အခန်း ၁၃၇၉
Vol. 92 Ch. 1379
အပိုင်း ( 1379 ) လျှို့ဝှက်အခြေအနေ။
"ကျေးဇူးတင်ပါတယ် မိန်းကလေးကျိ"
ခဏကြာပြီးမှ လုမင် စိတ်တည်ငြိမ်စေရန် အသက်ပြင်းပြင်းရှူကာ ကျိဟုန်ချန်အား ကျေးဇူးတင်စကားဆိုလိုက်သည်။
ယခုတော့ သူ၏ သံသယများစွာကို ဖြေရှင်းနိုင်ခဲ့ပြီ။
"ယဉ်ကျေးနေစရာမလိုပါဘူး၊ ငါအရင်သွားတော့မယ်။ မိသားစုကြီးတွေရဲ့ ဘိုးဘေးဆယ်ဦးရဲ့ အရှိန်အဝါတွေကို ရတဲ့အခါ နင့်ကို လာတွေ့မယ်"
ကျိဟုန်ချန် ပြောလိုက်သည်။ သူမက ထွက်မသွားခင်မှာ မျက်တောင်တဖျတ်ဖျတ်ခတ်ပြီး လုမင်ကိုကြည့်ပြီး ပြောလိုက်လေသည်။
"နင် ငါ့ကို တကယ်ယုံကြည်တာလား။ နင့်ကို ဖမ်းဆီးဖို့ ကျွမ်းကျင်သူတွေကို ငါ ခေါ်ဆောင်လာမှာ မကြောက်ဘူးလား။ ဒီလိုဆိုရင် ဟွင်းယွမ်တံဆိပ်ပြားနှစ်ခုက ငါတို့လက်ထဲမှာရှိလိမ့်မယ်"
လုမင် ပြုံးပြီး ခေါင်းကိုခါယမ်းလိုက်သည်။
"ငါ ပြောသလိုပဲပေါ့၊ ငါ မင်းကိုယုံပါတယ် မိန်းကလေးကျိ"
ကျိဟုန်ချန်လည်း ချစ်စဖွယ် ပြုံးရင်း ပြေးထွက်သွားတော့သည်။
ကျိဟုန်ချန် ထွက်သွားပြီးနောက်၊ လုမင်လည်း သူ့အသွင်အပြင်ကို တစ်ဖန်ပြောင်းလဲကာ သူစောင့်ရှောက်ရမည့် တောင်၏အစွန်ဘက်သို့ ပြန်လာခဲ့သည်။
မထင်မှတ်ပဲ၊ နောက်တစ်နေ့ညတွင် ကျိဟုန်ချန်က လုမင်ကို လာတွေ့ခဲ့ပေသည်။
"လုမင်၊ ဒါက ငါ့အဖေသောက်ခဲ့တဲ့ လက်ဖက်ရည်ခွက်။ နင့်အတွက် အသုံးဝင်မယ်လို့ ငါယုံကြည်ပါတယ်"
ကျိဟုန်ချန်က လုမင်ကို ကျောက်စိမ်းလက်ဖက်ရည်တစ်ခွက် ပေးလိုက်သည်။
လုမင်လည်း ဝမ်းသာအားရ လက်ခံလိုက်လေသည်။
"ကျေးဇူးတင်ပါတယ် မိန်းကလေးကျိ"
ကျိဟုန်ချန်လည်း ဘာမျှမပြောတော့ဘဲ ပြုံးရုံပြုံးကာ ပြန်သွားတော့သည်။
ထို့နောက်တွင်၊ အရှိန်အဝါစက်ကြိုးဝင်္ကပါ ပုံစံအသေးစားက လုမင်၏ စိတ်ထဲတွင်ပေါ်လာခဲ့သည်။
ဤကာလအတွင်း သူဟာ အရှိန်အဝါစက်ကြိုးဝင်္ကပါ၏ နက်နဲသော အရာအားလုံးကို ခွဲခြမ်းစိတ်ဖြာပြီး သူ့စိတ်ထဲတွင် ပုံဖော်ခဲ့သည်။
ထို့နောက် ကျောက်စိမ်းလက်ဖက်ရည်ခွက်ကို ထုတ်ယူကာ ကျိမိသားစုဘိုးဘေး၏ အရှိန်အဝါကို ထုတ်ယူလိုက်၏။ လုမင်လည်း ကျောက်စိမ်းတံဆိပ်ပြားတွင် ကမ္ပည်းကို စတင်ရေးထိုးတော့သည်။
သုံးရက်အကြာတွင် ပထမဆုံး ဝင်္ကပါဖျက် အဆောင်ကို အောင်မြင်စွာ သန့်စင်ခဲ့သည်။
တစ်စုံတစ်ယောက်က ဤတံဆိပ်ပြားကိုကိုင်ပြီး ကျိမိသားစုဘိုးဘေးနှင့် သက်ဆိုင်သော ဝင်္ကပါထဲကို ဝင်ရောက်သွားသရွေ့ အချက်ပေးသံ ထွက်ပေါ်လာမည် မဟုတ်ပေ။
ကံမကောင်းစွာဖြင့်၊ အရှိန်အဝါစက်ကြိုးဝင်္ကပါအတွက် တံဆိပ်ပြားဆယ်ခု လိုအပ်သည်။ တစ်ခုမှ ချွတ်ယွင်းနေလို့မရပေ။
ရက်အနည်းငယ်ကြာပြီးနောက် ကျိဟုန်ချန်က ဒုတိယမြောက် အရှိန်အဝါကို ယူလာခဲ့သည်။
"လုမင်၊ ဘိုးဘေးအချို့က ငါ့အဖေနဲ့ ဆက်ဆံရေးကောင်းတယ်၊ ဒါကြောင့် သူတို့ကိုရဖို့က ငါ့အတွက် လွယ်ပါတယ်။ ဒါပေမဲ့ အချို့က ငါ့အဖေနဲ့ ဆန့်ကျင်ဘက်ဖြစ်လို့ ယူရမလွယ်ဘူး၊ ငါ အချိန်နည်းနည်းတော့ လိုလိမ့်မယ်"
ကျိဟုန်ချန် ထွက်မသွားခင်မှာ လုမင်ကို ပြောခဲ့ခြင်း ဖြစ်သည်။
လုမင် နားလည်နိုင်ပေသည်။ နောက်ဆုံးတွင်၊ ယင်းက စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူများ၏ အရှိန်အဝါ ဖြစ်သည်။ တောင်ပိုင်းနတ်နန်းတော်၏ မိသားစုခေါင်းဆောင်ကြီးဆယ်ဦး၏ အရှိန်အဝါကို ရရှိရန်မှာ အမှန်တကယ် မလွယ်နိုင်ပေ။
လုမင်လည်း ရရှိထားသော အရှိန်အဝါဖြင့် အဆောင်ပြုလုပ်ရန်သာ တတ်နိုင်ခဲ့သည်။
ဝင်္ကပါကိုကာကွယ်ခြင်းအပြင်၊ လုမင်က အချိန်မဖြုန်းဘဲ သူ၏ဝိညာဉ်မီးအား လေ့ကျင့်နေခဲ့သည်။
အချိန်များက တစ်နေ့ပြီးတစ်နေ့ ကုန်သွားခဲ့လေသည်။
ပြင်ပလောကမှာတော့ မူလခန္ဓာလုမင်ဟာ ပြင်ပလောကတွင် အခြားသူများ၏ အာရုံစိုက်မှုကိုဆွဲဆောင်ရန် ရံဖန်ရံခါ ထွက်လာခဲ့သည်။
လုမင်ကို ရှာဖွေနေကြသည့် ကျွမ်းကျင်သူများလည်း ပို၍ များလာပြီ။ အခြားနတ်နန်းတော်သုံးခုမှ ကျွမ်းကျင်သူများအပြင် အခြားတိုက်ကြီးများမှ ပညာရှင်များလည်း ရှန်းရွှီတိုက်ကြီးဆီသို့ ရောက်ရှိလာခဲ့သည်။
သို့သော်၊ လုမင်က ပန်တုန်အရှိန်အဝါစွမ်းရည်ဖြင့် သူ့အရှိန်အဝါကို ပြောင်းလဲနိုင်သည်။ ထို့အပြင် သူ၏ တိုက်ပွဲစွမ်းရည်က ကြောက်မက်ဖွယ်ကောင်းလှသည်။ သူက ပေါ်လာပြီးတိုင်း၊ အခြေအနေကို လှုံ့ဆော်ပြီး အလွယ်တကူ လွတ်မြောက်နိုင်ခဲ့ပေသည်။
ဤသို့ဖြင့် မျက်စိတစ်မှိတ်အတွင်းမှာ လေးလကြာသွားသည်။
ယွမ်လုအင်အားစုကြီးနှင့် နှစ်နှစ်သဘောတူညီချက်ကလည်း နီးကပ်လာလေပြီ။
လွန်ခဲ့သည့်လေးလတွင်၊ လုမင်က ဝင်္ကပါချိုးဖျက်ခြင်း အဆောင်ခုနစ်ခုကို သန့်စင်ခဲ့သည်။
သို့သော်လည်း ကျိဟုန်ချန်၏ အရှိန်အဝါစုဆောင်းမှုနှုန်းက ပို၍ နှေးကွေးလာလေသည်။ လိုအပ်သည့်အချိန်ကလည်း ပိုကြာလာခဲ့သည်။
ကျန်လူများ အားလုံးက ကျိမိသားစု၏ ရန်သူများဖြစ်သောကြောင့် သူတို့၏ အရှိန်အဝါများကို ရယူရန် အလွန်ခက်ခဲပေသည်။
ညမိုးချုပ်သွားပြီ။
လုမင်က ကျောက်တုံးပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ သူ့မျက်လုံးများကိုမှိတ်ပြီး လေ့ကျင့်နေခဲ့သည်။ မိုးနှင့်မြေကြားမှ ကမ္ပည်းနိယာမများ လွင့်မျောနေသလို လုမင် စုပ်ယူခံရသော မမြင်နိုင်သည့် ကမ္ပည်းစွမ်းအင်များလည်း ရှိသေးသည်။ လုမင်၏ အသိစိတ်ပင်လယ်မှ ဝိညာဉ်မီးတောက်ကလည်း တဖြည်းဖြည်း ပြင်းထန်လာခဲ့သည်။
ရုတ်တရက်၊ လုမင်က မျက်လုံးဖွင့်ပြီး ရှေ့ကို လှမ်းကြည့်လိုက်သည်။
"သူတို့လာပြန်ပြီ"
လုမင် ခပ်တိုးတိုး ပြောလိုက်သည်။
အနက်ရောင် ရုပ်သွင်နှစ်ခုက ဝင်္ကပါအတွင်း၌ တိတ်တဆိတ် သွားလာနေကြ၏။ သူတို့ကို လုမင်မှလွဲ၍ အခြားမည်သူမျှ သတိမထားမိပေ။
အဆိုပါရုပ်သွင်နှစ်ခုက ကျိဟုန်ချန် မဟုတ်ဘဲ အခြားသူ ဖြစ်သည်။
လွန်ခဲ့သည့် နှစ်လက တောင်ပေါ်ရှိ အရှိန်အဝါစက်ကြိုး ဝင်္ကပါကို လေ့လာရန် ဤပုဂ္ဂိုလ်နှစ်ဦးဟာ တိတ်တဆိတ် လာရောက်ခဲ့ပေသည်။
လုမင်လည်း သူတို့ကို တိတ်တဆိတ် စောင့်ကြည့်နေပြီး နောက်ဆုံးမှာ အကြောင်းသိခဲ့သည်။
ဝင်္ကပါကို လျှို့ဝှက်စောင့်ကြည့်နေသော လူနှစ်ဦးက တောင်ပိုင်းနတ်နန်းတော်၏ ထိပ်တန်းမျိုးနွယ်စုဆယ်ဦးထဲမှ တစ်ဦးဖြစ်သည့် ဝမ့်မိသားစု၏ ကျွမ်းကျင်သူများ ဖြစ်သည်။
ဝမ့်သည်လည်း ဝင်္ကပါချိုးဖျက်ခြင်းတံဆိပ်များကို ပြန်လည်ပြင်ဆင်လိုကြောင်း လုမင် မှန်းဆမိခဲ့ပေသည်။ သူတို့၏ ရည်မှန်းချက်မှာ ရိုးရှင်းသည်။ လုံချန်ကို အဝေးသို့ ခေါ်ဆောင်သွားပြီး ဟွင်းယွမ်တံဆိပ်ပြားအား သူတို့ကိုယ်ပိုင်အဖြစ် သိမ်းပိုက်ကြရန်ပင်။
ခဏအကြာတွင် လူရိပ်နှစ်ခု ပြန်ထွက်သွားခဲ့သည်။
ရုပ်သွင်နှစ်ခု ထွက်သွားပြီးနောက် နောက်ထပ် လူရိပ်တစ်ခု ပေါ်လာခဲ့၏။ ကျိဟုန်ချန် ဖြစ်သည်။
ဤတစ်ကြိမ်တွင်၊ ကျိဟုန်ချန်က အဋ္ဌမမြောက် အရှိန်အဝါကို ယူဆောင်လာခဲ့သည်။
"လုမင်၊ နောက်ထပ် နှစ်ခုပဲ ရှိတော့တယ်"
ကျိဟုန်ချန်၏ မျက်နှာက အနည်းငယ် နီမြန်းနေလေသည်။ သူ့မှာ ထိပ်တန်း မိသားစုခေါင်းဆောင်ကြီးဆယ်ဦး၏ အရှိန်အဝါများကို ရယူရန် များစွာအားထုတ်ခဲ့ရကြောင်း ထင်ရှားသည်။
လုမင်လည်း အတော်လေး ခံစားသွားရလေသည်။
ကျိဟုန်ချန် ထွက်သွားပြီးနောက်၊ လုမင်လည်း ဝင်္ကပါချိုးဖျက်ခြင်း တံဆိပ်များကို ဆက်လက်သန့်စင်ခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာ နောက်ထပ်တစ်လ ကုန်ဆုံးသွားခဲ့ပြီ။ ထိုအခါ ကျိဟုန်ချန်က နဝမမြောက် အရှိန်အဝါကို ယူဆောင်လာပေးခဲ့သည်။
လုမင် တောင်ပိုင်းနတ်နန်းတော်သို့ ဝင်ရောက်ခဲ့သည်မှာ ငါးလရှိချေပြီ။
အရှိန်အဝါများကို ရရှိပြီးနောက် လုမင်ဟာ ဝင်္ကပါဖျက် အဆောင်များကို သန့်စင်ခဲ့သည်။ သို့သော်လည်း ထိုနေ့ညတွင် မထင်မှတ်ထားသော အရာတစ်ခု ဖြစ်ပွားခဲ့၏။
အမှောင်ထုထဲတွင်၊ လူဆယ်ယောက်ကျော်က တောင်၏ နက်နဲရာဆီသို့ ဦးတည်သွားနေသည်။
"အဲဒါက..."
လုမင် အံ့သြသွားသည်။
ထိုခူရိပ်အားလုံးက သိုင်းအုပ်ချုပ်သူများ ဖြစ်၏။
သူတို့ထဲတွင် တစ်ဦးက အနက်နဲဆုံးဖြစ်သည့် စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူ ဖြစ်နေသည်။
"စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူက တောင်ပိုင်းနတ်နန်းတော်တစ်ခုလုံးမှာ ရှားတယ်။ ဝမ့်မိသားစုရဲ့ ဘိုးဘေးကိုယ်တိုင် ရောက်လာတာများ ဖြစ်နိုင်မလား။ ဝမ့်မိသားစုက ကျွမ်းကျင်သူတွေ အများကြီးနဲ့ဆိုတော့ ဝင်္ကပါဖျက် အဆောင်ဆယ်ခုပြည့်အောင် သန့်စင်ပြီးသွားတာများ ဖြစ်နိုင်မလား"
လုမင် မှန်းဆလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ပေါ်တွင် ကမ္ပည်းစာများ ပေါ်လာပြီး သူ့အရှိန်အဝါကို လွန်ကဲစွာ ဖျောက်ထားလိုက်၏။ ထို့နောက်မှာတော့ လူရိပ်များနောက်သို့ လျှို့ဝှက်စွာ လိုက်သွားတော့သည်။
အရှိန်အဝါစက်ကြိုးဝင်္ကအနီးသို့ ရောက်သောအခါ အသန်မာဆုံး ကျွမ်းကျင်သူက သူ့လက်ကို ဝှေ့ယမ်းပြီး ကျောက်စိမ်းတံဆိပ် ဆယ်ခုကို ထုတ်ယူလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်းပင်၊ သူတို့က လုမင်က ခြေတစ်လှမ်းဦးပြီး ဝင်္ကပါဖျက် အဆောင်ဆယ်ခုကို သန့်စင်ပြီးသွားပြီ ဖြစ်သည်။
ဝင်္ကပါဖျက် တံဆိပ်ဆယ်ခုက အနက်ရောင်လူရိပ်များကို ဖုံးလွှမ်းထားသော အလင်းအလွှာတစ်ခုကို ထုတ်လွှတ်လိုက်၏။ အနက်ရောင် လူရိပ်များက အချက်ပေးသံ မမြည်စေဘဲ အရှိန်အဝါစက်ကြိုးဝင်္ကပါကို ဖြတ်သန်းသွားတော့သည်။
မကြာမီ၊ အနက်ရောင်လူရိပ် တစ်ဒါဇင်ကျော်က ဂူထဲကို ပြေးဝင်ပြီး ပျောက်သွားကြသည်။
လုမင် မျက်မှောင်ကြုတ်လိုက်၏။
ယခုအခါ သူ့မျှော်မှန်းထားတာထက် ကျော်လွန်နေသောကြောင့် အစီအစဥ် ပြောင်းရတော့မည်။
မကြာမီ၊ ဂူထဲမှ လူရိပ်များ ပြန်ထွက်လာခဲ့သည်။ သို့သော်၊ ဤတစ်ကြိမ်မှာတော့ သူတို့အထဲမှာ အပိုလူတစ်ယောက် ပါလာခဲ့ပြီ။
လုံချန်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် လုမင်ဟာ ထိုလူများထဲမှ အပိုလူက လုံချန်ဖြစ်မှန်း သိလိုက်သည်။
ဤအခိုက်တွင် လုံချန်၏မျက်နှာက အနည်းငယ် ဖြူဖျော့သွားသည် ။
ဤကာလအတွင်း လုံချန်သည် များစွာခံစားခဲ့ရကြောင်း ထင်ရှားသော်လည်း အသိစိတ်ရှိနေဆဲပင်။
ပုံရိပ်များက လုံချန်ကို သယ်ဆောင်ပြီး အရှိန်အဝါစက်ကြိုး ဝင်္ကပါကို လျင်မြန်စွာဖြတ်ကျော်ကာ အပြင်ဘက်အကျဆုံး နေရာသို့ ရောက်လာခဲ့ကြသည်။
သူတို့က အရှိန်အဝါကို ဖြတ်ကျော်ပြီး ထွက်ပြေးခါနီးတွင်...
"ဝုန်း... ဝုန်း... ဝုန်း"
လေထဲမှ ပြင်းထန်သော အရှိန်အဝါများ ရုတ်တရက် ပေါက်ကွဲလာခဲ့သည်။
စုစုပေါင်း တစ်ရာကျော်ရှိ၏။
ယင်းနောက်တွင် ရုပ်သွင်ပေါင်း တစ်ရာကျော် ဆင်းလာပြီး ပထမ လူရိပ်များကို ဝိုင်းထားလိုက်တော့သည်။
"ဝမ့်ရှန့်၊ မင်းက ဟွင်းယွမ်တံဆိပ်ပြားကို လက်ဝါးကြီးအုပ်ဖို့ ကြိုးစားနေတာပဲ။ ဝင်္ကပါဖျက်အဆောင်ကို သန့်စင်ဖို့ တစ်ယောက်ယောက်က ကြိုးစားနေတယ်ဆိုတာ ငါမသိဘူး ထင်နေတာလား"
ဆံပင်ဖြူ အဘိုးကြီးတစ်ယောက်က အေးစက်စက် လှမ်းပြောလိုက်သည်။
"ဟားဟားဟား"
ယခင်လူရိပ်များကြားမှ အသန်မာဆုံး အရှိန်အဝါရှိသူက သူ့အသွင်ကို ထုတ်ဖော်လိုက်သည်။ သူက ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။
သူက ဝမ့်မိသားစု၏ ဘိုးဘေးကြီး ဝမ့်ရှန့်မှတပါး အခြား မဟုတ်ပေ။
အခြားသူများမှာလည်း တောင်ပိုင်းနတ်နန်းတော်ရှိ အခြားမိသားစုများမှ ကျွမ်းကျင်သူများဖြစ်ကြောင်း ထင်ရှားသည်။