အခန်း ၁၃၈၉
Vol. 93 Ch. 1389
အပိုင်း ( 1389 ) ငရဲဖိနှိပ်ကျောက်စာချပ်၏ အခြား အစိတ်အပိုင်းတစ်ခု တည်ရှိရာနေရာ။
သူတို့နှစ်ယောက်ဟာ ခဏချင်း ဤနေရာမှ ပျောက်ကွယ်သွားကြသည်။
သို့သော်လည်း၊ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီးအတွက် လုမင်ကို ဖြတ်ချန်ခဲ့ရန် မဖြစ်နိုင်ပေ။
ထို့အပြင် အချိန်ကြာလာသည်နှင့်အမျှ လုမင်နှင့် ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီးတို့ကြား အကွာအဝေးက နီးကပ်လာသည်။
နောက်ဆုံးတွင်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းမှလူကြီး ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး အသက်မသေရေးသာ ထွက်ပြေးခဲ့ရသည်။ သူ့ဒဏ်ရာများ ပိုဆိုးလာသည်နှင့်အမျှ သူ့အရှိန်ကလည်း တဖြည်းဖြည်း နှေးလာတော့သည်။
'မဖြစ်ဘူး၊ ဒီအတိုင်းဆက်သွားရင် ဒီကောင်က ငါ့ဆီ အနှေးနဲ့အမြန်ဆိုသလို ရောက်လာလိမ့်မယ်။ အခု ငါက ဒဏ်ရာ ပြင်းပြင်းထန်ထန်ရနေပြီဆိုတော့ သူ့ကို မယှဉ်နိုင်တော့ဘူး'
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီးက လွတ်မြောက်ရန် နည်းလမ်းကို အမြန် စဉ်းစားလိုက်သည်။
သူ့နောက်မှာတော့ အေးစက်စက် မျက်လုံးများနှင့် လုမင် လိုက်လာနေဆဲ ဖြစ်၏။ သူ့ခန္ဓာကိုယ်ကို မိုးပြာရောင်အလင်းက ရစ်ပတ်နေပြီး ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီးနောက်ကို လျင်မြန်စွာ လိုက်နေတော့သည်။
ထိုလူကြီးကို သူ သတ်ရမည်။
ထိုလူကြီးက သူ့အား ကျွမ်းကျင်သူများစွာ လိုက်လံသတ်ဖြတ်ကြခြင်း၏ အဓိက တရားခံ ဖြစ်သည်။
ဦးစွာ၊ လုမင်တွင် ဟွင်းယွမ်တံဆိပ်ပြားရှိပြီး နတ်ဘုရား အပျက်အယွင်းများ၏ အမြုတေသို့ လုံခြုံစွာ ဝင်ရောက်နိုင်ကြောင်း သတင်း ဖြန့်သည်။ ထို့နောက် နဂါးနတ်ဘုရားတောင်ကြား ပျက်စီးသွားကြောင်း သတင်းမှားကို ဖြန့်၏။ ထို့ကြောင့်လည်း ရှန်းရွှီတိုက်အဖွဲ့အစည်းမှ လူများက အကြောက်အရွံ့မရှိတော့ဘဲ လုမင်ကို ဖမ်းဆီးနိုင်ရန် အစွမ်းကုန် အားထုတ်ကြခြင်း ဖြစ်တော့သည်။
နောက်ပိုင်းတွင်၊ လုမင်က ရှန်းရွှီတိုက်အဖွဲ့အစည်းမှ တန်ခိုးကြီးသော ကျင့်ကြံသူ အများအပြားကို သတ်ပြီးသောအခါ၊ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ဤလူကြီးက ခိုးဝင်တိုက်ခိုက်ပြီး သူ၏ ဒုတိယ ခန္ဓာကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။ ယခုဆိုပါက တန်တန်နှင့် ပူဖောင်းလေးပင်လျှင် သတိမေ့မြောသွားပြီ။
လုမင်အတွက် ကြီးမားသော ဆုံးရှုံးမှုကို ခံစားခဲ့ရသည်။
ထို့အပြင်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ဤလူကြီးက သူမသေလျှင် အနာဂတ်တွင် လုမင်အား လက်စားချေမည်မှာ သေချာသည်။ ရှမ်းဟွမ်တိုက်ကြီးရှိ သူ၏မိသားစုနှင့် သူငယ်ချင်းများပင် အန္တရာယ်ရှိလိမ့်မည်။
ထို့ကြောင့် လုမင်ဟာ နောင်လာမည့်ဒုက္ခများကို ကြိုရှင်းရန်အတွက် ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ဤလူကြီးအား တန်ကြေးတစ်ခုပေးဆပ်ရလျှင်ပင် တစ်ခါတည်း လက်စတုံးပစ်ရမည် ဖြစ်သည်။
သူတို့နှစ်ယောက်ကြားမှ အကွာအဝေးက ပို၍ နီးလာပြီ။
'မဟုတ်ဘူး၊ ဒီအတိုင်း မသွားနိုင်တော့ဘူး။ ငါစမ်းကြည့်မယ်'
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီးက ပြတ်သားသော အကြည့်တို့ ပေါ်လာခဲ့သည်။ သူဟာ ရုတ်တရက် ဦးတည်ချက်ပြောင်းပြီး အရှေ့ဘက်သို့ ပြေးသွား၏။
'အဲဒါ… ရှန်းရွီ ရှေးမြို့တော်ရဲ့ ဦးတည်ချက်ပဲ'
လုမင်၏ မျက်လုံးများက အရောင်ပြောင်းသွားသည်။
ထိုလူ ဦးတည်သည်က ရှန်းရွှီတိုက်ကြီး၏ အလယ်ပိုင်းဖြစ်သော ရှန်းရွှီရှေးမြို့တော်သို့ ဖြစ်ချေသည်။ ဤနေရာမှာ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ အကျော်အမော်များ လာရောက်ကြသည့် ရှန်းရွှီရှေးမြို့တော်နှင့် မဝေးလှပေ။
'သူက ရှန်းရွှီရှေးမြို့တော်က တည်နေရာရွှေ့ပြောင်းခြင်း အစီရင်နဲ့ ကောင်းကင်နတ်ဘုရားဂိုဏ်းဆီ ပြန်ပြေးရအောင် ကြိုးစားနေတာလား'
လုမင် မှန်းဆလိုက်၏။
သူခန့်မှန်းတာ မမှားပေ။ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီးက သူ့ဒဏ်ရာများကို ဂရုမစိုက်တော့ပါ။ သူဟာ ကောင်းကင်နတ်ဘုရားဂိုဏ်းသို့ ပြန်သွားရန် တည်နေရာရွှေ့ပြောင်းခြင်း အစီရင်ကို အသုံးပြုလိုခဲ့သည်။
ကောင်းကင်နတ်ဘုရားဂိုဏ်းသို့ ပြန်ရောက်နေသမျှ ကာလပတ်လုံး သူ လုံခြုံလိမ့်မည်။ အနာဂါတ်တွင်၊ သူ့ဒဏ်ရာမှ ပြန်လည်သက်သာလာသောအခါ၊ ရှန်းရွှီတိုက်အဖွဲ့အစည်းသို့ ပြန်လာမည်ဖြစ်ပြီး လုမင်၏ သူငယ်ချင်းများနှင့် မိသားစုအားလုံးကို သတ်ပစ်ကာ ရှမ်းဟွမ်တိုက်ကြီးကို လုံးဝဖျက်ဆီးပစ်မည် ဖြစ်သည်။
အေးစက်သော အလင်းတန်းတစ်ခုက ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီး၏ မျက်လုံးများတွင် လင်းလက်သွားခဲ့သည်။
"မင်း ဆန္ဒရှိတိုင်း ငါခွင့်မပြုနိုင်ဘူး"
လုမင်၏ အကြည့်က ပြတ်သားမှုတို့ ပေါ်လာသည်။ သူက အေးခဲလေပုလဲထဲသို့ စွမ်းအင်များ ပိုမို သွန်းလောင်းခဲ့သည်။ လေဓာတ်စွမ်းအင်တာအိုသိုင်းကိုလည်း အဆုံးစွန်ထုတ်ဖော်ပြီး သူ့အရှိန်ကို မြှင့်တင်ခဲ့၏။ သူနှင့် ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူကြီးကြား အကွာအဝေးက လျင်မြန်စွာ ကျဉ်းမြောင်းလာတော့သည်။
"မြန်မြန်၊ ပိုပြီး မြန်စမ်း"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီးလည်း နှလုံးသားမှ ဟိန်းဟောက်ရင်း လွတ်မြောက်ရန် အစွမ်းကုန်ကြိုးစားလိုက်သည်။
မကြာမီပင် ရှေးဟောင်းမြို့တော်ကြီးတစ်ခုက သူတို့ရှေ့မှာ ပေါ်လာတော့သည်။
"ဝှစ်... ဝှစ်..."
သူတို့နှစ်ယောက်က ရှေ့ဆင့်၊ နောက်ဆင့် ရှန်းရွှီရှေးမြို့တော်ထဲကို ပြေးဝင်သွားသည်။
"အဲဒါက ဘာလဲဟ၊ တကယ့်ကို အားကောင်းလိုက်တဲ့ အရှိန်အဝါတွေ"
"အဲဒါ သိုင်းအုပ်ချုပ်သူပေါ့။ ဒါပေမဲ့ ဒီလောက် အားကောင်းတာ... ဘယ်သူများလဲ"
ရှန်းရွှီရှေးမြို့တော်မှ ကျွမ်းကျင်သူတချို့က ထိတ်လန့်တုန်လှုပ်သွားပြီး ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။
သူတို့ရှေ့တွင်၊ ကောင်းကင်တိုင် သုံးဆယ့်ခြောက်ခုကိုပင် လှမ်းမြင်နေရပြီ။
"ရောက်တော့မယ်၊ ငါရောက်ခါနီးပြီ"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီး၏ မျက်လုံးများက မျှော်လင့်ချက်များဖြင့် တောက်ပလာခဲ့သည်။
"ငါ့ကို စွမ်းအားပေးစမ်း"
ထိုအချိန်တွင် လုမင်က ဟိန်းဟောက်လိုက်သည်။ အေးခဲလေပုလဲမှ ပို၍အားကောင်းသော စွမ်းအင်တစ်ခုက သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်လာ၏။ လုမင်၏ ခန္ဓာကိုယ်က တစ်ချက်တုန်ခါသွားပြီး ပါးစပ်မှ သွေးများ အန်ထွက်လာတော့သည်။
အေးခဲလေပုလဲဟာ အင်မတန် စွမ်းအားကြီးမားသည်။ ပို၍များပြားသည့် စွမ်းအင်များကို ဆွဲယူသောအခါ လုမင်၏ ခန္ဓာကိုယ်က မခံနိုင်တော့ပေ။ သူ ဒဏ်ရာရသွားသည်။
သို့သော်လည်း လုမင်၏ အရှိန်က တဟုန်ထိုး တိုးတက်လာခဲ့၏။ သူက ရုတ်ချည်းဆိုသလို ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူကြီးထံသို့ ရောက်သွားတော့သည်။
"ဝုန်း"
လုမင်က နဂါးအမှတ်အသားဓားဖြင့် ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူကြီးကို ထိုးခုတ်လိုက်သည်။
"မကောင်းတော့ဘူး"
ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူကြီး တုန်လှုပ်သွားပြီး အမြန်လှည့်ကာ သူ့ဓားဖြင့် ပိတ်ဆို့လိုက်၏။
"ထန်... ဝုန်း"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီး လွင့်စဉ်သွားကာ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရတော့သည်။
"ဖိနှိပ်"
ငရဲဖိနှိပ်ကျောက်စာချပ်က လုမင်၏ ဦးခေါင်းထက်တွင် ပေါ်လာသည်။ လုမင်က သွေးမျိုးဆက်ပေါင်းစပ်ခြင်းဖြင့် ငရဲဖိနှိပ်ကျောက်စာချပ်အသွင်ပြောင်းပြီး ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီးကို ဖိနှိပ်လိုက်၏။
"ဝုန်း"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီးကို ငရဲဖိနှိပ်ကျောက်စာချပ်က ဖိချလိုက်သည်။ သူ့ခန္ဓာက ဥက္ကာခဲကဲ့သို့ မြေပြင်ပေါ် ပြင်းပြင်းထန်ထန် ပစ်ကျသွား၏။ ကောင်းကင်တိုင်တောင်ထိပ် ပြိုကျသွားပြီး သူ့ခန္ဓာကိုယ်လည်း ပေါက်ကွဲလုမတတ် ခံစားလိုက်ရတော့သည်။
"ငရဲဖိနှိပ်ကျောက်စာချပ်၊ မင်းမှာ ဘာဖြစ်လို့ ငရဲဖိနှိပ်ကျောက်စာချပ်ရှိနေတာလဲ။ ဒါက သွေးမျိုးဆက်လား၊ မဟုတ်သေးဘူး... ဒါက ငရဲဖိနှိပ်ကျောက်စာချပ်ရဲ့ အစိတ်အပိုင်း တစ်ခုပဲ…”
ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူကြီးက ရုန်းကန်ပြီး ပြန်ထရပ်လာသည်။ လုမင်၏ ငရဲဖိနှိပ်ကျောက်စာချပ်ကိုမြင်တော့ မယုံကြည်နိုင်စွာ အော်လိုက်၏။
"ဝုန်း"
လုမင်က ဂရုမစိုက်ဘဲ ငရဲဖိနှိပ်ကျောက်စာချပ်ဖြင့် ထပ်မံ ဖိချလိုက်သည်။
ဤတစ်ကြိမ်တွင်၊ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူကြီးမှာ အသတ်ခံရလုနီးပါး ဖြစ်သွားသည်။ သူ့အရှိန်အဝါများမှာ အလွန်အားနည်း၏။ သူ့လက်ထဲမှ ဓားရှည်လည်း လွတ်ကျသွားပြီး ခုခံရန် ခွန်အားမရှိတော့ပေ။
"မလုပ်နဲ့... ငါ့ကိုချမ်းသာပေးပါ..."
လူကြီးက ကြောက်လန့်တကြား ထအော်လိုက်သည်။
"ချမ်းသာရမှာလား၊ အရင် မင်း ငါ့ကိုသတ်ချင်တုန်းက ကရုဏာမပြခဲ့ဘူး။ ငါ့ကံကောင်းလို့သာမဟုတ်ရင် ငါသေပြီးသား ဖြစ်လိမ့်မယ်"
လုမင်၏ အေးစက်စက်အသံက ငရဲဖိနှိပ်ကျောက်စာချပ်အတွင်းမှ ထွက်ပေါ်လာသည်။
ငရဲဖိနှိပ်ကျောက်စာချပ်က တုန်ခါပြီး အေးစက်စက် သတ်ဖြတ်ချင်စိတ်များကို ထုတ်လွှတ်လာခဲ့သည်။ ၎င်းက ထပ်မံဖိနှိပ်ပြီး ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူကြီးကို လုံးလုံးလျားလျား ချေမှုန်းရန် ဟန်ပြင်လိုက်၏။
"လုမင် ခဏလေး၊ မင်းက ငရဲဖိနှိပ်ကျောက်စာချပ်ရဲ့ သွေးမျိုးဆက်ကို နိုးထလာတာပဲ။ ငရဲဖိနှိပ်ကျောက်စာချပ်ရဲ့ မူလခန္ဓာကိုသာ မင်းရနိုင်ရင် မင်းက အတောင်ပံပေါက်နေတဲ့ ကျားတစ်ကောင်လို ဖြစ်လာလိမ့်မယ်"
ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူကြီးက ရုတ်တရက် အော်ဟစ်လိုက်သည်။
"ငရဲဖိနှိပ်ကျောက်စာချပ်ရဲ့ မူလခန္ဓာအကြောင်း မင်းသိတာလား"
သတ်ဖြတ်ချင်စိတ်များနှင့် ငရဲဖိနှိပ်ကျောက်စာချပ်က ရပ်တန့်သွားပြီး လုမင်၏ အသံကို ကြားလိုက်ရသည်။
လုမင် စိတ်ဝင်စားလာတာကို မြင်လိုက်ရတော့ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီး ဝမ်းသာသွားသည်။
“မှန်ပါတယ်။ ဒဏ္ဍာရီအရ ငရဲဖိနှိပ်ကျောက်စာချပ်ဟာ ဟိုးရှေးရှေးတုန်းက တန်ခိုးရှင်တစ်ဦးရဲ့ ဖြိုချခံခဲ့ရတယ်။ အဲဒါက အပိုင်းအစတွေ အများကြီးဖြစ်လာပြီး ကမ္ဘာအနှံ့ ပြန့်ကျဲသွားတယ်လေ။ အဲဒီအထဲက အစိတ်အပိုင်းတစ်ခုက ဘယ်မှာရှိတယ်ဆိုတာ ငါသိတယ်။ အဲဒါ ကောင်းကင်နတ်ဘုရားဂိုဏ်းပဲ"
"ကောင်းကင်နတ်ဘုရားဂိုဏ်း"
လုမင်၏ နှလုံးသားက လှုပ်ရှားသွားသည်။
"ဟုတ်ပါတယ်၊ မင်း ငါ့ကို လွှတ်လိုက်မယ်လို့ ကတိပေးရင် ငရဲဖိနှိပ်ကျောက်စာချပ်ရဲ့ အပိုင်းအစကို ကောင်းကင်နတ်ဘုရားဂိုဏ်းဆီ ပြန်သွားတဲ့အခါ မင်းရရှိဖို့ နည်းလမ်း သေချာပေါက် ရှာပေးနိုင်တယ်"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီးက အော်လိုက်သည်။ သို့သော်လည်း သူ့စိတ်ထဲမှာတော့ တစ်ခုခုကို ကြံစည်နေ၏။
"ဟားဟား၊ မင်းကိုယုံမယ်လို့ ထင်နေတာလား။ ငရဲဖိနှိပ်ကျောက်စာချပ်ရဲ့ အပိုင်းအစက ကောင်းကင်နတ်ဘုရားဂိုဏ်း ကာကွယ်ထားမဲ့ ရတနာတစ်ခုဖြစ်မှာ သေချာတယ်။ မင်းရဲ့ ကျင့်ကြံခြင်းအခြေခံအရလည်း ကောင်းကင်နတ်ဘုရားဂိုဏ်းမှာ ရာထူးကြီးကြီးမဟုတ်တာ အသေအချာပဲ။ ငရဲဖိနှိပ်ကျောက်စာချပ်ရဲ့ အစိတ်အပိုင်းကို မင်းဘယ်လိုရနိုင်မှာလဲ။ ငါက လှည့်စားရတာ ဒီလောက်လွယ်တယ်လို့ မင်းထင်နေတာလား"
"ကောင်းကင်နတ်ဘုရားဂိုဏ်းမှာ ငရဲဖိနှိပ်ကျောက်စာချပ်ရဲ့ အစိတ်အပိုင်းတွေ တကယ်ရှိခဲ့ရင်တောင် နောင်မှာ ငါကိုယ်တိုင် ယူလိုက်မယ်။ ဒါကြောင့် မင်းသေသင့်ပြီ"
လုမင်က အေးစက်စက်ဖြင့် ပြောလိုက်သည်။ သူက ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူကြီးကို သတ်တော့မည်။
"ဝမ်"
ဤအခိုက်တွင်၊ ကောင်းကင်ယံရှိ ရှေးဟောင်း ယဇ်ပလ္လင် ကိုးခုအနက်မှ တစ်ခုက ရုတ်တရက် တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
လုမင် အံ့သြသွား၏။
ယဇ်ပလ္လင်မှ အလင်းရောင် ထုတ်လွှတ်လာခြင်းမှာ ယွမ်လုမှလူတစ်ဦးတစ်ယောက် ရောက်ရှိလာသော အဓိပ္ပာယ် ဖြစ်သည်။
သို့သော်လည်း ယွမ်လုအင်အားစုကြီးနှင့် နှစ်နှစ်သဘောတူညီချက်က လဝက်လိုသေးသည်။ ယွမ်လုမှ လူများက စောစောကြိုပြီး ရောက်လာတာများ ဖြစ်နိုင်မလား။
"ဝမ်"
ပထမယဇ်ပလ္လင် တောက်ပပြီးနောက် ဒုတိယ၊ ထို့နောက် တတိယယဇ်ပလ္လင်လည်း ထွန်းလင်းတောက်ပလာခဲ့သည်။
စုစုပေါင်း ယဇ်ပလ္လင်သုံးခု ထွန်းလင်းသွားပြီး တံခါးပေါက်တစ်ခုစီ ပေါ်လာခဲ့၏။ ယဇ်ပလ္လင်သုံးခုမှ လူရိပ်နှစ်ခုစီ ပေါ်လာကြတော့သည်။
"ကောင်းကင်နတ်ဘုရားဂိုဏ်းက လူတွေ"
လုမင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
လုမင်ဟာ ယဇ်ပလ္လင်တစ်ခုပေါ်မှ လူတစ်ဦးကို မှတ်မိသည်။ ၎င်းမှာ ဆံပင်ဖြူ အဘိုးကြီး ဖြစ်၏။ ထိုအဘိုးကြီးသည်ကား တပည့်ရွေးချယ်စဉ်တွင် သူတွေ့ဆုံခဲ့သော ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ဆံပင်ဖြူအဘိုးကြီး ဖြစ်ချေသည်။
ဆံပင်ဖြူ အဘိုးကြီး၏ နောက်မှာတော့ လုမင် တစ်ခါမှ မမြင်ဖူးသော လူငယ်တစ်ယောက် ရှိနေသည်။