အခန်း ၁၄၀၉
Vol. 94 Ch. 1409
အပိုင်း ( 1409 ) သူလာခဲ့ရင် သူ့ကိုနင်းချေမယ်။
ပူဖောင်းအနီးသို့ ရောက်သောအခါ ၎င်းတို့၏ ခန္ဓာကိုယ်များက လျင်မြန်စွာ ကျုံ့သွားကြသည်။ သူတို့ခန္ဓာများက ဖုန်မှုန့်အမှုန်အမွှားများ အရွယ်အစားဖြစ်လာကာ ပူဖောင်းထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားကြလေသည်။
"အဆင်ပြေတယ်"
ပူဖောင်းထဲသို့ ပြေးဝင်သွားသူများ အဆင်ပြေကြောင်း မြင်ရပြီးနောက် ကျန်လူများလည်း ပူဖောင်းဆီကို အလျင်အမြန် ပြေးသွားတော့သည်။
"ဝှစ်၊ ဝှစ်"
တစ်ယောက်ပြီးတစ်ယောက်၊ မရေမတွက်နိုင်သော လူရိပ်များက ပူဖောင်းများထဲကို ဝင်သွားကြလေသည်။
"သွားရအောင်"
လုမင်လည်း ပြောဆိုပြီး ချိုးရင်ရင်တို့နှင့်အတူ ပျံသန်းသွားခဲ့သည်။
ပူဖောင်းအနီးသို့ ချဉ်းကပ်လာသောအခါ သူတို့ကို စုပ်ယူနေသော ဆွဲအားတစ်ခုရှိနေကြောင်း ခံစားလိုက်ရ၏။
ထို့အပြင် ပူဖောင်းနှင့် ပို၍နီးလေလေ၊ သူတို့ရှေ့မှ ပူဖောင်းက ပိုကြီးလာလေပင်။
ထို့နောက်တွင် သူတို့၏ ပုံရိပ်များလည်း ပူဖောင်းများအတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားကြသည်။
ပလက်ဖောင်းပေါ်တွင်၊ ပျောက်ကွယ်သွားသော လုမင်ကိုလှမ်းကြည့်ကာ ရင်ဖုန်းနှင့် အခြားလူငယ်၏ မျက်လုံးများက အေးစက်စက် သတ်ဖြတ်ချင်စိတ်တို့ ဖြစ်ပေါ်လာခဲ့သည်။
"ခဏစေနေရင် ဒီကောင်ကို သတ်ရမယ်"
သန္ဓေဝိညာဉ်ခန္ဓာနှင့် လူငယ်က ဒေါသတကြီး အော်ဟစ်လိုက်၏။
"လုမင်ရဲ့ တိုက်ခိုက်နိုင်စွမ်းက အခုချိန်မှာ အားကောင်းနေပေမဲ့၊ မဟာဧကရာဇ် လျှို့ဝှက်နယ်မြေကိုဝင်ပြီး သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ဖြတ်ကျော်သွားတဲ့အခါ၊ ငါတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းက အရမ်းတိုးတက်လာမှာ။ ဒါ့အပြင်၊ ငါတို့ရဲ့ သန္ဓေဝိညာဉ်ခန္ဓာတွေကလည်း ပြောင်းလဲလာလိမ့်မယ်။ အဲဒီအခါ သူ့ကိုသတ်ဖို့ မခက်ခဲတော့ဘူး"
ရင်ဖုန်း အံကိုတင်းတင်းကြိတ်ပြီး ပြောလိုက်သည်။
"ဟုတ်တယ်၊ အဓိပဓိအဆင့်မှာ တိုက်ခိုက်နိုင်စွမ်းက အရမ်းသန်မာရင်တောင် ဘာဖြစ်လဲ။ သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ချိုးဖြတ်ပြီးတာနဲ့ စစ်မှန်တဲ့စွမ်းအားကို သူ သိရစေမယ်"
သန္ဓေဝိညာဉ်ခန္ဓာနှင့်လူငယ် အံကို တင်းတင်းကြိတ်လိုက်လေသည်။
သူတို့၏ ကျင့်ကြံခြင်းအခြေခံက အဓိပဓိအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး အချိန်မရွေး သိုင်းအုပ်ချုပ်သူနယ်ပယ် ဖြတ်ကျော်နိုင်နေပြီ ဖြစ်သည်။
ထို့အပြင် သူတို့၏ အထောက်အထားများက သာမန်မဟုတ်ပေ။ သူတို့နောက်တွင် ကျွမ်းကျင်သူများရှိပြီး သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။ သူတို့က သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်နိုင်မည်ဟု တစ်ရာ ရာခိုင်နှုန်း ယုံကြည်ကြပေသည်။
ထို့အပြင် သိုင်းအုပ်ချူပ်သူနယ်ပယ်သို့ ဖြတ်ကျော်သောအခါ သန္ဓေဝိညာဉ်ခန္ဓာများက ပြောင်းလဲဦးမည် ဖြစ်သည်။ သူတို့က မြေကမ္ဘာအဆင့်နိမ့် ဝိညာဉ်ခန္ဓာအဆင့်သို့ ရောက်ရှိနိုင်ပြီး သူတို့၏တိုက်ခိုက်နိုင်စွမ်းမှာ အလွန်တိုးတက်လာလိမ့်မည်။ ယင်းက သာမန် ဝိညာဉ်ခန္ဓာများထက် များစွာအားကောင်းသည်။
ထိုအချိန်ရောက်ပါက လုမင်ကို ဆိုးဆိုးရွားရွား သေစေနိုင်မည်ဟု သူတို့ ယုံကြည်ကြ၏။
ထို့နောက်မှာတော့ သူတို့လည်း ပူဖောင်းထဲသို့ ပြေးသွားကာ ပျောက်ကွယ်သွားတော့သည်။
ပူဖောင်းထဲသို့ ပျံသန်းလာပြီးနောက် လုမင်ဟာ ကမ္ဘာကြီး ချာချာလည်သွားသလို ခံစားလိုက်ရသည်။ နောက်အခိုက်မှာတော့ ကောင်းအမြင့်တစ်နေရာတွင် ပြန်ပေါ်လာ၏။
လုမင်လည်း သူ့ခန္ဓာကိုယ်ကို တည်ငြိမ်စေရန် ယွမ်ချီစွမ်းအင်ကို လျင်မြန်စွာ ဖြန့်ကျက်လိုက်လေသည်။
"ဝမ်၊ ဝမ်..."
ဟင်းလင်းပြင် လှိုင်းတွန့်များက ကောင်းကင်တစ်ခုလုံးတွင် အဆက်မပြတ် ပေါ်လာသည်။
လုမင် ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ လေထဲတွင် လူများစွာ ရှိနေကြောင်း တွေ့လိုက်ရ၏။ သူ့မြင်ကွင်းတွင် လူတစ်ရာကျော်ရှိသော်လည်း ချိုးရင်ရင်နှင့် ကျန်သူများကိုတော့ မတွေ့ခဲ့ရပေ။
ဤလျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ပြီးနောက် လူတိုင်းမှာ ကျပန်းနေရာများတွင် ပေါ်လာမည့်ပုံ ရသည်။
ဤအခိုက်တွင် အခြားလူငယ်များကလည်း ပတ်ဝန်းကျင်ကို အကဲခတ်နေသည်။
ထိုလူတစ်ရာတို့တွင် ဂိုဏ်းကြီးဆယ့်သုံးခုမှ လူများ ရောနှောနေ၏။
"ဟိုကောင်က နဂါးနတ်ဘုရားတောင်ကြားကပဲ"
သူတို့ထဲမှ တစ်ယောက်က လုမင်ကိုကြည့်ကာ မျက်လုံးများ အရောင်လက်လာတော့သည်။
ထိုလူငယ်က နဖူးတွင် မီးတောက်အမှတ်အသားရှိသော ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူငယ် ဖြစ်သည်။ သူ့နာမည်ကတော့ လျိုယန်သည်ပင်။
"ဂိုဏ်းတူအစ်ကိုလျိုယန်၊ ငါတို့ကံကောင်းတာပဲ"
လျိုယန်၏ အနားတွင် အရိပ်တစ်ခု ပေါ်လာခဲ့သည်။ ပင်ခုန်း ဖြစ်၏။
"ဟားဟားဟား၊ ငါ့ကံက တကယ်ကောင်းတာပဲ။ အဲဒီကောင်တွေကများ ငါနဲ့ ပြိုင်ချင်နေသေးတယ်။ ဒီကောင်လေးကို ငါသတ်ပြီးတာနဲ့ သူတော်စင်ငယ်က ငါ့ကို အမြင်သစ်နဲ့ သေချာပေါက်ကြည့်လိမ့်မယ်"
လျိုယန် ဝမ်းသာသွားခဲ့သည်။ သူက လက်ချိုးပြီး လုမင်ဆီသို့ လျှောက်လာခဲ့၏။
ပင်ခုန်းကလည်း နောက်မှ လိုက်လာလေသည်။
ပင်ခုန်းနှင့် လျိုယန်ကို လုမင်ကလည်း သဘာဝအတိုင်း သတိထားမိသည်။ သို့သော်လည်း ဂရုမစိုက်ဘဲ တည်ငြိမ်သောမျက်နှာအမူအရာဖြင့် လေထဲတွင် ရပ်နေဆဲပင်။
"ကောင်လေး၊ မင်းက လုမင် မဟုတ်လား။ ဒီမှာ ငါနဲ့တွေ့ရတာ မင်းကံဆိုးတာပဲ"
လျိုယန်က လှောင်ပြောင်လိုက်သည်။ သူ့ထံမှ အေးစက်စက် သတ်ဖြတ်ချင်စိတ်များ ပေါ်လာ၏။
"မင်းက ငါ့ကို သတ်ချင်တာလား။ ဒါက သူ့ကြောင့်လား"
လုမင်က ပင်ခုန်းကိုကြည့်ရင်း မေးသည်။
လုမင်ဟာ ပင်ခုန်းက သူ့ကိုသတ်ချင်နေခြင်းဟု ထင်မှတ်ခဲ့ခြင်း ဖြစ်၏။
ယွမ်လုမှ အင်အားစုကြီးများက ရှန်းရွှီတိုက်အဖွဲ့အစည်းတွင် တပည့်ရွေးချယ်သောအခါ၊ ပင်ခုန်းမှာ သူ၏ ပြင်းပြင်းထန်ထန် ရိုက်နှက်ခံခဲ့ရသည်။
"သူလား၊ မင်း အထင်မှားနေပြီ။ မင်းကို သတ်ချင်နေတာက သူတော်စင်ငယ်ပဲ။ ဒီနေ့ မင်းကို ဘယ်သူမှ မကယ်နိုင်တော့ဘူး။ ဟားဟားဟား"
လျိုယန်က အားကောင်းသော အရှိန်အဝါများကို ထုတ်ဖော်ရင်း လှောင်ပြောင် ရယ်မောလိုက်သည်။
"သူတော်စင်ငယ်လား"
လုမင် မျက်မှောင်ကြုတ်လိုက်၏။
ကောင်းကင်နတ်ဘုရားဂိုဏ်း၏ သူတော်စင်ငယ်က သူ့ကို သတ်ချင်နေသလော။ သို့သော်လည်း သူဟာ ယခုမှ ရောက်ရှိလာခြင်းဖြစ်ပြီး ကောင်းကင်နတ်ဘုရားဂိုဏ်း၏ သူတော်စင်ငယ်ကို သိပင်မသိပေ။
"လုမင်၊ ရှဲ့နျန်ကျွင်းကို ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ မဟာအကြီးအကဲက တပည့်အဖြစ် လက်ခံခဲ့ပြီး ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ သူတော်စင်ငယ်ဖြစ်လာပြီ။ ဒါကို မင်း မမျှော်လင့်ထားဘူး မဟုတ်လား"
ပင်ခုန်းက လှောင်ပြောင်လိုက်သည်။
"ရှဲ့နျန်ကျွင်းက ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ သူတော်စင်ငယ်လား"
လုမင် အံ့ဩသွား၏။ ရှဲ့နျန်ကျွင်းကို ကောင်းကင်နတ်ဘုရားဂိုဏ်း၏ သူတော်စင်ငယ်ဖြစ်လာမည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ထားပေ။
ယခုတော့၊ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ တပည့်များကြားတွင် ရှဲ့နျန်ကျွင်းကို မတွေ့ခဲ့ရသည်မှာ အံ့သြစရာမဟုတ်တော့ပါ။
ရှဲ့နျန်ကျွင်းအကြောင်းကို ပြောမိခါမှ ရှဲ့နျန်ချင်းအကြောင်းကို လုမင် တွေးလိုက်မိသည်။
ယခင်က ကောင်းကင်နတ်ဆိုးဂိုဏ်း၏ တပည့်များကြားတွင်လည်း ရှဲ့နျန်ချင်းကို မတွေ့ခဲ့ရပါ။
ဘာများဖြစ်နေပါသနည်း။
လုမင် အနည်းငယ် စိတ်ပူသွားသည်။ ဤကိစ္စများ ပြီးဆုံးပြီးနောက် အခြေအနေစုံစမ်းရန် ကောင်းကင်နတ်ဆိုးဂိုဏ်းသို့ သွားရန်အတွက် လုမင် ဆုံးဖြတ်ခဲ့လေသည်။
"ဟုတ်တယ်၊ လုမင်... သူတော်စင်ငယ်နျန်ကျွင်းကို ပစ်မှားမိတဲ့အတွက်အခု မင်း နောင်တရနေပြီလား"
ပင်ခုန်း၏ ခန္ဓာကိုယ်မှ အေးစက်သော အငွေ့အသက်တို့ ထွက်ပေါ်လာခဲ့သည်။
"နောင်တလား၊ နောင်တရစရာ ဘာရှိလို့လဲ။ သူလာရင်တောင်မှ ငါသူ့ကို နင်းချေဦးမှာ"
လုမင် သရော်ပြုံး ပြုံးလိုက်သည်။
"အတင့်ရဲလိုက်တာ၊ မင်း သေချင်နေတာပဲ"
လျိုယန်၏ မျက်လုံးများက အေးစက်စက် အလင်းရောင်တစ်ခု လင်းလက်လာခဲ့သည်။
"ဂိုဏ်းတူအစ်ကိုလျိုယန်၊ ဒီကောင်က ကျုပ်နဲ့ ရန်ငြိုးရှိတယ်။ ဘာဖြစ်လို့ ကျုပ်ကို လှုပ်ရှားခွင့်မပြုရတာလဲ"
ပင်ခုန်းက လျိုယန်ကို ပြောလိုက်သည်။
"မင်းက ငါ့ကုသိုလ်ကို လိုချင်တာလား"
လျိုယန်၏ မျက်နှာက မည်းမှောင်သွားသည်။
"ဂိုဏ်းတူအစ်ကို၊ ခင်ဗျား နားလည်မှုလွဲနေတာပါ၊ ကျုပ် ဘယ်လိုလုပ်ပြီး ဒီလိုလုပ်ဝံ့မှာလဲ။ ကျုပ် သူ့ကို သတ်တယ် မသတ်ဘူးက ဂိုဏ်းတူအစ်ကိုအပေါ်မှာ မူတည်ပါတယ်။ ကုသိုလ်ကလည်း သဘာဝအတိုင်း ဂိုဏ်းတူအစ်ကိုအတွက်ပဲ"
"နောက်ပြီး ဒီလုမင်က ကျုပ်နဲ့ ရန်ငြိုးရှိခဲ့ဖူးပါတယ်။ အဲဒီအာဃာတကို လက်စားမချေရရင် ကျုပ် အေးချမ်းနိုင်မှာ မဟုတ်ဘူး"
ပင်ခုန်း ကမန်းကတန်း ရှင်းပြလိုက်လေသည်။
"အိုး၊ ဒီလိုဆိုရင် မင်းလုပ်ပါ"
လျိုယန်လည်း ခေါင်းညိတ်ပြပြီး ပွဲကြည့်ရန် လက်နှစ်ဖက်ကိုနောက်ပစ်ရင်း ဆုတ်သွားခဲ့သည်။
"ချွမ်"
ပင်ခုန်းက သူ့ဓားကို ဆွဲထုတ်လိုက်သည်။ သူ့လက်ထဲတွင် ရေခဲဓားတစ်လက် ပေါ်လာခဲ့၏။ သူ့ခန္ဓာကိုယ်မှ ရေခဲတာအိုနယ်မြေသန္ဓေက ပြန့်ကားလာကာ လုမင်ဆီသို့ ဖိအားပေးလာတော့သည်။
"မင်းက ငါ့ရဲ့ပြိုင်ဘက်ဖြစ်မယ်လို့ ထင်နေသေးတာလား"
လုမင် လျစ်လျူရှုစွာ ပြောလိုက်သည်။
"ဟားဟားဟား၊ အခုက မတူတော့ဘူး လုမင်။ မင်းက ရှန်းရွှီတိုက်ကြီးမှာ နှစ်နှစ်လောက် တကယ်ကြီး နေခဲ့တယ်။ ရှန်းရွှီတိုက်အဖွဲ့အစည်းရဲ့ ကျင့်ကြံခြင်းပတ်ဝန်းကျင်က ယွမ်လုနဲ့ ဘယ်လိုလုပ်ပြီး နှိုင်းယှဉ်နိုင်မှာလဲ။ ငါက မင်းထက် နှစ်နှစ်စောပြီး ယွမ်လုကို လာခဲ့တာ။ အခု ငါ့ရဲ့ ကျင့်ကြံခြင်းက အထွတ်အထိပ်ကို ရောက်နေပြီ။ ရှန်းရွှီတိုက်အဖွဲ့အစည်းမှာ ကျန်ရစ်ခဲ့တဲ့ မင်းက ဘယ်လောက်ထိ တိုးတက်နိုင်မှာမို့လို့လဲ"
ပင်ခုန်း ရယ်မောလိုက်သည်။
"အိုး၊ ဒါက မင်းကို ယုံကြည်မှုရှိစေတာလား။ ဘယ်လောက်တောင် သနားစရာကောင်းလိုက်လဲ"
လုမင် ခေါင်းခါယမ်းလိုက်သည်။ သူ့ထံမှ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာ၏။
အဓိပဓိအဆင့်။
ပင်ခုန်း၏ အမူအရာက ပြောင်းလဲသွားသည်။ လုမင်၏ ကျင့်ကြံခြင်းအခြေခံကို အဓိပဓိအဆင့်သို့ ရောက်ရှိသွားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
"ယွမ်လုတိုက်ကြီးကို ရောက်လာတဲ့ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း မင်းလည်း အတော်တိုးတက်ခဲ့ပုံရတယ်"
ပင်ခုန်း ပြောလိုက်သည်။
လုမင်မှာ ယွမ်လုသို့ ရောက်ရှိလာသည့် လအနည်းငယ်ကမှ အဓိပဓိအဆင့်သို့ ဖြတ်ကျော်သွားခဲ့သည်ဟု သူယုံကြည်ခဲ့သည်။
လုမင်လည်း ပြုံးရုံပြုံးလိုက်ပြီး ရှင်းမပြတော့ပေ။
"ဒါပေမဲ့... ငါတို့နှစ်ယောက်စလုံးက အဓိပဓိတွေဆိုရင်တောင် မင်းက ငါ့ရဲ့ပြိုင်ဘက် မဟုတ်သေးဘူး။ ရေခဲကျောက်စိမ်းကျမ်း၊ သတ်ဖြတ်ခြင်း"
ပင်ခုန်းက ပြောဆိုပြီးနောက် ရုတ်တရက် လှုပ်ရှားလိုက်သည်။ ဓားနှင့်လူ တစ်သားတည်းဖြစ်သွားသကဲ့သို့ ကြောက်စရာကောင်းသော ရေခဲကျောက်စိမ်းဓားအမှတ်အသားက လုမင်ဆီသို့ ပျံသန်းလာ၏။ ၎င်း၏ စွမ်းအားကလည်း တကယ်ကို အံ့မခန်းတော့သည်။
"မင်းက တာအိုနယ်မြေသိုင်းပညာကို လေ့ကျင့်ပြီးပြီပဲ"
တစ်ချက်ကြည့်လိုက်ရုံဖြင့် ပင်ခုန်းက တာအိုနယ်မြေ သိုင်းပညာတစ်မျိုးကို အသုံးပြုနေကြောင်း လုမင် သိလိုက်သည်။
ယခုတော့၊ ပင်ခုန်းက အလွန်ယုံကြည်မှု ရှိခဲ့သည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။
"ဝုန်း"
လုမင် လက်သီးတစ်ချက် ထုတ်ဖော်လိုက်သည်။
လုမင်၏လက်သီးနှင့် ထိပ်တိုက်တွေ့သည်နှင့် ပင်ခုန်း၏ ဓားအမှတ်အသားမှာ ချက်ချင်း ပြိုကျသွား၏။
လက်သီးအင်အားက မရပ်တန့်ဘဲ ပင်ခုန်းဆီသို့ ဆက်လက် တိုးဝင်လာတော့သည်။