အခန်း ၁၃၈၇
Vol. 93 Ch. 1387
အပိုင်း ( 1387 ) မြင်ကွင်း၏ နောက်ကွယ်။
"လုမင်၊ မင်း တကယ် အသက်ပြင်းတာပဲ၊ ဒီအခြေအနေမှာတောင် လွတ်မြောက်နေသေးတယ်။ ဒါပေမဲ့ ဒီနေရာက နတ်ဘုရားအပျက်အယွင်းနဲ့ တော်တော်ဝေးတယ်။ ဒီနေ့ မင်း ဘယ်လိုလုပ်ပြီး လွတ်မြောက်နိုင်ဦးမယ်ဆိုတာ ငါ ကြည့်ရသေးတာပေါ့"
ကောင်းကင် နတ်ဘုရားဂိုဏ်းမှ လူကြီး လုမင်ကို စိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးများက ရက်စက်ကြမ်းကြုတ်ပြီး အေးစက်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေ၏။
"မင်း ယွမ်လုတိုက်ကြီးကို ပြန်မသွားဘူးလား"
လုမင်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ တချိန်တည်းမှာပင်၊ သူ့စိတ်ထဲမှာ အမျိုးမျိုး စဉ်းစားနေသည်။
ဤလူကြီးပြောတာ မမှားပေ။ ဤနေရာက နတ်ဘုရားအပျက်အယွင်းများနှင့် ဝေးကွာလွန်းလှသည်။ ပူဖောင်းလေးမှ အချိန်ဟင်းလင်းပြင်လျှောက်လမ်းကို ဖွင့်ပေးလျှင်ပင် ဤလူကြီး၏လက်ကတော့ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
နတ်ဘုရားအပျက်အယွင်းသို့ မရောက်ရှိမီ ဖမ်းမိသွားပြီး သတ်ဖြတ်ခြင်းခံရမည် ဖြစ်သည်။
လုမင် အန္တရာယ်ရှိနေပြီ။
"ဒါတွေအားလုံးက မင်းကြောင့်ပဲကွ"
လုမင်၏ မေးခွန်းကြောင့် ကောင်းကင်နတ်ဘုရားဂိုဏ်းမှလူကြီး ဒေါသထွက်သွားပုံရသည်။ သူက အသံကျယ်ကျယ်ဖြင့် အော်ဟစ်ကြိမ်းမောင်းလိုက်၏။
"ဒါတွေအားလုံးက မင်းကြောင့်ပဲ။ ငါကျိန်စာမိပြီး ငါ့ရဲ့ ကျင့်ကြံခြင်းလည်း ကျသွားပြီ။ ဒီအခြေအနေမှာ တည်နေရာရွှေ့ပြောင်းခြင်း အစီင်ုကိုသုံးရင် ကျိန်စာက ငါ့ရဲ့ အရိုးထဲထိ ပိုနက်ရှိုင်းလာလိမ့်မယ်။ ဒါဆိုရင် ရှင်းဖို့မလွယ်တော့ဘူးကွ။ မင်းသိရဲ့လား"
"မင်းကိုမသတ်ရင် ငါ ဘယ်လိုမှ မကျေနပ်နိုင်တော့ဘူး"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီးက ပြောရင်း ဒေါသပိုထွက်လာကာ သတ်ဖြတ်ချင်စိတ်များမှာလည်း ပို၍ အေးစက်လာတော့သည်။
လုမင် နားလည်လိုက်သည်။ ထိုလူကြီးသည် နတ်ဘုရားအပျက်အယွင်း အမြုတေရှိ ဦးခေါင်းမဲ့ နဂါးစီးသူရဲကြောင့် ဒဏ်ရာရရှိခဲ့ပြီး ကျိန်စာသင့်ခဲ့ခြင်း ဖြစ်မည်။
ဦးခေါင်းမဲ့ နဂါးစီးသူရဲက သက်ရှိသတ္တဝါမဟုတ်ပါ။ ၎င်းက တုနှိုင်းမရသော တန်ခိုးရှင်တစ်ဦး၏ တိုက်ခိုက်ချင်စိတ်များဖြင့် ဖွဲ့စည်းထားခဲ့ခြင်း ဖြစ်သည်။
ဦးခေါင်းမဲ့ နဂါးစီးသူရဲ၏ လှုပ်ရှားမှုတိုင်းတွင် လူတစ်ဦး၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို အဆက်မပြတ် တိုက်စားသွားမည့် ကျိန်စာစွမ်းအားများ ပါဝင်လေသည်။
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ဤလူကြီးက ကျိန်စာမိခဲ့သောကြောင့် ယွမ်လုတိုက်ကြီးသို့ မပြန်နိုင်ခဲ့ခြင်း ဖြစ်သည်။
"ဒါဆိုရင် ဟွင်းယွမ်တံဆိပ်ပြားနဲ့ ငါ့အကြောင်း သတင်းတွေ ဖြန့်နေတာကလည်း မင်းပဲပေါ့"
လုမင်၏ မျက်လုံးများက အနည်းငယ် လှုပ်ရှားလာပြီး ရုတ်တရက် မေးလိုက်သည်။
ဤကိစ္စကို ထူးဆန်းသည်ဟု သူ အမြဲတမ်း ခံစားခဲ့ရသည်။
တောင်ပိုင်းနတ်နန်းတော်မှလူများသာ လုံချန်၏ စိတ်ဝိညာဉ်ကိုရှာဖွေပြီး သူ့တွင် ဟွင်းယွမ်တံဆိပ်ပြားရှိကြောင်း တွေ့ရှိပါက၊ သူ့ကိုဖမ်းဆီးရန် ကျွမ်းကျင်သူများကို လျှို့ဝှက်စေလွှတ်ထားရမည် ဖြစ်သည်။ သတင်းများက အဘယ်ကြောင့် တောမီးကဲ့သို့ ပျံ့သွားပါမည်နည်း။
ယခုတော့ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီးကို မြင်တွေ့ပြီးနောက် ဖြစ်နိုင်ချေတစ်ခုကို ရုတ်တရက် တွေးလိုက်မိသည်။
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီးက သတင်းဖြန့်သူ ဖြစ်လိမ့်မည်။ သူက အခြားသူများလက်နှင့် လုမင်ကို သတ်ဖြတ်ချင်ခဲ့ခြင်း ဖြစ်သည်။
"ဟားဟားဟား၊ အဲဒါက တကယ်ကို ငါပဲ"
ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူကြီးက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်နှင့် မိုင်တစ်ရာ အကွာအဝေးကို ကျော်ဖြတ်ခဲ့၏။ သူဟာ လုမင်ထံသို့ လျင်မြန်စွာ ချဉ်းကပ်လာတော့သည်။
လုမင်လည်း တန်ပြန်အစီအစဥ်ကို တွေးတောရင်း အလျင်အမြန် ပြန်ဆုတ်သွားခဲ့သည်။
"ဒါဆိုရင် နဂါးနတ်ဘုရားတောင်ကြား ပျက်စီးတာကလည်း အလိမ်အညာတွေပဲ မဟုတ်လား"
လုမင် ဆက်ပြောသည်။
အကယ်၍ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လုမင်ကိုဖယ်ရှားရန် အခြားသူ၏လက်ကို ယူသုံးလိုပါက၊ လုမင်၏အထောက်အထားဟာ သေချာပေါက် ဟန့်တားနိုင်စွမ်းရှိမည် မဟုတ်ပေ။
သို့ရာတွင်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ နဂါးနတ်ဘုရားတောင်ကြား ဖျက်ဆီးခံရကြောင်း သတင်းပို့ခဲ့သည်ဟု ကျိဟုန်ချန်က ပြောခဲ့သည်။ ယခုတော့ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီးက ထိုသို့ပြောခဲ့ခြင်း ဖြစ်လိမ့်မည်။
လက်အငှားနှင့် လုမင်ကို ဖယ်ရှားရန် ရည်ရွယ်ချက်ဖြင့် သူက အတုအယောင် မက်ဆေ့ခ်ျတစ်စောင် ပေးပို့ခဲ့ခြင်း ဖြစ်သည်။
"အမှန်ပဲ"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီးက အေးစက်စက် ပြောလိုက်သည်။
"ကောင်းလိုက်တဲ့ အစီအစဉ်"
လုမင် ခေါင်းညိတ်လိုက်မိ၏။
အစမှအဆုံးထိ၊ လုမင်အား ရှန်းရွှီတိုက်အဖွဲ့အစည်းတစ်ခုလုံး၏ လိုက်လံဖမ်းဆီးခံရခြင်းမှာ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီး၏ အစီအစဉ်ကြောင့် ဖြစ်သည်။
ကံမကောင်းစွာဖြင့်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီးက လုမင်ကို လျှော့တွက်ခဲ့ပေသည်။
နောက်ဆုံးတွင်၊ ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။
"ဝှစ်"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီးက လေထုကိုဖြတ်သန်းကာ လုမင်ဆီသို့ လျင်မြန်စွာ ဝင်ရောက်လာခဲ့သည်။
လုမင်လည်း ပူဖောင်းလေးကို မြောက်ဘက်ပိုင်းသို့ ဟင်းလင်းပြင်လျှောက်လမ်း တည်ဆောက်ရန်သာ တောင်းဆိုနိုင်၏။ မိုင်တစ်သောင်းအကွာအဝေးတွင် လုမင် ပေါ်လာတော့သည်။
"ဝှစ်"
သို့သော်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီးက အလွန်လျင်မြန်သည်။ ခဏအတွင်း သူသည် လုမင်၏နောက်သို့ အလျင်အမြန်လိုက်လာခဲ့၏။ သူတို့နှစ်ယောက်ကြားမှ အကွာအဝေးက ပို၍ ကျဉ်းမြောင်းလာတော့သည်။
'ငါ ဘာလုပ်သင့်သလဲ'
လုမင်၏ စိတ်ထဲတွင် လှုပ်ရှားလာခဲ့သည်။
တစ်ဖက်လူမှာ သန်မာလွန်း၏။ လုမင်နှင့် တစ်ဖက်လူကြားမှ ကွာခြားမှုက ကြီးမားလွန်းလှသည်။
အကြွင်းမဲ့အာဏာရှေ့တွင် မည်သည့်နည်းလမ်းမဆို အသုံးမဝင်ပေ။
ထို့အပြင်၊ သူ၏ ဒုတိယခန္ဓာက ပြင်းထန်စွာ ဒဏ်ရာရခဲ့သောကြောင့် သူ၏ ကြံ့ခိုင်မှုမှာ အလွန်ကျဆင်းသွားခဲ့သည်။
"ပြေး၊ လုမင်... ပြေးစမ်း။ မင်း ဘယ်လိုလုပ်ပြီး လွတ်မြောက်နိုင်ဦးမလဲ ငါ ကြည့်မယ်။ နောက်ပြီး မင်းသိအောင် ပြောရဦးမယ်။ မင်းကို သတ်ပြီးရင် ငါရှမ်းဟွမ်တိုက်ကြီးကိုသွားပြီးတော့ ဖျက်ဆီးမယ်။ ရှမ်းဟွမ်တိုက်ကြီးမှာရှိတဲ့ လူအားလုံးကို သတ်မယ်"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီးက အေးစက်စက် အော်ဟစ်ပြီး လုမင်၏ သတ်ဖြတ်ချင်စိတ်များကို ပို၍ အေးစက်လာစေခဲ့သည်။
တစ်ဖက်လူ၏အမြင်တွင် လူ့အသက်များက အရေးမပါလှပေ။
ယနေ့တွင်၊ ကံကောင်းထောက်မ၍ လုမင် လွတ်မြောက်ခဲ့လျှင်ပင် တစ်ဖက်လူက ရှမ်းဟွမ်တိုက်ကြီးသို့သွား၍ အားလုံးကို သတ်ဖြတ်နေဦးမည် ဖြစ်သည်။ သူ၏ခွန်အားအရ ရှမ်းဟွမ်တိုက်ကြီးမှ မည်သူမျှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။
သူက ဒေါသစိတ်များဖြင့် ရူးသွပ်နေပြီ ဖြစ်သည်။
"တန်တန်၊ မင်းမှာ ဘာနည်းလမ်းရှိလဲ"
လုမင်က တန်တန်ကို အသံပို့လွှတ်ပြီး ပြောလိုက်သည်။
"လုမင်၊ နောက်ဆုံးတော့ မင်းငါ့ကိုပဲ အခွင့်ကောင်းယူဖို့ ကြိုးစားမယ်ဆိုတာ ငါသိတယ်။ အမြဲတမ်း ငါ့ပဲ လာလာထိခိုက်နေတာ၊ ငါပဲ အမြဲခါးခံရတယ်"
တန်တန် သက်ပြင်းချလိုက်သည်။
"မင်းမှာ နည်းလမ်းရှိလား"
လုမင် ထပ်မေးလိုက်၏။
"ဒီလူက ကျိန်စာသင့်ထားပြီး သူ့ရဲ့ကျင့်ကြံခြင်းအခြေခံကလည်း ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်မှာပဲ ရှိတယ်။ ငါနဲ့ ပူဖောင်းလေး ပူးပေါင်းမယ်ဆိုရင် သူ့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိစေနိုင်လိမ့်မယ်။ ဒါပေမဲ့ ငါတို့လည်း ကြီးမားတဲ့ ဆုံးရှုံးမှု ခံစားရမှာပဲ"
"လုမင်၊ ငါမင်းကို ပြောလိုက်မယ်နော်။ နောင်ကျရင် မင်း ငါတို့ကို လျော်ကြေးပေးရမယ်..."
တန်တန်က သတိပေးပြီး ပူဖောင်းလေးကို ခပ်တိုးတိုး ပြောလိုက်သည်။
"တွိ... တွိ"
ထိုအချိန်တွင် ပူဖောင်းလေးက ရုတ်တရက် ပျံထွက်သွားသည်။ သွေးနီရောင် အလင်းတန်းတစ်ခုက သူ၏ နို့ဖြူရောင်အမွေးများပေါ်တွင် ပေါ်လာခဲ့၏။ အလင်းများက မီးတောက်ကဲ့သို့ တဟုန်းဟုန်းတောက်ကာ ပူဖောင်းလေး၏ အရှိန်အဝါကို အလွန်အမင်း တိုးမြှင့်လာစေတော့သည်။
"အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်၊ ငါ မင်းကို အရင်ပို့လိုက်မယ်"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီး၏ မျက်လုံးများတွင် လောဘတို့ဖြင့် တောက်ပလာခဲ့သည်။ သူက သူ့လက်ထဲမှဓားနှင့် ဓားချက်ထုတ်ဖော်ပြီး လှောင်အိမ်တစ်ခုကဲ့သို့ ဓားအလင်းများစွာအား ပူဖောင်းလေးဆီကို ထုတ်ဖော်လိုက်၏။
ပူဖောင်းလေးက သူ၏ လက်သေးသေးနှစ်ဖက်ဖြင့် လေထဲကို ဖမ်းယူလိုက်သည်။
"ခလွမ်..."
ဟင်းလင်းပြင်က ပြင်းထန်စွာ တုန်ခါလာပြီး သလင်းကျောက်ကဲ့သို့ အက်ကွဲသွား၏။ အဆုံးတွင်၊ ၎င်းက ဟင်းလင်းပြင်ဓားသွားများအဖြစ် ပြောင်းလဲပြီး ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီးဆီသို့ တိုးဝင်သွားတော့သည်
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီးလည်း အံအားသင့် တုန်လှုပ်သွားခဲ့သည်။ သူ သတိမပေါ့ဝံ့တော့ဘဲ ဓားလမ်းကြောင်းပြောင်းပြီး အလျားလိုက် ခုတ်ပစ်လိုက်၏။
"ချွမ်... ချွမ်..."
ဟင်းလင်းပြင်ဓားသွားများကို ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီးက ချေဖျက်ပစ်လိုက်သည်။
ထိုအချိန်တွင် တန်တန် လှုပ်ရှားလာခဲ့သည်။
ပူဖောင်းလေးကဲ့သို့ပင်၊ တန်တန်၏ ခန္ဓာကိုယ်ကလည်း သွေးနီရောင်အလင်းတန်းများ ဖြာထွက်ပြီး အရှိန်အဝါများ တဟုန်ထိုး တိုးလာခဲ့၏။
ပူဖောင်းလေးနှင့် တန်တန်က အစွမ်းကုန် ပေါက်ကွဲနေပြီဖြစ်ကြောင်း လုမင် သိလိုက်သည်။ အချိန်တိုအတွင်း သူတို့အင်အားများ တိုးတက်လာစေရန် အသက်စွမ်းအင်ကို လောင်ကျွမ်းစေခဲ့ခြင်း ဖြစ်၏။ ယင်းက စွမ်းအားကြီးမားသော်လည်း နောက်ဆက်တွဲ သက်ရောက်မှုများဟာ ပေါ့သေးသေးဖြစ်မည် မဟုတ်ချေ။
တန်တန်၏ ခန္ဓာကိုယ်က တောင်တစ်လုံးပင် ကြီးမားလာသည်။ သူ၏ ရှေ့လက်နှစ်ဖက်က ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီးကို ရိုက်ချလိုက်၏။ ဤရိုက်ချက်တွင်၊ တန်တန်၏ လက်သည်းများက ကမ္ပည်းများ ဖုံးအုပ်ထားပြီး ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူကြီးကိုဖိနှိပ်မည့် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းဝင်္ကပါတစ်ခု ပါဝင်နေတော့သည်။
"ဝုန်း... ရွှမ်"
အလွန်ထက်မြက်သော ဓားအလင်းနှစ်ခုက ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူကြီးထံမှ ထွက်ပေါ်လာပြီး တန်တန်၏ လက်နှစ်ဖက်ကို ခုတ်လိုက်သည်။
တန်တန်၏ လက်သည်းများပေါ်ရှိ ကမ္ပည်းဝင်္ကပါက တုန်ခါပြီး ပြိုကျသွား၏။ တန်တန်၏ ခန္ဓာကိုယ်လည်း လွင့်ထွက်သွားတော့သည်။
သို့သော်လည်း တစ်ချိန်တည်းမှာပင်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီးတစ်ဝိုက်မှာ ကြည်လင်သော ပူဖောင်းတစ်ခု ရုတ်တရက် ပေါ်လာပြီး သူ့ကို ဖုံးအုပ်လိုက်သည်။
"အခွင့်ကောင်းပဲ"
တန်တန် အော်လိုက်သည်။ သူက ပါးစပ်ကိုဟပြီး မှုတ်လိုက်သည်နှင့် ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီးဆီသို့ ဖရိုဖရဲ မြူခိုးများ ကျရောက်လာတော့သည်။
ဖရိုဖရဲ မြူခိုးများက ကမ္ဘာကြီးတစ်ခုကဲ့သို့ ဖြစ်သည်။ မြူခိုးများအတွင်း၌ တောင်တန်းနှင့် မြစ်များ ဝေဝါးဝါး မြင်တွေ့ရ၏။
"ဝုန်း..."
တန်တန်၏ တိုက်ခိုက်မှုက ကျရောက်ခါနီးတွင် ဖောက်ထွင်းမြင်ရသည့်ပူဖောင်းက ထောင်သောင်းမကသော ဓားအလင်းများကြောင့် ပေါက်ကွဲသွားခဲ့သည်။ ဓားအလင်းများက တန်တန် ထွေးထုတ်လိုက်သော ပုံရိပ်ယောင်ကမ္ဘာကို ခုတ်ပိုင်းလိုက်ကြ၏။
"ဝုန်း..."
တန်တန် ထွေးလိုက်သော ကမ္ဘာကြီးက ပြင်းထန်စွာ တုန်လှုပ်သွားပြီး နောက်ဆုံးတွင် ပျောက်ကွယ်သွားတော့သည်။
"ချီးတဲ့မှပဲ၊ သေစမ်းကွာ"
တန်တန် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့တကိုယ်လုံးမှ သွေးအလင်းများကလည်း မိုးထိအောင် ဖြာထွက်နေ၏။ ကြီးမားသော လိပ်ခွံကိုးခုက မိုးနှင့်မြေကြားတွင် ပေါ်လာပြီး ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူကြီးကို ဖိနှိပ်လာတော့သည်။