အခန်း ၁၄၀၅
Vol. 94 Ch. 1405
အပိုင်း ( 1405 ) စန်းဧကရာဇ်။
သိုင်းအုပ်ချုပ်သူအထက်တွင် သိုင်းသူတော်စင် ဖြစ်သည်။
သိုင်းသူတော်စင်ကို သူတော်စင်၊ သိုင်းကဝိ စသည်ဖြင့်လည်း လူသိများ၏။
သူတော်စင်များက မယုံနိုင်လောက်အောင် အစွမ်းထက်သည်။ အတွေးတစ်ခုဖြင့် တောင်များနှင့် ပင်လယ်များကို လှန်ပစ်နိုင်ပေသည်။
သိုင်းအုပ်ချုပ်သူများနှင့်ယှဉ်လျှင် သူတို့က များစွာပို၍ သန်မာကြသည်။ သူတို့က လုံးဝ မတူညီသော အဆင့်များပင်။
ထို့အပြင် သိုင်းသူတော်စင်နယ်ပယ်က အခြားနယ်ပယ်များနှင့် ကွဲပြားသည်။
သွေးကြောဖွင့်ခြင်းအဆင့်ပြီးနောက် သိုင်းစစ်သည်နယ်ပယ်မှစ၍ သိုင်းအုပ်ချုပ်သူနယ်ပယ်အထိ စုစုပေါင်း နယ်ပယ်ကိုးခု ရှိသည်။ နယ်ပယ်တစ်ခုစီကို အဆင့် ကိုးဆင့် ခွဲထား၏။
သို့သော်လည်း သိုင်းသူတော်စင်နယ်ပယ်မှာ ခြားနားသည်။
သိုင်းသူတော်စင်နယ်ပယ်တွင် တောက်ပသောသူတော်စင်၊ မဟာသူတော်စင်နှင့် အန္တိမသူတော်စင်ဟူ၍ နယ်ပယ်သုံးခု ခွဲထားသည်။
နယ်ပယ်တစ်ခုစီကိုလည်း သေးငယ်သောအောင်မြင်ခြင်း၊ ကြီးမားသော အောင်မြင်ခြင်း၊ အထွတ်အထိပ်နှင့် ပြီးပြည့်စုံခြင်းဟူ၍ အဆင့်လေးခုစီ တစ်ဖန် ခွဲခြားထားပေသည်။
နယ်ပယ်တစ်ခုစီကြား ကွာဟချက်က ကြီးမားသည်။
ဤနယ်ပယ်သုံးခုကို သိုင်းသူတော်စင်နယ်ပယ်ဟု ခေါ်ပေသည်။ ၎င်းအထက်တွင် မဟာဧကရာဇ်ဟုလည်း လူသိများသော သိုင်းဧကရာဇ်နယ်ပယ် ရှိသည်။
သိုင်းဧကရာဇ်နယ်ပယ်ကလည်း သိုင်းသူတော်စင်နယ်ပယ်နှင့် ကွဲပြားသည်ဟု ဆိုကြပေသည်။
သူတို့ရှေ့မှ ဤအဖိုးအိုကိုလည်း ဘယ်အဆင့်သို့ ရောက်နေပြီမှန်း သိချင်မိခဲ့သည်။
အဘိုးအို ပေါ်လာသည်နှင့် တပြိုင်နက် လုံယွမ်ချွမ်နှင့် အခြား လူနှစ်ဆယ်ခန့်က လေထဲသို့ ပျံတက်သွားကာ လက်ယှက်ပြီး နှုတ်ဆက်လိုက်ကြသည်။
"အကြီးအကဲ ဟုန်ကို နှုတ်ခွန်းဆက်ပါတယ်"
"အင်း"
ထွားကျိုင်းသော အဘိုးအိုက ခေါင်းညိတ်ကာ လက်ကို ဝှေ့ယမ်းလိုက်၏။ လုံယွမ်ချွမ်နှင့် အခြားသူများလည်း သူ့နောက်တွင် တလေးတစား ရပ်နေလိုက်ကြသည်။
ထို့နောက်မှာတော့ အကြီးအကဲဟုန်၏ အကြည့်က လူအုပ်ကြီးကို ဖြတ်သွားလေသည်။
လူငယ်အားလုံး မမြင်နိုင်သော ဖိအားတစ်ခုက သူတို့အပေါ် ကျရောက်လာသလို ခံစားလိုက်ရသည်။ သူတို့အားလုံး ခါးမတ်သွားပြီး အမူအရာများ လေးနက်သွား၏။ မာနကြီးကြသော ဒေသခံ ပါရမီရှင်များပင်လျှင် အကြီးအကဲဟုန်ရှေ့မှာ နာခံမှုရှိပြီး လေးလေးစားစား ရပ်နေကြတော့သည်။
"ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကိုတော့ လူတိုင်းသိပြီးသားလို့ ယုံကြည်ပါတယ်"
အကြီးအကဲဟုန်က စကားစလိုက်သည်။ သူ့အသံက လူတိုင်း၏ နားထဲမှာ ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာ၏။
"ဒီနေရာမှာ ငါက နောက်ထပ် အချက်နည်းနည်းလောက် အလေးပေးပြီး ပြောချင်သေးတယ်။ ပထမက ငါတို့ ဝင်ရောက်မဲ့ ဟာဧကရာဇ်ရဲ့ လျှို့ဝှက်နယ်မြေဟာ စန်းဧကရာဇ်ရဲ့ နယ်မြေပဲ"
အကြီးအကဲဟုန်က ထပ်မံပြောလိုက်သည်။
ထိုစကားက လူများစွာကို တုန်လှုပ်သွားစေခဲ့၏။
"ဘာ၊ စန်းဧကရာဇ်လား"
"ရှေးရှေးတုန်းက မဟာဧကရာဇ်တစ်ပါး ကျန်ရစ်ခဲ့တဲ့ လျှို့ဝှက်နယ်မြေလို့ထင်တာ။ ဒါက စန်းဧကရာဇ်ဖြစ်မယ်လို့ မမျှော်လင့်ထားဘူး"
ပတ်ဝန်းကျင်တွင် ဆွေးနွေးပြောဆိုသံများ ထွက်ပေါ်လာခဲ့သည်။ အများစုမှာ ဒေသခံ ပါရမီရှင်များ ဖြစ်၏။
အကြောင်းမူကား စန်းဧကရာဇ်ဟာ အလွန်ကျော်ကြားသောကြောင့်ဖြစ်သည်။
နဂါးနတ်ဘုရားတောင်ကြား သို့မဟုတ် ကောင်းကင်နတ်ဘုရားဂိုဏ်းဖြစ်ပါစေ၊ ၎င်းတို့အားလုံးက စန်းပြည်နယ်တွင် တည်ရှိသည်။ စန်းပြည်နယ်ဆိုသည့် အမည်က စန်းဧကရာဇ်မှ ဆင်းသက်လာခြင်း ဖြစ်ချေသည်။
လွန်ခဲ့သောနှစ်ပေါင်း ခြောက်သောင်းကျော်က စန်းဧကရာဇ်သည် စန်းပြည်နယ်၏ တစ်ဦးတည်းသော ဧကရာဇ်ဖြစ်ပြီး စန်းပြည်နယ်ကို အုပ်ချုပ်ခဲ့သည်။
သို့သော်လည်း လွန်ခဲ့သော နှစ်ပေါင်း ခြောက်သောင်းက စန်းဧကရာဇ်ဟာ သတင်းအစအန မကြားရအောင် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ အချို့ကလည်း စန်းဧကရာဇ် ကျဆုံးသွားပြီဟု ပြောဆိုကြလေသည်။
သူ မည်သို့မည်ပုံ သေဆုံးသွားသလဲ ဆိုတာကိုတော့ မည်သူမျှ မသိသေးပါ။
စန်းဧကရာဇ် ပျောက်ဆုံးသွားခြင်းကြောင့် စန်းပြည်နယ်ပယ်တွင် မဟာဧကရာဇ် ကင်းမဲ့ခဲ့ရသည်။
ယခုတော့ မဟာဧကရာဇ်၏ လျှို့ဝှက်နယ်မြေဟာ အမှန်တကယ်ပင် စန်းဧကရာဇ်၏ နယ်မြေ ဖြစ်နေသည်။ ယင်းက လူတိုင်း၏ မျှော်လင့်ချက်ထက် ကျော်လွန်ခဲ့ပေသည်။
"ဒီတစ်ခေါက် စန်းဧကရာဇ်ရဲ့ လျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်တာဟာ မင်းတို့အတွက် စမ်းသပ်မှုတစ်ခုအပြင် အခွင့်အရေးတစ်ခုလို့လည်း ဆိုနိုင်တယ်။ လျှို့ဝှက်နယ်မြေကနေ ထွက်လာတဲ့အခါ မင်းတို့ နဂါးနတ်ဘုရားတောင်ကြားရဲ့ တရားဝင်တပည့် ဖြစ်လာလိမ့်မယ်။ လျှို့ဝှက်နယ်မြေမှာ ရတနာတွေ ရလာခဲ့လို့ မင်းတို့လိုအပ်ရင် သိမ်းထားနိုင်တယ်။ ဂိုဏ်းက အတင်းအကြပ် လွှဲအပ်ခိုင်းမှာ မဟုတ်ဘူး"
"တကယ်လို့ အသုံးမဝင်ဘူးထင်ရင်တော့ ဂိုဏ်းကို လွှဲပြောင်းပေးနိုင်တယ်။ ဂိုဏ်းက မင်းကို ကျောက်ကြမ်း ဒါမှမဟုတ် တန်ဖိုးညီမျှတဲ့ ရတနာတွေနဲ့ လဲလှယ်ပေးမယ်"
အကြီးအကဲဟုန်၏စကားက လူအုပ်ကြီး၏ နှလုံးသားကို ပူလောင်စေခဲ့သည်။
နဂါးနတ်ဘုရားတောင်ကြားက မဟာဧကရာဇ်၏ လျှို့ဝှက်နယ်မြေမှ ရရှိလာသော ရတနာများကို လွှဲပြောင်းပေးရန် သင့်အား ဖိအားပေးမည်မဟုတ်ပါ။ လွှဲပေးလိုလျှင်လည်း ဂိုဏ်းက ညီမျှသောတန်ကြေးကို ပြန်လည်ပေးအပ်မည် ဖြစ်သည်။
ဤအခြေအနေက အလွန်ရက်ရောပေသည်။
ကိုယ်ရတာ ကိုယ်ယူ ဖြစ်သည်။
လုမင်လည်း တိတ်တဆိတ် သဘောကျသွားလေသည်။
ဤသည်မှာ နဂါးနတ်ဘုရားတောင်ကြား၏ ဗျူဟာတစ်ခုလည်း ဖြစ်သည်။
ဤနည်းအားဖြင့် လူတိုင်းက ရတနာများကို ရှာဖွေရန် အစွမ်းကုန်ကြိုးစားကြလိမ့်မည်။
နဂါးနတ်ဘုရားတောင်ကြားက သူတို့ရရှိထားသော ရတနာအားလုံးကို လွှဲပြောင်းပေးရန် အမိန့်ပေးခဲ့မည်ဆိုလျှင် ရတနာများကို မည်သူက အသက်စွန့်၍ ရှာဖွေကြမည်နည်း။ အများစုကတော့ ပုန်းအောင်းနေပြီး စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ရန်သာ ကြိုးစားမည် ဖြစ်သည်။
မည်သို့ပင်ဆိုစေ၊ ဤလူငယ်များက အနာဂတ်မှာ နဂါးနတ်ဘုရားတောင်ကြား၏ တပည့်များ ဖြစ်လာကြလိမ့်မည်။ ရတနာများ များများရလေလေ အနာဂတ်မှာ အကျိုးကျေးဇူးများ များလေလေ ဖြစ်သည်။
"ဒုတိယအချက်"
အဘိုးကြီးဟုန်၏ အသံက ထပ်မံ ထွက်ပေါ်လာပြန်သည်။ လူအုပ်ကြီး ငြိမ်သက်သွား၏။
"ဒုတိယအချက်က ဒီတစ်ခေါက်မှာ စန်းပြည်နယ်မှာရှိတဲ့ ထိပ်တန်းဂိုဏ်းကြီး ဆယ့်သုံးခုက တပည့်အများအပြားကို စေလွှတ်လိမ့်မယ်။ ဒါကြောင့် ပြိုင်ဆိုင်မှုက ပြင်းထန်လာမှာ အသေအချာပဲ။ ဒီအတွက် နဂါးနတ်ဘုရားတောင်ကြားရဲ့ တပည့်တွေဟာ အပြင်လူတွေကို တိုက်ထုတ်ဖို့ စည်းလုံးညီညွတ်ကြရမယ်။ နားလည်လား"
"နားလည်ပါတယ် အကြီးအကဲ"
လူတိုင်းက အသံကျယ်ကျယ်နှင့် ပြန်ဖြေလိုက်ကြသည်။
"ကောင်းပြီ၊ ဒါဆို ငါ့နောက်ကို လိုက်ခဲ့ကြတော့"
အကြီးအကဲဟုန်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ စစ်သင်္ဘောတစ်စင်း ကောင်းကင်မှာ ပေါ်လာခဲ့သည်။ စစ်သင်္ဘောက ပေါ်လာသည်နှင့် လျင်မြန်စွာ ကျယ်ပြန့်လာပြီး မီတာတစ်ရာ ရှည်လျားလာ၏။
လူအားလုံး စစ်သင်္ဘောပေါ်သို့ ပျံတက်သွားကြသည်။
လူနှစ်သောင်းကျော်ရှိသော်လည်း မီတာတစ်ရာရှည်လျားသော စစ်သင်္ဘောက အကျယ်ကြီးရှိသေးသည်။
"သွားကြစို့"
အကြီးအကဲဟုန် အော်လိုက်သည်။ စစ်သင်္ဘောက ကောင်းကင်ကို ဖြတ်၍ မိုးကုတ်စက်ဝိုင်းကို တိုးဝင် ပျောက်ကွယ်သွားတော့သည်။
ယွမ်လုတိုက်ကြီးတွင် ဟင်းလင်းပြင်က အလွန်တည်ငြိမ်မှုကြောင့် တည်နေရာရွှေ့ပြောင်းရန် ပိုမိုခက်ခဲသည်။ တည်နေရာရွှေ့ပြောင်းခြင်း အစီရင်များရှိသော်လည်း ပေးရမည့်တန်ကြေးက မြင့်မားလွန်းပေသည်။
ထို့ကြောင့် လူအများစုက ခရီးသွားရန် စစ်သင်္ဘောကြီး၊ငယ်များနှင့် ရုပ်သေးရုပ်များကဲ့သို့သော ပြင်ပအရာဝတ္ထုအချို့ကိုသာ အသုံးပြုကြသည်။
အကြီးအကဲဟုန်၏ စစ်သင်္ဘောကတော့ စစ်သင်္ဘောအကြီးစားထဲတွင် ပါဝင်လေသည်။
စစ်သင်္ဘောက အံ့အားသင့်ဖွယ် အရှိန်ဖြင့် ကောင်းကင်ကို ဖြတ်သွားသည်။ ယင်းကို ကျောက်ကြမ်းများကို အသက်သွင်းထားသရွေ့ ဆက်လက်ပျံသန်းနေလိမ့်မည်။
ရက်အနည်းငယ်အကြာတွင် စစ်သင်္ဘောက တိတ်ဆိတ်သော တောင်တန်းတစ်ခုပေါ်တွင် ရပ်သွားခဲ့သည်။ လူအားလုံး စစ်သင်္ဘောပေါ်မှ ထွက်လာပြီး ကောင်းကင်တွင် ရပ်လိုက်ကြ၏။
အကြီးအကဲဟုန်လည်း သူ့လက်ကို ဝှေ့ယမ်းပြီး စစ်သင်္ဘောကို သိမ်းထားလိုက်တော့သည်။
"အဲ"
အားလုံးက လှည့်ကြည့်လိုက်တော့ နဂါးနတ်ဘုရား တောင်ကြားအပြင် အခြားလူများ ရှိနေသည်ကို သတိပြုလိုက်မိသည်။
တခြားအင်အားစုများမှ လူများလည်း ရောက်နေပြီ။
"ဒါက ကောင်းကင်နတ်ဘုရားဂိုဏ်းပဲ"
"ကောင်းကင်ကိုးဆင့်ဓားဂိုဏ်း"
"ပြီးတော့ ကောင်းကင်ဘုရင်နန်းတော်"
"..."
ဒေသခံလူငယ်များကတော့ တစ်ချက်ကြည့်ရုံဖြင့် ထိုလူများကို ဘယ်အဖွဲ့အစည်းကမှန်း ချက်ချင်း ပြောနိုင်ကြသည်။
စန်းပြည်နယ်ရှိ ထိပ်တန်းအင်အားစုကြီး ဆယ့်သုံးခုထဲတွင် ငါးခု၊ ခြောက်ခုခန့် ရောက်ရှိနေပြီ ဖြစ်သည်။
"ကောင်းကင်နတ်ဘုရားဂိုဏ်း"
လုမင် အရှေ့ကို လှမ်းကြည့်လိုက်သည်။
ကောင်းကင်နတ်ဘုရားဂိုဏ်းက အရှေ့ဘက်တွင် ရှိ၏။ နဂါးဘုရားတောင်ကြားနှင့် နှိုင်းယှဉ်လျှင် လူပိုများပြီး စုစုပေါင်း သောင်းနှင့်ချီ၍ ရှိခဲ့သည်။
နဂါးနတ်ဘုရားတောင်ကြားက သွေးမျိုးဆက်လိုအပ်ချက် ပို၍များပေသည်။ အစစ်အမှန်နဂါး သို့မဟုတ် စွမ်းရည်တချို့ရှိသော နဂါးသွေးမျိုးဆက်ကို နိုးထနိုင်စေရန် လိုအပ်သည်။ သို့သော်လည်း ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူများကတော့ သွေးမျိုးဆက်မခွဲခြားဘဲ လူတိုင်း လေ့ကျင့်နိုင်ပေသည်။
သို့သော်လည်း လုမင်၏ အမြင်အာရုံက ကောင်းမွန်ခဲ့သည်။ ကောင်းကင်နတ်ဘုရားဂိုဏ်းရှိ သောင်းနှင့်ချီသော လူများကြားတွင် ရင်းနှီးသောမျက်နှာအနည်းငယ်ကို သူမြင်ခဲ့၏။
ရီတျန်၊ ကျစ်ဝူကျိ၊ ပင်ခုန်း၊ ကျိဟုန်ချန်တို့ ဖြစ်ချေသည်။
သို့သော် ရှဲ့နျန်ကျွင်းကိုမူ သူ မတွေ့ခဲ့ပါ။
လုမင်က ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူများကို အကဲခတ်လိုက်သည်။ ထို့အတူ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူများကလည်း သူတို့ကို အကဲခတ်လျက်ရှိ၏။
"ဒီတစ်ခေါက်မှာ သူတော်စင်ငယ်နျန်ကျွင်းက နဂါးနတ်ဘုရားတောင်ကြားနဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းမှာ ရန်သူတွေရှိနေတယ်ဆိုတာကို ပြောခဲ့တယ်။ သူတို့ကို ဂရုစိုက်ပေးဖို့ ငါတို့ကို တောင်းဆိုခဲ့တယ်လေ"
ကောင်းကင်နတ်ဘုရားဂိုဏ်းတွင်၊ မျက်ခုံးနှစ်ခုကြားမှာ မီးတောက်အမှတ်အသားတစ်ခုပါသော လူငယ်တစ်ဦးက ပြောလိုက်သည်။
"ဟုတ်တာပေါ့၊ သူတော်စင်ငယ်က ဒီလိုပြောမှတော့ အဲဒီပုရွက်ဆိတ်တွေကို ငါတို့ ဂရုစိုက်ရမယ်"
အခြားလူငယ်ကလည်း လှောင်ပြောင်လိုက်၏။
သူတော်စင်ငယ်ဟု ပြောကြသောအခါ သူတို့၏ မျက်လုံးများက လေးစားမှုတို့ ပြည့်နှက်နေလေသည်။
ကောင်းကင်နတ်ဘုရားဂိုဏ်းတွင် သူတော်စင်ငယ် ရှဲ့နျန်ကျွင်း သေချာပေါက် ဒဏ္ဍာရီဆန်ဆန် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
သူဟာ စွန့်ပစ်လူရိုင်းကျွန်းမှ ရောက်ရှိလာခဲ့သူဖြစ်သော်လည်း ကောင်းကင်နတ်ဘုရားဂိုဏ်းသို့ ဝင်ရောက်ပြီးနောက်၊ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ မဟာအကြီးအကဲက တိုက်ရိုက်တပည့်အဖြစ် ခေါ်ယူသွားခဲ့သည်။ ထို့အပြင် သူ၏ပါရမီက မြင့်မားပြီး အံ့မခန်းဖြစ်သောကြောင့် ကောင်းကင်နတ်ဘုရားဂိုဏ်းတစ်ခုလုံးပင် တုန်လှုပ်ခဲ့ရပေသည်။