အခန်း ၁၃၈၄
Vol. 93 Ch. 1384
အပိုင်း ( 1384 ) ဟိုင်ဖမ်းထျန်းနှင့် တိုက်ခိုက်ခြင်း။
လုမင်၏ တိုက်ခိုက်နိုင်စွမ်းမှာ ယခင်ကထက်စာလျှင် တိုးတက်လာကြောင်း သူတွေ့ရှိခဲ့သည်။
အမှန်တော့ ဤကိစ္စမှာ မမှားပေ။ ယခုအခါ လုမင်၏ သန့်စင်သော ဝိညာဉ်ခန္ဓာက တစ်ရာ ရာခိုင်နှုန်း ပြီးပြည့်စုံအောင် လေ့ကျင့်ပြီးသွားပြီ ဖြစ်သည်။ ထို့အပြင် ကစဉ့်ကလျားတာအိုနယ်မြေသန္ဓေက ပို၍ ကြီးမားပြီး ရင့်ကျက်လာခဲ့ပြီ။ ထို့ကြောင့် မူလခန္ဓာလုမင်၏ တိုက်ခိုက်နိုင်စွမ်းက ယခင်ကနှင့်ယှဉ်လျှင် အမှန်တကယ် တိုးတက်လာခဲ့သည်။
လက်ရှိ မူလခန္ဓာလုမင်၏ အင်အားက အဓိပဓိနယ်ပယ်တွင် နောက်ထပ်တိုးတက်ရန် ခက်ခဲသည့် အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။
နတ်နန်းတော်လေးခုမှ အသျှင်များ၏ မျက်နှာများက အနည်းငယ် မှုန်ကုပ်သွားခဲ့သည်။
ဤလူများကို စေလွှတ်ခြင်းက လုမင်၏ ခွန်အားကို စမ်းသပ်ရန် မလုံလောက်ပါ။
အတိမ်အနက်ကို သိလိုပါက စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူများကို စေလွှတ်ရမည် ဖြစ်သည်။
သို့ရာတွင် မည်သည့် စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူက အန္တရာယ်ဆီသို့ တိုးဝင်လိုမည်နည်း။
"ငါလုပ်မယ်"
ခဏအကြာတွင် ဟိုင်ဖမ်းထျန်းက ပြောလိုက်သည်။
သူနှင့် လုမင်ကြားမှ အမုန်းတရားက ပင်လယ်ရေကဲ့သို့ နက်ရှိုင်း၏။ လုမင်ကို အစိတ်စိတ်အမြွှာမြွှာ ချေမွပစ်ရန် သူ မစောင့်နိုင်တော့ပေ။
"ဝုန်း"
ဟိုင်ဖမ်းထျန်းက သူ၏ စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူ အရှိန်အဝါများကို ထုတ်လွှတ်ရင်း ရှေ့သို့ လှမ်းလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ့နောက်ကျောမှ ရွှေရောင် အတောင်ပံတစ်စုံ ပေါ်လာခဲ့၏။ ဟင်းလင်းပြင်ကို ဆုပ်ပြဲစေနိုင်သည့် စူးရှထက်မြက်သော ရောင်ဝါတစ်ခု ထွက်ပေါ်လာတော့သည်။
"ဟိုင်ဖမ်းထျန်း၊ ကောင်းပြီ။ ဒီနေ့ မင်းရဲ့ သားနှစ်ယောက်နဲ့ ဒုတိယညီနောက်ကို လိုက်ပို့ပေးမယ်"
နဝမနဂါးအတွင်းမှ လုမင်၏အသံ ထွက်ပေါ်လာခဲ့သည်။
"ခွေးမသား၊ မင်းရဲ့ ကျင့်ကြံခြင်းအခြေခံကို အရင်ဆုံး ဖျက်ဆီးပြီး ငါမင်းကို သေတာထက် ပိုဆိုးရွားတဲ့ကံကြမ္မာ ခံစားစေမယ်"
ဟိုင်ဖမ်းထျန်းက ကြုံးဝါးလိုက်သည်။ ထို့နောက် သူ့အတောင်ကို ခတ်လိုက်သည်နှင့် လှစ်ခနဲ ပြေးထွက်ခဲ့၏။
"ရွှစ်"
ရွှေတောင်ပံတစ်စုံက ချွန်ထက်သော ဓားနှစ်ချောင်းကဲ့သို့ နဝမနဂါးကို ခုတ်လိုက်တော့သည်။
"ဝှစ်"
လုမင်က ဝိညာဉ်အသိဖြင့် နဂါးအမှတ်အသားဓားကို ထိန်းချုပ်ကာ တိုက်ခိုက်မှုတစ်ခုကို ခုခံလိုက်သည်။ ထို့နောက် နဝမနဂါးက ရှေ့သို့လှမ်းပြီး အခြား တိုက်ခိုက်မှုတစ်ခုကို ရင်ဆိုင်လိုက်၏။
"ဝုန်း... ဝုန်း"
ပေါက်ကွဲသံနှင့်အတူ နဝမနဂါး၏ ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်ခါပြီး နောက်သို့ ပြန်ဆုတ်သွားရသည်။
"သေ"
ဟိုင်ဖမ်းထျန်းက အေးစက်စက် အော်ဟစ်ပြီး လုမင်ကို ဆက်လက် တိုက်ခိုက်လိုက်၏။
တိုက်ခိုက်မှုပေါင်းများစွာက လုမင်ဆီသို့ ကျရောက်လာတော့သည်။
လုမင်က အစွမ်းကုန် ခုခံနေသော်လည်း အားနည်းသည့်ဘက်တွင် ရှိနေဆဲ ဖြစ်သည်။ နဝမနဂါး၏ ခန္ဓာက အက်ကြောင်းများ ပြည့်နေတော့သည်။
စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူက တတိယအဆင့် သိုင်းအုပ်ချုပ်သူထက် များစွာ အားကောင်းသည်။ လုမင်က သူနှင့် မယှဉ်နိုင်ပေ။
"ဝှစ်"
ရုတ်တရက်၊ နဝမနဂါးဆီမှ ရုပ်သွင်တစ်ခု ပြေးထွက်လာသည်။
ဒုတိယခန္ဓာလုမင်။
ဒုတိယခန္ဓာလုမင်က သူ့လက်ကိုဝှေ့ယမ်းလိုက်ရာ ဖီးနစ်ငှက်မွှေး ဓားပျံငါးလက်က လေထုကို ဖြတ်သန်းပြီး ဟိုင်ဖမ်းထျန်းဆီသို့ တိုးဝင်လာတော့သည်။ တစ်ချိန်တည်းမှာပင်၊ အလုံးစုံဝင်္ကပါအင်းကွက်မှ ဟိုင်ဖမ်းထျန်းဆီသို့ မရေမတွက်နိုင်သော ဝင်္ကပါများ ကျရောက်လာခဲ့သည်။
"ထန်... ထန်"
ဟိုင်ဖမ်းထျန်း၏ ရွှေရောင်အတောင်ပံများက လွင့်ပျံသွားကာ ဖီးနစ်
ငှက်မွှေး ဓားပျံငါးလက်ကို လွင့်စဉ်သွားစေခဲ့သည်။ ယင်းက ဝင်္ကပါများကိုပါ ဖျက်ဆီးလိုက်၏။
နဝနဂါးလည်း ဟိန်းဟောက်ပြီး ဒုတိယခန္ဓာလုမင်နှင့်အတူ ဟိုင်ဖမ်းထျန်းကို တိုက်ခိုက်လိုက်တော့သည်။ ခဏချင်း ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။
လုမင်က အားနည်းသည့်ဘက်တွင် ရှိနေသော်လည်း မူလခန္ဓာနှင့် ဒုတိယခန္ဓာ၏ ပေါင်းစပ်မှုက ပြီးပြည့်စုံပြီး ချိုးဖျက်မရပေ။
"ဒီ လုမင်က တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ"
ရန်သူများပင် ဖြစ်လင့်ကစား၊ အုပ်ချုပ်သူများ မချီးမွမ်းဘဲ မနေနိုင်ချေ။
"မှန်ပါတယ်။ ဒီကောင်လေး ဘာလျှို့ဝှက်နည်းကို အသုံးပြုထားမှန်း မသိပေမဲ့ သူ့ကိုယ်ပွားက တကယ်ကို အုပ်ချုပ်သူအဆင့် ကမ္ပည်းသခင်ဖြစ်နေပြီ။ မယုံနိုင်စရာပဲ!"
"ဒါက အစွမ်းထက်တဲ့ ရုပ်သေးနည်းပညာတစ်ခုများ ဖြစ်နိုင်မလား"
အားလုံးက ဆွေးနွေးပြောဆိုလိုက်ကြသည်။
သို့ရာတွင်၊ သူတို့၏ ဗဟုသုတလောက်နှင့် အမွှာတားမြစ်ကျင့်စဉ်အကြောင်းသိရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် အမျိုးမျိုး ထင်ကြေးပေးကာ ပြောဆိုလိုက်ကြသည်။
"ငါတို့က သူ့ကို စော်ကားပြီးပြီမို့ အသက်ရှင်ခွင့် မပေးနိုင်တော့ဘူး။ အနည်းဆုံး သူ့ရဲ့ ကျင့်ကြံခြင်းကို ဖျက်ဆီးပစ်ရမယ်"
ဝမ့်ရှန့်၏ နှလုံးသားက အေးစက်သွားကာ ပြောလိုက်သည်။
လုမင်၏ အရည်အချင်းက ကြောက်စရာကောင်းလွန်းလှ၏။ လုမင်သာ လွတ်မြောက်နိုင်ခဲ့လျှင်၊ အနာဂတ်မှာ သူတို့အတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်လာလိမ့်မည်။
အခြား အသျှင်များလည်း ခေါင်းညိတ်လိုက်ကြသည်။
မျက်စိတစ်မှိတ်အတွင်း၊ လုမင်နှင့် ဟိုင်ဖမ်းထျန်းတို့ဟာ တိုက်ကွက် ဆယ်ကွက်ခန့် အပြန်အလှန် ရင်ဆိုင်ခဲ့သည်။
"ဟိုင်ဖမ်းထျန်း၊ မင်းမှာရှိတာ ဒါအကုန်ပဲလား။ ဒီလောက်နဲ့ မင်းရဲ့သားအတွက် ဘယ်လိုလက်စားချေမလဲ"
လုမင်က တိုက်ခိုက်ရင်းမှ ဟိုင်ဖမ်းထျန်းကို လှောင်ပြောင်လိုက်သည်။
"သေစမ်း"
ဟိုင်ဖမ်းထျန်း ဒေါသတကြီး ကျိန်ဆဲလိုက်၏။
သူဟာ အစွမ်းကုန်ကြိုးစားခဲ့ပြီးပြီ ဖြစ်သော်လည်း လုမင်ကို အနိုင်မယူနိုင်သေးပေ။
သူ၏ ကျင့်ကြံခြင်းက စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အစောပိုင်းအဆင့်တွင်သာ ဖြစ်သည်။ ထို့အပြင် သူ၏ တိုက်ခိုက်နိုင်စွမ်းက စတုတ္ထအဆင့် သိုင်းအုပ််ချုပ်သူသူများကြားတွင် အားနည်းသူဟု ယူဆနိုင်သော်လည်း တတိယအဆင့် ကျင့်ကြံသူများကိုသတ်ရန် မခက်ခဲပေ။ သို့သော်လည်း မျိုးဆက်သစ် လူငယ်တစ်ဦးကို အနိုင်မယူနိုင်သေးပါ။
သူ့နှလုံးသားက အနည်းငယ် မငြိမ်မသက်ဖြစ်စ ပြုလာခဲ့သည်။
"အခုပဲ"
နဝမနဂါး ပျောက်ကွယ်သွားပြီး မူလခန္ဓာလုမင် ပြန်ပေါ်လာခဲ့သည်။ သူ့မျက်လုံးများက အရောင်တစ်ချက် လက်သွား၏။
"ကစဉ့်ကလျား မှောက်လှန် ကောင်းကင်တံဆိပ်တော်"
လုမင်က သူ့လက်များကို လျင်မြန်စွာလှုပ်ရှားပြီး တံဆိပ်တော်တစ်ခုကို ပြုလုပ်ခဲ့သည်။
"ဝုန်း"
သေမျိုးကမ္ဘာ၏ ဧကရာဇ်မင်းများ အသုံးပြုသော ဧကရာဇ်တံဆိပ်ကဲ့သို့ ကောင်းကင်တွင် ဧရာမတံဆိပ်တစ်ခု ဖြစ်ပေါ်လာခဲ့၏။ သို့သော်လည်း တောင်တစ်လုံးကဲ့ ကြီးမားပြီး ကစဉ့်ကလျား အငွေ့အသက်များ ပြည့်နေတော့သည်။
ဤသည်မှာ ကစဉ့်ကလျား မှောက်လှန် ကောင်းကင်တံဆိပ်တော် ဖြစ်သည်။
ကစဉ့်ကလျား မှောက်လှန် ကောင်းကင်တံဆိပ်တော်က ကောင်းကင်မှ ဆင်းသက်လာပြီး ဟိုင်ဖမ်းထျန်းကို ဖိနှိပ်လိုက်၏။ ကြောက်မက်ဖွယ် စွမ်းအားကို ခံစားမိသောကြောင့် ဟိုင်ဖမ်းထျန်း၏ အမူအရာ ပြောင်းလဲသွားတော့သည်။
"တားဆီးလော့"
ဟိုင်ဖမ်းထျန်း၏ နောက်ကျောမှ ရွှေရောင် တောင်ပံတစ်စုံက လျင်မြန်စွာ ပျံတက်သွားသည်။ ယင်းက စူးရှထက်မြက်သော အငွေ့အသက်များဖြင့် ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ကို ပစ်လွှတ်လိုက်၏။
"ဝုန်း"
နောက်ဆုံးတွင် ကစဉ့်ကလျား မှောက်လှန် ကောင်းကင်တံဆိပ်တော်က ဟိုင်ဖမ်းထျန်း၏ တိုက်ခိုက်မှုနှင့် တိုက်မိသွားတော့သည်။
ထိုအချိန်တွင် ဟိုင်ဖမ်းထျန်း၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ သူ၏တိုက်ခိုက်မှုများက အဆက်မပြတ် ပေါက်ကွဲပြီး ပျောက်ကွယ်သွား၏။
ကစဉ့်ကလျား မှောက်လှန် ကောင်းကင်တံဆိပ်တော်က အရာအားလုံးကို ဖြိုခွင်းမည့် ရှေးဦး နတ်ဘုရားတောင်ကြီးတစ်လုံးကဲ့သို့ပင်။
"ဝုန်း"
အဆုံးတွင်၊ ဟိုင်ဖမ်းထျန်း၏ တိုက်ခိုက်မှုက လုံးဝ ပျက်စီးသွားသည်။ ကစဉ့်ကလျား မှောက်လှန် ကောင်းကင် တံဆိပ်တော်က ဟိုင်ဖမ်းထျန်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွား၏။
ဟိုင်ဖမ်းထျန်း၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်လှုပ်သွားပြီး အသံနက်ကြီး အော်ဟစ်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။ သူ့ပါးစပ်မှလည်း သွေးများ အန်ထွက်လာခဲ့သည်။
ဟိုင်ဖမ်းထျန်းမှာ ကစဉ့်ကလျား မှောက်လှန် ကောင်းကင် တံဆိပ်တော်ကို လုံးဝ မခုခံနိုင်ဘဲ ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီ။
"သတ်"
ထိုအချိန်တွင် ဒုတိယခန္ဓာလုမင်က အခွင့်အရေးကို ဆုပ်ကိုင်ပြီး တိုက်ခိုက်ခဲ့သည်။ ဖီးနစ်ငှက်မွှေးဓားပျံငါးလက်က ဟိုင်ဖမ်းထျန်း၏ သေကွင်းသေကွက် ငါးဌာနကို ထိုးဖောက်လိုက်၏။ တချိန်တည်းမှာပင် အလုံးစုံဝင်္ကပါအင်းကွက်မှ ဝင်္ကပါများက ဟိုင်ဖမ်းထျန်းကို ဖုံးအုပ်ထားတော့သည်။
ဟိုင်ဖမ်းထျန်းက ခုခံကာကွယ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း ကစဉ့်ကလျား မှောက်လှန် ကောင်းကင်တံဆိပ်တော်ကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့သည်။ သူ့တစ်ကိုယ်လုံး ကွဲကြေသွားတော့မလို နာကျင်ကိုက်ခဲနေသောကြောင့် သူ့အစွမ်းကို လုံးဝမထုတ်နိုင်တော့ပေ။
သူ့ကိုယ်သူ ခုခံကာကွယ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း ဖီးနစ်ငှက်မွှေး ဓားပျံနှစ်လက်က သူ့ခန္ဓာကိုယ်ကို ထက်ပိုင်းပြတ်လုနီးပါး ထိုးဖောက်ဝင်ရောက်ခဲ့သည်။
"ချိုးဖြတ်လော့"
အဆုံးတွင်၊ ဟိုင်ဖမ်းထျန်း၏ အတောင်ပံများက အပိုင်းပိုင်းကွဲထွက်သွားပြီး ရွှေရောင်အလင်းမုန်တိုင်းတစ်ခုကဲ့သို့ ဒုတိယခန္ဓာလုမင်ကို တိုက်ခိုက်လိုက်သည်။ ဤအခွင့်အရေးကို ဆုပ်ကိုင်ပြီး ဟိုင်ဖမ်းထျန်းက တောင်ပိုင်းနတ်နန်းတော်မှ လူအုပ်ဆီသို့ ပျံသန်းသွား၏။ ထို့နောက်မှာတော့ သူ့မျက်နှာက သွေးဆုပ်ဖြူရော်ပြီး သွေးများ အန်ထွက်လာတော့သည်။
လူအုပ်ကြီးလည်း လေးလေးနက်နက် အသက်ပြင်းပြင်းရှူလိုက်သည်။
စတုထ္ထအဆင့် သိုင်းအုပ်ချုပ်သူသည်လည်း လုမင်၏ အသတ်ခံရလုနီးပင်။
ယင်းက တုန်လှုပ်စရာကောင်းလွန်းသည်။
"နှမျောစရာပဲ"
လုမင် သက်ပြင်းတစ်ချက်ချလိုက်သည်။ သူ့အင်အားက ပို၍ တိုးတက်လာသော်လည်း အားနည်းနေဆဲပင်။ ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော်ဖြင့်ပင် ဟိုင်ဖမ်းထျန်းကို မသတ်နိုင်သေးပါ။
ဟိုင်ဖမ်းထျန်း သတိထားနေပါက နောက်တစ်ခါ သူ့ကိုသတ်ရန် ပို၍ ခက်ခဲမည် ဖြစ်သည်။
စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနှင့်ယှဉ်လျှင် သူ့ခွန်အားက အားနည်းနေသေးသည်။
'စွမ်းအင်စားသုံးမှုကလည်း ကြောက်စရာပဲ'
လုမင် စိတ်ထဲမှ တွေးလိုက်သည်။ သူက နဝမနဂါးသွေးမျိုးဆက်ဖြင့် ကျောက်ကြမ်းများကို ဝါးမျိုကာ စွမ်းအင်ပြန်လည်ဖြည့်တင်းလိုက်၏။
ကစဉ့်ကလျား မှောက်လှန် ကောင်းကင်တံဆိပ်တော်က လုမင်၏ စွမ်းအင် ငါးဆယ်ရာခိုင်နှုန်းနီးပါးကို စားသုံးခဲ့သည်။
တစ်နည်းဆိုရသော်၊ လုမင်၏ လက်ရှိအဆင့်ဖြင့် ကစဉ့်ကလျားမှောက်လှန် ကောင်းကင်တံဆိပ်တော် နှစ်ခုကိုသာ ထုတ်ဖော်နိုင်ပေသည်။
"ငါတို့ အခု ဘာလုပ်သင့်လဲ"
အသျှင်အဆင့် အကျော်အမော်တစ်ဦးက မေးလိုက်သည်။
ဟိုင်ဖမ်းထျန်းပင်လျှင် လုမင်မှ ဝင်္ကပါတည်ဆောက်ထားခြင်း ရှိ၊ မရှိ မစစ်ဆေးနိုင်ခဲ့ပေ။ သူတို့ဘာဆက်လုပ်ရပါမည်နည်း။
"နောက်ထပ် လူနည်းနည်းလောက် စေလွှတ်ရအောင်။ ဒီတစ်ခါ ရနိုင်လောက်တယ်"
တစ်ဦးက ပြောလိုက်သည်။