← Chapters

အခန်း ၁၃၈၈

Vol. 93 Ch. 1388

အခန်း ၁၃၈၈

Vol. 93 Ch. 1388

အပိုင်း ( 1388 ) အသည်းအသန်။

တန်တန်က သူ၏ သွေးအနှစ်သာရကို လောင်ကျွမ်းစေခဲ့သည်။ သူ့ခွန်အားက သိသိသာသာ တိုးတက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများအား ထုတ်ဖော်လိုက်၏။

ပူဖောင်းလေးသည်လည်း အလားတူပင်။ သူ့တစ်ကိုယ်လုံးက တောက်ပသည့် သွေးနီရောင်အလင်းတန်းများဖြင့် တောက်နေသည်။ ဟင်းလင်းပြင်ကလည်း ပင်လယ်ရေကဲ့သို့ လှိုင်းထနေ၏။ သူဟာ ဤလောက၏ အုပ်စိုးသူကဲ့သို့ ကြောက်စရာကောင်းသော သတ်ဖြတ်နည်းများကို ထုတ်ဖော်နိုင်စွမ်းရှိနေတော့သည်။

သို့သော်လည်း ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီး၏ ခွန်အားက ကြောက်မက်ဖွယ်ကောင်းလွန်းသည်။ သူဟာ တန်တန်နှင့် ပူဖောင်းလေးကို ဆက်လက် တိုက်ခိုက်နိုင်ပေသည်။

"တကယ်ကို သန်မာလိုက်တဲ့ တိုက်ခိုက်နိုင်စွမ်းပဲ၊ ဒီအင်အားက ပုံမှန်မဟုတ်ဘူး"

လုမင်၏ မျက်နှာအမူအရာက တင်းမာနေသည်။ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီး၏ ခွန်အားက သူ စိတ်ကူးထားသည်ထက် ကျော်လွန်နေခဲ့ပြီ။

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီး၏ ကျင့်ကြံခြင်းက ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနှင့် ညီမျှသည်။ သို့သော်လည်း သူ၏ တိုက်ခိုက်နိုင်စွမ်းက သူမျှော်မှန်းထားသည်ထက် များစွာ ကျော်လွန်သွား၏။ သူ့အင်အားက လုမင် ထင်ထားသကဲ့သို့ ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူ မဟုတ်ပေ။ ထို့ထက် အများကြီး ပိုအားကောင်းသည်။

လုမင်ဟာ ရှန်းရွှီတိုက်အဖွဲ့အစည်း၏ စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူ တစ်ဦးထက်မက လိုက်လံသတ်ဖြတ်ခံခဲ့သည်။ ထို့ကြောင့် သူဟာ ဤစတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူများ၏ တိုက်ခိုက်နိုင်စွမ်းများအကြောင်း ကောင်းစွာသိပေသည်။

ရှန်းရွှီတိုက်အဖွဲ့အစည်းရှိ စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူများက သန်မာသော်လည်း သူတို့၏အင်အားမှာ ကန့်သတ်ချက် ရှိသည်။ သူတို့၏အင်အားက ကျင့်ကြံခြင်းအခြေခံထက် သိပ်မမြင့်မားကြပေ။

သို့ရာတွင်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီးက လုမင် မျှော်လင့်ထားသည်ထက် များစွာ သန်မာသည်။

'ယွမ်လုတိုက်ကြီးရဲ့ သိုင်းအုပ်ချုပ်သူတွေက ရှန်းရွှီတိုက်အဖွဲ့အစည်းရဲ့ သိုင်းအုပ်ချုပ်သူတွေထက် အများကြီး ပို အားကောင်းတာများ ဖြစ်နိုင်မလား။ ဒါမှမဟုတ် ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ ဒီလူကြီးက ပါရမီရှင်တစ်ဦးပဲလား၊ ဒါမှမဟုတ် သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံက မြင့်မားလွန်းတာကြောင့် ဖြစ်နိုင်တယ်'

လုမင် သူ့စိတ်ထဲမှ မှန်းဆလိုက်သည်။

ထို့နောက်တွင်၊ လုမင်က လှုပ်ရှားသွားပြီး ဒုတိယခန္ဓာ၏ဘေးတွင် ပေါ်လာခဲ့သည်။

ဒုတိယခန္ဓာ၏ အခြေအနေကို သတိပြုမိတော့ လုမင် မျက်မှောင်ကြုတ်လိုက်မိ၏။

သူ၏ ဒုတိယခန္ဓာမှာ ဒဏ်ရာအပြင်းအထန် ရခဲ့သည်။ သူ့ခန္ဓာကိုယ်တစ်ဝက်လောက် ပေါက်ကွဲသွားပြီး သူ့ခန္ဓာကိုယ်တစ်ဝက်သာ ကျန်တော့သည်။ ကံကောင်းထောက်မစွာဖြင့်၊ သူ၏ဒုတိယခန္ဓာမှ သီးခြားဝိညာဉ်မှာ ပြင်းထန်စွာ ဒဏ်ရာမရရှိခဲ့ပေ။ ထိုသို့မဟုတ်ပါက သူ၏ ဒုတိယခန္ဓာကို ဆုံးရှုံးသွားတော့မည် ဖြစ်သည်။

သို့သော်လည်း လက်ရှိ အခြေအနေမှာ ကောင်းမွန်လှသည် မဟုတ်ပေ။ ဒုတိယခန္ဓာ ပြန်လည်ကောင်းမွန်ရန်အတွက် အချိန်အတော်ကြာနိုင်သည်။ ဤအချိန်အတောအတွင်း၌ ဒုတိယခန္ဓာက လုမင်ကို မကူညီနိုင်တော့ပေ။

လုမင်လည်း လက်ကိုဝှေ့ယမ်းပြီး သူ၏ဒုတိယခန္ဓာကို တောင်နှင့်မြစ်ပန်းချီကားထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူက ယွမ်ချီစွမ်းအင်ဖြင့် သိုင်းအုပ်ချုပ်သူအလောင်းများမှ သိုလှောင်လက်စွပ်များကို စုဆောင်းခဲ့လေသည်။

"ဝုန်း... ဝုန်း..."

ထိုအချိန်တွင် တန်တန်၊ ပူဖောင်းလေးနှင့် ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူကြီးတို့ကြားမှ တိုက်ပွဲက အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

"ငါ မင်းနဲ့ သေတဲ့အထိ တိုက်ခိုက်မယ်ကွ"

တန်တန်က အော်ဟစ်ပြီး လေထဲတွင် ဘယ်ညာ ခုန်လွှားလိုက်သည်။ အမျိုးမျိုးသော တိုက်ခိုက်မှုများနှင့် ကမ္ပည်းများ ပေါ်လာခဲ့၏။

အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်က ပို၍ ရိုးရှင်းသည်။ သူက ရန်သူကို တိုက်ခိုက်ရန် အချိန်ဟင်းလင်းပြင်တာအိုနယ်မြေကိုသာ အသုံးပြုခဲ့၏။ သို့သော်လည်း သူ့စွမ်းအားက အလွန်ကြောက်စရာကောင်းသည်။ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီးလည်း ပူဖောင်းလေး၏ အချိန်ဟင်းလင်းပြင် တာအိုနယ်မြေကို အလွန် ကြောက်နေရသည်။ သူ သတိမထားမိပါက အချိန်ဟင်းလင်းပြင် တာအိုနယ်မြေကြောင့် အေးခဲသွားလိမ့်မည်။

တန်တန်နှင့် ပူဖောင်းလေးက အမှန်တကယ် အစွမ်းထက်သည်ဟု ဆိုရမည် ဖြစ်သည်။ သူတို့ဟာ မကြာသေးမီကမှ သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်သွားခဲ့သော်လည်း ၎င်းတို့နှစ်ဦး ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူကြီးကို တိုက်ခိုက်နိုင်ခဲ့သည်။ သူတို့၏ အထွတ်အထိပ်ကို ရောက်သောအခါ ဘယ်လောက်ထိ ကြောက်စရာကောင်းခဲ့မည်မှန်း တွေးကြည့်ရန်ပင် မလွယ်ပေ။

မကြာမီတွင် နှစ်ဘက်စလုံးက တိုက်ခိုက်မှုပေါင်း တစ်ရာကျော် အပြန်အလှန် ဖလှယ်ခဲ့ကြသည်။

"ဟားဟား၊ နောက်ဆုံးတော့ ပြီးပြီ"

ဤအချိန်တွင် တန်တန်က ရုတ်တရက် ရယ်မောလိုက်သည်။

သူက ရုတ်တရက် နောက်ဆုတ်သွား၏။ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီး၏ ပတ်ပတ်လည်တွင် ထူထပ်သောကမ္ပည်းစာများ ရုတ်တရက်ပေါ်လာကာ ကမ္ပည်းဝင်္ကပါကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။

ယခင်ကတော့ တန်တန်ကို ဟိုဟိုသည်သည် လျှောက်ခုန်နေသည်ဟု ထင်ခဲ့သည်။ ယခုတော့ သူက ဝင်္ကပါတစ်ခုကို လျှို့ဝှက်တည်ဆောက်နေကြောင်း သိသာထင်ရှားလှပေသည်။

ယခု ဝင်္ကပါ ပြီးသွားပြီ ဖြစ်သည်။

"ဝမ်"

ဝင်္ကပါက တောက်ပလာပြီး လိပ်ခွံကြီးကိုးခု ကောင်းကင်တွင် ပေါ်လာခဲ့၏။ လိပ်ခွံများက တောက်ပနေပြီး အရပ်ရပ်မှ ကောင်းကင်နတ်ဘုရားဂိုဏ်းမှလူကြီးကို ဖိနှိပ်လာတော့သည်။

"ကွဲစမ်း"

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီးက ဟိန်းဟောက်လိုက်သည်။ သူက ဓားချက်ထုတ်ဖော်ပြီး လိပ်ခွံကို ခုတ်ပိုင်းလိုက်၏။ သို့သော်လည်း လိပ်ခွံက တုန်ခါရုံမျှသာဖြစ်ပြီး မကွဲသွားခဲ့ပေ။

"ကောင်လေး၊ လုပ်လိုက်... အစွမ်းကုန် ထုတ်ဖော်လိုက်တော့"

တန်တန် အော်ဟစ်လိုက်သည်။ သူက ပါးစပ်ကိုဟပြီး ကစဉ့်ကလျား အလင်းတစ်ခုကို ထွေးထုတ်လိုက်၏။ ကစဉ့်ကလျား အလင်းအတွင်းမှ ကမ္ဘာတစ်ခု ဖြစ်ပေါ်လာတော့သည်။

ဤတစ်ကြိမ်တွင် တန်တန် ထွေးထုတ်လိုက်သော ကမ္ဘာကြီးက အလွန်လက်တွေ့ဆန်သည်။ ရောယှက်နေသော ကမ္ပည်းဝင်္ကပါအတွင်းမှလည်း သက်ရှိသတ္တဝါအမျိုးမျိုးတို့ အမှန်တကယ် ထွက်ပေါ်လာပြီး လူကြီးကို တိုက်ခိုက်လိုက်သည်။

"တွိ... တွိ..."

ပူဖောင်းလေးကလည်း အော်ဟစ်ပြီး သူ့လက်များကို ဝှေ့ယမ်းလိုက်၏။ ရုတ်တရက်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီး၏ ပတ်ဝန်းကျင်မှ ကြည်လင်သော ပူဖောင်းတစ်ခု ရုတ်တရက် ပေါ်လာကာ သူ့ကို ဖုံးအုပ်ထားတော့သည်။

ဤပူဖောင်းက ယခင်ကပေါ်လာသော ပူဖောင်းများနှင့် သိသိသာသာ ကွဲပြားသည်။ ကြည်လင်သော ပူဖောင်း၏ထိပ်တွင်၊ အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်တစ်ကောင်က လှည့်ပတ်နေပြီး ကောင်းကင်သို့မော့၍ ဟိန်းဟောက်လျက် ရှိ၏။

"ချိုးဖျက်၊ ချိုးဖျက်၊ ချိုးဖျက်လိုက်"

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီးလည်း အန္တရာယ်ကို ခံစားရပုံရှိသည်။ သူက အသည်းအသန် ဟိန်းဟောက်ပြီး ဓားချက်များထုတ်ဖော်ကာ လိပ်ခွံအကာအကွယ်ကို ချိုးဖျက်ရန် ကြိုးစားတော့သည်။

"ခွမ်း..."

လိပ်ခွံတစ်ခုပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာပြီးနောက် နောက်ဆုံး ပေါက်ကွဲသွားသည်။

"ပေါက်ကွဲ။ ပေါက်ကွဲ၊ ပေါက်ကွဲတော့"

တန်တန်က ဟိန်းဟောက်လိုက်သည်။

"ဝုန်း... အုန်း"

တန်တန် တွေးထွေးလိုက်သော ကမ္ဘာကြီးက ရုတ်တရက် ပေါက်ကွဲသွား၏။ တစ်ချိန်တည်းမှာပင်၊ ပူဖောင်းလေး၏ ဖောက်ထွင်းမြင်ရသော ပူဖောင်းသည်လည်း ပေါက်ကွဲသွားတော့သည်။

ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားများက ထိုဧရိယာတစ်ခုလုံးကို ချေမှုန်းလိုက်သည်။ ပတ်ဝန်းကျင်တစ်ခုလုံးက အနက်ရောင် ဟင်းလင်းပြင်တွင်းနက်ကြီးအဖြစ် ပေါက်ကွဲသွား၏။

တန်တန်နှင့် ပူဖောင်လေးသည်လည်း အဖျက်စွမ်းအား မုန်တိုင်းကြောင့် အဝေးသို့ လွင့်ပျံသွားခဲ့သည်။

လုမင်က အမြန်လှုပ်ရှားပြီး တန်တန်နှင့် ပူဖောင်းလေးကို ဖမ်းထားလိုက်ပေသည်။

ယခုအချိန်တွင် တန်တန်နှင့် ပူဖောင်းလေး၏ အရှိန်အဝါက အလွန်အားနည်းနေပြီး သွေးရောင်အလင်းများလည်း မှိန်ဖျော့သွားခဲ့သည်။

"တွိ..."

ပူဖောင်းလေးက အားမရှိတော့သလို လေသံပျော့ပျော့ဖြင့် အော်လိုက်သည်။ ထို့နောက်တော့ သူ့ခန္ဓာကိုယ်လေးက တစ်ချက်လူးလွန့်ပြီး သတိလစ် မေ့မျောသွားတော့သည်။

"ပူဖောင်းလေး…"

လုမင်လည်း သူ့နှလုံးသားထဲတွင် နာကျင်မှုကို ခံစားလိုက်ရသည်။

"လုမင်၊ ပူဖောင်းလေးနဲ့ ငါက သွေးအနှစ်သာရတွေကို လောင်ကျွမ်းစေခဲ့တာကြောင့် ဆုံးရှုံးမှုကြီးကြီးမားမား ခံစားခဲ့ရတယ်။ ဒါကြောင့် ခဏလောက် အိပ်နေရ‌တော့မှာ ငါ ကြောက်တယ်။ တကယ်လို့ ငါ အိပ်ရာကနေ နိုးလာတဲ့အခါ မင်း ဝိညာဉ်ဆေးတွေ အများကြီး ပြင်ဆင်ပေးရမယ်..."

တန်တန်လည်း ပြောဆိုပြီးနောက် သတိလစ်သွားလေသည်။

"စိတ်ချကြပါ"

လုမင် ခပ်တိုးတိုးပြောပြီး ပူဖောင်းလေးနှင့် တန်တန်ကို တောင်နှင့်မြစ် ပန်းချီကားအတွင်းသို့ ထည့်လိုက်သည်။

"ဝုန်း... အုန်း..."

ပေါက်ကွဲမှုများက ဆက်လက်ဖြစ်ပွားနေပြီး အချိန်အတော်ကြာမှ ငြိမ်သက်သွားခဲ့သည်။

ကောင်းကင်တွင် ရုပ်သွင်တစ်ခု ပေါ်လာခဲ့၏။

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီးက အသက်ရှင်နေဆဲ ဖြစ်သည်။

သို့သော်လည်း ယခုအချိန်တွင် သူ့အခြေအနေက အတော်ပင် သနားစရာကောင်းလေသည်။ သူ့တစ်ကိုယ်လုံး စုတ်ပြဲပြီး ဒဏ်ရာကြီးငယ်များက ပြည့်နေသည်။ သွေးများကလည်း အဆက်မပြတ် စီးကျနေတော့သည်။

သူ့အရှိန်အဝါက အလွန်အားနည်းနေပြီး သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည့် စွမ်းအင်အလွှာတစ်ခု ရှိနေသောကြောင့်သာ လေထဲတွင် ရပ်နေနိုင်ခြင်း ဖြစ်ချေသည်။

"ချီးပဲ၊ သေစမ်း"

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီး အော်ဟစ်ကျိန်ဆဲလိုက်သည်။ သူဟာ အလွန်သနားစရာ ဖြစ်ခဲ့၏။

ဦးခေါင်းမဲ့ နဂါးစီးသူရဲ၏ ကျိန်စာကြောင့် သူ၏ ကျင့်ကြံခြင်းအခြေခံက နောက်ပြန်ဆုတ်သွားခဲ့သည်။ သို့သော်လည်း အချိန်အတော်ကြာပြီးနောက် ခက်ခက်ခဲခဲ ပြန်ကောင်းလာနိုင်သေးသည်။ သို့သော်လည်း ယခုအခါ တန်တန်နှင့် ပူဖောင်းလေး၏ တိုက်ခိုက်မှုကြောင့် သူ ဒဏ်ရာအပြင်းအထန် တစ်ဖန်ရခဲ့၏။ သူ့ဒဏ်ရာများက ပိုဆိုးလာပြီး အနာဂတ်မှာ ပြန်ကောင်းလာမည်ဆိုလျှင်ပင် သူ၏ ကျင့်ကြံခြင်းအခြေခံက နောက်ပြန်ဆုတ်သွားဖွယ်ရှိပြီး ဘယ်တော့မှ တိုးတက်နိုင်တော့မည် မဟုတ်ပေ။

ဤအခိုက်တွင် သူ့ဒေါသက ကောင်းကင်ကိုပင် လောင်ကျွမ်းစေနိုင်လောက်သည်။

"သတ်"

သူ မတုံ့ပြန်နိုင်မီတွင် အေးစက်စက် သတ်ဖြတ်ချင်စိတ်တစ်ခုက သူ့ကို ဖုံးလွှမ်းသွားသည်။

လုမင် တိုက်ခိုက်ခဲ့၏။ ကစဉ့်ကလျား တာအိုနယ်မြေသန္ဓေ ရစ်ပတ်ထားသော နဂါးအမှတ်အသားဓားဖြင့် ခုတ်ပိုင်းလိုက်တော့သည်။

"ထန်..."

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီးလည်း သူ့ဓားကိုမြှောက်ပြီး သူ့ရှေ့တွင် ပိတ်ဆို့လိုက်သည်။

နဂါးအမှတ်အသားဓားက သူ့ဓားရှည်ကို ထိမှန်သွားသောအခါ သူ့ခန္ဓာကိုယ်ကို ပြင်းထန်စွာ လှုပ်ခါသွားစေခဲ့၏။ သူ့ခန္ဓာကိုယ်က အမြောက်ကျည်ကဲ့သို့ လွင့်စဉ်သွားပြီး ပါးစပ်တွင်းမှ သွေးများ အန်ထွက်လာတော့သည်။

ယခုအချိန်တွင် သူက လုမင်ကို မယှဉ်နိုင်တော့ပါ။

"သတ်"

လုမင်က ကြိမ်းမောင်းပြီး လူကြီးကို တိုက်ခိုက်လိုက်သည်။

"လုမင်၊ ဒီနေ့ မင်းရဲ့အသက်ကို ချမ်းသာပေးလိုက်မယ်"

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီးက ငေါက်ငမ်းပြီး လှည့်ပြေးသွား၏။

"ဘယ်ကိုသွားမှာလဲ"

လုမင်လည်း လေဓာတ်စွမ်းအင် တာအိုသိုင်းကို အသုံးပြုပြီး ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီးနောက်ကို တဟုန်ထိုး ပြေးလိုက်တော့သည်။

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီးက အံ့မခန်း အမြန်နှုန်းဖြင့် ဓားအလင်းတစ်ခုကဲ့သို့ လေထုကိုထိုးခွဲကာ ပျံသန်းသွားသည်။ လုမင်လည်း အေးခဲလေပုလဲကို အသုံးပြုပြီး လေဓာတ်စွမ်းအင်တာအိုသိုင်းကို ထောက်ပံ့‌လိုက်၏။ သို့သော်လည်း ခဏချင်းတော့ လိုက်မမီနိုင်ခဲ့ပေ။

All Chapters