← Chapters

အခန်း ၁၃၇၅

Vol. 92 Ch. 1375

အခန်း ၁၃၇၅

Vol. 92 Ch. 1375

အပိုင်း ( 1375 ) တောင်ပိုင်းနတ်နန်းတော်၏ အစီအစဉ်။

ရှေးမြို့ဟောင်းမှ ဤမြင်ကွင်းကို မြင်နေသူတိုင်း အံ့ဩသွားကြသည်။

ကျန်းဟိုင်အိမ်တော်သည် ဒေသတစ်ခု၏ တာဝန်ခံဖြစ်ပြီး သူတို့၏ ကြီးစိုးမှုကြောင့် လူသိများသည်။ ဘယ်အချိန်ကစပြီး သူတို့ဟာ ဤမျှ သနားစရာဖြစ်လာပါသနည်း။ သိုင်းအုပ်ချုပ်သူနှစ်ဆယ်ကျော်က အားလုံးနီးပါး အားလုံးအသတ်ခံရသည်။ တောင်ပိုင်းနတ်နန်းတော်ကဲ့သို့ အင်အားကြီးပင် ခံစားရပေလိမ့်မည်။

ဟိုင်ဖမ်းထျန်း၏ မျက်လုံးများက နီရဲသွားသည်။ ထိုလူများက သူ့လက်အောက်ငယ်သားဖြစ်သော်လည်း ဤသို့ဖြင့် သတ်ခံလိုက်ရ၏။ ကျန်းဟိုင်အိမ်တော်သခင်ဖြစ်သော သူ့ရာထူးက ပြီးသွားပြီမှန်း သူ သိလိုက်သည်။

"ခွေးသား၊ ငါ မင်းကို အပိုင်းပိုင်းဖြတ်မယ်"

ဟိုင်ဖမ်းထျန်း ဟိန်းဟောက်လိုက်သည်။ သူ့နောက်ကျောမှ အတောင်ပံတစ်စုံက စူးရှသောအလင်းရောင်များ ထုတ်လွှတ်လာ၏။ အလင်းများက ဒုတိယခန္ဓာလုမင်၏ ဝင်္ကပါများကို ဖျက်ဆီးသွားတော့သည်။

"ဝုန်း"

သူက လုမင်ကို အရှိန်အဟုန်ပြင်းပြင်းဖြင့် တိုက်ခိုက်လိုက်သည်။

"ဟားဟားဟား၊ ဟိုင်ဖမ်းထျန်း... ငါ မင်းနဲ့ မကစားတော့ဘူး။ နောက်မှ ထပ်တွေ့ကြတာပေါ့"

လုမင် ရယ်မောလိုက်သည်။ ဒုတိယခန္ဓာလုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ မူလခန္ဓာကိုယ်၏ မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက် ပျောက်ကွယ်သွား၏။ လုမင်လည်း လေဓာတ်စွမ်းအင် တာအိုသိုင်းဖြင့် ပြေးထွက်သွားတော့သည်။

"ဒီမှာနေ"

ဟိုင်ဖမ်းထျန်းက လုမင်ကို စားမတတ်ဝါးမတတ်ကြည့်ရင်း အစွမ်းကုန် ပေါက်ကွဲလိုက်သည်။ သူ့အတောင်ကို လှုပ်ရှားလိုက်သည်နှင့် ကောင်းကင်မှ ဝင်္ကပါအားလုံး ပျက်စီးသွား၏။ ထို့နောက် သူဟာ အလင်းတန်းတစ်ခုကဲ့သို့ လုမင်နောက်ကို လိုက်သွားတော့သည်။

"ဟားဟားဟား... ဟိုင်ဖမ်းထျန်း၊ ငါ မင်းကို တစ်ခုပြောဖို့ မေ့သွားတယ်။ မင်းရဲ့ ဒုတိယညီကိုလည်း ငါ သတ်ပစ်လိုက်တာ"

လုမင် ရယ်မောလိုက်သည်။ အေးခဲလေပုလဲ၏ စွမ်းအားက သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည်။ ရုတ်တရက်၊ သူ့အရှိန်က လွန်ကဲစွာ ထိုးတက်သွား၏။ ခဏအကြာတွင် သူက ဟိုင်ဖမ်းထျန်းကို နောက်တွင် ချန်ရစ်ခဲ့တော့သည်။

"အား"

ဟိုင်ဖမ်းထျန်းလည်း သူ့ရင်ဘတ်က တင်းကျပ်ပြီး သွေးအန်တော့မလို ခံစားလိုက်ရသည်။ သူ အံကြိတ်ပြီး လုမင်နောက်ကို ဆက်လိုက်ရန် ကြိုးစားလိုက်၏။

သို့သော်လည်း အေးခဲလေပုလဲ၏ အကူအညီဖြင့် လုမင်၏ အမြန်နှုန်းမှာ ဟိုင်ဖမ်းထျန်းထက် များစွာ ပိုမြန်သည်။ သူတို့နှစ်ယောက်ကြားက အကွာအဝေးက ပိုပိုပြီး ဝေးသွားခဲ့ပေသည်။

တစ်နာရီမပြည့်မီတွင်၊ ဟိုင်ဖမ်းထျန်းဟာ လုမင်၏ အရိပ်ကို မတွေ့ရတော့ပေ။

"လုမင်၊ မင်းကိုငါ သေချာပေါက် ဖမ်းပြမယ်"

ဟိုင်ဖမ်းထျန်း ဒေါသတကြီး အော်ဟစ်ရင်း တုံ့ဆိုင်းစွာ ရပ်လိုက်သည်။

ရက်အနည်းငယ်အကြာတွင်...

ရှန်းရွှီတိုက်ကြီးသို့ လုမင် ရောက်ရှိလာပြီး ကျန်းဟိုင်အိမ်တော်၏ သိုင်းအုပ်ချုပ်သူ အယောက်နှစ်ဆယ်ကျော်ကို သတ်ပစ်သည့်သတင်းက ရှန်းရွှီတိုက်ကြီး တစ်တိုက်လုံးနှင့် အခြားတိုက်ကြီးများသို့ လေပြင်းမုန်တိုင်း တစ်ခုပမာ ပျံ့နှံ့သွားခဲ့သည်။

တခဏအတွင်း မီတာ ထောင်ပေါင်းများစွာသော လှိုင်းလုံးများ မြင့်တက်လာခဲ့၏။

ယခုအချိန်တွင် မရေတွက်နိုင်သော ကျွမ်းကျင်သူများက လုမင်ကို ရှာဖွေနေသည်။ သို့သော်၊ လုမင်က အလွန်ရဲတင်းပြီး ရှန်းရွှီတိုက်ကြီးသို့ လာရောက်ဝံ့ပေသည်။

ထို့အပြင်၊ သူက အလွန်အစွမ်းထက်သည်။ ရှန်းရွှီတိုက်ကြီးသို့ ရောက်လာသည်နှင့် တပြိုင်နက် ကျန်းဟိုင်အိမ်တော်၏ သိုင်းအုပ်ချုပ်သူ အယောက်နှစ်ဆယ်ကျော်ကိုသတ်ပြီး အန္တရာယ်ကင်းကင်း ဆုတ်သွားခဲ့ပေသည်။

ယင်းက လူတော်တော်များများကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။

လူများစွာက လုမင်၏ တိုက်ခိုက်နိုင်စွမ်းကို ပြန်လည် အကဲဖြတ်လာကြရပေသည်။ အားနည်းသော သိုင်းအုပ်ချုပ်သူတချို့လည်း နောက်တွန့်သွားကြသည်။ သို့သော်လည်း အားကောင်းသူများကတော့ နောက်မဆုတ်ကြပါ။

တခဏချင်းမှာပဲ၊ ကြောက်စရာကောင်းအောင် အစွမ်းထက်သော ကျွမ်းကျင်သူများက လုမင်ကိုဖမ်းဆီးရန် တောင်ပိုင်းနတ်နန်းတော်၏ တောင်ပိုင်းဒေသတွင် စုရုံးလာခဲ့သည်။

ဤပညာရှင်အများစုက အရှေ့ပိုင်း၊ မြောက်ပိုင်းနှင့် အနောက်တိုင်း နတ်နန်းတော်များမှ ဖြစ်ကြ၏။

လုမင် တစ်နေရာရာတွင် ပေါ်လာပြီဟု သတင်းကြားရတိုင်း ကျွမ်းကျင်သူ အမြောက်အမြား အပြေးအလွှား ရောက်လာတတ်သည်။

၎င်းတို့အနက် ဟိုင်ဖမ်းထျန်းမှာ အတက်ကြွဆုံး ဖြစ်၏။

မျက်စိတစ်မှိတ်အတွင်း တစ်လကျော် ကြာသွားသည်။

ဤလအတွင်း လုမင်သည် ရံဖန်ရံခါ ပေါ်လာသော်လည်း တိတ်တဆိတ် ပျောက်ကွယ်သွားတတ်သည်။ သူ့အကြံက ရှန်းရွှီတိုက်ကြီးတွင် သူရှိနေကြောင်း ပြင်ပကမ္ဘာကို ပြောပြရန် ဖြစ်၏။ ဤနည်းဖြင့် အကျော်အမော်များက ရှမ်းဟွမ်တိုက်ကြီးသို့ သွားကြတော့မည် မဟုတ်ပေ။

............

တောင်ပိုင်းနတ်နန်းတော်၏ အစည်းအဝေးခန်းမတွင်... လူဆယ်ဦး ထိုင်နေသည်။

ဤဆယ်ယောက်က တောင်ပိုင်းနတ်နန်းတော်၏ ကြီးမြတ်သော မိသားစုကြီးဆယ်ခု၏ မိသားစုခေါင်းဆောင်များ ဖြစ်၏။ သူတို့က တောင်ပိုင်းနတ်နန်းတော်တွင် အဆင့်အတန်းအမြင့်ဆုံးသော လူဆယ်ဦးလည်း ဖြစ်သည်။

သူတို့ ဆယ်ယောက်က လုမင်၏ကိစ္စကို ဆွေးနွေးရန် စည်းဝေးနေခြင်း ဖြစ်ချေသည်။

"လူတိုင်းပဲ၊ တောင်ပိုင်းနတ်နန်းတော်က လုမင်နဲ့ ပတ်သက်ပြီး ဘာလုပ်သင့်လဲ"

တစ်ယောက်က မေးလိုက်သည်။

"ဟုတ်တာပေါ့၊ လုမင်ကိုဖမ်းဖို့ အစွမ်းထက်တဲ့ ကျွမ်းကျင်သူတွေ စေလွှတ်ရမှာပဲ။ သူ့မှာ ဟွင်းယွမ်တံဆိပ်ပြား ရှိနေသေးတယ်"

ခန့်ညားသော လူလတ်ပိုင်း အမျိုးသားတစ်ဦးက ပြော၏။

ထိုလူက နို့ဖြူရောင် ၀တ်စုံကို ၀တ်ထားကာ ပညာရှိတစ်ပါးကဲ့သို့ အရှိန်အဝါ ရှိသည်။ သူသည်ကား မိသားစုကြီး ဆယ်ခုထဲမှ တစ်ခုဖြစ်သည့် ဝမ့်မိသားစု၏ မိသားစုခေါင်းဆောင် ဖြစ်၏။ သူဟာ ဝမ့်ကျန်း၏ ဖခင် ဝမ့်ရှန့် ဖြစ်ချေသည်။

"အမှန်ပဲ၊ ဒုတိယညီနောင်ဝမ့်ရဲ့ အကြံပြုချက်ကို ငါ သဘောတူတယ်။ လုမင်ကို ဖမ်းဖို့ ကျွမ်းကျင်သူတွေ စေလွှတ်ထားတယ်လေ။ သူ့ကို မသတ်မိသရွေ့ သူ့ရဲ့ ကျင့်ကြံခြင်းကို ဖျက်ဆီးလိုက်ရင်တောင် ဘာမှမဖြစ်ဘူး"

ဝမ့်ရှန့်အနားမှ လူတစ်ယောက်က အေးစက်စက် ပြောလိုက်သည်။

ဤပုဂ္ဂိုလ်က မုမိသားစု၏ ခေါင်းဆောင်အသစ် ဖြစ်ချေသည်။

မုမိသားစု၏ ယခင်ခေါင်းဆောင်ကို ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လင်းသခင်လေးက လုမင်ကိုရှာရန် ခေါ်ဆောင်သွားခဲ့သည်။ သူတို့က လုမင်ကိုဖမ်းရန် နတ်ဘုရားအပျက်အယွင်း အလယ်ဗဟိုဧရိယာသို့ ဝင်ရောက်သွား၍ ဦးခေါင်းမဲ့ နဂါးစီးသူရဲ သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။ ထို့ကြောင့် ဤပုဂ္ဂိုလ်က ခေါင်းဆောင်အသစ် ဖြစ်လာခဲ့ပေသည်။

"ဒါက မသင့်တော်ဘူးလို့ ငါထင်တယ်"

ထိုအချိန်တွင် နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာသည်။

ဝမ့်ရှန့်၏ အကြည့်က အေးစက်သွားပြီး ထိုလူကို လှမ်းကြည့်လိုက်၏။

"ကျိဖုန်း၊ မင်း ဘာကိုဆိုလိုတာလဲ။ ဘာဖြစ်လို့ မသင့်လျော်ရမှာလဲ။ မင်းရဲ့သမီး ကျိဟုန်ချန်က လုမင်နဲ့ ခင်မင်ရင်းနှီးမှုရှိတယ်ဆိုတာ ငါသိတယ်။ ဒါကြောင့် မင်းက သူ့ကို ကူညီချင်တာလား"

ကျိဖုန်းက ကျိမိသားစု၏ ခေါင်းဆောင်ဖြစ်ပြီး ကျိဟုန်ချန်၏ဖခင် ဖြစ်ချေသည်။

"ရယ်စရာပဲ"

ကျိဖုန်းက ဝမ့်ရှန်းကို မထီမဲ့မြင်ဟန်ဖြင့် ကြည့်စိုက်ပြီး ပြောလိုက်သည်။

"အခု လုံချန်ပဲ ငါတို့ တောင်ပိုင်းနတ်နန်းတော်ရဲ့ လက်ထဲမှာ ရှိနေတာတောင် တခြား နတ်နန်းတော်သုံးခုက မနာလိုဖြစ်နေပြီ။ လုမင်ကိုသာ ငါတို့ ဖမ်းမိရင် တခြား နတ်နန်းတော် သုံးခုက ဘာလုပ်ကြမလဲ။ ငါတို့ တောင်ပိုင်းနတ်နန်းတော်ကို တိုက်ခိုက်ဖို့ အင်အားတွေ ပူးပေါင်းကြရင်... အဲဒီအခါ ငါတို့ တောင်ပိုင်းနတ်နန်းတော်က ဘယ်လိုလုပ်ပြီး ခုခံကြမှာလဲ"

သူ့စကားကြောင့် ခန်းမတစ်ခုလုံး တိတ်သွားသည်။

ခဏအကြာမှ နောက်တစ်ဦးက ပြောလိုက်လေသည်။

"မှန်ပါတယ်၊ ညီနောင်ကျိရဲ့ စကားတွေက အဓိပ္ပာယ်ရှိတယ်လို့ ငါထင်တယ်။ လုမင်ရဲ့ကိစ္စမှာ ငါတို့ လောလောဆယ် ဝင်စွက်ဖက်မှာ မဟုတ်ဘူး"

"လုမင်က ကျန်းဟိုင်အိမ်တော်ရဲ့ သိုင်းအုပ်ချုပ်သူ အယောက် နှစ်ဆယ်ကျော်ကို သတ်ပစ်လိုက်တာနော်။ ငါတို့ သူ့ကို ဒီအတိုင်း လွှတ်လိုက်မှာလား"

မုမိသားစု ခေါင်းဆောင်က လက်မခံချင်သေးပါ။

"လုမင်ကို ငါတို့ ဘာမှလုပ်စရာ မလိုပါဘူး။ တခြား နတ်နန်းတော်သုံးခုရဲ့ လက်ထဲ ရောက်သွားရင် သေတာထက် ပိုဆိုးတဲ့ ကံကြမ္မာကို ခံရမှာ သေချာတယ်"

တစ်စုံတစ်ယောက်က ပြောလိုက်သည်။

"မှန်ပါတယ်၊ ငါတို့က လုံချန်ကို ကာကွယ်ထားဖို့ပဲလိုတယ်။ နောက်ပြီး၊ ဟွင်းယွမ်တံဆိပ်ပြားတစ်ခုက နတ်ဘုရားအပျက်အယွင်းတွေကို ဝင်ဖို့ လုံလောက်တယ် မဟုတ်လား"

"အမှန်ပဲ လုမင်အတွက် သူတို့ဘာသာ တိုက်ခိုက်ပါစေ"

တခြားသူများလည်း တစ်ဦးပြီးတစ်ဦး ပြောလိုက်ကြ၏။

ဝမ့်ရှန့်နှင့် မုမိသားစုခေါင်းဆောင်လည်း လက်ခံရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။

............

ရှန်းရွှီတိုက်ကြီး၏ တောင်ဘက်ခြမ်းရှိ တောင်တန်းကြီးတစ်ခုတွင်...

ဤနေရာက အလွန်လျှို့ဝှက်ပြီး နတ်ဆိုးစွမ်းအင်နှင့် ပြည့်နေသည်။ နတ်ဆိုးလမ်းစဉ်ကို လေ့ကျင့်သောသူ မဟုတ်ပါက ဤနေရာကို လာကြသူမှာ အလွန်နည်းပါးသည်။

လုမင်နှင့် ရှဲ့နျန်ချင်းက ဤနေရာတွင် ပေါ်လာခဲ့ပေသည်။

"ရှောင်ချင်း၊ ဒီကာလအတွင်း မင်း ဒီမှာ လေ့ကျင့်နေသင့်တယ်"

လုမင် ပြောလိုက်သည်။

"လုမင်၊ နင်ဘာလုပ်ဖို့ကြိုးစားနေတာလဲ။ ငါ့ကို တစ်ယောက်တည်း ထားခဲ့ဖို့တော့ မစဉ်းစားနဲ့"

ရှဲ့နျန်ချင်း နှုတ်ခမ်းစူလိုက်၏။

လုမင် ခါးသက်သက်ဖြင့် ပြုံးပြီး ပြောလိုက်သည်။

"ရှောင်ချင်း၊ စိတ်မပူပါနဲ့။ ငါဘာမှဖြစ်မှာမဟုတ်ဘူး၊ ခဏနေရင် ငါ မင်းကို လာတွေ့မယ်"

သို့သော်လည်း ရှဲ့နျန်ချင်းက စိုက်ကြည့်နေဆဲပင်။ လုမင် ဆက်ပြောလိုက်သည်။

"ဒါ့အပြင် ငါ့မှာ ခန္ဓာနှစ်ခုရှိတယ်လေ။ မူလခန္ဓာနဲ့ ဒုတိယခန္ဓာက သီးခြားစီ လုပ်ဆောင်မှာပါ။ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး"

"နင် လုံချန်ရဲ့ သတင်းစုံစမ်းဖို့ နတ်နန်းတော်တွေကို သွားမလို့လား"

ရှဲ့နျန်ချင်းက ပါးနပ်ပြီး လုမင်၏ အတွေးများကို ချက်ချင်း ခန့်မှန်းမိပေသည်။

လုမင် ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"ဟုတ်တယ်၊ မူလခန္ဓာက တခြားသူတွေကို ဆွဲဆောင်ဖို့ အပြင်မှာရှိနေချိန်မှာ ဒုတိယခန္ဓာနဲ့ နတ်နန်းတော်ထဲခိုးဝင်ဖို့ စီစဉ်ထားတယ်"

ဤသည်မှာ လုမင်၏ အစီအစဉ် ဖြစ်သည်။

မူလခန္ဓာက အပြင်တွင် ကိုယ်ယောင်ပြပြီး ဒုတိယခန္ဓာက နတ်နန်းတော်အတွင်းသို့ ခိုးဝင်မည်။ ထို့နောက် လုံချန်ကို ကယ်တင်ရန် အခွင့်အလမ်းကို စောင့်နေမည်။

ဤနည်းလမ်းက အန္တရာယ်များသည်။ သူ့တွင် တောင်နှင့်မြစ်ပန်းချီကားရှိ၍ ရှဲ့နျန်ချင်းကို ခေါ်ဆောင်လာနိုင်သော်လည်း အန္တရာယ်မဖြစ်ကြောင်း အာမမခံနိုင်ပေ။

သူ တစ်ခုခုဖြစ်ပါက တောင်နှင့်မြစ်ပန်းချီကားအတွင်းရှိ ရှဲ့နျန်ချင်းလည်း လုံးဝ လွတ်မြောက်မည် မဟုတ်ချေ။ ထို့ကြောင့် ရှဲ့နျန်ချင်းကို ဤနေရာတွင်ထားခဲ့ကာ တစ်ယောက်တည်း လုပ်ရမည် ဖြစ်သည်။

All Chapters