အခန်း ၁၃၈၁
Vol. 93 Ch. 1381
အပိုင်း ( 1381 ) ယွမ်လုမှ တန်ခိုးရှင်။
ဝမ့်မိသားစု၏ တတိယအဆင့် သိုင်းအုပ်ချုပ်သူက လက်ဝါးကြီးတစ်ဖက်ကို သိပ်သည်းပြီး လှောင်အိမ်တစ်ခုကဲ့သို့ လုံချန်ကိုဖမ်းဆီးရန် ကြိုးစားလိုက်သည်။
"လုံချန်ကို ထားခဲ့လိုက်စမ်း"
ထိုအချိန်တွင်၊ တောင်ပိုင်းနတ်နန်းတော်၏ အခြားမိသားစုကြီးမှ တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ရောက်လာသည်။ သူသည်လည်း လုံချန်ကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်၏။
လက်ဝါးကြီးနှစ်ခုက လုံချန်ကို တချိန်တည်း ဖမ်းဆုပ်လာတော့သည်။
"ဝုန်း"
ကြောက်စရာကောင်းသော စွမ်းအားများက လုံချန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခဲ့သည်။
လုံချန်၏ ရှေးဦးနဂါးဆင်သွေးမျိုးဆက်က အင်အားများ တိုးတက်လာသော်လည်း တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်နှင့် နှိုင်းယှဉ်ရန်တော့ အလွန်ဝေးကွာနေသေးသည်။
ရှေးဦးနဂါးဆင်က ဟိန်းဟောက်လိုက်ပြီးနောက် ပြိုကျကာ လုံချန်၏ မူလအသွင် ပြန်ပေါ်လာတော့သည်။
ယခုအခါ လုံချန်က အလွန်အားနည်းနေပြီ ဖြစ်သည်။ သူ့မျက်လုံးများမှာတော့ ပြင်းပြသော လက်မခံချင်စိတ်တို့ဖြင့် ပြည့်နေ၏။
သူသည် သူ့မျိုးဆက်၏ ထိပ်သီးပါရမီရှင်ဖြစ်သော်လည်း အခြားသူများ၏ ခြယ်လှယ်ခြင်းကို ခံခဲ့ရသည်။ ယင်းကို သူ မည်သို့ လက်ခံနိုင်မည်နည်း။
အဝေးတွင်၊ လုံချန်ကို ကယ်တင်ရန် နည်းလမ်းရှာဖို့ ကြံဆရင်း လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။
သို့သော်လည်း၊ နောက်ဆုံးတော့ လုမင် ခေါင်းခါယမ်းကာ မလှုပ်ရှားရန် ဆုံးဖြတ်လိုက်လေသည်။
ဤနေရာတွင် ကျွမ်းကျင်သူများ အများကြီးရှိသည်။ စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူသည်ပင် ဆယ်ဦးကျော် ရှိ၏။
အကယ်၍ သူက လုံချန်ကို အလစ်အငိုက် လုယူခဲ့လျှင်ပင် စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူ ဆယ်ဦးကျော်၏လက်မှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။ လုံချန်ကို မကယ်တင်နိုင်သည့်အပြင်၊ နောက်ဆုံး သူ့အသက်ပင် ဆုံးရှုံးသွားလိမ့်မည်။
"လုံချန်ကို ဖမ်းကြ"
အခြားကျွမ်းကျင်သူများကလည်း လုံချန်ကို ဦးတည်လိုက်ကြသည်။ အများစုမှာ မြောက်ပိုင်းနတ်နန်းတော်မှ ဖြစ်၏။
လုံချန်ကို ဖမ်းဆီးပြီးသည်နှင့် ထွက်သွားတော့မည် ဖြစ်သည်။
"မစဉ်းစားနဲ့"
တောင်ပိုင်းနတ်နန်းတော်မှ ကျွမ်းကျင်သူများကလည်း ဤမျှလွယ်လွယ်နှင့် လက်လျှော့မည် မဟုတ်ပေ။ သူတို့ကလည်း လုံချန်ကို ဝိုင်းလုလိုက်ကြသည်။
ကျွမ်းကျင်သူ အများကြီး၏ ပစ်မှတ်ဖြစ်သော လုံချန်လည်း ဤအခိုက်တွင် မုန်တိုင်းကြားမှ လှေငယ်တစ်စင်းကဲ့သို့ ဖြစ်နေတော့သည်။
"ဝမ်"
ထိုအချိန်တွင် ကောင်းကင်မှ ထူးဆန်းသော လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
လှိုင်းလုံးကြီးက သိပ်မပြင်းထန်သော်လည်း ပေါ်လာသည်နှင့်တပြိုင်နက် တောင်ပိုင်းနတ်နန်းတော်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ထို့နောက် ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်ပွားခဲ့၏။
စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူများ အပါအဝင် ပြင်းထန်သော တိုက်ပွဲတွင် ပါဝင်ခဲ့သည့် တောင်ပိုင်းနှင့် မြောက်ပိုင်း၏ ကျင့်ကြံသူအားလုံး လေထဲတွင် အေးခဲတောင့်တင်းသွားတော့သည်။
ထိုမျှသာမကဘဲ လုမင်နှင့် တောင်ပိုင်းနတ်နန်းတော်မှ ကျန်လူများမှာလည်း အေးခဲသွားကာ လှုပ်ရှားလို့မရတော့ပေ။
ဤအခိုက်တွင် အချိန်က ရပ်တန့်သွားခဲ့ပုံရသည်။
"ဒါက…"
လုမင်လည်း တုန်လှုပ်ချောက်ချားသွားခဲ့သည်။ သူ့ပတ်ဝန်းကျင် ဟင်းလင်းပြင်က အေးခဲသွား၍ လှုပ်ရှားလို့ မရတော့သလို ခံစားရသည်။ သူ၏ အသိစိတ်ပင်လယ်အတွင်းမှ ဝိညာဉ်မီးများပင်လျှင် အေးခဲသွားလေသည်။
တခြားသူများလည်း လုမင်ကဲ့သို့ပင် ဖြစ်သည်။ သူတို့၏ မျက်လုံးများက ကြောက်ရွံ့မှု၊ မယုံကြည်မှုများဖြင့် ပြည့်နေကြတော့သည်။
"ဟားဟားဟား၊ ဒီလို စွန့်ပစ်ကျွန်းငယ်လေးမှာ မျိုးစေ့ကောင်းလေးတွေကို တွေ့ရလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး"
ကျယ်လောင်သော ရယ်မောသံက ကောင်းကင်မှ ထွက်ပေါ်လာခဲ့သည်။ ဆင်ကြီးတစ်ကောင်ကဲ့သို့ ကြံ့ခိုင်သန်မာပြီး အရပ်အမောင်းမြင့်မားသော အဘိုးကြီးတစ်ယောက်က လေထဲမှ အေးအေးလူလူလျှောက်လှမ်းရင်း လုံချန်ရှေ့ကို ရောက်ခဲ့၏။
သူက လုံချန်ကို ဝင်းလက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။
"မင်းက တကယ်ပဲ ရှေးဦးနဂါးဆင်သွေးမျိုးဆက်ကို နိုးထခဲ့တာပဲ။ မင်းက ငါရဲ့ နတ်ဆင်ဂိုဏ်းကို ဆက်ခံဖို့ သင့်တော်တယ်။ ဒီစွန့်ပစ်ကျွန်းမှာ ဆက်နေတာက မင်းရဲ့ အရည်အချင်းကို ဖြုန်းတီးပစ်လိုက်တာပဲ"
ထွားကျိုင်းသော အဘိုးအိုက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ လုံချန်၏ ခန္ဓာကိုယ်ထဲသို့ စွမ်းအင်များ တဟုန်ထိုး ဝင်ရောက်လာ၏။ တခဏချင်းမှာပင်၊ လုံချန်၏ ဒဏ်ရာများ အားလုံး သက်သာသွားတော့သည်။
လုံချန်ကတော့ လွတ်လပ်စွာ လှုပ်ရှားနိုင်ခဲ့သည်။
လုံချန်လည်း လေထဲမှာအေးခဲနေပြီး မလှုပ်ရှားနိုင်တော့သော ကျွမ်းကျင်သူအားလုံးကို ကြည့်ရင်း တုန်လှုပ်သွား၏။ သူ့မျက်လုံးများက တုန်လှုပ်မှုတို့ ပြည့်နေတော့သည်။
ဤအရာအားလုံးက သူ့ရှေ့မှ ထွားကျိုင်းသော အဘိုးကြီးကြောင့်ဖြစ်ကြောင်း ထင်ရှားသည်။
အဘိုးကြီးမှ မည်သို့မည်ပုံ လုပ်လိုက်မှန်း မသိသော်လည်း လေထဲတွင် ကျွမ်းကျင်သူအများကြီး အေးခဲနေခဲ့သည်။ တောင်ပိုင်းနတ်နန်းတော်တစ်ခုလုံးပင် အေးခဲသွားခဲ့၏။ ဤနည်းလမ်းမျိုးကို လုံးဝ မကြားဖူးသလို မယုံနိုင်စရာပင်။
"ကောင်လေး၊ ငါက ယွမ်လုတိုက်ကြီးမှာရှိတဲ့ နတ်ဆင်ဂိုဏ်းရဲ့ မဟာအကြီးအကဲပါ။ ဒီလိုလုပ်၊ ငါ့ကို မင်းရဲ့ ဆရာအဖြစ် တင်လိုက်ပါ။ မင်းရဲ့သွေးမျိုးဆက်က ငါ့နတ်ဆင်ဂိုဏ်းမှာသာ အပြည့်အဝ အသုံးချနိုင်လိမ့်မယ်"
ထွားကျိုင်းသော အဘိုးအိုက ပြောလိုက်သည်။
"ယွမ်လုက နတ်ဆင်ဂိုဏ်းလား"
လုံချန် အံ့သြသွားသည်။ သူ မဆိုင်းမတွ ဒူးထောက်လိုက်၏။
"တပည့် လုံချန်က ဆရာကို နှုတ်ခွန်းဆက်ပါတယ်"
ဤသူမှာ မခန့်မှန်းနိုင်အောင် အားကောင်းသည့် တည်ရှိမှုတစ်ခုဖြစ်ကြောင်း ထင်ရှားသည်။ ယခုအချိန်မှ သူ့ကို ဆရာမတင်လျှင် ဘယ်အချိန်ထိ စောင့်ဆိုင်းရမည်နည်း။
ထို့ပြင် နဂါးနတ်ဘုရားတောင်ကြားက ပျက်စီးသွားပြီဟု လုံချန် ကြားသိခဲ့ရသည်။
"ဟားဟားဟား၊ ကောင်းတယ်။ ထလိုက်"
ထွားကျိုင်းသော အဘိုးအိုလည်း အလွန်ဝမ်းသာသွားသည်။ သူ့မုတ်ဆိတ်ရှည်ကြီး လှုပ်ရှားသွားသည်အထိ ကောင်းကင်ကိုမော့ကာ ရယ်မောလိုက်၏။ ခဏကြာမှ သူက ပြောလိုက်သည်။
"တပည့်၊ သွားရအောင်။ ငါ့နဲ့အတူ ယွမ်လုကို လိုက်ခဲ့ပေတော့"
ထိုသို့ ပြောပြီးနောက်၊ လုံချန်၏အဖြေကို မစောင့်တော့ဘဲ လက်ကိုဝှေ့ယမ်းကာ လုံချန်နှင့်အတူ ပျောက်ကွယ်သွားတော့သည်။
အဘိုးအို ထွက်သွားသည်နှင့် တပြိုင်နက် ဖိအားများ ပျောက်ကွယ်သွားကာ လူတိုင်း လှုပ်ရှားနိုင်စွမ်း ပြန်လည်ရရှိလာကြသည်။
"ဝှစ်... ဝှစ်"
လှုပ်ရှားနိုင်ကြသည်နှင့် တပြိုင်နက်၊ တောင်ပိင်းနတ်နန်းတော်နှင့် မြောက်ပိုင်းနတ်နန်းတော်က အသီးသီးလူစုကာ တစ်ဖက်ကိုတစ်ဖက် ကြည့်လိုက်သည်။
ထွားကျိုင်းသော အဘိုးအိုက ယွမ်လုတိုက်ကြီးမှ အနန္တတန်ခိုးရှင်ဖြစ်ကြောင်း ထင်ရှားသည်။ အဘိုးအိုကည်။ သူ့စွမ်းအားက မခန့်မှန်းနိုင်လောက်အောင် အားကောင်း၏။
ထို့အပြင်၊ သူတို့၏ ပစ်မှတ်ဖြစ်သော လုံချန်ကို အဘိုးအိုက ခေါ်ဆောင်သွားခဲ့ပြီး၊ သူ့တပည့်အဖြစ်ပင် ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။ ယခုတော့ သူတို့၏ ကြိုးစားအားထုတ်မှုက အချည်းနှီးဟုသာ ပြောရတော့မည်။
လုံချန် မရှိတော့သည့်အတွက် သူတို့ ဆက်လက်တိုက်ခိုက်ရန်လည်း မလိုတော့ပေ။
"ဝမ့်ရှန့်၊ မြောက်ပိုင်းနတ်နန်းတော်ကို ထွက်သွားတော့"
တစ်ယောက်က အေးစက်စက် ပြောလိုက်သည်။
ဝမ့်ရှန့်၏ မျက်နှာလည်း အကြည့်ရဆိုးသွားခဲ့ပေသည်။ ယခုတစ်ကြိမ်တွင် ဆုံးရှုံးမှု အကြီးမားဆုံးက ဝမ့်ရှန့်နှင့် ဝမ့်မိသားစု ဖြစ်သည်။
ဝမ့်မိသားစုနှင့် တောင်ပိုင်းနတ်နန်းတော်က အဆင်မပြေတော့၍ မြောက်ပိုင်းနတ်နန်းတော်သို့သာ ပြောင်းရွှေ့နိုင်တော့သည်။
မူလက၊ တောင်ပိုင်းနတ်နန်းတော်သာ လုံချန်ကိုဖမ်းဆီးပြီး ဟွင်းယွမ်တံဆိပ်ပြားဖြင့် နတ်ဘုရားအပျက်အစီးများထဲသို့ ဝင်နိုင်ပါက၊ ဝမ့်မိသားစုလည်း ရတနာများကို ခွဲဝေရရှိမည် ဖြစ်သည်။
ယခုမူ၊ လုံချန်ကို မဖမ်းမိခဲ့ဘဲ မြောက်ပိုင်းနန်းတော်သို့ ပြောင်းရွှေ့ခဲ့ရသည်။ ယင်းက ဆုံးရှုံးမှုကြီးတစ်ခုပင်။
ထို့အပြင်၊ ဝမ့်မိသားစုက တောင်ပိုင်းနတ်နန်းတော်တွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့ပြီး ထိပ်တန်းမိသားစုဆယ်စုထဲမှ တစ်ခု ဖြစ်ခဲ့သည်။ မြောက်ပိုင်းနတ်နန်းတော်သို့ ပြောင်းရွှေ့လျှင်တော့၊ မြောက်ပိုင်းနတ်နန်းတော်၏ အဓိကအင်အား မဖြစ်နိုင်ပေ။ ဤအတွက် အကျိုးကျေးဇူးများ ဆုံးရှုံးခြင်းမှာ ရင်နာလောက်အောင်ပင် ဖြစ်သည်။
ဝမ့်ရှန့်လည်း အလွန်စိတ်ဓာတ်ကျကာ သွေးအန်ချင်လာတော့သည်။
'လုမင်၊ ငါ့ရဲ့ ဆုံးရှုံးမှုတွေအတွက် အဲဒီလုမင်ကို ဖမ်းဆီးရမယ်'
ဝမ့်ရှန့်၏ မျက်လုံးများက ပြတ်သားသော အကြည့်များဖြင့် တောက်ပလာခဲ့သည်။
ထို့နောက်တွင်၊ မြောက်ပိုင်းနတ်နန်းတော်မှ လူများ ထွက်သွားကြခြင်းဖြင့် တိုက်ပွဲပြီးသွားသည်။
လူအုပ်ထဲမှ လုမင်လည်း တိတ်တဆိတ် ဆုတ်သွား၏။
ဤတစ်ခေါက်တွင် အခြေအနေများက သူ မျှော်လင့်ထားသည်ထက် ကျော်လွန်သွားသည်။ သို့သော်လည်း လုံချန်ကို ယွမ်လုမှ အင်အားကြီးက ခေါ်ဆောင်သွားခြင်းကြောင့် ကံကောင်းမှုတစ်ခုဟု မှတ်ယူနိုင်ပေသည်
နောက်တစ်နေ့တွင် လုမင်၏ ဒုတိယခန္ဓာက မူလခန္ဓာလုမင်နှင့် ပြန်လည်ဆုံတွေ့ခဲ့သည်။
မကြာမီ၊ လုံချန်ကို ယွမ်လုမှ ပုဂ္ဂိုလ်ကြီးတစ်ဦးမှ တပည့်အဖြစ် ခေါ်ဆောင်ပြီး ရှန်းရွှီတိုက်ကြီးမှ ထွက်ခွာသွားသော သတင်းများမှာ တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။
လုံချန် ထွက်သွားပြီးနောက် ကျန်လူများက လုမင်ကို သဘာဝအတိုင်း ပစ်မှတ်ထားခဲ့ကြပေသည်။
ယခုအခါ၊ ဟွင်းယွမ်တံဆိပ်ပြားရှိသူက လုံချန် တစ်ဦးတည်းသာ ရှိသည်။
ကြီးမြတ်သော နတ်နန်းတော်လေးခုနှင့် အခြားတိုက်ကြီးများမှ ကျွမ်းကျင်သူများက လုမင်ကို ပူးပေါင်းကာ ရှာဖွေနေတော့သည်။
သူတို့က နည်းအမျိုးမျိုးကို အသုံးပြုခဲ့သည်။ လုမင်တွင် အရှိန်အဝါပြောင်းလဲခြင်း စွမ်းရည်ရှိခြင်းကိုတောင် လူသိလုနီးပင်။
နောက်ဆုံးတစ်ကြိမ်တွင် အခြားသူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်ရန် ပေါ်လာပြီးနောက် ကျွမ်းကျင်သူအုပ်စု၏ ဝိုင်းရံခြင်းကို ခံခဲ့ရသည်။ ကြီးမားသောတိုက်ပွဲတစ်ခု ရင်ဆိုင်ပြီးမှ လွတ်မြောက်နိုင်ခဲ့ပေသည်။
နတ်ဆိုးစွမ်းအင်များ ပြည့်နှက်နေသော ဒေသတွင် လုမင် ပြန်ပေါ်လာခဲ့သည်။ သူက ရှဲ့နျန်ချင်းနှင့် ပြန်လည်ဆုံတွေ့ခဲ့၏။
"လုမင်၊ လအနည်းငယ်ကြာတဲ့အခါမှာ ယွမ်လုက ပုဂ္ဂိုလ်ကြီးတွေ ငါတို့ကိုခေါ်ဖို့ လာရောက်ကြလိမ့်မယ်။ နဂါးနတ်ဘုရားတောင်ကြား ပျက်စီးသွားပေမဲ့ နင် ငါနဲ့အတူ ကောင်းကင်နတ်ဆိုးဂိုဏ်းဆီ လာနိုင်ပါတယ်။ ရှန်းရွှီတိုက်အဖွဲ့အစည်းရဲ့ အင်အားစုတွေက နင့်ကို ဘာမှလုပ်ဝံ့တော့မှာ မဟုတ်ဘူး"
ရှဲ့နျန်ချင်းက အကြံပြုလိုက်သည်။
လုမင်က ခေါင်းခါယမ်းပြီး ပြောလိုက်၏။
"ဒီနည်းက ကောင်းပေမဲ့ ငါ့ကိုယ်ငါ ကာကွယ်နိုင်ပါတယ်။ နောက်ဆုံးတော့၊ ငါ ယွမ်လုအင်အားစုကြီးကို မဝင်ဘူးဆိုရင် ရှန်းရွှီတိုက်ကြီးက လူတွေအပေါ် ဟန့်တားနိုင်စွမ်းမရှိဘူး။ ငါထွက်သွားပြီးရင် လူတချို့က ရှမ်းဟွမ်တိုက်ကြီးကို တိုက်ခိုက်လိမ့်မယ်"
"ဒါဖြင့် လုမင်... နင်ဘာလုပ်ဖို့စီစဉ်ထားလဲ"
ရှဲ့နျန်ချင်း မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။