← Chapters

အခန်း ၁၄၀၁

Vol. 94 Ch. 1401

အခန်း ၁၄၀၁

Vol. 94 Ch. 1401

အပိုင်း ( 1401 ) သန္ဓေဝိညာဉ်ခန္ဓာတစ်ခု။

"မင်းလက်မှတ်မထိုးဘူးလား"

ရင်ဖေးကျန်း၏ မျက်နှာထက်မှ အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ထိုအစား အေးစက်တင်းမာမှုက အစားထိုးသွား၏။

"ဟုတ်တယ်၊ ငါတို့ လက်မှတ်မထိုးဘူး။ ငါတို့ ရွမ်ညီအကို သုံးယောက်ကို ဘယ်သူကမှ ထိန်းချုပ်လို့မရဘူး"

သုံးယောက်ထဲမှ တစ်ယောက်က ပြောလိုက်သည်။

"ဟားဟားဟား"

ရင်ဖေးကျန်းက အေးစက်စက် ရယ်မောပြီး ပြောလိုက်သည်။

"ဒီနေ့ ငါ နည်းနည်းလောက်မှ ရက်စက်မပြရင် လေးစားရမှန်းသိကြမှာ မဟုတ်ဘူး"

ပြောဆိုပြီးနောက် ရင်ဖေးကျန်း၏ ခန္ဓာကိုယ်မှ မိုးပြာရောင် အလင်းတန်းများ ထွက်လာခဲ့သည်။ အေးစက်သော သတ်ဖြတ်ချင်စိတ်က ပေါက်ကွဲထွက်ပေါ်လာ၏။

လူငယ်သုံးယောက်လည်း သတိထားပြီး ရင်ဖေးကျန်းကို ကြည့်လိုက်ကြသည်။

"ဝှစ်"

ရင်ဖေးကျန်းက စတင်တိုက်ခိုက်လိုက်သည်။ မိုးပြာရောင် လက်ဝါးပုံရိပ်ကြီးက လူငယ်တစ်ဦး၏ ဒန်တျန်ဆီသို့ ဦးတည်သွား၏။

"ဝုန်း"

လူငယ်သုံးယောက်က အရှိန်အဝါများ ပြိုင်တူ ထုတ်ဖော်လိုက်ကြသည်။ သူတို့သုံးယောက်က စွမ်းအင်များကို ချိတ်ဆက်ပြီး ချောမွေ့စွာ ပေါင်းစပ်လိုက်၏။ သူတို့၏ အရှိန်အဝါများက တဟုန်ထိုး တက်လာတော့သည်။

လူငယ်သုံးယောက်မှ တစ်ယောက်က ရှေ့သို့လှမ်းပြီး ရင်ဖေးကျန်း၏လက်ဝါးကို ထိုးနှက်လိုက်သည်။

ပေါက်ကွဲသံနှင့်အတူ၊ ရင်ဖေးကျန်း၏ ခန္ဓာကိုယ်က တုန်လှုပ်သွားပြီး နောက်သို့ ဆုတ်သွားရ၏။

လူငယ်သုံးယောက်လည်း ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားရတော့သည်။

"မဆိုးပါဘူး"

ရင်ဖေးကျန်း၏ မျက်နှာက အေးစက်သွားသည်။

ဤသုံးယောက်က စွမ်းအင်များ ပေါင်းစပ်ကာ သူ၏ တာအိုနယ်မြေသိုင်းပညာကို ခုခံနိုင်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"သတ်"

ရင်ဖေးကျန်းက မာန်သွင်းပြီး လူငယ်သုံးယောက်ကို ထပ်မံတိုက်ခိုက်လိုက်သည်။ သို့သော်၊ လူငယ်သုံးယောက်က လိုက်လျောညီထွေ ပေါင်းစပ်ထားပြီး ပြန်လှန် တိုက်ခိုက်လိုက်၏။ ရင်ဖေးကျန်းနှင့် တိုက်ကွက်အနည်းငယ် ဖလှယ်ခဲ့ကြသော်လည်း ရလဒ်မှာ အတူတူပင် ဖြစ်သည်။

နှစ်ဖက် လက်ရည်တူသလိုဖြစ်ပြီး ရင်ဖေးကျန်းမှာ လူငယ်သုံးယောက်ကို အနိုင်မယူနိုင်သေးပေ။

လူအများ၏ မျက်လုံးများက တောက်ပလာသည်။

ယွမ်လုတိုက်ကြီးမှ ဒေသခံ ပါရမီရှင်များက အလွန်အစွမ်းထက်ပြီး တာအိုသိုင်းပညာများကိုလည်း လေ့ကျင့်နိုင်ကြပေသည်။

သို့သော်၊ ယွမ်လုတိုက်ကြီး အပြင်ဘက်တွင် တိုက်ကြီးများစွာ ရှိသည်။ ထိုအထဲတွင် ပုံမှန်မဟုတ်သော တိုက်ခိုက်နိုင်စွမ်းမျိုးဖြင့် ပါရမီရှင်အချို့လည်း ထွက်ပေါ်လာတတ်စမြဲ ဖြစ်၏။

ဤဒေသခံ ပါရမီရှင်များကို ခုခံနိုင်သရွေ့ သွေးသစ္စာစာချုပ်တွင် လက်မှတ်ရေးထိုးရန် မလိုအပ်ပါ။

တိုက်ကွက် ဆယ်ကွက်ထက်မနည်း ရင်ဆိုင်ခဲ့ကြသော်လည်း လူငယ်သုံးဦးကို အနိုင်မယူနိုင်သေးသဖြင့် ရင်ဖေးကျန်း၏မျက်နှာက အေးစက်လာခဲ့သည်။

"ဝှစ်"

ရင်ဖေးကျန်း၏ လက်ထဲတွင် ငွေရောင်ချိတ်တစ်ခု ပေါ်လာခဲ့၏။ ငွေရောင်ချိတ်က ဆူးများဖြင့် ပြည့်နှက်နေပြီး အလွန်အန္တရာယ်များပုံရသည်။

အုပ်ချုပ်သူအဆင့် ဝိညာဉ်လက်နက်။

နောက်ဆုံးတွင် ရင်ဖေးကျန်းက သူ၏ အုပ်ချုပ်သူအဆင့် ဝိညာဉ်လက်နက်ကို အသုံးပြုခဲ့ပြီ ဖြစ်သည်။

လူငယ်သုံးယောက်၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာပင် သူတို့၏လက်ထဲတွင် ဒိုင်းတစ်ခုစီ ပေါ်လာခဲ့၏။

ဒိုင်းသုံးခုစလုံးက အတူတူ ဖြစ်သည်။ ထို့အပြင် ၎င်းတို့အားလုံးက အုပ်ချုပ်သူအဆင့်ရှိ ဝိညာဉ်လက်နက်များ ဖြစ်ချေသည်။

"ဒေါင်"

ရင်ဖေးကျန်း၏ ငွေရောင်ချိတ်က လူငယ်သုံးဦးထံသို့ ပြေးဝင်သွားသော်လည်း တစ်ယောက်က ရှေ့မှရပ်ကာ ဒိုင်းနှင့်ပိတ်ဆို့ထားခဲ့သည်။

"ထန်"

ငွေရောင်ချိတ်က ဒိုင်းကို ထိမှန်သွားသော်လည်း ဒိုင်းက အနည်းငယ်မျှ မတုန်လှုပ်ခဲ့ပေ။

"ဝှစ်... ဝှစ်"

ရင်ဖေးကျန်း၏ လက်ထဲမှ ငွေရောင်ချိတ်က လျှပ်စီးလက်သကဲ့သို့ လှုပ်ရှားသွားခဲ့သည်။ ချက်ချင်းဆိုသလို ရာနှင့်ချီသော လှိုင်းဂယက်များ ပေါ်လာခဲ့၏။ ဟင်းလင်းပြင်သည်ပင် အနည်းငယ် လှုပ်ရှားသွားရသည်။

ဤနေရာက နိယာမများနှင့် အလွန်တည်ငြိမ်သော ယွမ်လုတိုက်ကြီးဖြစ်ကြောင်း သိထားရလိမ့်မည်။ ဤနေရာတွင် ဟင်းလင်းပြင်ကို ဆုပ်ဖြဲရန် အလွန်ခက်ခဲသည်။ ဟင်းလင်းပြင်တွင် လှိုင်းလုံးတစ်ခု ပေါ်လာသည်က ရင်ဖေးကျန်း၏စွမ်းအားမှာ မည်မျှအားကောင်းကြောင်း သိသာထင်ရှားသည်။

သို့သော်လည်း ငွေရောင်ချိတ်များက ဒိုင်းလွှားများကို ဆက်လက် ထိုးနှက်နေသည့်တိုင်၊ လူငယ်သုံးဦးက ကောင်းကင်တိုင် တောင်များကဲ့သို့ တည်ငြိမ်ပြီး အနည်းငယ်မျှ မရွေ့လျားခဲ့ပေ။

နောက်ဆုံးတွင်၊ ရင်ဖေးကျန်းက သွေးမျိုးဆက်ပေါင်းစပ်ခြင်းကိုပါ အသုံးပြုခဲ့သည်။ သို့တိုင် လူငယ်သုံးဦးကို ဖြတ်ကျော်မရဘဲ တားဆီးထားသေးသည်။

'ဒီညီအကိုသုံးယောက်က စိတ်ဝင်စားစရာပဲ'

လုမင် အနည်းငယ် ပြုံးလိုက်သည်။

"တော်လောက်ပြီ"

ထိုအခိုက်တွင် အေးစက်သောအသံတစ်ခု ထွက်ပေါ်လာပြီး ရင်ဖေးကျန်း၏ နှလုံးသားတွင် တုန်လှုပ်စေခဲ့သည်။ သူက သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို ရုတ်သိမ်းပြီး မျက်စိပျက်မျက်နှာပျက်ဖြင့် လူသားအသွင် ပြန်ပြောင်းလိုက်တော့သည်။

စကားပြောသူမှာ ရင်ဖုန်း ဖြစ်သည်။

"အမှိုက်ကောင်၊ လူရိုင်းကျွန်းက ပုရွက်ဆိတ်လေးတွေကိုတောင် မကိုင်တွယ်နိုင်ဘူး"

ရင်‌ဖုန်းက လက်နှစ်ဖက်ကို နောက်ပစ်ပြီး ရှေ့သို့ ခြေတစ်ချက်လှမ်းကာ ငေါက်လိုက်သည်။

ရင်ဖေးကျန်း မျက်နှာပျက်နေပြီး လူငယ်သုံးဦကို အေးစက်စက်ဖြင့် စိုက်ကြည့်လိုက်၏။ သို့သော်လည်း မဆန့်ကျင်ဝံ့ဘဲ ခေါင်းငုံ့ကာ နောက်ဆုတ်သွားတော့သည်။

"မင်းတို့ အညံ့ခံပြီး သွေးသစ္စာစာချုပ်မှာ လက်မှတ်ထိုးမှာလား၊ ဒါမှမဟုတ် ငါကိုယ်တိုင် လုပ်စေချင်သလား"

ရင်ဖုန်းက လူငယ်သုံးဦးကို ကြည့်လိုက်သည်။

"ငါတို့သုံးယောက်က စာချုပ်မှာ လက်မှတ်မထိုးသလို တခြားသူတွေရဲ့ ခြယ်လှယ်မှုကိုလည်း ငြိမ်ခံနေမှာမဟုတ်ဘူး။ မင်းမှာ စွမ်းရည်ရှိရင် စမ်းကြည့်လို့ရတယ်"

သုံးယောက်ထဲမှ တစ်ယောက်က ပြောလိုက်သည်။ ကျန်နှစ်ယောက်ကလည်း ခေါင်းညိတ်ပြလိုက်၏။

"မင်းတို့ သေချင်နေမှတော့ မင်းရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးမယ်"

ရင်ဖုန်း၏ အမူအရာက အေးစက်သွားသည်။

သူ့ခန္ဓာကိုယ်မှ ကြွက်သားများက အနည်းငယ် ဖောင်းကြွလာပြီး ငွေရောင်အလွှာကို ထုတ်လွှတ်လိုက်၏။ တစ်ချိန်တည်းမှာပင် ငွေရောင်နယ်မြေတစ်ခုက ဖြန့်ကျက်လာတော့သည်။

"ဒုန်း"

ရင်ဖုန်းက ရုတ်တရက် တိုက်ခိုက်လိုက်သည်။ သူ့လက်သီးများက ငွေရောင်အဆင်းဖြင့် တောက်ပနေပြီး လူငယ်သုံးဦးကို ထိုးနှက်လိုက်၏။ လေထဲတွင် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာတော့သည်။

"ပိတ်ဆို့"

လူငယ်သုံးယောက်အနက် တစ်ယောက်က အော်လိုက်သည်။

"ဒေါင်"

ရင်ဖုန်း၏ ငွေရောင်လက်သီးက ဒိုင်းပေါ်ကျရောက်သွားပြီး ပြင်းထန်စွာတုန်ခါသွားစေခဲ့သည်။ လူငယ်သုံးဦးလည်း အမူအရာများ ပြောင်းလဲပြီး ခြေလှမ်း ခပ်ပြင်းပြင်းနင်းရင်း အဆက်မပြတ် ဆုတ်ခွာသွားရ၏။

သူတို့သုံးယောက်စလုံး တည်ငြိမ်မှုမရခင် ခြေလှမ်းတစ်ဒါဇင်ကျော်ကျော် ဆုတ်သွားရတော့သည်။

"သန်မာလှချေလား"

လူအုပ်ကြီးက ထိတ်လန့်ပြီး မယုံနိုင်သော အကြည့်မျိုးဖြင့် ရင်ဖုန်းကို ကြည့်လိုက်ကြသည်။

ရင်ဖေးကျန်း ပြသခဲ့သော အင်အားကပင် လုံလောက်အောင် အားကောင်းနေပြီ ဖြစ်သည်။ တူညီသောအဆင့်ရှိ သာမာန်ပါရမီရှင်များက သူ့ထံမှ လက်သီးတစ်ချက်ကိုပင် ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း ဤလူငယ်သုံးဦးက ရင်ဖေးကျန်း၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိခဲ့သည်။

ယခုမူကား ရင်ဖေးကျန်း၏ လက်သီးတစ်ချက်ကြောင့် ခြေလှမ်းတစ်ဒါဇင်ကျော် ဆုတ်ခွာသွားခဲ့ရပြီ။

'ဒါက ဝိညာဉ်ခန္ဓာ၊ သန္ဓေဝိညာဉ်ခန္ဓာတစ်ခုပဲ'

လုမင်၏ မျက်လုံး အရောင်လက်သွားသည်။

ရင်ဖုန်း၏ ရုပ်ခန္ဓာက အမှန်တကယ်ပင် သန္ဓေဝိညာဉ်ခန္ဓာ ဖြစ်၏။

ရင်ဖုန်းက သိုင်းအုပ်ချုပ်သူမဟုတ်ဘဲ အဓိပဓိအဆင့်သာ ရှိသေးသည်။ ထို့ကြောင့် သူ၏ ဝိညာဉ်ခန္ဓာက သန္ဓေဝိညာဉ်ခန္ဓာသာ ဖြစ်နိုင်သည်။

လုမင်လည်း တိမိသားစုမှ တိရှန်းကို တွေးလိုက်မိသည်။ သူ့မှာလည်း သန္ဓေဝိညာဉ်ခန္ဓာရှိပြီး အံ့မခန်း တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထား၏။

ထို့အပြင်၊ သန္ဓေဝိညာဉ်ခန္ဓာက သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ရောက်ရှိသည်နှင့် တပြိုင်နက် အသွင်ပြောင်းပြီး ပိုမိုအားကောင်းလာကာ အံ့မခန်း ဖြစ်လာနိုင်သည်။

ရင်ဖုန်းက ဤမျှမာနကြီးခဲ့သည်မှာ အံ့သြစရာ မဟုတ်ပေ။ သူ့တွင် သန္ဓေဝိညာဉ်ခန္ဓာ ရှိနေသည်။

"မဆိုးပါဘူး၊ ငါ့ဆီက လက်သီးတစ်ချက်ကို ခုခံနိုင်တဲ့အတွက် မင်းဂုဏ်ယူနေသင့်တယ်။ ဒါပေမဲ့ ဒီလက်သီးမှာ ငါ့ခွန်အား တစ်ဝက်ကိုပဲ သုံးခဲ့တာ။ အခု မင်း ငါ့လက်သီး ဘယ်နှချက်လောက် ခံနိုင်မလဲ ကြည့်ရအောင်"

ရင်ဖုန်းက အေးစက်စက်ပြောပြီး နောက်ထပ် လက်သီးတစ်ချက်ကို ထုတ်ဖော်လိုက်သည်။

"လာစမ်းပါ"

လူငယ်သုံးဦးအနက်မှ တစ်ယောက်က ဟိန်းဟောက်လိုက်သည်။ အစစ်အမှန်နဂါး သွေးမျိုးဆက်က သူတို့၏ ဦးခေါင်းထက်တွင် ပေါ်လာခဲ့၏။ သူတို့ သုံးယောက်က သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုလိုက်သောအခါ ဒိုင်းများကလည်း အစစ်အမှန်နဂါးများကို လုံးလုံးလျားလျား ဖုံးလွှမ်းသွားသည်အထိ ကြီးမားလာတော့သည်။

"ဒုန်း"

ရင်ဖုန်း၏ လက်သီးက ဒိုင်းများပေါ်သို့ တစ်ဖန် ကျရောက်လာခဲ့သည်။ ဒိုင်းများက ပြင်းထန်စွာ တုန်ခါပြီး ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းများ ထွက်ပေါ်လာ၏။ အားနည်းသော လူတချို့၏ မျက်နှာအမူအရာများက ပြောင်းလဲသွားပြီး သွေးအန်လုမတတ် ဖြစ်သွားတော့သည်။

"ဒုန်း... ဒုန်း"

လူငယ်သုံးယောက် ဆုတ်ခွာခဲ့ရသည်။ သူတို့၏ နဂါးခြေထောက်များက နင်းချလိုက်တိုင်း ရေခဲပြင်မှာ အပေါက်ကြီးများ ပေါ်လာခဲ့၏။

အကယ်၍ ဤနေရာသာ ရှန်းရွှီတိုက်အဖွဲ့အစည်းဖြစ်ပါက မိုင်တစ်သောင်း အချင်းဝက်အတွင်း မြေပြင်က ပြိုကျသွားလိမ့်မည်။

အစစ်အမှန်နဂါးကြီးများလည်း တုန်လှုပ်ကာ ပေါက်ကွဲလုနီးပါး ဖြစ်သွားသည်။

"ဟမ်"

လက်သီးနှစ်ချက် ထိုးလိုက်သော်လည်း မဖိနှိပ်နိုင်သေးသောကြောင့် ရင်ဖုန်း၏ မျက်နှာက အေးစက်သွားသည်။ သူ့ဂုဏ်သိက္ခာကို စိန်ခေါ်နေသလိုလည်း ခံစားလိုက်ရ၏။

"တော်လောက်ပြီ"

သူ ဟိန်းဟောက်လိုက်သည်နှင့် သူ့လက်ပေါ်တွင် ငွေရောင် လက်အိတ်တစ်စုံ ပေါ်လာခဲ့သည်။

ဤငွေရောင်လက်အိတ်များက အုပ်ချုပ်သူဝိညာဥ်လက်နက်ဖြစ်ကြောင်း သံသယဖြစ်စရာမလိုပေ။

အုပ်ချုပ်သူဝိညာဉ်လက်နက်၊ ငွေရောင်လက်အိတ်ကို ဝတ်ဆင်ပြီးနောက် ရင်ဖုန်းက လက်သီးချက် ထပ်မံထုတ်ဖော်လိုက်သည်။

ဤတစ်ခါတော့ လူငယ်သုံးယောက် မခံနိုင်တော့ပါ။ သူတို့၏ ဒိုင်းများ လွင့်စဉ်ပြီး သွေးမျိုးဆက်ပေါင်းစပ်ခြင်းလည်း ပြိုကျသွားခဲ့သည်။ သူတို့၏ မူလခန္ဓာများ ပြန်ပေါ်လာပြီး လွင့်စဉ်သွား၏။ သူတို့က ချိုင့်ဝှမ်းနံရံများပေါ်သို့ ဝင်ဆောင့်မိကာ သွေးများ အန်ထွက်လာတော့သည်။

"မင်းတို့ ငါ့ရဲ့ လက်သီးသုံးချက်အထိ ခံနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူသင့်တယ်။ အခု မင်းကို နောက်ဆုံး အခွင့်အရေးပေးမယ်၊ လက်မှတ်ထိုးလိုက်ပါ"

ရင်ဖုန်းက လက်နှစ်ဖက်ကို နောက်ပစ်ပြီး လျစ်လျူရှုစွာ ပြောလိုက်သည်။ ထို့နောက် ရင်ဖေးကျန်းကို လှည့်ကြည့်ပြီး ပြောလိုက်၏။

"ဘာဖြစ်လို့ နောက်ထပ် လက်မှတ်မထိုးစေသေးတာလဲ"

"ဟုတ်ကဲ့၊ ကောင်းပါပြီ"

ရင်ဖေးကျန်းလည်း အမြန်ခေါင်းညိတ်ပြပြီး သွေးသစ္စာစာချုပ်ကိုယူ၍ ရှေ့သို့လျှောက်သွားကာ လူတစ်ယောက်ကို စိုက်ကြည့်ပြီး ငေါက်လိုက်သည်။

"မြန်မြန် လက်မှတ်ထိုးစမ်း"

All Chapters