အခန်း ၁၃၇၆
Vol. 92 Ch. 1376
အပိုင်း ( 1376 ) တောင်ပိုင်းနတ်နန်းတော်သို့ ခိုးဝင်ခြင်း။
"လုမင်..."
လက်သီးကို တင်းတင်းဆုပ်ရင်း ရှဲ့နျန်ချင်း၏ မျက်လုံးများက အနည်းငယ် ဝေဝါးသွားလေသည်။
သူမ၏ လက်ရှိ တိုက်ခိုက်နိုင်စွမ်းဖြင့် လုမင်နောက်သို့ လိုက်သွားလျှင်ပင် ကူညီနိုင်မည်မဟုတ်မှန်း သိသည်။ ထိုအစား လုမင်ကို အနှောင့်အယှက်ဖြစ်စေလိမ့်မည်။
ဤအခိုက်တွင် သူမ၏ ကျင့်ကြံခြင်းအခြေခံက နိမ့်ကျသောကြောင့် လုမင်၏ဝန်ထုပ်ဝန်ပိုးများကို မဝေမျှနိုင်သည့်အတွက် သူမကိုယ်ကို မုန်းတီးသွားမိသည်။
သူမ အံကြိတ်လိုက်၏။ နောင်တွင်၊ လုမင်၏အရှိန်အဟုန်ကို လိုက်မီနိုင်ရန် ပို၍ကြိုးစားပြီး လုမင်ကိုကူညီရလိမ့်မည်။
"ကောင်းပြီ၊ ငါ ဒီမှာလေ့ကျင့်နေခဲ့မယ်။ နင် သတိထားပါ"
နောက်ဆုံးတွင်၊ ရှဲ့နျန်ချင်းက စိတ်လျှော့ပြီး ပြောလိုက်သည်။
"စိတ်ချပါ၊ ငါ ဘာမှဖြစ်မှာမဟုတ်ဘူး"
လုမင်က ရှဲ့နျန်ချင်း၏ ပျော့ပျောင်းသော အနက်ရောင်ဆံနွယ်များကို ပွတ်သပ်လိုက်ပြီး၊ အနီရောင်နှုတ်ခမ်းများကို ညင်သာစွာ တို့ထိလိုက်သည်။ ထို့နောက် သူ ထွက်သွားတော့သည်။
လုမင် ထွက်ခွာသွားသည့် လမ်းကြောင်းကို ငေးကြည့်ရင်း ရှဲ့နျန်ချင်းလည်း လုမင်အတွက် နောင်ကို ဝန်ထုပ်ဝန်ပိုး မဖြစ်တော့စေရန် သူ့ကိုယ်သူ ကျိန်ဆိုခဲ့သည်။
"အရင်ဆုံး ငါ အဓိပဓိနယ်ပယ်ကို ဖြတ်ကျော်ရမယ်။ ပြီးရင် သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ချိုးဖြတ်မယ်"
ရှဲ့နျန်ချင်း၏ မျက်လုံးများက ဆုံးဖြတ်ချက်တို့ဖြင့် လင်းလက်လာခဲ့သည်။ ထို့နောက်တော့ နောက်ပြန်လှည့်ပြီး သိပ်သည်းသော နတ်ဆိုးစွမ်းအင်များဖြင့် တောင်ပေါ်သို့ လျှောက်လှမ်းသွားတော့သည်။
လုမင်ဟာ ရှဲ့နျန်ချင်းထံမှ ထွက်လာပြီးနောက် မျက်စိတစ်မှိတ်အတွင်း မိုင်ထောင်ပေါင်းများစွာ ခရီးနှင်ခဲ့သည်။ နေ့တစ်ဝက်အတွင်း အလွန်ဝေးကွာသော နယ်မြေများကို ဖြတ်သန်းခဲ့၏။
ထိုအခိုက်အတန့်တွင် သူ၏ မျက်ခုံးနှစ်ခုကြားမှ ဒုတိယခန္ဓာလုမင် ပေါ်လာခဲ့သည်။
ထို့နောက် ဒုတိယခန္ဓာလုမင်က ပြောင်းလဲလာ၏။ သူ့ခန္ဓာကိုယ်ပေါ်တွင် ကမ္ပည်းများ ပေါ်လာပြီး သူ၏ အသွင်အပြင်လည်း ပြောင်းလဲလာတော့သည်။ ခဏအကြာတွင်၊ ဒုတိယခန္ဓာက အဝတ်အစားအသစ်များ ပြောင်းလဲဝတ်ဆင်ပြီး လုံးဝခြားနားသော လူတစ်ဦးဖြစ်လာခဲ့သည်။
ရုပ်ဖျက်ပြီးသောအခါ ဒုတိယခန္ဓာလုမင်က ဟင်းလင်းပြင်ကိုဆုပ်ဖြဲပြီး တောင်နတ်နန်းတော်ဆီသို့ ဦးတည်သွားလေသည်။
မူလခန္ဓာ လုမင်ကမူ နေရာတစ်ခုရှာကာ အေးအေးချမ်းချမ်းလေ့ကျင့်ရန် ထွက်ခဲ့သည်။
သူ့အစီအစဉ်က ရိုးရှင်းသည်။ ရှဲ့နျန်ချင်းကို ပြောခဲ့သည့်အတိုင်း ဒုတိယခန္ဓာက အချက်အလက်များ စုဆောင်းရန်အတွက် တောင်ပိုင်းနတ်နန်းတော်အတွင်းသို့ ခိုးဝင်မည် ဖြစ်သည်။ မူလခန္ဓာကတော့ အခြားသူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်ရန် ရံဖန်ရံခါမှသာ ပေါ်လာလိမ့်မည်။
လက်ရှိတွင် မူလခန္ဓာလုမင်က အရာသုံးခုကို လေ့ကျင့်သည်။
ပထမက သဘာဝအတိုင်း တာအိုနယ်မြေ သန္ဓေပင်။
တာအိုနယ်မြေ သန္ဓေသည် ပေါင်းစည်းစက အလွန်သေးငယ်သည်။ ယင်းကို ပို၍ကြီးမားကျယ်ပြန့်လာရန် စဉ်ဆက်မပြတ် လေ့ကျင့်ရန်လိုပေသည်။ တာအိုနယ်မြေ သန္ဓေက ကန့်သတ်ချက်တစ်ခုသို့ ရောက်ရှိသောအခါ၊ သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်ရန် ကြိုးစားနိုင်သည်။
ဤအတောအတွင်း၌ လုမင်ဟာ သူ၏ ကျင့်ကြံခြင်းကို မရပ်တန့်ခဲ့ပေ။ ထို့ကြောင့် တိုးတက်မှုက ကြီးမားသော်လည်း အကန့်အသတ်နှင့်တော့ ဝေးကွာဆဲ ဖြစ်သည်။
ဒုတိယ ကျင့်ကြံခြင်းကတော့ သန့်စင်သော ဝိညာဉ်ခန္ဓာ ဖြစ်၏။
ယခုအခါ သန့်စင်သော ဝိညာဉ်ခန္ဓာက ခုနစ်ဆယ်ရာခိုင်နှုန်းကျော်ပြီး မကြာမီ ရှစ်ဆယ်ရာခိုင်နှုန်းသို့ ရောက်တော့မည်။
တတိယကတော့ တာအိုသိုင်းပညာငါးခုကို လေ့ကျင့်ရန် ဖြစ်သည်။
တာအိုသိုင်းပညာငါးခုက ပဉ္စမအဆင့်တွင်ရှိသော်လည်း ဆဋ္ဌမအဆင့်နှင့် အလွန်နီးစပ်နေပြီ။
ဆဌမအဆင့်သို့ ဖြတ်ကျော်ပြီးသည်နှင့် ကစဉ့်ကလျား တာအိုသိုင်းပညာ၊ ကစဉ့်ကလျား မှောက်လှန် ကောင်းကင်တံဆိပ်တော်အား လေ့ကျင့်နိုင်သည်။
ယခုအခါ၊ လုမင်၏ကျင့်ကြံခြင်းကို ရှေးဦးကစဉ့်ကလျား တာအိုနယ်မြေ သိုင်းပညာဟု ခေါ်သင့်သည်။
ကစဉ့်ကလျား မှောက်လှန် ကောင်းကင်တံဆိပ်တော်က အလွန်ထူးခြားသည်။ တာအိုကို လေ့ကျင့်ပါက တာအိုသိုင်းပညာဖြစ်လာမည် ဖြစ်သည်။ ယခုတော့ လုမင်က တာအိုနယ်မြေသန္ဓေအား လေ့ကျင့်သောကြောင့် တာအိုနယ်မြေသိုင်းပညာ ဖြစ်လာနိုင်ပြီ။ ယင်းကို တာအိုနယ်မြေနှင့် ပေါင်းစပ်လိုက်ပါက ယင်းမှာ အံ့မခန်းစွမ်းအားရှိသည့် တာအိုနယ်မြေသိုင်းပညာတစ်ခု ဖြစ်လာနိုင်သည်။
လုမင်လည်း ယင်းကို စောင့်မျှော်နေခဲ့လေသည်။
ဒုတိယခန္ဓာလုမင်က တောင်ပိုင်းနတ်နန်းတော်သို့ သွားနေစဉ်တွင် မူလခန္ဓာလုမင်က အေးအေးဆေးဆေး လေ့ကျင့်နေခဲ့သည်။
မကြာမီ၊ ဒုတိယခန္ဓာလုမင်က တောင်ပိုင်းနတ်နန်းတော်သို့ ရောက်လာသည်။
လအနည်းငယ်ကြာပြီးနောက်၊ တောင်ပိုင်းနတ်နန်းတော်သို့ လုမင် ထပ်မံရောက်ရှိခဲ့ပြီ။
နောက်ဆုံးတစ်ခေါက်က သူရောက်လာခဲ့ခြင်းမှာ ယွမ်လုအင်အားကြီး၏ တပည့်ရွေးချယ်ပွဲတွင် ပါဝင်ရန် ဖြစ်သည်။ နောက်ဆုံးတွင် အမဲလိုက်ခံရပြီး တောင်ပိုင်းနတ်နန်းတော်မှ ထွက်ပြေးခဲ့ရပေသည်။
လုမင်၏ စိတ်အတွေးများက ရွေ့လျားနေပြီး တောင်ပိုင်းနတ်နန်းတော်ဆီသို့ လျှောက်သွားခဲ့သည်။
"တောင်ပိုင်းနတ်နန်းတော်က ကမ္ပည်းသခင်တွေကို စုဆောင်းနေတယ်"
တောင်ပိုင်းနတ်နန်းတော်သို့ဝင်ပြီး သိပ်မကြာမီပင် ဤသတင်းကို လုမင် ကြားလိုက်ရသည်။
"ကမ္ပည်းသခင်တွေကို ခေါ်ယူနေတာလား"
လုမင်၏ မျက်လုံးများက တောက်ပလာခဲ့သည်။
စူးစမ်းကြည့်ပြီးနောက် အကြောင်းရင်းကို သူ သိလိုက်ရ၏။
တောင်ပိုင်းနတ်နန်းတော်က တစ်စုံတစ်ခုကို စောင့်ကြပ်နေပုံရသည်။ သူတို့က တစ်စုံတစ်ခုအား ကာကွယ်ရန်အတွက် ဝင်္ကပါကြီးများ တည်ဆောက်ရန် ကမ္ပည်းသခင်များအား စုဆောင်းနေခြင်း ဖြစ်ပုံရပေသည်။
သို့သော်လည်း အတိအကျမသိဘဲ အယူအဆအမျိုးမျိုးနှင့် မှန်းဆချက်အမျိုးမျိုး ရှိခဲ့သည်။
'တောင်ပိုင်းနတ်နန်းတော်က လုံချန်ကို စောင့်နေတာများ ဖြစ်နိုင်ပါ့မလား'
လုမင် သူ့စိတ်ထဲမှ ခန့်မှန်းလည်းလိုက်သည်။
ကစဉ့်ကလျားတာအိုက တစ်ဦးတစ်ယောက်ကို နတ်ဘုရားအပျက်အယွင်းအတွင်းသို့ အန္တရာယ်ကင်းကင်း ဝင်ရောက်နိုင်စေနိုင်သည်။ ယင်းကို လူတိုင်းက လိုချင်ကြပြီး အခြား နတ်နန်းတော်သုံးခုကလည်း စိုက်ကြည့်နေခဲ့ကြပေသည်။
တောင်ပိုင်းနတ်နန်းတော်က လုံချန်ကို ထိန်းချုပ်ထားနိုင်သောကြောင့် ယင်းမှာ ဟွင်းယွမ်တံဆိပ်ပြားကို ထိန်းချုပ်နိုင်ခြင်းနှင့် ညီမျှသည်။ ယင်းကို အခြားနတ်နန်းတော်သုံးခုမှ သိမ်းယူသွားမည်အား စိုးရိမ်၍ တင်းတင်းကြပ်ကြပ် စောင့်ကြပ်ထားရ၏။ ထို့ကြောင့် ဝင်္ကပါတည်ဆောက်ရန်အတွက် ကမ္ပည်းသခင်များကို စုဆောင်းခြင်းဆိုလျှင် ကျိုးကြောင်းဆီလျော်သည်။
'ဟုတ်ဟုတ် မဟုတ်ဟုတ်ကွာ၊ ငါ သွားကြည့်လိုက်ဦးမယ်'
လုမင်၏ မျက်လုံးများက လင်းလက်ပြီး စုဆောင်းရေးနေရာဆီသို့ လျှောက်သွားခဲ့လေသည်။
လူသစ်စုဆောင်းရေးနေရာသို့ ရောက်ရှိလာပြီးနောက် လုမင်ဟာ လူအများအပြား ရောက်နေကြကြောင်း တွေ့လိုက်ရသည်။ အားလုံးကလည်း ကမ္ပည်းသခင်များ ဖြစ်ချေသည်။
ယခုအကြိမ်တွင် တောင်ပိုင်းနတ်နန်းတော်မှ ပေးအပ်သော ဆုလာဘ်များက အလွန်ရက်ရောသောကြောင့် စာရင်းသွင်းရန် လူအများအပြားကို ဆွဲဆောင်ခဲ့သည်။ သို့သော်လည်း အများစုမှာ စိတ်ဓာတ်ကျနေပုံရလေသည်။
လုမင်လည်း စူးစမ်းကြည့်ပြီးမှ အကြောင်းရင်းကို သိလိုက်ရသည်။ အကြောင်းမှာ၊ တောင်ပိုင်းနတ်နန်းတော်မှ စုဆောင်းသော ကမ္ပည်းသခင်က အနည်းဆုံး အဋ္ဌမအဆင့်တွင် ရှိနေရမည် ဖြစ်သောကြောင့်ပင်။
အဋ္ဌမအဆင့် ကမ္ပည်းသခင်က ဝိညာဉ်နတ်ဘုရားနယ်ပယ် သိုင်းပညာရှင်နှင့် ညီမျှသည်။
လူတစ်ယောက်တွင် အလွန်မြင့်မားသော အရည်အချင်းရှိမှ ကမ္ပည်းသခင်ဖြစ်လာနိုင်သည်။ ထို့ကြောင့် ဤကမ္ဘာပေါ်တွင် ကမ္ပည်းတာအိုကို ကျင့်ကြံသူက အတော်နည်းသည်။ ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူများနှင့်ယှဉ်လျှင် အဆပေါင်းများစွာ နည်းချေသည်။
စိတ်ဓာတ်ကျနေသူများက အဋ္ဌမအဆင့်ကို မရောက်သေးသူများ ဖြစ်သည်။
လုမင်လည်း ရှေ့သို့ လျှောက်လာပြီး ကောင်တာတစ်ခုသို့ ရောက်လာခဲ့သည်။
"ငါတို့က အဋ္ဌမအဆင့်နဲ့ အထက် ကမ္ပည်းသခင်တွေကိုပဲ ခေါ်ယူတာ၊ မင်းက အဋ္ဌမအဆင့် ကမ္ပည်းသခင်လား"
လူသစ်စုဆောင်းရေး တာဝန်ခံ အဘိုးကြီးက အထင်အမြင်သေးခြင်း အရိပ်အယောင်များ ပေါ်လွင်နေသောမျက်လုံးဖြင့် လုမင်ကို ကြည့်လိုက်သည်။
အသွင်ပြောင်းလဲပြီးနောက် လုမင်၏ရုပ်ရည်က သာမန်ဖြစ်သော်လည်း အလွန် ငယ်သေးသည်။ ဤအသက်အရွယ်ဖြင့် အဋ္ဌမအဆင့် ကမ္ပည်းသခင် မည်သို့ဖြစ်လာနိုင်မည်နည်း။
ဤအဘိုးကြီး တကယ်ကို မယုံနိုင်ပေ။
ကမ္ပည်းတာအိုက သိုင်းတာအိုထက် ပို၍ ခက်ခဲသည်။ ဤအဘိုးကြီးက ကမ္ပည်းသခင်တစ်ဦးဖြစ်သော်လည်း အဋ္ဌမအဆင့်သို့ရောက်ရန် ရာစုနှစ်များစွာ ကြာမြင့်ခဲ့ပေသည်။
သို့ရာတွင်၊ လုမင်၏ အသက်က ဘယ်လောက်ရှိသေးလို့လဲ။
"ကျုပ်က အဋ္ဌမအဆင့် ကမ္ပည်းသခင်ပါ"
လုမင် ဂရုမစိုက်ဘဲ အနည်းငယ် ပြုံးလိုက်သည်။
"အိုး၊ မင်းက အဋ္ဌမအဆင့် ကမ္ပည်းသခင်လား။ ငါ့ကို အချိန်မဖြုန်းနဲ့။ မင်းရဲ့ ဝိညာဉ်မီးတောက် ငါ့ကိုပြပါ"
အဘိုးအိုက ပြောလိုက်သည်။
လုမင် ခေါင်းညိတ်လိုက်၏။ သူ့မျက်ခုံးနှစ်ခုကြားမှ ငွေရောင်မီးတောက်က ကခုန်လာတော့သည်။ အားကောင်းသော ဝိညာဉ်စွမ်းအင်က ဧရိယာတစ်ခုလုံးကို လွှမ်းခြုံသွားကာ လူတိုင်း၏အကြည့်များကို ဆွဲဆောင်ခဲ့သည်။
"ဘယ်လောက်တောင် သန့်စင်လိုက်တဲ့ ဝိညာဉ်စွမ်းအင်၊ သန့်စင်လိုက်တဲ့ ဝိညာဉ်မီးတောက်လဲ'
လူသစ်စုဆောင်းရေးတာဝန်ခံအဘိုးကြီးလည်း အသက်ပြင်းပြင်းရှူရင်း လုမင်ကို အံ့ဩတကြီး ကြည့်လိုက်သည်။
လုမင်၏ ဝိညာဉ်မီးတောက်က အလွန်သန့်စင်သည်ဟု သူခံစားမိ၏။ သာမန်လူတစ်ယောက်၏ ဝိညာဉ်မီးတောက်က လူသာမန်တစ်ဦးဖြစ်မည်ဆိုလျှင် လုမင်၏ ဝိညာဉ်မီးတောက်ဟာ ဧကရာဇ်တစ်ပါး ဖြစ်သည်။
အဘိုးကြီးလည်း သူ၏ ဝိညာဉ်မီးတောက်ဟာ ကြီးစွာသောဖိအားအောက်မှာ ရှိနေသည်ဟု ခံစားလိုက်ရသည်။
"ရပြီလား"
လုမင်က ပြောဆိုရင်း သူ့ဝိညာဉ်မီးတောက်ကို ရုတ်သိမ်းလိုက်သည်။
သူက အထူးနည်းလမ်းဖြင့် သူ၏ဝိညာဉ်မီးတောက်၏အရောင်ကို ဖုံးကွယ်ကာ ငွေရောင်ဝိညာဉ်မီးတောက်ကဲ့သို့ ဖြစ်စေခဲ့ခြင်းပင်။ ထို့အပြင် လုမင်က ယင်းကို အကောင်းဆုံးဖိနှိပ်ထားပြီး အနည်းငယ်သာ ဖော်ပြခဲ့သည်။
သို့သော်လည်း အရောင်ပြောင်းနိုင်ပြီး အရှိန်အဝါကို ဖိနှိပ်ထားနိုင်သည့်တိုင် သူ့ဝိညာဉ်မီးတောက်၏ အနှစ်သာရကိုတော့ မပြောင်းလဲနိုင်ပေ။
သူဟာ သိုင်းအုပ်ချုပ်သူတစ်ပါး ဖြစ်သည်။ သူက ရွှမ်ထျန်းသူတော်စင်၏ အမွေကို ဆက်ခံခဲ့ပြီး ခြေလှမ်းတိုင်းက ပြီးပြည့်စုံမှု ရှိ၏။ ထိုအတွက် သူ၏ ဝိညာဉ်မီးတောက်ကလည်း သဘာဝအတိုင်း အလွန်သန့်စင်ပြီး သာမန်လူများ နှိုင်းယှဉ်နိုင်ရန် ခက်ခဲသည်။
"ဟုတ်တာပေါ့၊ ဟုတ်တာပေါ့။ ညီငယ်လေးက ကမ္ပည်းတာအို ပါရမီရှင်တစ်ဦး ဖြစ်နေခဲ့တာပဲ။ ငါ မင်းကို ခုနက အထင်လွဲခဲ့တယ်၊ ဟားဟားဟား"
အဘိုးအိုက ရှက်ရွံ့စွာ ပြုံးပြီး လုမင်၏ အချက်အလက်ကို မှတ်တမ်းတင်ခဲ့သည်။ ထို့နောက် လုမင်အား ကျောက်စိမ်းတံဆိပ်ပြားတစ်ခု ပေးခဲ့လေသည်။
လုမင်လည်း ကျေက်စိမ်းတွဆိပ်ပြားကိုယူပြီး ဘေးနားတွင် စောင့်နေလိုက်သည်။
နာရီအနည်းငယ်ကြာတော့ လူသစ်ခေါ်ယူမှု ပြီးဆုံးသွား၏။ စုစုပေါင်း အဋ္ဌမအဆင့် ကမ္ပည်းသခင်ခုနစ်ဦးကို ခေါ်ယူခဲ့သည်။
"အားလုံးပဲ စောင့်ကြပ်ရမဲ့နေရာဆီ ငါ့နောက်ကို လိုက်ခဲ့ပါ။ ဆုကြေးအတွက်က လစဉ် ပေးလိမ့်မယ်"
တာဝန်ခံအဘိုးကြီးက ပြောလိုက်သည်။ သူက လုမင်နှင့် အခြားလူများကို တောင်ပိုင်းနတ်နန်းတော်၏ နက်နဲရာသို့ ခေါ်ဆောင်သွားတော့သည်။