← Chapters

အခန်း ၁၃၉၅

Vol. 93 Ch. 1395

အခန်း ၁၃၉၅

Vol. 93 Ch. 1395

အပိုင်း ( 1395 ) ရှေးဟောင်း ဉာဏ်အလင်းသစ်ပင် ကြီးထွားလာခြင်း။

လုမင်က နံရံဆီသို့လျှောက်သွားကာ ရေခဲနံရံကို ကုတ်ခြစ်လိုက်သည်။ ရေခဲနံရံပေါ်တွင် လက်သည်းအမှတ်အသား အနည်းငယ် ပေါ်လာခဲ့၏။ သို့သော်လည်း နက်ရှိုင်းခြင်းမရှိပေ။

"အတော်မာကျောတာပဲ၊ ယွမ်လုမှာရှိတဲ့ အရာအားလုံးက ပထမဆုံး ဆိုက်ရောက်ရာထက် ပိုမာတယ်။ ရှန်းရွှီတိုက်အဖွဲ့အစည်းက လုံးဝ နှိုင်းယှဉ်လို့မရဘူး"

လုမင် သက်ပြင်းချလိုက်မိသည်။

ထို့နောက် လုမင်လည်း ပြင်ပဖိအားများနှင့် လိုက်လျောညီထွေဖြစ်စေရန် စတင် လေ့ကျင့်ခဲ့လေသည်။

နာရီအနည်းငယ်ကြာ လေ့ကျင့်ပြီးနောက် လုမင် ရပ်တန့်လိုက်သည်။ သူ့တစ်ကိုယ်လုံးလည်း အနည်းငယ် သက်တောင့်သက်သာ ရှိလာသလို ခံစားလိုက်ရ၏။

ထို့နောက် လုမင် တင်ပျဉ်ခွေထိုင်ကာ လေ့ကျင့်ပြန်တော့သည်။

အစစ်အမှန်နဂါး တိုက်ခိုက်ရေးချီကျင့်စဉ်ကို အသက်သွင်းပြီးသည်နှင့် ကောင်းကင်နှင့်မြေပြင်ကြားရှိ ကြွယ်ဝသော ယွမ်ချီများက လုမင်ဆီသို့ အံ့မခန်း အမြန်နှုန်းဖြင့် စီးဝင်လာခဲ့သည်။

"ပြည့်ဝလိုက်တဲ့ ယွမ်ချီစွမ်းအင်"

လုမင်ဟာ ဤနေရာ၌ ယွမ်ချီစွမ်းအင် စုပ်ယူနိုင်စွမ်းက အဆင့်နိမ့် ကျောက်ကြမ်းများကို စုပ်ယူသန့်စင်ရခြင်းနှင့် ယှဉ်နိုင်သည်ကို တွေ့ရှိခဲ့ရသည်။

ယင်းက အံ့ဩစရာ ဖြစ်၏။ ဤနေရာတွင် လေ့ကျင့်ပါက အဆင့်နိမ့် ကျောက်ကြမ်းများကိုပင် မလိုတော့ပေ။

တဟုန်ထိုး စီးဝင်နေသော ယွမ်ချီစွမ်းအင်များကို အဆက်မပြတ် ဝါးမျိုပြီး သန့်စင်သော ယွမ်ချီစွမ်းအင်များအဖြစ် ပြောင်းလဲသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် လုမင်၏ အသိစိတ်က ဗလာနယ်အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ သူက မိုးနှင့်မြေကြားမှ တာအိုကို နားလည်ဆင်ခြင်ကာ ကစဉ့်ကလျား တာအိုနယ်မြေသန္ဓေကို လေ့ကျင့်ခဲ့၏။

ဤနေရာတွင် မိုးနှင့်မြေ၏ တာအိုများက ပို၍ ရှင်းလင်းလာခဲ့သည်။ ထိူ့အပြင်၊ မဟာတာအို တာအိုနယ်မြေသည်ပင် ပို၍ ရှင်းလင်းလာသေးသည်။

ဤအခြေအနေမျိုးဖြင့် ရှန်းရွီတိုက်အဖွဲ့အစည်းတွင် နားလည်ရန် မဖြစ်နိုင်သလောက် ဖြစ်သည်။

လုမင် အလွန် ဝမ်းသာသွား၏။

မိုးနှင့်မြေ၏ မဟာတာအိုကို နားလည်ဆင်ခြင်ခြင်းဖြင့် တာအိုနယ်မြေကို ပို၍ မြန်ဆန်စွာ တိုးတက်စေလိမ့်မည်။

ရှန်းရွှီတိုက်အဖွဲ့အစည်းတွင် သိုင်းအုပ်ချုပ်သူများက တိုးတက်မှု အလွန်နှေးကွေးကြသည်မှာ အံ့ဩစရာ မဟုတ်တော့ပါ။

အထူးသဖြင့် ရှမ်းဟွမ်တိုက်ကြီးတွသ် သိုင်းအုပ်ချုပ်သူအများစုက ပထမအဆင့်မှာပင် ပိတ်မိနေခဲ့သည်။ ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ရောက်ရှိနိုင်သူတိုင်းက ထိပ်တန်းကျွမ်းကျင်သူများ ဖြစ်၏။ သူတို့က အတော်နည်းပေသည်။

ရှန်းရွှီတိုက်အဖွဲ့အစည်းမှ သိုင်းအုပ်ချုပ်သူများက ယွမ်လုတိုက်ကြီးသို့ ဝင်ရောက်ပြီး လေ့ကျင့်နိုင်ရန် နည်းလမ်းမျိုးစုံဖြင့် အားထုတ်နေကြသည်မှာ အံ့သြစရာ မဟုတ်တော့ပါ။ ကျင့်ကြံခြင်း ပတ်ဝန်းကျင် အခြေအနေ ကွာခြားချက်က ကြီးလွန်းသည်။

ယွမ်လုသို့ ရောက်လာပြီးနောက် ၎င်းတို့၏ ကျင့်ကြံခြင်းမှာ အရှိန်အဟုန်ဖြင့် တိုးတက်ပေလိမ့်မည်။

မျက်စိတစ်မှိတ်အတွင်း နေ့တစ်ဝက် ကုန်လွန်သွားခဲ့သည်။ လုမင်လည်း နောက်ဆုံးတွင် သူ၏ ကျင့်ကြံခြင်းကို အဆုံးသတ်ခဲ့လေသည်။

"ဒီမှာ လေ့ကျင့်ရတာ အရမ်းကောင်းတာပဲ"

လုမင်၏ မျက်နှာက အံ့အားသင့်မှုတို့ ပြည့်သွားသည်။

ဤတွင် နေ့တစ်ဝက်ခန့် လေ့ကျင့်ခြင်းက ရှန်းရွှီတိုက်အဖွဲ့အစည်းမှာ တစ်လတာ လေ့ကျင့်ခြင်းနှင့် ညီမျှကြောင်း သူနားလည်ခဲ့ပေသည်။

ကစဉ့်ကလျားတာအိုနယ်မြေက တစ်ဖန် တိုးတက်လာခဲ့သည်။ ယင်းက အပြည့်အဝ ဖွံ့ဖြိုးရန် နီးကပ်လာခဲ့ပြီ။

"ဝိုး၊ လုမင်... မင်း ယွမ်လုကို ရောက်ပြီပဲ။ ဟားဟားဟား၊ နောက်ဆုံးတော့ မင်း ဆင်းရဲပြီး ဝေးလံခေါင်သီတဲ့ နေရာကနေ ထွက်သွားပြီ"

လုမင်၏ နားထဲတွင် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

တန်တန် ဖြစ်‌ပေသည်။ တန်တန်က လုမင်၏ ပခုံးပေါ်တွင် ပေါ်လာကာ ပါးစပ်ဟပြီး လေထဲသို့ စုပ်ယူလိုက်သည်။ ယွမ်စွမ်းအင် အများအပြားက တန်တန်၏ ပါးစပ်ထဲသို့ စီးဝင်သွား၏။

"တန်တန်၊ မင်းနိုးလာပြီလား"

လုမင် ဝမ်းသာသွားသည်။

နောက်ဆုံးတိုက်ပွဲပြီးကတည်းက တန်တန်ဟာ တစ်လနီးပါး သတိလစ်နေခဲ့‌ပေသည်။

"အေးပေါ့ဟ။ ငါ ဒီလောက်အကြာကြီး မေ့မျောနေပြီး မနိုးဘဲနေရအောင် မင်းက သေပြီထင်လို့လား"

တန်တန်က ဝမ်းနည်းပက်လက် အမူအရာဖြင့် လုမင်ကိုကြည့်ကာ ပြောလိုက်သည်။

"လုမင်... ဒီတစ်ခေါက် ငါတို့ အကြီးအကျယ် ဆုံးရှုံးခဲ့ရတာ။ ငါ အခု နိုးလာပေမဲ့ ပြန်ကောင်းလာဖို့တော့ လိုသေးတယ်။ အခု မင်းရဲ့ ဝိညာဉ်ဆေးပင်အားလုံးကို ထုတ်လိုက်ပါ"

ပြောဆိုပြီးနောက် တန်တန်က တောက်ပသော မျက်လုံးများဖြင့် လုမင်ကို စိုက်ကြည့်လိုက်၏။

"ကောင်းပြီ၊ တောင်နဲ့မြစ် ပန်းချီကားထဲကို ဝင်ကြရအောင်"

လုမင်လည်း တန်တန်နှင့်အတူ တောင်နှင့်မြစ် ပန်းချီကားထဲသို့ ဝင်လိုက်သည်။

ချိုင့်ဝှမ်းတစ်ခုမှာတော့ ပူဖောင်းလေးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲပင်။ သူ့နှာသီးဝမှာလည်း ဖောင်းလိုက်၊ ပိန်လိုက်နှင့် ကြည်လင်သော ပူဖောင်းလေးနှစ်ခု ရှိနေသည်။

လုမင်၏ နှလုံးသားက နာကျင်သွားလေသည်။ နောက်ဆုံးတိုက်ပွဲတွင် ဤကောင်လေး ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ရပုံရှိသည်။

လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ချိုင့်ဝှမ်းတစ်ခုလုံး ဝိညာဉ်ဆေးပင်များနှင့် ချက်ချင်း ပြည့်သွားသည်။

အဆင့်အမျိုးမျိုးရှိသော ဝိညာဉ်ဆေးပင် အမျိုးမျိုးတို့က ချိုင့်ဝှမ်းတွင် စုပုံသွား၏။

ထိုစဉ်က တိုက်ပွဲတွင် ရာနှင့်ချီသော သိုင်းအုပ်ချုပ်သူများ ကျဆုံးခဲ့သည်။ ၎င်းတို့၏ သိုလှောင်လက်စွပ်များမှ ဝိညာဉ်ဆေးပင်များ ပမာဏက ကြောက်မက်ဖွယ်ကောင်းပေသည်။ ယခုတော့ လုမင်ဟာ တန်တန်နှင့် ပူဖောင်းလေးတို့ စိတ်ကျေနပ်မှုရစေရန် ထုတ်ပေးလိုက်ပြီ ဖြစ်သည်။

"ဟားဟားဟား... လုမင်၊ ဒီတစ်ခါတော့ မင်း အရမ်းရက်ရောသွားပြီ"

တန်တန်၏ မျက်လုံးများက တောက်ပလာပြီး ဝိညာဉ်ဆေးပင် အပုံကြီးဆီသို့ ချက်ချင်း ပြေးချသွားခဲ့သည်။ သူက ဝိညာဉ်ဆေးပင်တစ်ဆုပ်ကို ဖမ်းယူပြီး ပါးစပ်ထဲသို့ ထည့်လိုက်၏။

"တွိ... တွိ"

ဝိညာဉ်ဆေးပင်များ၏ အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် ပူဖောင်းလေးလည်း နိုးလာသည်။ မျက်လုံးမှေးမှေးလေးဖြင့် လုမင်ကို ကြည့်လိုက်ပြီးနောက် ဝိညာဉ်ဆေးပင်များကို တွေ့သွားကာ မှင်တက်သွား၏။ ထို့နောက်မှာတော့ ပတ္တမြားကျောက်မျက်ကဲ့သို့ မျက်လုံးလေးများက တောက်ပလာတော့သည်။ သူလည်း ဝိညာဉ်ဆေးပင် အပုံကြီးဆီသို့ ချက်ချင်း ပြေးသွားသည်။

သို့သော်လည်း ဤနေရာတွင် ဝိညာဉ်ဆေးပင်များစွာ ရှိသည်။ နှစ်ယောက်သား အားပါးတရ စားသောက်လိုက်ကြသော်လည်း မကြာမီ ဗိုက်ကလေးများ ပူတင်းသွား၏။ သူတို့၏ ပါးစပ်များမှ ဆေးရနံ့များ ထွက်ပေါ်နေပြီး မကြာမီ အိပ်ပျော်သွားကြပြန်တော့သည်။

'တောင်နဲ့မြစ်ပန်းချီကားအတွင်းမှာ ကိုယ်ပိုင်နေရာလွတ်တစ်ခု ရှိတာပဲ။ ဒါပေမဲ့ ပတ်ဝန်းကျင်က ရှမ်းဟွမ်တိုက်ကြီးလို စွမ်းအင်မကြွယ်ဝဘူး။ ဒီပတ်ဝန်းကျင်ကို တိုးတက်အောင်လုပ်ဖို့ ငါ ယွမ်းအင်တွေစုပ်ယူသင့်တယ်'

လုမင် တွေးလိုက်သည်။

တောင်နှင့်မြစ်ပန်းချီကားတွင် တောင်များ၊ မြစ်များ၊ ပန်းများနှင့် သစ်ပင်များ ပါရှိသည်။

နောက်ပိုင်းတွင် လုမင်က နတ်ဆိုးသားရဲများစွာကို ဖမ်းယူထည့်ခဲ့ပြီး၊ ဝိညာဥ်ဆေးပင်များစွာကိုလည်း စိုက်ပျိုးခဲ့၏။

သို့သော်လည်း ဤနေရာပတ်ဝန်းကျင်ဟာ ရှမ်းဟွမ်တိုက်ကြီးနှင့် မခြားပေ။ ဝိညာဉ်ဆေးပင်များ သို့မဟုတ် နတ်ဆိုးသားရဲများပင်ဖြစ်စေ ၎င်းတို့၏ ကြီးထွားမှုက နှေးကွေးသည်။ အကယ်၍ ပတ်ဝန်းကျင်က ယွမ်လုတိုက်ကြီးကဲ့သို့ ဖြစ်နိုင်လျှင်တော့ တောင်နှင့်မြစ်ပန်းချီကားအတွင်းရှိ အပင်နှင့် သက်ရှိများ၏ တိုးတက်မှုက မြန်လာလိမ့်မည်။

အတွေးတစ်ခုဖြင့် လုမင်က တောင်နှင့်မြစ် ပန်းချီကားအတွင်းမှ ထွက်ခွာပြီး ရေခဲလှိုဏ်ဂူထဲတွင် ပြန်ပေါ်လာခဲ့သည်။

ထို့နောက် လုမင်၏လက်ထဲတွင် တောင်နှင့်မြစ်ပန်းချီကား ပေါ်လာခဲ့၏။ သူက တောင်နှင့်မြစ်ပန်းချီကား စာလိပ်ကိုဖွင့်ပြီး ခပ်တိုးတိုး အမိန့်ပေးလိုက်သည်။

"စုပ်ယူလော့"

"ဝမ်"

ရုတ်တရက်၊ တောင်နှင့်မြစ်ပန်းချီကားက ပြင်းထန်သော စုပ်ယူမှုစွမ်းအားကို ထုတ်လွှတ်လာသည်။ မိုးနှင့်မြေကြားမှ ယွမ်စွမ်းအင်များကို စုပ်ယူလိုက်၏။

မိုးနှင့်မြေကြားမှ ယွမ်စွမ်းအင်က ရေလုံးကြီးကဲ့သို့ တောင်နှင့်မြစ် ပန်းချီကားဆီကို အရူးအမူး စုရုံးသွားကြတော့သည်။

ထိုအချိန်တွင် ချိုင့်ဝှမ်းတွင်းရှိလူများ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်သည်။ လေ့ကျင့်နေကြသော ပါရမီရှင်များလည်း နိုးကြားလာခဲ့၏။

"ဘာတွေဖြစ်နေတာလဲဟ။ ယွမ်စွမ်းအင်တွေက ဘာဖြစ်လို့ ဦးတည်ချက်တစ်ခုတည်းမှာ စုဝေးနေရတာလဲ"

"ဘယ်သူ လေ့ကျင့်နေတာလဲဟ၊ သိုင်းအုပ်ချုပ်သူဆိုရင်တောင် ဒီလောက် မချိမဆန့် မဖြစ်သင့်ဘူး"

စကားသံများ ထွက်ပေါ်လာခဲ့သည်။ တချို့ကလည်း ရေခဲဂူထဲမှ ထွက်လာပြီး ဂရုတစိုက် ကြည့်ကြ၏။ သို့သော်လည်း ရေခဲဂူထဲကမှန်းသာသိပြီး မည်သူမည်ဝါကိုတော့ မသိကြရပေ။

သို့ရာတွင် ဤအကျိုးသက်ရောက်မှုက ဤချိုင့်ဝှမ်းတွင်သာ ဖြစ်သည်။ နောက်ဆုံးတွင် ဤနေရာ၌ စွမ်းအင်က အလွန်ကြွယ်ဝပြီး ချိုင့်ဝှမ်းကလည်း အလွန်ကျယ်ဝန်းပေသည်။

“ဒါ… ရှေးဟောင်းဉာဏ်အလင်းသစ်ပင်”

လုမင်၏ မျက်လုံးများ ရုတ်တရက် တောက်ပလာသည်။

ပုံမှန်ဆိုလျှင် တောင်နှင့်မြစ်ပန်းချီကား၏ စုပ်ယူမှုက ဤမျှကြီးမားသော လှုပ်ရှားမှုမျိုး ဖြစ်စေမည် မဟုတ်ပေ။ ဤသည်မှာ၊ အဓိကအားဖြင့် ရှေးဟောင်း ဉာဏ်အလင်းသစ်ပင်ကြောင့် ဖြစ်သည်။

ရှေးဟောင်း ဉာဏ်အလင်းသစ်ပင်တွင် သစ်ရွက်သုံးရွက် ရှိ၏။ ၎င်း၏ အကိုင်းအခက်များကလည်း လက်ချောင်းထက်ပင် သေးငယ်ပြီး အလွန်ပါးလွှာလေသည်။ ရှမ်းဟွမ်တိုက်ကြီးတွင် ရှိစဉ်က ရှေးဟောင်း ဉာဏ်အလင်းသစ်ပင်၏ ဖွံ့ဖြိူးခြင်းမှာ နှေးကွေးလွန်းလှသည်။

ယခုတော့ ရှေးဟောင်း ဉာဏ်အလင်းသစ်ပင်ဟာ ထွန်းလင်းတောက်ပနေပေပြီ။ ပြင်ပကမ္ဘာမှ ယွမ်စွမ်းအင်များကို ဆက်လက်စုပ်ယူနေရင်း လျှို့ဝှက်ဆန်းကြယ်သော ရောင်ဝါတစ်ခုလည်း ထွက်ပေါ်နေခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ လုမင်ဟာ ရှေးဟောင်း ဉာဏ်အလင်းသစ်ပင်က မိုးနှင့်မြေကြားရှိ မဟာတာအိုနှင့် ပဲ့တင်ထပ်နေပုံရကြောင်း သတိပြုမိခဲ့၏။ ရှေးဟောင်းဉာဏ်အလင်းသစ်ပင်မှ ကြီးမားသော တာအိုအငွေ့အသက်များ ထွက်လာတော့သည်။

ခဏအကြာတွင်၊ ရှေးဟောင်း ဉာဏ်အလင်းသစ်ပင်၏ အကိုင်းအခက်များက အနည်းငယ် ထူလာပြီး အရွက်များလည်း ပိုစိမ်းလာသည်ကို ခံစားလိုက်ရသည်။

"စတုတ္ထမြောက် သစ်ရွက်"

ရုတ်တရက် လုမင်၏ မျက်လုံးများ ဝင်းလက်သွားသည်။ စတုတ္ထမြောက် သစ်ရွက် ပေါက်လာသည်ကို သူ သတိပြုလိုက်မိ၏။

'ကြည့်ရတာ ရှေးဟောင်းဉာဏ်အလင်းသစ်ပင်က ယွမ်လုတိုက်ကြီးမှာ အပြည့်အဝ ဖွံ့ဖြိုးဖို့ အခွင့်အလမ်းရှိပုံရတယ်'

တစ်ယောက်တည်း တွေးရင်း လုမင် အတော်ဝမ်းသာသွားမိသည်။

အကယ်၍ ရှေးဟောင်း ဉာဏ်အလင်းသစ်ပင် အပြည့်အဝ ကြီးထွားလာပါက သူ့အတွက် များစွာ အထောက်အကူ ဖြစ်ပေလိမ့်မည်။

လုမင်လည်း ဝိညာဉ်အရည် အမြောက်အမြားကိုထုတ်ပြီး ရှေးဟောင်းဉာဏ်အလင်းသစ်ပင်၏ အမြစ်များကို လောင်းပေးလိုက်သည်။

'ရှေးဟောင်းဉာဏ်အလင်းသစ်ပင်ကို အမြန်ဆုံး ကြီးပြင်းလာစေဖို့အတွက် အနာဂတ်မှာ ဝိညာဥ်ဆေးပင်တွေ များများပိုရဖို့ လိုနေတဲ့ပုံပဲ'

လုမင် သူ့စိတ်ထဲမှ တွေးလိုက်သည်။

All Chapters