အခန်း ၁၃၈၂
Vol. 93 Ch. 1382
အပိုင်း ( 1382 ) အခြေအနေ အလုံးစုံ ပြီးမြောက်ပြီ။
"သတ်"
လုမင်၏ မျက်လုံးများက အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာခဲ့သည်။
"သတ်မယ်၊ သတ်လိုက်ရုံပဲ၊ ငါ မထွက်သွားခင်မှာ လူတိုင်း အသွေးအသားအထဲထိ စိမ့်ကြောက်လာရတဲ့အထိ သတ်မယ်။ အဈင့်သုံး သိုင်းအုပ်ချုပ်သူအထက်က ကျွမ်းကျင်သူတွေကို သတ်နိုင်မယ်ဆိုရင် အကောင်းဆုံးပဲ။ ဒါမှပဲ ငါလည်း ယွမ်လုကို စိတ်အေးအေးနဲ့ သွားနိုင်လိမ့်မယ်"
လုမင်၏ မျက်လုံးများမှ သတ်ဖြတ်လိုစိတ်များက ပို၍ အေးစက်လာသည်။ အဆုံးမှာတော့ ရူးသွပ်မှုတို့ ပြည့်နှက်နေတော့သည်။
လုမင်က အဆင့်သုံး သိုင်းအုပ်ချုပ်သူနယ်ပယ်အထက်မှ ကျွမ်းကျင်သူများကိုပင် သတ်လိုသည်ဟု ပြောခဲ့သည်။ ဤစကားကိုသာ အခြားသူများ ကြားကြပါက အရူးတစ်ယောက်ဟု သမုတ်ကြလိမ့်မည်။
ရှန်းရွှီတိုက်ကြီးတွင် ကျွမ်းကျင်သူများစွာ ရှိခဲ့သည်။ အဆင့်လေး သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူများပင် များစွာ ရှိခဲ့၏။ လုမင်၏ ကျင့်ကြံခြင်းဖြင့် သူတို့ကို မည်သို့ သတ်နိုင်မည်နည်း။
လုမင်၏ စကားကြောင့် ရှဲ့နျန်ချင်းသည်ပင် တုန်လှုပ်သွားမိသည်။
"အခု ငါက အဆင့်လေး သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူနဲ့ မယှဉ်နိုင်သေးဘူး။ ဒါကြောင့် သီးသန့် လေ့ကျင့်ဖို့ လိုတယ်။ အချိန်တန်ရင် ငါ့ရဲ့ ဒုတိယခန္ဓာနဲ့ ကမ္မည်းဝင်္ကပါလည်း တည်ဆောက်မယ်။ ဒါမှ အခွင့်အရေး ရနိုင်တယ်"
လုမင် ပြောလိုက်သည်။ သူက စွန့်စားရန် ဆုံးဖြတ်လိုက်၏။
သူ၏ လက်ရှိတိုက်ခိုက်နိုင်စွမ်းအရ မူလခန္ဓာနှင့် ဒုတိယခန္ဓာကို ပေါင်းလိုက်လျှင်ပင် အဆင့်လေး သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူကို ယှဉ်နိုင်ဦးမည် မဟုတ်ပေ။
သူ့ခွန်အားများ တိုးတက်လာစေရန် လိုသည်။
အချိန်အတော်ကြာ လေ့ကျင့်ပြီးနောက် သူ၏ သန့်စင်သော ဝိညာဉ်ခန္ဓာက ကိုးဆယ်ရာခိုင်နှုန်း ပြီးစီးသွားပေသည်။ တစ်ရာ ရာခိုင်နှုန်း ပြီးမြောက်ရန် ခြေတစ်လှမ်းသာ လိုသည်။
သူ၏ သန့်စင်သော ဝိညာဉ်ခန္ဓာက တစ်ရာ ရာခိုင်နှုန်း ပြီးစီးသည်နှင့် သူ့စွမ်းအားများ ကြီးကြီးမားမား တိုးလာလိမ့်မည်။
တစ်ချိန်တည်းမှာပင်၊ လုမင်၏ အသန်မာဆုံး တိုက်ခိုက်မှုနည်းလမ်းဖြစ်လာမည့် ကစဉ့်ကလျားမှောက်လှန်ကောင်းကင်တံဆိပ်တော် ရှိသည်။
ဤအတောအတွင်း၌ လုမင်ဟာ တာအိုသိုင်းပညာငါးခုကို ဆဋ္ဌမအဆင့် အမြင့်ဆုံးအဆင့်အထိ လေ့ကျင့်နိုင်ခဲ့သည်။
ယခုဆိုလျှင်၊ လုမင်က ကစဉ့်ကလျား မှောက်လှန် ကောင်းကင်တံဆိပ်တော်အား စတင် လေ့ကျင့်နေပြီ။
ကစဉ့်ကလျား မှောက်လှန် ကောင်းကင်တံဆိပ်တော်အား လေ့ကျင့်မှု အောင်မြင်သည်နှင့် အံ့မခန်းစွမ်းအားကို ထုတ်ပြနိုင်မည် ဖြစ်သည်။
ထိုအချိန်တွင် သူ၏ ဒုတိယခန္ဓာကလည်း သတ်ဖြတ်ခြင်းဝင်္ကပါကို ကြိုတင်ပြင်ဆင်ထားလိမ့်မည်။ ဤသို့ဖြင့် နောက်ဆုံးတွင် အဆင့်လေး သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူကို သတ်နိုင်သည်။
လုမင်က ဆုံးဖြတ်ပြီးလျှင် မပြင်တတ်ကြောင်း ရှဲ့နျန်ချင်း သိသည်။ သူ ဆုံးဖြတ်ပြီးကတည်းက ဖြစ်အောင်လုပ်လိမ့်မည်။ ထို့ကြောင့် အများကြီး မပြောတော့ပေ။ ဤအတွက် သူမ၏ကျင့်ကြံခြင်းအဆင့်ကို အမြန်ဆုံးမြှင့်တင်ပြီး ခွန်အား တိုးတက်လာစေရန် ဆုံးဖြတ်ခဲ့သည်။
ယွမ်လုအင်အားစုကြီးနှင့် နှစ်နှစ်သဘောတူညီချက်ကလည်း မပြီးမြောက်မီ လေးလသာ ကျန်တော့သည်။
ထို့နောက် လုမင်၏ မူလခန္ဓာက တောင်နှင့်မြစ် ပန်းချီကားအတွင်းသို့ ဝင်ရောက်ခဲ့သည်။ ရှဲ့နျန်ချင်းကမူ တောင်နှင့်မြစ် ပန်းချီကားကိုသိမ်းယူပြီး နတ်ဆိုးစွမ်းအင်များ ပြည့်နှက်နေသော တောင်အတွင်းကို ဝင်ရောက်သွား၏။
ဒုတိယခန္ဓာ လုမင်ကတော့ ပြင်ပကမ္ဘာတွင် ရှိဆဲပင်။
ရံဖန်ရံခါ၊ ဒုတိယခန္ဓာလုမင်က အခြားသူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်ရန် ပေါ်လာတတ်သည်။ သို့သော်လည်း သူက ပေါ်လာပြီးသည်နှင့် တပြိုင်နက် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွား၏။ သူက သူ၏ အထောက်အထားကို ဖုံးကွယ်ပြီး ကမ္ပည်းရေးထိုးရန်နှင့် သတ်ဖြတ်ခြင်း ဝင်္ကပါကြီးများ တည်ဆောက်ရန် လျှို့ဝှက်နေရာတစ်ခုသို့ သွားခဲ့သည်။
အခြားတစ်ဖက်တွင်မူ သူ၏ မူလခန္ဓာက တိတ်တဆိတ် လေ့ကျင့်နေခဲ့ပေသည်။
အချိန်များက တစ်နေ့ပြီးတစ်နေ့ ကုန်သွားသည်။
မူလခန္ဓာ တိတ်တဆိတ်လေ့ကျင့်ပြီး နောက်လတွင်၊ ရှဲ့နျန်ချင်း၏ ကျင့်ကြံခြင်းက အောင်မြင်မှုတစ်ခုရပြီး အဓိပဓိနယ်ပယ်သို့ ရောက်ရှိခဲ့သည်။
ရှဲ့နျန်ချင်း အဆင့်တက်ပြီး မကြာမီပင် တန်တန်နှင့် ပူဖောင်းလေးတို့ တစ်ယောက်ပြီးတစ်ယောက် နိုးလာကြ၏။
ထို့အပြင်၊ တန်တန်နှင့် ပူဖောင်းလေးတို့ နိုးလာသောအခါ သူတို့၏ အရှိန်အဝါအများက အံ့ဖွယ်အဆင့်သို့ ရောက်ရှိသွားကြပြီ ဖြစ်သည်။
သူတို့နှစ်ဦးစလုံးက သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ရောက်ရှိနေကြပြီ။
လုမင် အလွန်ဝမ်းသာသွားသည်။
တန်တန်နှင့် ပူဖောင်းလေးက ထိပ်တန်း စစ်သားရဲဆယ်ကောင်မှ သားရဲများ ဖြစ်၏။ သူတို့၏ တိုက်ခိုက်နိုင်စွမ်းက အလွန်ကြောက်စရာကောင်းသည်။ သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်ပြီးသောအခါ သူတို့၏ တိုက်ခိုက်နိုင်စွမ်းက မှန်းဆ၍မရတော့ပေ။
အဆင့်လေး သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူက လုမင်ကို လိုက်ဖမ်းနေကြောင်း သိရသောအခါ တန်တန်က တစ်ချက်တည်းဖြင့် သတ်ပစ်လိုက်မည်ဟုပင် ပြောခဲ့သည်။ သူက တော်တော်ကြီး မာနကြီးလာခဲ့၏။
သို့သော်လည်း လုမင်က မယုံသေးဘဲ တိုက်ခိုက်ခဲ့သည်။ သို့ပေမည့် တန်တန်ကို မယှဉ်နိုင်တော့ကြောင်း သိလိုက်ရလေသည်။
"ဟားဟားဟား၊ လုမင်... အနာဂတ်မှာ မင်းငါ့ရှေ့မှာ ဘယ်လိုလုပ်ပြီး မာနကြီးနိုင်မလဲဆိုတာ ကြည့်ရအောင်။ နောင်မှာ မင်းငါ့စကားကို လိမ်လိမ်မာမာ နားထောင်ရလိမ့်မယ်"
တန်တန် အလွန် ကျေနပ်သွားသည်။ သူက ရှေ့လက်နှစ်ဖက်ကို နောက်ပစ်ပြီး ဆရာကြီးအထာနှင့် ရပ်နေလိုက်လေသည်။
"ခွပ်"
သို့သော်လည်း နောက်အခိုက်အတန့်တွင်၊ သူ့ကို ပူဖောင်းလေးမှ ပိတ်ကန်လိုက်သောကြောင့် မြေပြင်ပေါ်တွင် အကြိမ်ပေါင်းများစွာ လှိမ့်သွားခဲ့သည်။
"ကောင်စုတ်လေး၊ မင်းငါ့ကို ဘယ်လို တိုက်ခိုက်ဝံ့တာလဲ..."
တန်တန် မြေပြင်မှ ချက်ချင်းထလာပြီး ဒေါသတကြီးဖြင့် ပူဖောင်းလေးကို စိုက်ကြည့်လိုက်သည်။
"တွိ... တွိ..."
ပူဖောင်းလေးကလည်း လုမင်၏ ပခုံးပေါ်တွင်ရပ်ရင်း အနက်ရောင် မျက်လုံးဝိုင်းဝိုင်းလေးဖြင့် တန်တန်ကို ပြန်ကြည့်လိုက်၏။ သူ၏ နှာခေါင်းမှလည်း ပူဖောင်း အကြီးတစ်ခု အသေးတစ်ခုက ထွက်လိုက်ဝင်လိုက်ဖြစ်ကာ တန်တန်အား 'မင်းသတ္တိရင် လာခံ'ဟု ပြောနေပုံရသည်။
တန်တန် ဒေါသတကြီးဖြစ်နေသော်လည်း မတတ်သာတော့ပေ။ ပူဖောင်းလေးက အချိန်နှင့်ဟင်းလင်းပြင် ဝိညာဉ်ကြွက် ဖြစ်သည်။ အချိန်နှင့် ဟင်းလင်းပြင်ကို ထိန်းချုပ်နိုင်စွမ်းရှိသည့် ပူဖောင်းလေးကို သူ ဘာမှမလုပ်နိုင်ပေ။
"တွိ... တွိ..."
ပူဖောင်းလေးက အော်ပြီး လုမင်၏ ပခုံးပေါ်တွင် လူးလိမ့်လိုက်လေသည်။
"ဟင်း၊ အနာဂတ်မှာ ဝိညာဉ်ဆေးတွေအားလုံးကို ပူဖောင်းလေးကိုပဲ ငါပေးသင့်ပုံရတယ်။ ဒီကောင်လေးက တကယ်လိမ်မာတယ်"
လုမင်က ရေရွတ်လိုက်သည်။
တန်တန်လည်း မျက်လုံးပြူးသွားပြီး အလောတကြီး ပြောလိုက်လေသည်။
"လုမင်၊ အဲလိုမလုပ်ပါနဲ့၊ ငါ... ငါက မင်းကို နောက်နေတာ"
လုမင်က တန်တန်ကို လျစ်လျူရှုပြီး အဝေးကို လှမ်းကြည့်လိုက်သည်။ သတ်ဖြတ်ချင်သော စိတ်ဆန္ဒများကလည်း သူ့မျက်လုံးများတွင် ပေါ်လာခဲ့၏။
"ဒါဆိုရင် ဒီတစ်ခါ ပိုပြီး ကစားကွက်ကြီးကြီး လုပ်ရအောင်"
တန်တန်၏ တိုက်ခိုက်နိုင်စွမ်းက သူ့ထက်သန်မာသည်။ သူက အဆင့်လေး သိုင်းအုပ်ချုပ်သူထက်ပင် အားမနည်းသည်မှာ သေချာမှု ရှိ၏။ သူ့အင်အားက ပို၍ပင် အားကောင်းနိုင်သည်။
ပူဖောင်းလေး၏ အချိန်နှင့် ဟင်းလင်းပြင် စွမ်းရည်များကို ပေါင်းလိုက်ပါက အံ့မခန်း ဖြစ်လိမ့်မည်။
ထို့နောက် ဆက်လက် လေ့ကျင့်နေခဲ့သည်။
ယွမ်လုတိုက်ကြီးမှ တမန်တော်များ မရောက်လာမီ လဝက်အလိုတွင်၊ နောက်ဆုံးတွင် ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ကို သူ ကျွမ်းကျင်ခဲ့သည်။
'အချိန်ကျပြီ'
လုမင်၏ မျက်လုံးများ အေးစက်သွား၏။
ထို့နောက် လုမင်နှင့် ရှဲ့နျန်ချင်းလည်း ထိုနေရာမှ ထွက်ခွာပြီး ကျယ်ပြန့်သော ရေကန်တစ်ခုဆီသို့ ရောက်လာကြတော့သည်။
ယခင်က ဒုတိယခန္ဓာလုမင်ဟာ ရေကန်အနီးတွင် သတ်ဖြတ်ခြင်း ဝင်္ကပါတစ်ခု လျှို့ဝှက်တည်ဆောက်ထားခဲ့သည်။ ၎င်းကို ပြီးမြောက်ရန်အတွက် လပေါင်းများစွာ အချိန်ယူခဲ့ရ၏။
ဤသတ်ဖြတ်ခြင်းဝင်္ကပါသည် ရွှမ်ထျန်းသူတော်စင်ထံမှ ဆင်းသက်လာခြင်းဖြစ်ပြီး ယင်း၏စွမ်းအားက ကြောက်ခမန်းလိလိ ဖြစ်သည်။
ဒုတိယခန္ဓာ လုမင်၏ ကျင့်ကြံခြင်းဖြင့်ပင် ၎င်းကိုအပြီးသတ်ရန် လပေါင်းများစွာ အချိန်ယူခဲ့ရ၏။ ဤသည်ကပင် ထိုဝင်္ကပါ၏စွမ်းအားကို သက်သေပြခဲ့သည်။
"သတင်းဖြန့်ဖို့ အချိန်ရောက်ပြီ"
လုမင် ခပ်တိုးတိုး ပြောလိုက်သည်။
ထို့နောက်တွင် ဒုတိယခန္ဓာလုမင်က လေထဲသို့ ခုန်လွှားပြီး ထွက်သွား၏။
မကြာမီ၊ ရှန်းရွှီတိုက်ကြီးတစ်ခွင်သို့ ခေါင်းကြီးသတင်းတစ်ခုက ပေါက်ကွဲကာ ပျံ့နှံ့လာတော့သည်။
လုမင် တိတ်တဆိတ် လေ့ကျင့်နေသောနေရာကို တစ်စုံတစ်ယောက်က ရှာတွေ့ခဲ့သည်။ လုမင်က ထိုနေရာ၌ တံခါးပိတ် လေ့ကျင့်နေပေသည်။
သတင်းထွက်လာသောအခါ၊ ရှန်းရွှီတိုက်ကြီးက အုတ်အော်သောင်းတင်း ဖြစ်သွားသည်။
"လုမင်ကို သွားဖမ်းကြစို့"
"ဒီတစ်ခါတော့ ငါတို့ သူ့ကို အလွတ်မပေးနိုင်တော့ဘူး"
"အဲဒီနေရာကို အရင် ဝိုင်းထားကြရအောင်"
တောင်ပိုင်းနတ်နန်းတော်၊ မြောက်ပိုင်းနတ်နန်းတော်၊ အရှေ့ပိုင်းနတ်နန်းတော်၊ အနောက်ပိုင်းနတ်နန်းတော်အပါအဝင် ဒုတိယနှင့် တတိယအဆင့်ရှိသည့် သွေးလမင်းတိုက်ကြီးတို့မှ ကျွမ်းကျင်သူများပင် ပါဝင်သည်။
မရေမတွက်နိုင်သော ကျွမ်းကျင်သူများက လုမင်ရှိသည့် ရေကန်တွင် စုဝေးကြတော့သည်။
ရေကန်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော လုမင်က ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။
"သူတို့ ရောက်လာကြပြီလား"
လုမင်၏ မျက်လုံးများ အရောင်လက်သွားသည်။
"ဝှစ်..."
ဟင်းလင်းပြင်က အက်ကွဲသွားပြီး ရုပ်သွင်တစ်ခု ထွက်လာခဲ့သည်။ ထို့နောက် အနီးပတ်ဝန်းကျင် ဟင်းလင်းပြင်က ဆက်လက် ကွဲအက်သွား၏။
တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များက လေထုကို လွှမ်းခြုံသွားတော့သည်။
အကျော်အမော်များ၊ အားလုံးက သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူများ ဖြစ်သည်။
စုစုပေါင်း အယောက်ငါးရာကျော် ရှိ၏။
ယင်းက အံ့ဩစရာ အရေအတွက် ဖြစ်သည်။ သိုင်းအုပ်ချုပ်သူ ငါးရာကျော်ပင် ရှိနေပေသည်။
နတ်နန်းတော် လေးခုစလုံးကလည်း အခြား တိုက်ကြီးများမှ ကျွမ်းကျင်သူများနှင့်အတူ ရောက်ရှိလာခဲ့သည်။
လုမင်ကို နေရာအနှံ့မှ ဝိုင်းရံထားခဲ့သည်။ လေထုက အေးခဲသွားပုံရကာ ယင်ကောင်တစ်ကောင်ပင် လွတ်မြောက်ရန် အခွင့်အလမ်းရှိပုံမရတော့ပေ။
"လုမင်၊ အခု မင်းဘယ်သွားဦးမလဲ"
မြောက်ပိုင်းမှ တစ်ယောက်က ပြောလိုက်သည်။ ယင်းက ဝမ့်ရှန့်သည်ပင်။
"ငါပြေးမယ်လို့ ဘယ်သူကပြောလဲ"
လုမင်က ရေကန်ပေါ်တွင်ရပ်ပြီး ပတ်ဝန်းကျင်ကို အေးစက်စက်ဖြင့် လှည့်ပတ်ကြည့်လိုက်သည်။
ရှန်းရွှီတိုက်အဖွဲ့အစည်းရှိ အဆင့်သုံး သိုင်းအုပ်ချုပ်သူအများစု ဤနေရာတွင် ရှိခဲ့ကြသည်။
"မပြေးတော့ဘူးလား။ ဟားဟား၊ မင်း ထွက်မပြေးနိုင်ဘူးဆိုတာ သိပုံရတယ်"
ဝမ့်ရှန့် ရယ်မောလိုက်၏။
"ဟားဟားဟား"
လုမင်က ရယ်မောပြီး ဝမ့်ရှန့်ကို လျစ်လျူရှုကာ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
"မင်းတို့ ဒီကိုရောက်လာကြတာဟာ ဟွင်းယွမ်တံဆိပ်ပြားကိုယူပြီး နတ်ဘုရားအပျက်အယွင်းထဲက ရတနာတွေ ဝင်ယူချင်လို့ပဲ မဟုတ်လား"
"ငါ မင်းတို့ကို ပြောပြနိုင်ပါတယ်။ နတ်ဘုရားအပျက်အယွင်းရဲ့ အမြုတေနေရာမှာ မရေမတွက်နိုင်တဲ့ ရတနာတွေ ရှိတယ်"