← Chapters

အခန်း ၁၄၀၈

Vol. 94 Ch. 1408

အခန်း ၁၄၀၈

Vol. 94 Ch. 1408

အပိုင်း ( 1408 ) လမ်းကြောင်းရှာရန် လူများကို လွှင့်ပစ်ခြင်း။

ပတ်ဝန်းကျင်ရှိ လူတိုင်း အံ့အားသင့်သွားကြသည်။

လုမင်သည် အလွန် အစွမ်းထက်၏။

ထိုလူငယ်များက နဂါးနတ်ဘုရားတောင်ကြား၏ ဒေသခံ ပါရမီရှင်များ ဖြစ်ကြသည်။ သူတို့အားလုံးက တာအိုနယ်မြေသိုင်းပညာများ လေ့ကျင့်ထားပြီး ပြင်ပမှ ပါရမီရှင်များထက် အဆများစွာ ပို၍အားကောင်း၏။ သို့သော် ဤလူများက လုမင်၏လက်တွင် ခုခံနိုင်စွမ်းမျှပင် မရှိခဲ့ပေ။ လုမင်ထံတွင် လွယ်လွယ်လေး ရှုံးနိမ့်ခဲ့ရသည်။

လူငယ်အများစု အံသြသွားကြသည်။

လူအချို့မှာလည်း လေးနက်သော အမူအရာများကို လှစ်ဟလာကြတော့သည်။

"ရင်ဖုန်း"

လူငယ်များကို ဂရုစိုက်ပေးပြီးနောက် လုမင်က ရင်ဖုန်းကို ကြည့်လိုက်သည်။

"ဝှစ်"

လုမင်က ရင်ဖုန်းဆီသို့ လျှောက်သွား၏။

"တော်လောက်ပြီ"

အေးစက်စက် အသံတစ်ခုကို ကြားလိုက်ရသည်။

အေးစက်သောအမူအရာနှင့် လူငယ်တစ်ယောက်က ရင်ဖုန်းအနားတွင် ပေါ်လာပြီး လုမင်ကို အေးစက်စက်ဖြင့် ကြည့်လိုက်သည်။

"တော်လောက်ပြီလား၊ မင်းက ဘာကောင်မို့လို့လဲ။ ထွက်သွား"

လုမင် အေးစက်စက် အော်ဟစ်လိုက်၏။

ထိုလူငယ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားကာ ပြောလိုက်သည်။

"မင်းက ဂိုဏ်းတူတွေကို ဒီလောက် ရက်ရက်စက်စက် တိုက်ခိုက်တယ်။ ငါ့အထင် မင်း နဂါးနတ်ဘုရားတောင်ကြားမှာဆက်နေဖို့ မလိုတော့ဘူး။ မဟာဧကရာဇ်ရဲ့ လျှို့ဝှက်နယ်မြေမှာလည်း ပါဝင်ခွင့်မရှိဘူး။ ပြန်သွားတော့"

"ထွက်သွား"

ဤတစ်ခါ လုမင်၏အဖြေက ပို၍ ပြတ်သားသည်။ စကားတစ်ခွန်းသာ ပြော၏။

"မင်း သေချင်နေတာပဲ။ အင်အားနည်းနည်းရှိရုံနဲ့ မင်းလုပ်ချင်တာ လုပ်နိုင်မယ် မထင်နဲ့။ စစ်မှန်တဲ့ ခွန်အားက ဘာလဲဆိုတာ ငါပြမယ်"

လူငယ်က အေးစက်စက်ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်မှ နဂါးဟိန်းသံ ထွက်လာသည်။

"ဂါး"

ထို့နောက် လူငယ်က နဂါးဟိန်းဟောက်သံကဲ့သို့ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။ သူက သူ့လက်ချောင်းများကို နဂါးလက်သည်းကဲ့သို့ကွေးကာ လုမင်အား ဖမ်းဆုပ်လိုက်တော့သည်။

လုမင်လည်း သူ့ကို ဖမ်းဆုပ်လာသည့် အစစ်အမှန်နဂါးကြီးတစ်ကောင်ကို မြင်လိုက်ရသည်။

'သန္ဓေဝိညာဉ်ခန္ဓာ'

လုမင်၏စိတ်ထဲတွင် အ‌တွေးတစ်ခု ပေါ်လာသည်။ ထိုလူငယ် တိုက်ခိုက်လိုက်သည်နှင့် လုမင်ဟာ သူ့ကို ရင်ဖုန်းနှင့်တူညီသည်ဟု ခံစားလိုက်ရသည်။ သူ့တွင် သန္ဓေဝိညာဉ်ခန္ဓာ ရှိ၏။ ထို့အပြင် ၎င်းက အထူး နဂါးခန္ဓာ ဖြစ်သည်။

"ဝုန်း"

လူငယ်က တိုက်ခိုက်လိုက်စဉ်မှာပဲ ကြောက်စရာကောင်းသော အင်အားတစ်ခုက လုမင်၏ နောက်ကွယ်မှ ထွက်လာသည်။

ရင်ဖုန်း၊ သူက လုမင်ကို အခွင့်ကောင်းယူကာ ခိုးဝင်တိုက်ခိုက်ခြင်း ဖြစ်သည်။

"မင်း သေချင်နေပြီ"

လုမင်၏မျက်နှာက အေးစက်သွားသည်။ ရှေ့မှလက်သည်းကို ရှောင်တိမ်းရင်း ချက်ချင်းလှည့်ကာ ရင်ဖုန်းကို လက်ဝါးဖြင့် ရိုက်ထုတ်လိုက်၏။

ရင်ဖုန်း၏ အမူအရာက ပြောင်းလဲသွားသည်။ လုမင်ကို ဤမျှမြန်မြန် တုံ့ပြန်နိုင်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သူ နောက်ဆုတ်ချင်သော်လည်း နောက်ကျသွားပြီ ဖြစ်သည်။

"ဒုန်း"

လုမင်၏ လက်ဝါးက သူ့လက်သီးများကို ထိမှန်သောအခါ သူ့တစ်ကိုယ်လုံး တုန်ခါပြီး နောက်ပြန်ဆုတ်သွားရသည်။

လုမင်က ကစဉ့်ကလျား တာအိုနယ်မြေကို ဖြန့်ကျက်လိုက်၏။ သူက အတားအဆီးမဲ့သော ကောင်းကင်သိုင်းဖြင့် ရင်ဖုန်းကို ထပ်မံ တိုက်ခိုက်တော့သည်။

"အတူတူ တိုက်ခိုက်ပြီး သူ့ကို သတ်ကြရအောင်။ ဒီကောင် အထိန်းအကွပ်မဲ့နေပြီ"

ရင်ဖုန်း အော်ဟစ်လိုက်သည်။

သို့သော် ယခင် လူငယ်မှလွဲ၍ အခြားသူများက မလှုပ်ရှားခဲ့ပေ။

နဂါးနတ်ဘုရားတောင်ကြားတွင် ပြိုင်ဆိုင်မှုက အလွန်ပြင်းထန်သည်။ ဒေသခံ တပည့်များစွာက ရင်ဖုန်းနှင့် ပြိုင်ဖက်များ ဖြစ်၏။ ယခုတော့ သူ့ကို ဒုက္ခရောက်ရသည်ကိုကြည့်ရင်း ဝမ်းသာအားရ ဖြစ်နေကြတော့သည်။

"ဒုန်း... ဒုန်း... ဒုန်း"

လုမင်က တောင်တစ်လုံးကဲ့သို့ လေးလံသော လက်သီးချက်အနည်းငယ်ကို ဆက်တိုက် ထုတ်ဖော်လိုက်သည်။ ရင်ဖုန်းက အချို့ကို ခုခံနိုင်သော်လည်း နောက်ဆုတ်သွားရ၏။ လုမင်၏လက်သီးတစ်လုံးက ရင်ဖုန်း၏ဝမ်းဗိုက်ကို ထိုးနှက်မိသောအခါ မျက်လုံးမျက်ဆံပြူးပြီး သွေးအန်လုနီးပါး ဖြစ်သွားတော့သည်။

"ဖြန်း"

လုမင်က ရင်ဖုန်း၏ပါးကို ရိုက်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော အင်အားက ရင်ဖုန်း၏ဦးခေါင်းကို ပေါက်ထွက်လုမတတ် ဖြစ်စေခဲ့၏။ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး မြေပြင်ပေါ် ပစ်လဲကျသွားတော့သည်။

"ဒါ ဘယ်လိုဖြစ်တာလဲ"

အစောပိုင်းက လုမင်ကို တိုက်ခိုက်ခဲ့သော လူငယ်လည်း မျက်လုံးပြူးသွားသည်။

ရင်ဖုန်း၏ တိုက်ခိုက်နိုင်စွမ်းမှာ သူနှင့် အတူတူပင်ဖြစ်သော်လည်း တိုက်ကွက်အနည်းငယ်အတွင်း လုမင်ကို ရှုံးနိမ့်သွားရသည်။ ဤအရာက သူ့ကို သွေးပျက်စေကာ အလောတကြီး ဆုတ်သွားတော့သည်။

"အခုမှ မင်းပြန်ဆုတ်နိုင်မယ်လို့ ထင်လား"

လုမင်က အေးစက်စက်ဖြင့် ပြောရင်း လေဓာတ်စွမ်းအင်တာအိုသိုင်းကို အသုံးပြုကာ ပြေးလိုက်သွားသည်။

ရလဒ်ကတော့ မျှော်လင့်ထားသည့်အတိုင်းပင်။ တိုက်ကွက်အနည်းငယ် လှုပ်ရှားပြီးနောက် ရင်ဖုန်းကဲ့သို့ အခြေအနေဖြင့် အဆုံးသတ်သွားခဲ့ရသည်။ မြေပြင်ပေါ်တွင် အားအင်ချိနဲ့စွာ လဲလျောင်းနေသော ခွေးသေတစ်ကောင်ကဲ့သို့ အရိုက်ခံလိုက်ရလေသည်။

"ကိုင်း၊ အခု လမ်းသိချင်တဲ့သူတွေ လမ်းရှာဖို့အချိန်ကျပြီ"

လုမင် ပြောလိုက်သည်။ သူက ရင်ဖုန်းနှင့် လူငယ်ကိုသယ်ဆောင်ပြီး ချောက်အစွန်းသို့ လျှောက်သွား၏။

"ဟေ့ကောင်၊ မင်း ဘာလုပ်မလို့လဲ။ အကြီးအကဲတွေက စည်းလုံးကြဖို့ သတိပေးထားပြီးသားနော်။ မင်းက အခုလေးတင် အကြီးအကဲရဲ့အမိန့်ကိုဆန့်ကျင်ပြီး တပည့်အချင်းချင်း ဒဏ်ရာရရှိစေပြီးပြီ။ ငါ ဒီကနေ ပြန်ထွက်ပြီးရင် ဂိုဏ်းကို ပြန်တိုင်မှာ"

ရင်ဖုန်း အော်လိုက်သည်။

အမှန်တော့၊ သူက လုမင်ကို ပြဿနာရှာနေသူ ဖြစ်သည်။ ယခင်ကလည်း သူသည် ဂူနံရံမှ ကမ္ပည်းများကိုသုံးပြီး လုမင်အား သတ်ချင်ခဲ့သေးသည်။

နောက်တော့ လုမင်ကို လမ်းကြောင်းရှာရန်အတွက် အသုံးပြုချင်ခဲ့သည်။ သူက အရာအားလုံးကို စတင်ခဲ့သူ ဖြစ်၏။ ယခုတော့ သူဟာ လုမင်ကို ဂိုဏ်းတူတပည့်ချင်းများကို ထိခိုက်စေသည့်အတွက် အပစ်ဖို့နေပြီ ဖြစ်သည်။

လုမင်က သူနှင့် အပိုစကားများပြောရန် စိတ်ကူးမရှိပါ။ သူက သူတို့နှစ်ယောက်ကို ဖမ်းဆွဲပြီး ချောက်ကမ်းပါးဆီသို့ လျှောက်သွားသည်။

"မ... မဟုတ်ဘူး၊ မဟုတ်ဘူး …"

"ငါမင်းကိုသတိပေးနေတယ်နော်..."

ရင်ဖုန်းနှင့် အခြားလူငယ်လေးမှာ သေးတဖြန်းဖြန်း ပါကျမတတ် ဖြစ်လာသည်။ သူတို့က အာခေါင်ခြစ်ကာ အော်ဟစ်ရင်း အစွမ်းကုန် ရုန်းကန်လိုက်၏။ သို့သော်လည်း လုမင်က ၎င်းတို့၏ ကျင့်ကြံခြင်းကို ယွမ်ချီစွမ်းအင်နှင့် တံဆိပ်ခတ်ထားပြီး ဖြစ်သည်။ သူတို့ မည်သို့ပင် ရုန်းကန်နေပါစေမူ အသုံးမဝင်ပေ။

ထို့နောက်တွင် လုမင် သူတို့နှစ်ယောက်ကို လွှင့်ပစ်လိုက်သည်။

လူနှစ်ယောက်မှာ မတူညီသော တံတားဆီသို့ လွင့်ထွက်သွား၏။

သူတို့နှစ်ယောက်က လမ်းကို မရှာချင်ကြဘူးလား။ ဒါဆိုရင် သူတို့နှစ်ယောက်ကိုပဲ စမ်းသပ်ကြည့်လိုက်ရအောင်။

နှစ်ယောက်သား လေထဲ၌ အသံပျောက်မတတ် အော်ဟစ်လိုက်ကြသည်။ သူတို့အသံမှာ ဝက်ပေါ်နေသကဲ့သို့ နားမခံနိုင်စရာ ဖြစ်နေတော့သည်။

"ဝှစ်... ဝှစ်"

သူတို့နှစ်ဦးမှာ တံတားပေါ်မှ ဖြတ်ပြီး တစ်ဖက်ကမ်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

ပြုတ်ကျပြီးမှ သက်ပြင်းချနိုင်ကာ နှစ်ယောက်သား ဒေါသတကြီး အော်ဟစ်ဆဲဆိုကြတော့သည်။

"သူတို့ အဆင်ပြေတယ်လား"

လူတိုင်း အံ့ဩသွားကြသည်။

သူတို့နှစ်ယောက် ဘာမျှမဖြစ်ပေ။

ယုတ္တိဗေဒအရ လမ်းကြောင်းတစ်ခုသာ ရှိသင့်သည်။ ယခုမူ ဘယ်နှခု ရှိနေပါသနည်း။

"ထပ်လုပ်ကြည့်ရအောင်"

လုမင်က သူ့လက်ချက်ဖြင့် လဲကျနေသော လူငယ်အချို့ကို ဖမ်းဆွဲလိုက်သည်။ သူတို့အားလုံး အော်ဟစ်နေသော်လည်း တံတားများတစ်လျှောက် လွှင့်ပစ်ခံလိုက်ရ၏။

သူတို့အားလုံး တစ်ယောက်ပြီးတစ်ယောက် လွင့်စဉ်သွားသော်လည်း ဘာမှမဖြစ်ခဲ့ပေ။

ထို့နောက်တွင် လုမင်က တံတားဆယ်စင်းကို တစ်ခုပြီးတစ်ခု စမ်းကြည့်လိုက်သည်။ သူတို့အားလုံး အဆင်ပြေခဲ့လေသည်။

"ဒါ‌ဆို လူတွေကို ခြောက်လှန့်ဖို့သက်သက် ရေးထားတာပေါ့"

"သွားကြစို့"

နဂါးနတ်ဘုရားတောင်ကြားမှ လူငယ်များက တစ်ယောက်‌တစ်ပေါက် ပြောဆိုကာ တံတားများပေါ်သို့ ပြေးတက်ကြသည်။ သူတို့အားလုံး အဆင်ပြေခဲ့ပေသည်။

တံတားဆယ်စင်းက လူများကို ခြောက်လှန့်ခြင်းသက်သက် ဖြစ်တန်ရာသည်။

လုမင်လည်း သူ့နှာခေါင်းကို ပွတ်လိုက်သည်။ ဤသည်က နောက်ပြောင်ခြင်းဟု အဘယ်ကြောင့် ခံစားရသနည်း။

'ချီးတဲ့မှပဲ'

ရင်ဖုန်းနှင့် သန္ဓေဝိညာဉ်ခန္ဓာရှိသော လူငယ်လေးလည်း သူတို့၏နှလုံးသားထဲမှ ကျိန်ဆဲလိုက်ကြသည်။

ဤတစ်ခါတော့ သူတို့ အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့၏။

ယခုလေးတင် သေခြင်းတရား၏ ခြိမ်းခြောက်မှုကြောင့် သူတို့နှစ်ယောက်မှာ ကြောက်လန့်တကြား အော်ဟစ်ခဲ့မိသည်။ သူတို့ကို ကြည့်ရသည်မှာ အမှန်တကယ် သနားစရာကောင်းခဲ့လေသည်။ ထို့အပြင် ဤမျှများပြားသော လူများရှေ့တွင်ဖြစ်သောကြောင့် လုံးဝ ခေါင်းထောင်နိုင်တော့မည် မဟုတ်ပေ။

ဤအရာအားလုံးအတွက် လုမင်ကို အပြစ်တင်လိုက်ကြသည်။

သို့သော်လည်း တံတားပေါ်သို့ လုမင်တက်လာကြောင်း မြင်လိုက်ရပြီးနောက် နှစ်ယောက်စလုံး ထိတ်လန့်သွားသည်။ ထို့နောက်မှာတော့ ရှေ့သို့ အသားကုန်ပြေးထွက်သွားကာ ခဏချင်း ပျောက်ကွယ်သွားတော့သည်။

"ဒီကောင်တွေ ကံကောင်းလိုက်တာ"

လုမင် ရေရွတ်လိုက်သည်။

သူတို့က တကယ်ကံကောင်းကြကာ အသက်မသေသေးပါ။

လုမင်၊ ချိုးရင်ရင်နှင့် အခြားသူများလည်း တံတားကိုဖြတ်ပြီး ရှေ့ကိုဆက်သွားခဲ့ကြသည်။

ဤတစ်ခါတော့ ခဏသာ လမ်းလျှောက်ရပြီး တံခါးကို တွေ့လိုက်သည်။ သူတို့ တံခါးမှ ထွက်လာသောအခါ ကြီးမားသော ပလက်ဖောင်းတစ်ခုဆီသို့ ရောက်သွား၏။

'အခြား အင်အားစုကလူတွေ'

လုမင် လှည့်ကြည့်လိုက်တော့ ပလက်ဖောင်းက အလွန်ကျယ်ပြန့်ပြီး ရှည်လျားတာကို တွေ့လိုက်ရလေသည်။ လုမင်တို့၏ တစ်ဖက်စီမှာလည်း တံခါးများရှိပြီး အခြားဂိုဏ်းများ၏ တပည့်များ ပေါ်လာခဲ့သည်။

သင်္ချိုင်းဂူကြီးတွင် လမ်းကြောင်းများစွာရှိသော်လည်း၊ နောက်ဆုံး ဤနေရာသို့သာ ပို့ဆောင်ပေးပုံရသည်။

ပလက်ဖောင်းရှေ့တွင်၊ ဒေါင်လိုက် ဖြစ်ပေါ်နေသည့် ပူဖောင်းကဲ့သို့ ကြီးမားသော အရာတစ်ခု ရှိနေသည်။

တောင်များနှင့် မြစ်များ၏ အရိပ်များကိုလည်း ပူဖောင်းထဲတွင် ယောင်ဝါးဝါး မြင်တွေ့ရ၏။

အမှန်တကယ်ပင် အထဲမှာ ကမ္ဘာတစ်ခု ရှိခဲ့သည်။

"အဲဒါကမှ စစ်မှန်တဲ့ မဟာဧကရာဇ်ရဲ့ လျှို့ဝှက်နယ်မြေပဲလား"

"ဒါပဲဖြစ်မှာပါ။ အဲဒါက ဂြိုလ်တစ်ခုပဲ။ မဟာဧကရာဇ်ရဲ့ လျှို့ဝှက်နယ်မြေက ဂြိုလ်တစ်ခုထဲမှာ ရှိနေတာ ပုံမှန်ပါပဲ"

"သွားဟ၊ မြန်မြန်ဝင်မှ"

တစ်စုံတစ်ယောက်က ပူဖောင်းဆီသို့ ဦးစွာ ပြေးသွားခဲ့သည်။

အထဲကို ဝင်ရောက်ပြီးသရွေ့ သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်နိုင်ပြီဖြစ်သောကြောင့် အသားစီး ပိုရနိုင်လေသည်။

All Chapters