← Chapters

အခန်း ၁၄၀၂

Vol. 94 Ch. 1402

အခန်း ၁၄၀၂

Vol. 94 Ch. 1402

အပိုင်း ( 1402 ) မင်းက ပုရွက်ဆိတ်နဲ့တောင် ယှဉ်လို့မရဘူး။

ထိုလူငယ်သုံးဦးလည်း လက်မှတ်ထိုးရန်မှတပါး ရွေးစရာ မရှိတော့ပါ။

ထို့နောက် အခြား လူအနည်းငယ်လည်း သွေးသစ္စာစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

နောက်ဆုံးတွင် ရင်ဖေးကျန်းက သွေးသစ္စာ စာချုပ်ကိုယူပြီး ချိုးရင်ရင်နှင့် ချိုးဟောက်ရှေ့သို့ ရောက်လာခဲ့သည်။

“လက်မှတ်ထိုးပါ”

"ငါ လက်မှတ်မထိုးဘူး"

ချိုးရင်ရင်က နှုတ်ခမ်းကို ကိုက်ပြီး ပြောလိုက်၏။

"ဘာ"

ရင်ဖေးကျန်း၏ မျက်နှာက အေးစက်သွားသည်။

ရင်ဖုန်း၏ မျက်လုံးများမှာလည်း သတ်ဖြတ်ချင်စိတ်တို့ ပေါ်လာခဲ့၏။

ယခုလေးတင် သူ့အင်အားကို ပြသထားသော်လည်း လက်မှတ်ထိုးရန် ငြင်းဆိုသူတစ်ဦး အမှန်တကယ် ရှိသေးပါသလော။

ယင်းက သူ့ကို မထီမဲ့မြင်ပြုလိုက်ခြင်း ဖြစ်သည်။

"လက်မှတ်မထိုးရင် ဖြစ်လာမဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို သိရဲ့လား"

ရင်ဖေးကျန်းက အေးစက်စက် ပြောသည်။

"မဟာဧကရာဇ်ရဲ့ လျှို့ဝှက်နယ်မြေဟာ အန္တရာယ်တွေနဲ့ ပြည့်နှက်နေနိုင်တယ်။ နင် ငါတို့ကို စာချုပ်ချုပ်စေချင်တာက မဟာဧကရာဇ်ရဲ့ လျှို့ဝှက်နယ်မြေမှာ ငါတို့ကို အသုံးချချင်လို့ပဲ မဟုတ်လား။ အချိန်ကျရင် ငါတို့က နင်တို့ရဲ့ အပေါင်ပစ္စည်းတွေဖြစ်လာပြီး၊ နင်တို့က အကျိုးအမြတ်တွေကို အလွယ်တကူ ယူသွားမှာ၊ ဟုတ်တယ် မဟုတ်လား"

ချိုးရင်ရင် အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။

သူမ၏ စကားက လူအများ၏မျက်နှာအမူအရာကို ပြောင်းလဲစေခဲ့သည်။

ယင်းက မမှားပေ။ မဟာဧကရာဇ်လျှို့ဝှက်နယ်မြေတွင် ရင်ဖုန်းနှင့် အခြားသူများ အန္တရယ်ရင်ဆိုင်ရပါက သူတို့ကို အသုံးချမည်မှာ သေချာသည်။ ထိုအခါ ရတနာများကို ရရှိရန်‌ နေနေသာသာ သူတို့အသက်ကိုပင် ကာကွယ်နိုင်မည် မဟုတ်တော့ပေ။

စာချုပ်တွင် လက်မှတ် ရေးထိုးပြီးသူအချို့ မျက်စိမျက်နှာပျက်သွားသည်။

"မင်း ဘာစကားပြောလိုက်တာလဲ။ သေချင်နေတာလား"

ရင်ဖေးကျန်း ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။

အမှန်တကယ်လည်း သူတို့တွင် ထိုအစီအစဉ်မျိုး ရှိပေသည်။ သို့ရာတွင် ထုတ်မပြဘဲ လျှို့ဝှက်ထားခဲ့သည်။

ယင်းကို ချိုးရင်ရင်က ဖော်ထုတ်ရန် သူတို့ မမျှော်လင့်ထားပေ။

"နင်က သန်မာတယ်ဆိုပေမဲ့ ငါတို့ ဒီမှာ လူအများကြီး ရှိတယ်။ ငါတို့ အတူတူညီညွတ်ရင် နင့်ကို ဘာဖြစ်လို့ ကြောက်ရမှာလဲ"

"ဒါ့အပြင်၊ နဂါးနတ်ဘုရားတောင်ကြားရဲ့ အကြီးအကဲတွေက ငါတို့ကို ခေါ်ဖို့ ဝေးလံတဲ့နေရာတွေကိုတောင် ဖြတ်သန်းလာခဲ့တာ။ အခုလို ငါတို့ မဟာဧကရာဇ်ရဲ့ လျှို့ဝှက်နယ်မြေထဲကို မဝင်ရသေးခင် နင် ငါတို့ကို တစ်ခုခုလုပ်နိုင်မယ်လို့ ငါမယုံဘူး"

ချိုးရင်ရင်က အသံကျယ်ကျယ်ဖြင့် ဆက်ပြောလိုက်သည်။

ချိုးရင်ရင်၏ စကားများက ရင်ဖုန်း၊ ရင်ဖေးကျန်းနှင့် အခြားသူများ၏ မျက်နှာကို မည်းမှောင်သွားစေတော့သည်။

"ခွေးမ၊ မင်းကို မထိဝံ့ဘူးလို့ မထင်နဲ့။ မင်းက ပုရွက်ဆိတ်တစ်ကောင်ပဲ။ မင်းကို သတ်ရင်တောင် ငါ ဘာဖြစ်မှာလဲ"

ရင်ဖေးကျန်းက ဒေါသတကြီး အော်ဟစ်ပြီး ချိုးရင်ရင်ကို လက်ဝါးနှင့် ရိုက်ချလိုက်သည်။

ချိုးရင်ရင် မျက်နှာပျက်သွားပြီး လျင်မြန်စွာ နောက်ဆုတ်သွားခဲ့၏။

သို့သော်လည်း ရင်ဖေးကျန်း၏ အရှိန်က အလွန်မြန်သည်။ သူက လျှပ်စီးကဲ့သို့ ချိုးရင်ရင်အနားကို ရောက်လာသည်။

"ညီမလေး"

ချိုးဟောက် အော်ဟစ်လိုက်၏။ သူ အလောတကြီး ကူညီရန်ကြိုးစားသော်လည်း များစွာ နောက်ကျသွားပြီ။

ရုတ်တရက်၊ လူရိပ်တစ်ခုက ချိုးရင်ရင်ရှေ့တွင် ပေါ်လာကာ လက်သီးဖြင့် ထိုးလိုက်သည်။

"ဒုန်း"

လက်သီးနှင့်လက်ဝါး ထိပ်တိုက်တွေ့ဆုံပြီးနောက် ရင်ဖေးကျန်း ခြေလှမ်းအနည်းငယ် ဆုတ်သွားရ၏။

"လုမင်"

"အစ်ကိုလု"

ချိုးရင်ရင်နှင့် ချိုးဟောက်တို့ နှစ်ယောက်စလုံး အော်ပြောလိုက်ကြသည်။

ချိုးရင်ရင်ရှေ့တွင် ပေါ်လာသူက သဘာဝအတိုင်း လုမင်သည်ပင်။

ယခင်ကတော့ လုမင်ဟာ လှုပ်ရှားမှုမရှိခဲ့ပါ။

အကြောင်းမှာ မလိုအပ်သောကြောင့် ဖြစ်သည်။ ဤလူများကြားတွင် သူ့အသိများ မရှိမှတော့ အဘယ်ကြောင့် လှုပ်ရှားရမည်နည်း။

သို့သော် ယခုအခါ ချိုးရင်ရင်နှင့် ပတ်သက်နေသောကြောင့် လုမင် ဝင်စွက်ဖက်ရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။

"ကောင်လေး၊ မင်းငါ့ကို တိုက်ခိုက်ဝံ့တယ်လား"

ရင်ဖေးကျန်းက လုမင်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

"ငါလုပ်ဝံ့လား။ မင်းကိုယ်မင်း ဘယ်သူလို့ထင်လို့ ငါက မဝံ့ရဲမှာလဲ။ ရယ်စရာကောင်းလိုက်တာ"

လုမင် ဂရုမစိုက်ဟန်စွာ ပြုံးလိုက်၏။

ထိုစကားကိုကြားတော့ ရင်ဖေးကျန်း၏ မျက်နှာက ခဏတာ ကြောင်တောင်တောင် ဖြစ်သွားသည်။ ထို့နောက်မှာတော့ ရက်စက်ကြမ်းကြုတ်သည့် သတ်ဖြတ်ချင်စိတ်များ ပေါက်ကွဲထွက်လာတော့သည်။

"သေစမ်း"

သူ့လက်ထဲတွင် ငွေရောင်ချိတ်က ပြန်ပေါ်လာပြီး လုမင်အား တိုက်ခိုက်လိုက်သည်။

သူက အခြားသူများအတွက် စံနမူနာပေးရန်အဖြစ် လုမင်ကိုသတ်ရန် ဆုံးဖြတ်လိုက်၏။

"ထွက်သွား"

လုမင်က ငေါက်ငမ်းပြီး နဂါးစွမ်းအင်ကိုးခုကို ပေါက်ကွဲလိုက်သည်။ ထို့နောက် အတားအဆီးမဲ့သော ကောင်းကင်သိုင်းဖြင့် ထိုးနှက်လိုက်သည်။

"ဝုန်း"

လက်သီးချက် ထုတ်ဖော်လိုက်သည်နှင့် နားစည်ကွဲမတတ် ပေါက်ကွဲသံ ထွက်ပေါ်လာ၏။

ရင်ဖေးကျန်း၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ အတားအဆီးမရှိသော စွမ်းအားများဖြင့် သူ့ဆီသို့ ကြောက်မက်ဖွယ်ကောင်းသော တွန်းအားတစ်ခု ပြေးလာသည်ကို ခံစားလိုက်ရ၏။ သူ့ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်ခါရင်း အနောက်သို့ လွင့်စဉ်သွားတော့သည်။

"ဒုန်း"

ရင်ဖေးကျန်း၏ ခန္ဓာကိုယ်က ရေခဲနံရံကို ပစ်ဆောင့်မိသွားသည်။ သူ့ပါးစပ်ထဲမှ သွေးများ အန်ထွက်လာသလို အရိုးကျိုးသံများကိုပါ တစ်ဆက်တည်း ကြားလိုက်ကြရ၏။

"ဟူး..."

ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာခဲ့သည်။

အခင်းဖြစ်ရာနေရာ၌ ဟောက်သံများကြားနေရသည်။

လုမင်ကိုကြည့်ရင်း လူတော်တော်များများ ထိတ်လန့်သွားကြသည်။

လုမင်က ရင်ဖေးကျန်းကို လက်သီးတစ်ချက်ဖြင့် ဒဏ်ရာရရှိသွားစေခဲ့သည်။

ရင်ဖေးကျန်း၏ တိုက်ခိုက်နိုင်စွမ်းက အားလုံး အသိပင်။ သူက တာအိုနယ်မြေသိုင်းပညာကို လေ့ကျင့်ထားကာ သူ၏မျိုးဆက်တူများထက် အဆပေါင်းများစွာ အားကောင်းသည်။ သို့သော်လည်း ယခုအခါ လုမင်၏ လက်သီးတစ်ချက်ကိုပင် မခံနိုင်တော့ပေ။

ကွာခြားမှုက ကြီးမားလွန်းသည်။

ယခုမှပင် သူတို့ထဲမှာ ဤမျှအစွမ်းထက်သူတစ်ဦး ရှိနေသေးကြောင်း သိလိုက်ရသည်။

ချိုးရင်ရင်နှင့် ချိုးဟောက်တို့လည်း အံသြသွားကြလေသည်။

'နဝမနဂါး သွေးမျိုးဆက်ကို နိုးထစေခဲ့တဲ့သူက မျှော်လင့်ထားတဲ့အတိုင်းပါပဲ'

ချိုးရင်ရင်၏ လှပသော မျက်လုံးများက တောက်ပလာခဲ့သည်။

"အား၊ သေစမ်း၊ ငါ မင်းကို သတ်မယ်"

ရင်ဖေးကျန်းက ကြိမ်းမောင်းပြီး ထရန် ရုန်းကလိုက်သည်။

"ဝှစ်"

သို့သော် လုမင်ပုံရိပ်က ရင်ဖေးကျန်းရှေ့တွင် ခဏချင်း ပေါ်လာခဲ့၏။ သူက ရင်ဖေးကျန်း၏ လည်မြိုကိုဖမ်းကိုင်ပြီး ရေခဲနံရံနှင့် ပြင်းပြင်းထန်ထန် ဆောင့်ချလိုက်တော့သည်။

"ဒုန်း"

ရေခဲနံရံက ပြင်းထန်သော ပေါက်ကွဲသံ ထွက်လာခဲ့သည်။ ရင်ဖေးကျန်းမှာ တုံးနှင့်ထုခံရသော ဖားတစ်ကောင်သဖွယ် ဖြစ်သွားခဲ့၏။ ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများ ထွက်လာကာ မပီမသ ဝူးဝူးဝါးဝါး အော်သံများ ထွက်ပေါ်လာတော့သည်။

"ဘာဖြစ်လို့ အော်နေတာလဲ။ မင်းကိုယ်မင်း သန်မာတယ်လို့ မထင်ဘူးလား။ မင်းက သူများတွေကိုတော့ အမှိုက်နဲ့ ပုရွက်ဆိတ်လို့ ခေါ်တယ်။ ငါ့မျက်လုံးထဲမှာ မင်းကမှ ပုရွက်ဆိတ်ပဲ"

လုမင် ရှုတ်ချလိုက်သည်။

ရင်ဖေးကျန်းက လုမင်၏လက်မှ လွတ်မြောက်ရန် အသည်းအသန် ရုန်းကန်လိုက်၏။ သို့သော်လည်း ကြက်ပေါက်စလေးတစ်ကောင်ကဲ့သို့ အားနည်းပြီး အကူအညီမဲ့နေတော့သည်။

"မင်းကိုယ်မင်း သာလွန်တယ်ထင်တာလား။ မင်းက ယွမ်လုမှ မွေးဖွားလာပြီး တာအိုနယ်မြေသိုင်းပညာကို လေ့ကျင့်ထားရုံပဲ။ တာအိုနယ်မြေသိုင်းပညာအပြင် ဒီနေရာမှာ ဘယ်သူက မင်းထက် အားနည်းမှာလဲ"

လုမင် ဆက်ပြောလိုက်သည်။

ဤအရာက လူများစွာကို လက်သီးများ ဆုပ်သွားစေခဲ့သည်။ ယိမ်းယိုင်သွားသော သူတို့၏ ယုံကြည်မှုများ ပြန်လည်ရရှိလာကြ၏။

မမှားပေ၊ ရင်ဖေးကျန်းက တာအိုနယ်မြေသိုင်းပညာကိုသာ လေ့ကျင့်ထားခဲ့သည်။ ပါရမီပိုင်းတွင် သူတို့က သူ့ထက် အားနည်းကြမည် မဟုတ်ချေ။

နောင်တွင်၊ အကယ်၍ သူတို့လည်း တာအိုနယ်မြေသိုင်းပညာကို လေ့ကျင့်နိုင်ပါက ရင်ဖေးကျန်းထက် မည်သို့ အားနည်းနိုင်မည်နည်း။

သူတို့က အသာစီးပင် ရနိုင်သည်။

ဤလူများသည် မူလက ၎င်းတို့ သက်ဆိုင်ရာ တိုက်ကြီးများ၏ ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြသည်။ သူတို့တွင် ခိုင်မာသော စိတ်ဓာတ်များရှိပြီး ယုံကြည်မှုများ ချက်ချင်း ပြန်ရလာတော့သည်။

"သူ့ကိုလွှတ်လိုက်စမ်း"

ထိုအချိန်တွင် လုမင်၏နောက်မှ အေးစက်စက် အသံတစ်ခုထွက်ပေါ်လာသည်။

ယင်းက ရင်ဖုန်းပင်။

ထိုအချိန်တွင် ရင်ဖုန်း၏ ခန္ဓာကိုယ်ပေါ်၌ ငွေရောင်အလင်းတစ်ခု ပေါ်လာသည်။ သူ့မျက်လုံးများမှာပင် ငွေရောင်အလင်းများ လင်းလက်နေ၏။ အရိုးထဲထိ အေးစက်သွားစေနိုင်သော သတ်ဖြတ်ချင်စိတ်ကလည်း သူ့ထံမှ ထွက်ပေါ်လာတော့သည်။

လုမင်က ရင်ဖေးကျန်း၏လည်ပင်းကို ကိုင်ထားရင်းမှ ရင်ဖုန်းအား ပြုံးစစဖြင့် လှည့်ကြည့်လိုက်သည်။

"မင်းရဲ့အင်အားက မဆိုးဘူးပဲ၊ သတ္တိလည်းကောင်းတယ်။ ဒါပေမဲ့ နဂါးနတ်ဘုရားတောင်ကြားကို ရောက်တာနဲ့ မောက်မာဝံ့ကြွားနေရင် နောက်ဆက်တွဲ အကျိုးဆက်တွေက ဆိုးရွားလိမ့်မယ်"

ရင်ဖုန်းက အေးစက်စက် ပြောလိုက်သည်။ သူက သေလူတစ်ယောက်ကို ကြည့်နေသလိုမျိုး လုမင်အား ကြည့်လိုက်၏။

"မောက်မာဝံ့ကြွားတာလား။ ဟားဟားဟား၊ မင်း အနိုင်ကျင့်နေတာကို ငါက ငြိမ်ခံနေရင် အမှန်။ ငြိမ်မခံဘဲ ဆန့်ကျင်တော့ မောက်မာဝံ့ကြွားတယ်ပေါ့။ ဒါက ဝက်တစ်ကောင်ရဲ့ အတွေးအမြင်လား"

လုမင် ရယ်မောလိုက်သည်။

ရင်ဖုန်း၏ မျက်နှာက ပို၍ အေးစက်သွားသည်။ သတ်ဖြတ်ချင်စိတ်တို့ ပါဝင်နေသော လေသံဖြင့် ပြောလိုက်၏။

"ဒီစကားကို ပြောလိုက်ပြီးကတည်းက မင်း သေသွားပြီ။ မင်းကို ဘယ်သူမှ မကယ်နိုင်တော့ဘူး"

"အိုး၊ ဟုတ်လား။ ငါလေ့ကျင့်ကတည်းက ဒီစကားတွေကို လူဘယ်နှစ်ယောက်လောက် ပြောဖူးလဲတောင် မသိဘူး။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူတို့အားလုံး ခွေးသေဝက်သေ သေခဲ့ရတယ်။ မင်းက နောက်တစ်ယောက် ဖြစ်မလာဖို့တော့ ငါမျှော်လင့်ပါတယ်။

လုမင် လှောင်ပြောင်လိုက်သည်။

"မင်းတွေ့ဖူးတဲ့ ပုရွက်ဆိတ်တွေနဲ့ ငါ့ကို လာမနှိုင်းနဲ့"

ရင်ဖုန်းက ပြောသည်။

"ဟားဟား၊ ငါ့အမြင်မှာတော့ မင်းက ပုရွက်ဆိတ်နဲ့တောင် ယှဉ်လို့မရဘူး။ နောက်ပြီး ဒီသွေးသစ္စာစာချုပ်ကို ထိန်းထားစရာ မလိုတော့ဘူး"

လုမင်က ရင်ဖေးကျန်းကို လွှင့်ပစ်ပြီး သွေးသစ္စာစာချုပ်ကို ယူထားလိုက်သည်။

"မင်းလုပ်ဝံ့လား"

ရင်ဖုန်း အော််ဟစ်လိုက်သည်။

"ငါအရမ်းကြောက်နေပြီ"

လုမင် လှောင်ပြောင်လိုက်၏။ ယွမ်ချီစွမ်းအင် ပေါက်ကွဲထွက်လာပြီး သွေးသစ္စာစာချုပ်မှာ ပြာကျသွားတော့သည်။

All Chapters