အခန်း ၁၃၉၃
Vol. 93 Ch. 1393
အပိုင်း ( 1393 ) နဂါးနတ်ဘုရားတောင်ကြားသို့ ရောက်ပြီ။
လုမင်၏ ကျင့်ကြံခြင်း အခြေခံဖြင့် ဟင်းလင်းပြင်ကို ဖြတ်သန်းရန် နေနေသာသာ၊ ပုံမှန် ပျံသန်းခြင်းသည်ပင် အဆ ဒါဇင်ချီကာ ပို၍ နှေးကွေးနေပြီ ဖြစ်သည်။
"ယွမ်လုက တကယ်ကို ထူးခြားတာပဲ"
လုမင် ပြောလိုက်သည်။
"လုမင်၊ မင်းမှားနေပြီ။ ဒါက ယွမ်လုမဟုတ်ဘူး"
လုံယွမ်ရှန်က ပြုံးလိုက်သည်။
ဘေးနားမှ လုံဝေကလည်း ပြုံးလိုက်၏။ လုမင်၏ တုံ့ပြန်မှုကို ကြိုတင်မျှော်လင့်ထားပုံရသည်။
"ဘယ်လို၊ ဒါက ယွမ်လုမဟုတ်ဘူးလား"
လုမင် အံ့အားသင့်သွားသည်။
"အမှန်ပဲ"
လုံယွမ်ရှန်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ လေထဲမှ ပန်းချီကား ပုံရိပ် ပျောက်ကွယ်သွား၏။ သူက ဆက်ပြောလိုက်သည်။
"ဒါက ယွမ်လုအနီးက ကျွန်းငယ်လေးတစ်ခုပါပဲ။ မင်းမျက်လုံးထဲမှာတော့ ဒါက တိုက်ကြီးပေါ့။ တကယ်တမ်း ယွမ်လုမှာဆိုရင် ပြင်ပကမ္ဘာရဲ့ ဖိအားက ဒီထက် အများကြီး ပိုပြင်းထန်လိမ့်မယ်။ ကမ္ဘာပေါ်က အရာအားလုံးကလည်း ဒီထက်ပိုပြီး ပိုတည်ငြိမ်သွားလိမ့်မယ်"
"ဘာ"
လုမင်၏ နှလုံးသားမှာ တုန်လှုပ်သွားမိသည်။
ဤနေရာက ယွမ်လု မဟုတ်ပေ။ ယွမ်လုအနီးမှ ကျွန်းတစ်ကျွန်းသာ ဖြစ်သည်။
ဤနေရာသည် ယွမ်လုအနီးမှ ကျွန်းတစ်ကျွန်းသာ ဖြစ်သော်လည်း ကမ္ဘာပေါ်ရှိ အရာအားလုံးက အလွန်တည်ငြိမ်နေပြီ။ ပြင်ပကမ္ဘာမှ ဖိအားများကလည်း အလွန် ပြင်းထန်နေပြီ ဖြစ်သည်။ သို့ဆိုလျှင် ယွမ်လုတိုက်ကြီးက မည်မျှ ကြောက်စရာကောင်းမည်နည်း။
သို့သော်လည်း လုမင်ဟာ တစ်ခုခုကို ချက်ချင်းစဉ်းစားလိုက်မိသည်။
ဤနေရာမှာပင် ကျင့်ကြံခြင်း ပတ်ဝန်းကျင်က ရှန်းရွှီတိုက်အဖွဲ့အစည်းထက် အဆများစွာ သာလွန်နေပြီဖြစ်သည်။ ယွမ်လုမှာဆိုလျှင် ကျင့်ကြံခြင်း ပတ်ဝန်းကျင်က မည်မျှ ကောင်းလိုက်ပါမည်နည်း။
ပြင်ပကမ္ဘာ၏ ဖိအားများက အသေးအဖွဲကိစ္စသာ ဖြစ်သည်။ အချိန်တစ်ခုကြာပြီးနောက် ကျင့်သားရလာလိမ့်မည်။ အရေးကြီးဆုံးက ကောင်းမွန်သော ကျင့်ကြံခြင်း ပတ်ဝန်းကျင် ဖြစ်သည်။
လုမင်၏ မျက်လုံးများက မျှော်လင့်ချက်တို့ဖြင့် ပို၍ပင် ပြည့်နှက်လာတော့သည်။
"လုမင်၊ ဒါက အပြင်လူတွေ ကျင့်သားရဖို့ ခဏရပ်နားတဲ့ နေရာတစ်ခုပါပဲ။ မဟုတ်လို့ ယွမ်လုကို ချက်ချင်း ဝင်ရောက်သွားရင် မင်း မခံနိုင်မှာ ကြောက်ရတယ်"
လုံယွမ်ရှန်က အပြုံးဖြင့် ရှင်းပြလိုက်သည်။
လုမင်လည်း နားလည်ဟန်ဖြင့် ခေါင်းညိတ်လိုက်လေသည်။
"သွားရအောင်။ ရှေ့ကို ဆက်သွားကြဦးစို့။ တခြားသူတွေလည်း ရောက်လာသင့်ပြီ။ ငါတို့ ဒီမှာ လဝက်လောက် နေရမယ်"
လုံယွမ်ရှန်က ပြောဆိုပြီး ရှေ့မှ ထွက်သွားသည်။
တောင်တစ်လုံးကို ဖြတ်ကျော်ပြီးသောအခါ အဆောက်အဦတချို့ သူတို့ရှေ့တွင် ပေါ်လာသည်။ ဤနေရာတွင် နေထိုင်သော လူငယ်အချို့ ရှိနေသည်ကိုလည်း လုမင် သတိပြုမိ၏။
ထိုလူငယ်များ၏ ကျင့်ကြံခြင်းအခြေခံက အလွန် သန်မာသည်။ အဋ္ဌမအဆင့် ဝိညာဉ်ဘုရားများနှင့် နဝမအဆင့် ဝိညာဉ်နတ်ဘုရားများအပြင် ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားများပင် ရှိသေးသည်။
လုမင်ဟာ အသန်မာဆုံးသူက အဓိပဓိအဆင့်တွင်ဖြစ်ကြောင်း တွေ့ခဲ့ရသည်။
ဤလူငယ်များသည် နဂါးနတ်ဘုရားတောင်ကြားမှ စုဆောင်းထားသော တိုက်ကြီးအမျိုးမျိုးမှ တပည့်များဖြစ်ကြောင်း လုံယွမ်ရှန်၏ ပြောစကားအရ သိခဲ့ရပေသည်။ လုမင်ကဲ့သို့ပင် သူတို့က အကြောင်းအမျိုးမျိုးကြောင့် ၎င်းတို့၏မူလတိုက်ကြီးတွင် နေခဲ့ကြသည်။ ယခုအခါမှ နဂါးနတ်ဘုရားတောင်ကြားသို့ လာရောက်ကြခြင်း ဖြစ်၏။ အရေအတွက်ကတော့ သိပ်မများဘဲ စုစုပေါင်း လူတစ်ရာခန့်သာ ရှိသည်။
လုမင်အတွက် အခန်းတစ်ခန်း သတ်မှတ်ပေးခဲ့သည်။
နောက်လတစ်ဝက်လောက်တွင် ဤနေရာမှာ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် နေရလိမ့်မည်။
အကြောင်းမှာ ရှန်းရွှီတိုက်အဖွဲ့အစည်းနှင့် ယွမ်လု၏ ပတ်ဝန်းကျင်က အလွန်ကွာခြားသောကြောင့် ဖြစ်သည်။
"ဝှစ်... ဝှစ်..."
အဆောက်အဦ ခြံဝင်းထဲတွင် လုမင်က လက်သီးချက်မျိုးစုံ ထုတ်ဖော်ရင်း ခုန်ပေါက် ပြေးလွှားနေသည်။
သူ့ခန္ဓာကိုယ်ကို ဤနေရာက ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် ထိန်းချုပ်ရ၏။ တစ်ချိန်တည်းမှာပင်၊ သူ၏ သွေးကြောများအတွင်း၌ စွမ်းအင် လည်ပတ်နှုန်းနှင့် ကြိမ်နှုန်းကို ဤနေရာနှင့် လိုက်လျောညီထွေဖြစ်အောင် ချိန်ညှိရသေးသည်။
နာရီအနည်းငယ်ကြာပြီးနောက်၊ လုမင် ရပ်တန့်သွားသည်။ သူ့တစ်ကိုယ်လုံးလည်း သက်တောင့်သက်သာ ရှိလာ၏။
ယခင်ကနှင့် နှိုင်းစာလျှင် အနည်းငယ် အဆင်ပြေသွားသည်။
ရောက်စက လုမင် လမ်းလျှောက်သောအခါမှာပင် အင်အားအနည်းငယ် စိုက်ထုတ်ရပေသည်။
ယခုတော့ ပို၍ကောင်းလာပြီ ဖြစ်သည်။
"ဒီမှာ ယွမ်ချီစွမ်းအင်က တကယ် ကြွယ်ဝတာပဲ။ မိုးနဲ့မြေရဲ့ တာအိုကလည်း ပိုပြီး ရှင်းလင်းတယ်..."
လုမင် ဂရုတစိုက် ခံစားလိုက်သည်။
ဤနေရာတွင် မိုးနှင့်မြေ၏ တာအိုက ရှန်းရွှီတိုက်အဖွဲ့အစည်းထက် အဆပေါင်းများစွာ ပိုမိုရှင်းလင်းသည်။ တစ်နည်းဆိုရသော်၊ ကျင့်ကြံသူတစ်ဦးက ဤနေရာမှာ မိုးနှင့်မြေ၏တာအိုကို ရှန်းရွှီတိုက်အဖွဲ့အစည်းတွင် ရှိစဉ်ကထက် အဆများစွာ ပို၍လွယ်ကူစွာ နားလည်နိုင်ပေသည်။
မျက်စိတစ်မှိတ်အတွင်း လဝက်ကြာသွားသည်။
လုမင်နှင့် လူငယ်တစ်ရာကျော်တို့လည်း တည်နေရာရွှေ့ပြောင်းခြင်း အစီရင်နှင့် ယွမ်လုတိုက်ကြီးဆီသို့ ဦးတည်သွားကြတော့သည်။
ဟင်းလင်းပြင် လျှောက်လမ်းထဲကို တစ်ဖန် ပြန်ရောက်သွားသကဲ့သို့ ခံစားခဲ့ရပြန်သည်။ အချိန်အတော်ကြာပြီးမှ ထိုခံစားချက်က ပျောက်ကွယ်သွား၏။ သူ မျက်စိပြန်ဖွင့်လိုက်တော့ ကြီးမားသော ပလ္လင်တစ်ခုပေါ်တွင် ပြန်လည်ပေါ်လာတော့သည်။
"ဒီနေရာက... နှင်းတောင်ကြီးပဲ"
ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် နှင်းတောင်တစ်ခုသို့ ရောက်လာကြောင်း လုမင် တွေ့လိုက်ရသည်။
"လူငယ်လေးတို့၊ ယွမ်လုတိုက်ကြီးရဲ့ နဂါးနတ်ဘုရားတောင်ကြားကနေ ကြိုဆိုပါတယ်"
လုံယွမ်ရှန်၏ အသံ ထွက်ပေါ်လာခဲ့သည်။ ယဇ်ပလ္လင်မှ လှမ်းထွက်ရင်း သူ ဆက်ပြောလိုက်၏။
"အပြင်ကို ထွက်မယ်ဆိုရင် မင်းတို့ ကြိုတင်ပြင်ဆင်ထားသင့်တယ်"
လုမင်၏ ရင်ထဲတွင် လှုပ်ရှားသွားသည်။ လုံယွမ်ရှန်၏ စကားအဓိပ္ပာယ်ကို သူ နားလည်ပေသည်။ ယွမ်လုတိုက်ကြီးရှိ မိုးနှင့်မြေ၏ နိယာမများက ပြီးပြည့်စုံသောကြောင့် ဖိအားကလည်း များစွာ ပို၍ ကြီးမားလာနိုင်သည်။
ယဇ်ပလ္လင်ပေါ်တွင် ရေးထိုးထားသည့် အကာအကွယ်ကြောင့်သာ သူ မခံစားရသေးခြင်း ဖြစ်ချေသည်။
"သွားကြစို့"
"ယွမ်လုတိုက်ကြီး၊ နောက်ဆုံးတော့ ငါဒီကို ရောက်လာပြီ"
လူငယ်များက စိတ်လှုပ်ရှားစွာဖြင့် ယဇ်ပလ္လင်မှ တစ်ယောက်ပြီးတစ်ယောက် ပြေးထွက်သွားကြသည်။
သို့သော်လည်း ထိုလူငယ်များမှာ ယဇ်ပလ္လင်မှ ပြေးထွက်လိုက်သည်နှင့် သူတို့၏ ခန္ဓာကိုယ်များ တုန်လှုပ်သွားကြသည်။ သူတို့အထဲမှ အားနည်းသူအချို့ဆိုလျှင် သူတို့ကိုယ်ကို တည်ငြိမ်အောင်ပင် မစွမ်းဆောင်နိုင်တော့ပေ။
'ဘယ်လောက်တောင် ပြင်းထန်တဲ့ဖိအားလဲ'
လုမင်လည်း ယဇ်ပလ္လင်မှ ထွက်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသော ကြောက်ခမန်းလိလိ ဖိအားကို ချက်ချင်း ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်အလေးချိန်က အလွန်ကို တုန်လှုပ်ဖွယ်အဆင့်သို့ ရောက်သွားခဲ့၏။
ဤနေရာတွင် ဖိအားက ရှန်းရွှီတိုက်ကြီးထက် အဆပေါင်း ရာနှင့်ချီ သို့မဟုတ် ထောင်ချီ၍ပင် ကြီးမားနေပေမည်။
လုမင် အတော်လေး အံ့သြသွားသည်။
'ဟူး၊ အေးလှချေလား'
လုမင်ဟာ သူ့တကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။
ဤနေရာသည် နှင်းတောင်ဖြစ်သော်လည်း အအေးဓာတ်က အံ့မခန်းပင်။
လုမင်၏ ကျင့်ကြံခြင်းအခြေခံဖြင့် သာမန် နှင်းများနှင့် ရေခဲများ၏ အအေးဒဏ်ကို မခံစားရပေ။ သို့သော်လည်း ဤနေရာရှိ အအေးဓာတ်က သူ့တကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။
"ယွမ်စွမ်းအင်..."
လုမင် အသက်ပြင်းပြင်းရှူလိုက်သည်။ ချက်ချင်းပင်၊ မိုးနှင့်မြေ၏ ယွမ်ချီစွမ်းအင်များက သူ့ဆီသို့ စီးဝင်လာ၏။ ဤစွမ်းအင်က မထင်မှတ်လောက်အောင် ကြွယ်ဝသည်။
လုမင်က ပေါ့ပေါ့တန်တန် အသက်ရှူသွင်းလိုက်ခြင်းဖြစ်သော်လည်း ယွမ်ချီစွမ်းအင် ပမာဏက အဆင့်နိမ့် ကျောက်ကြမ်းတစ်တုံး၏ ပမာဏနှင့် ညီမျှမည်ဟု ခံစားမိခဲ့သည်။
သို့ရာတွင် ယွမ်ချီစွမ်းအင်က ကြွယ်ဝသော်လည်း ဝိညာဉ်စွမ်းအင်က အလွန်ပါးလွှာသည်။ ဤနေရာတွင် ဝိညာဉ်စွမ်းအင်က အရေးမပါတော့ပေ။
"ဝှစ်"
ထိုအချိန်တွင် အဝေးမှ လက်တိုအင်္ကျီကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦး ပျံသန်းလာပြီး လုမင်နှင့် ကျန်လူများရှေ့တွင် ဆင်းသက်လိုက်သည်။
လုံယွမ်ရှန်နှင့် ကျန်လူများလည်း အဖိုးအိုအား နှုတ်ဆက်လိုက်၏။
"လုမင်၊ ငါ အရင်သွားတော့မယ်။ ဒါက သင်းထောက် လုံယွမ်ချွမ်တဲ့။ သူက မင်းရဲ့ နေရာထိုင်ခင်းကို စီစဉ်ပေးလိမ့်မယ်"
လုံယွမ်ရှန်က လုမင်ကို ပြောလိုက်သည်။
လုမင် ခေါင်းညိတ်လိုက်၏။ ထို့နောက် လုံယွမ်ရှန်က ထွက်သွားတော့သည်။
"ကောင်းပြီ၊ ငါ့နောက်လိုက်ခဲ့။ မင်းကို တည်းခိုရမဲ့နေရာဆီ ခေါ်သွားလိုက်မယ်"
လုံယွမ်ချွမ်က ပြောပြီး ရှေ့မှ ထွက်သွားသည်။
လူငယ်အားလုံးလည်း နောက်မှ အမြန်လိုက်သွား၏။ သို့သော်လည်း သူတို့က ယခုမှ ရောက်လာခြင်းဖြစ်၍ ကြီးမားသော ပြင်ပကမ္ဘာမှ ဖိအားများနှင့် လိုက်လျောညီထွေ မနေနိုင်ကြသေးပေ။
ခရီးတစ်ထောက်နားရာတွင် လိုက်လျောညီထွေဖြစ်အောင် လဝက်ခန့် မလေ့ကျင့်ခဲ့ပါက ပို၍ ခက်ခဲမည် ဖြစ်သည်။
နှင်းတောင်ပေါ်မှ ပျံသန်းပြီးနောက် သူတို့၏ မြင်ကွင်းများက ပို၍ ကျယ်ပြန့်လာခဲ့သည်။
သူတို့ရှေ့တွင်၊ အနှိုင်းမဲ့ကြီးမားသော ရေခဲချောက်ကြီးတစ်ခု ပေါ်လာ၏။
ဤရေခဲချောက်က တောင်တန်းနှစ်ခုကို ပိုင်းခြားထားသောကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ကောင်းကင်တွင် နှင်းများက ထူထပ်စွာ ဝေ့ဝဲနေပြီး ကမ္ဘာတစ်ခုလုံး အဖြူရောင်နှင်းများက ဖုံးလွှမ်းနေပေသည်။
လုမင်က အဝေးကို လှမ်းကြည့်လိုက်ရာ ကြီးမားသော ရေခဲမြစ်ချောက်ကြီး၏ ရှေ့တွင် နှင်းတောင်များစွာ ရှိနေသည်ကို တွေ့လိုက်ရသည်။ သို့သော်လည်း သူတို့က ဝေးကွာလွန်းပြီး ထူထဲသော နှင်းထုကြီးထဲတွင်မို့ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။
"နဂါးအငွေ့အသက်၊ တကယ်သန်မာတဲ့ နဂါးအငွေ့အသက်ပဲ"
လုမင်ဟာ သူ၏ နဝမနဂါးသွေးက အနည်းငယ် ပူလောင်လာသလို ခံစားလိုက်ရသည်။ နဝမနဂါးသွေးမျိုးဆက်နှင့် ခံစားကြည့်ပြီးနောက် သူ အံ့အားသင့်သွား၏။
နဝမနဂါး သွေးမျိုးဆက်မှတဆင့် သူဟာ ရေခဲမြစ်ချောက်ကြီးနှင့် နှင်းဖုံးနေသော အဝေးမှ နှင်းတောင်များကို မြင်နေသလို ကောင်းကင်သို့ ထိုးတက်နေသော၊ မရေမတွက်နိုင်သော နဂါးအငွေ့အသက်များ မြင်နေရလေသည်။
ထိုချောက်ထဲတွင် အတော်အားနည်းသော နဂါးအငွေ့အသက်များ အများအပြား ရှိသည်။ သို့သော်လည်း ချောက်ကြီး၏နောက်တွင်၊ အလွန်အမင်း အားကောင်းသော နဂါးအငွေ့အသက်တချို့ ရှိ၏။ ထိုအငွေ့အသက်များရှေ့တွင် လုမင်က ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အရေးမပါတော့ပေ။
"ဝုန်း"
ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက လုမင်ပေါ်သို့ ကျရောက်လာခဲ့သည်။ လုမင်၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ သူ မဟန်နိုင်တော့ဘဲ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွား၏။ သူ၏ အသိစိတ်ကိုလည်း ကမန်းကတန်း ပြန်ဆုတ်လိုက်ရလေသည်။
'အရမ်းသန်မာတယ်။ အဲဒီ အငွေ့အသက်က သိုင်းအုပ်ချုပ်သူကို ကျော်လွန်သွားပြီပဲ။ အဲဒါက သူတော်စင်တစ်ပါးရဲ့ အငွေ့အသက်များလား'
လုမင်၏ နှလုံးက တဒုန်းဒုန်း ခုန်ပေါက်သွားသည်။
နဂါးနတ်ဘုရားတောင်ကြားတွင် သူတော်စင်ရှိပြီး တစ်ဦးမကသည်မှာ သေချာသည်။