အတင့်ရဲလိုက်တာ"
ရှေးဟောင်းမြို့တော်၏ အလယ်ဗဟိုရှိ ဘုံဗိမာန်များမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။
သူတို့အားလုံးက သိုင်းအုပ်ချုပ်သူများ ဖြစ်၏။ လုမင်က နတ်ဘုရားစိတ်အာရုံဖြင့် အကဲခတ်လိုက်ရာ သိုင်းအုပ်ချုပ်သူ အရှိန်အဝါ နှစ်ဆယ်ကျော်ကို ရှာဖွေတွေ့ရှိခဲ့သည်။
လုမင်လည်း အံ့အားသင့်သွားပြီး စိတ်ထဲမှ ပြောလိုက်မိလေသည်။ ရှန်းရွှီတိုက်ကြီးက အမှန်တကယ် အားကောင်းသည်။
ဤနေရာသည် တောင်ပိုင်းနတ်နန်းတော် လက်အောက်ရှိ ကျန်းဟိုင်အိမ်တော်သာဖြစ်သော်လည်း သိုင်းအုပ်ချုပ်သူနှစ်ဆယ်ကျော်ရှိနေသည်။ သူတို့က ရှန်းရွှီတိုက်အဖွဲ့အစည်းရှိ အခြားတိုက်ကြီးများ လုံးဝ ယှဉ်နိုင်သောအရာ မဟုတ်ပါ။
"ဝှစ်... ဝှစ်... ဝှစ်"
ယင်းနောက်တွင် ကောင်းကင်ယံ၌ လူရိပ်များစွာ ထွက်ပေါ်လာပြီး လုမင်ကို ဝန်းရံလိုက်ကြသည်။
စုစုပေါင်း ကိုးဦး ရှိ၏။ အားလုံးက သိုင်းအုပ်ချုပ်သူများချည်း ဖြစ်သည်။
သူတို့ထဲတွင် နှစ်ဦးက ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူများဖြစ်ပြီး ကျန်ခုနစ်ဦးက ပထမအဆင့် သိုင်းအုပ်ချုပ်သူများ ဖြစ်ကြသည်။
လူတစ်ဦးတည်းအတွက်တော့ ကျန်းဟိုင်အိမ်တော်က သိုင်းအုပ်ချုပ်သူအားလုံးကို စေလွှတ်လိမ့်မည် မဟုတ်ပေ။
"ဟိုင်ဖမ်းထျန်း ဘယ်မှာလဲ။ သူ့ကို အပြင်ထွက်ပြီး သေခိုင်းလိုက်စမ်း"
လုမင် အော်ပြောလိုက်သည်။
ဟိုင်ဖမ်းထျန်းက ကျန်းဟိုင်အိမ်တော်၏ စစ်သူကြီး၏နာမည် ဖြစ်သည်။
"အတင့်ရဲလိုက်တာ"
"မင်းကများ စစ်သူကြီးကို စော်ကားဝံ့တယ်။ သူ့ကိုသတ်"
လုမင် ပတ်လည်ရှိ သိုင်းအုပ်ချုပ်သူများက အော်လိုက်သည်။ သူတို့ထဲမှ တချို့က လုမင်ကို တိုက်ရိုက် တိုက်ခိုက်လိုက်၏။
"ဝုန်း... ဝုန်း... ဝုန်း"
လုမင်က လက်သီးသုံးချက် ဆက်တိုက် ထိုးနှက်လိုက်သည်။ နာကျင်စွာ အော်ဟစ်သံသုံးခုနှင့် ပထမအဆင့် သိုင်းအုပ်ချုပ်သူသုံးပါး အပိုင်းပိုင်း ပေါက်ကွဲသွားတော့သည်။
"မင်း…"
အခြား သိုင်းအုပ်ချုပ်သူများ တုန်လှုပ်ချောက်ချားသွားကြသည်။
လုမင်ကို ဤမျှ ရဲတင်းမည်ဟု မမျှော်လင့်ထားပေ။ သူက ကျန်းဟိုင်အိမ်တော်တွင် အမှန်တကယ် လှုပ်ရှားဝံ့သည်။ ထို့အပြင်၊ သူက ရက်စက်ကြမ်းကြုတ်လွန်းပြီး သိုင်းအုပ်ချုပ်သူသုံးပါးကို တစ်ချက်တည်း သတ်ပစ်ခဲ့ပေသည်။
သူတို့က သိုင်းအုပ်ချုပ်သူများ ဖြစ်သည်။ တောင်ပိုင်းနတ်နန်းတော်၌ပင် သူတို့က မြင့်မားပြီး တန်ခိုးကြီးသော တည်ရှိမှုများ ဖြစ်ကြ၏။ ယခုမူကား၊ သူတို့ထဲမှ သုံးဦးမှာ တခဏချင်း သေဆုံးသွားခဲ့ပြီ။
"သတ်"
လုမင်က လေဓာတ်စွမ်းအင်တာအိုသိုင်းဖြင့် လှုပ်ရှားပြီး ကျန်ငါးပါးကို တစ်ချက်စီ ထိုးကြိတ်လိုက်သည်။
လုင်၏ လက်သီးက အလွန်အင်အားကြီး၏။ ပထမအဆင့် သို့မဟုတ် ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူများဖြစ်စေ တစ်ချက် မခံနိုင်ခဲ့ကြပေ။
ငါးချက် ထိုးနှက်ပြီးနောက် ကျန်သိုင်းအုပ်ချုပ်သူ ငါးပါးစလုံး သေဆုံးခဲ့ရသည်။
ရှေးမြို့ဟောင်းမှ ဤမြင်ကွင်းကို မြင်တွေ့ခဲ့ရသော ကျင့်ကြံသူတိုင်း အံ့အားသင့်ကာ တုန်လှုပ်ချောက်ချားသွားတော့သည်။
ဤကောင်လေးက ဘယ်ကလာသနည်း။ သူက အရွယ် အလွန်ငယ်ပေမည့် သူ၏ တိုက်ခိုက်နိုင်စွမ်းက မယုံနိုင်လောက်အောင် သန်မာသည်။ သူက သိုင်းအုပ်ချုပ်သူများကို ကြက်ငှက်သတ်သကဲ့သို့ သတ်နိုင်ပေသည်။
ထိုအချိန်တွင် ရှေးမြို့ဟောင်းတစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။ အလယ်နန်းတော်မှ ကြောက်စရာကောင်းသော အရှိန်အဝါအချို့ ထွက်ပေါ်လာသည်။
ထို့နောက် လုမင်ရှေ့တွင် ရုပ်သွင်အချို့ ပေါ်လာခဲ့၏။ သူတို့၏ သတ်ဖြတ်ချင်စိတ်က အေးစက်လွန်း၍ ကမ္ဘာကြီးပင် အေးခဲလုနီးပါး ဖြစ်နေပြီ။
"စစ်သူကြီး၊ စစ်သူကြီးရောက်လာပြီ"
တစ်ယောက်က အော်လိုက်သည်။
ခေါင်းဆောင်လာသူမှာ ရှမ်းဟွမ်တိုက်ကြီးကို လာရောက်တိုက်ခိုက်ခဲ့သော ဆံပင်စိမ်း လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် ဆင်တူပြီး အစိမ်းရောင်ဆံပင်များ ရှိသည်။
သူကား ကျန်းဟိုင်အိမ်တော်၏ စစ်သူကြီး ဟိုင်ဖမ်းထျန်း ဖြစ်ချေသည်။
ဟိုင်ဖမ်းထျန်း၏ အရှိန်အဝါက အလွန်တရာကြီးစိုးပြီး ကြောက်မက်ဖွယ်ကောင်းသည်။
"စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူ"
ဟိုင်ဖမ်းထျန်းထံမှ ပြင်းထန်သောဖိအားကို ခံစားရ၍ လုမင်၏မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။