အခန်း ၁၄၁၀
Vol. 94 Ch. 1410
အပိုင်း ( 1410 ) သန္ဓေမီးလျှံဝိညာဉ်ခန္ဓာ။
ပင်ခုန်းလည်း အလွန်ကြီးမားသော အင်အားတစ်ခုက သူ့ဆီသို့ တိုးဝင်လာသလို ခံစားလိုက်ရသည်။ ဤစွမ်းအားက သူ ရင်ဆိုင်နိုင်သောအရာ မဟုတ်တော့ပါ။
ပင်ခုန်း၏ မျက်နှာက ကြောက်ရွံ့မှုကြောင့် ဖြူဖျော့သွားခဲ့သည်။ လုမင်က ဘယ်လိုများ ဤမျှသန်မာနိုင်သနည်း။
"ဝုန်း"
ကြောက်စရာကောင်းသော စွမ်းအားက သူ့ခန္ဓာကိုယ်ကို တိုးဝှေ့သွားခဲ့သည်။ သူ့ပါးစပ်မှ သွေးများ အန်ထွက်လာပြီး သနားစဖွယ် အော်ဟစ်လိုက်၏။ သူ့ခန္ဓာကိုယ်က လွင့်စဉ်သွားကာ အဝေးမှ တောင်ထိပ်တစ်ခုကို ဝင်ဆောင့်လိုက်မိတော့သည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
ပင်ခုန်း၏ မျက်လုံးများက ပြူးကျယ်သွားသည်။
လုမင်က ရှန်းရွှီတိုက်အဖွဲ့အစည်းတွင် နေခဲ့သူ ဖြစ်သည်။ ရှန်းရွီတိုက်အဖွဲ့အစည်းတွင် တာအိုနယ်မြေသိုင်းပညာရှိရန် မဖြစ်နိုင်ပေ။ လုမင်၏ တိုက်ခိုက်နိုင်စွမ်းက မည်သို့ ပြင်းထန်နိုင်မည်နည်း။
မူလက သူဟာ ယုံကြည်မှုအပြည့် ရှိခဲ့သည်။ သူသည် လုမင်ထက် နှစ်နှစ်စောပြီး ယွမ်လုတိုက်ကြီးသို့ ရောက်ရှိလာပြီး သူ၏ကျင့်ကြံခြင်းမှာလည်း အလွန်တိုးတက်ခဲ့၏။ သူ့နယ်ပယ်က အဓိပဓိတစ်ပိုင်းအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။ ထို့အပြင် သူက ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူဖြစ်သောကြောင့် လျိုယန်၊ အခြားသူများနှင့် သိကျွမ်းခဲ့ပြီး သူ့အတွက် သင့်လျော်သော တာအိုနယ်မြေသိုင်းပညာကိုလည်း ရရှိခဲ့ပေသည်။ ယင်းကို လေ့ကျင့်ပြီးနောက် သူ၏တိုက်ခိုက်နိုင်စွမ်းမှာ ရီတျန်နှင့် ကျစ်ဝူကျိတို့ကိုပင် ကျော်လွန်သွားခဲ့သည်။
ထို့ကြောင့်ပင် လုမင်နှင့် ပြန်တွေ့သည်နှင့် အတိတ်က သူလုပ်ခဲ့သမျှထက် လုမင်ကို ကလဲ့စားချေချင်ခဲ့သည်။
သို့သော်လည်း လုမင်နှင့် ထိပ်တိုက်တွေ့ဆုံချိန်မှာတော့ အရာအားလုံးက သူမျှော်လင့်ထားသည်ထက် ကျော်လွန်သွားပေသည်။
လုမင်၏ ကျင့်ကြံခြင်းအခြေခံက အဓိပဓိအဆင့်သို့ ရောက်ရှိသွားသည့်အပြင်၊ တိုက်ခိုက်နိုင်စွမ်းမှာလည်း သူ့အား အပြတ်အသတ် ချေမှုန်းနိုင်သည်အထိ သန်မာခဲ့သည်။ သန်မာလွန်းသဖြင့် တစ်ချက်တည်းနှင့် သူ ပြင်းထန်စွာ ဒဏ်ရာရရှိသွားတော့သည်။
"ဒါက မင်းရဲ့တိုက်ခိုက်နိုင်စွမ်းလား။ ဒါက မင်းအားကိုးတဲ့ အရာပဲလား။ အမှိုက်က အမြဲတမ်း အမှိုက်ပဲ ဖြစ်နေမယ်ဆိုတာ တကယ်မှန်တယ်။ မင်းက လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ယွမ်လုတိုက်ကြီးကို ရောက်ခဲ့ပေမဲ့ ငါ့ဆီကနေ တစ်ချက်တောင် မခံနိုင်သေးဘူး"
လုမင် အေးစက်စက် ပြောလိုက်သည်။
"မင်း…"
ပင်ခုန်း ဒေါသထွက်လွန်း၍ ပါးစပ်မှ သွေးများ ထပ်မံအန်ထွက်လာလေသည်။
"ဟားဟားဟား၊ မင်းမှာ အင်အားနည်းနည်းရှိတာပဲ။ ဒါပေမဲ့... ဒီအင်အားနဲ့ ငါ့ ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ တပည့်ရှေ့မှာ မောက်မာဝံ့ကြွားချင်ရင်တော့ မင်း နေရာမှားနေပြီလို့ ငါထင်တယ်"
အေးစက်စက် စကားသံနှင့်အတူ၊ ပူလောင်သော အရှိန်အဝါတစ်ခုက လုမင်ဆီသို့ တိုးဝင်လာခဲ့သည်။
မီးတောက်တစ်ချက်လက်ပြီး လျိုယန်က လုမင်ရှေ့တွင် ပေါ်လာခဲ့သည်။ သူ့ခန္ဓာကိုယ်ကို ရွှေရောင်မီးလျှံက ဖုံးလွှမ်းထား၏။ ကြောက်စရာကောင်းသော အပူချိန်ကည်း လုမင်ဆီသို့ ပျံ့နှံ့လာတော့သည်။
'ဘယ်လောက်တောင် မြင့်မားတဲ့ အပူချိန်လဲ။ ဒီလူမှာလည်း သန္ဓေဝိညာဉ်ခန္ဓာ ရှိတယ်'
လုမင် မျက်ခုံးပင့်လိုက်သည်။
လျိုယန်၏ ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များက တာအိုနယ်မြေသန္ဓေ သို့မဟုတ် ယွမ်ချီစွမ်းအင်မှ သိပ်သည်းထားခြင်းမဟုတ်ဘဲ သူ့ခန္ဓာကိုယ်မှ တိုက်ရိုက်ထုတ်လွှတ်နေခြင်း ဖြစ်သည်။
သူ့ခန္ဓာကိုယ်မှ အံ့မခန်း အပူချိန်ဖြင့် မီးတောက်များ ထွက်ပေါ်နေ၏။ ဤသည်မှာ ဝိညာဉ်ခန္ဓာတစ်ခုသာ လုပ်နိုင်သောအရာ ဖြစ်သည်။
ဘေးပတ်ဝန်းကျင်တွင် ကြည့်ရှုသူအချို့ရှိသော်လည်း ဤအခိုက်အတန့်မှာ သူတို့အားလုံး ဆုတ်ခွာသွားခဲ့မိလေသည်။
သူတို့ထဲတွင် နဂါးနတ်ဘုရားတောင်ကြားမှ တပည့်အချို့လည်း ရှိသည်။ သို့သော်လည်း တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိဘဲ သူတို့အားလုံး လျစ်လျူရှုကာ ဆုတ်သွားကြတော့သည်။
"လျိုယန်ရဲ့ မီးလျှံဝိညာဉ်ခန္ဓာက အတော်အစွမ်းထက်တာပဲ။ အဲဒီကောင်လေး သေတော့မယ်ဆိုတာ သေချာတယ်"
"သာမန်လူတစ်ယောက်ဆိုရင် သန္ဓေဝိဥာဉ်ခန္ဓာနဲ့တွေ့တာနဲ့ ချက်ချင်း အသတ်ခံရတာပဲလေ"
တစ်ဖက်လူ၏ ကံဆိုးခြင်းအတွက် ဝမ်းသာအားရ ပြောဆိုကြသူအချို့ပင် ရှိခဲ့သည်။
"အပိုတွေလုပ်နေစရာမလိုပါဘူး၊ လာခဲ့။ ငါ မင်းနဲ့ ဖြုန်းဖို့ အချိန်မရှိဘူး"
လုမင် ပြောလိုက်သည်။
"မင်းက လူဝင်စားဖို့ အလျင်လိုနေမှတော့ မင်းရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးမယ်။ မီးနတ်ဘုရား ခုတ်ပိုင်းခြင်း"
လျိုယန် ဟိန်းဟောက်လိုက်၏။ သူ့လက်ဝါးကို ဓားသွားအဖြစ်သုံးကာ လုမင်ဆီသို့ ခုတ်ပိုင်းလိုက်တော့သည်။
မီးတောက်များက မီးလျှံဓားတစ်လက်အဖြစ်သို့ သိပ်သည်းပြီး လုမင်၏ ဦးခေါင်းဆီသို့ ဖြတ်သွားသည်။
ယင်းက မီးနတ်ဘုရား၏ စစ်သုံးဓားကဲ့သို့ ကြောက်စရာကောင်းလွန်းလှပေသည်။
လုမင်လည်း ရှေးဦးကစဉ့်ကလျား တာအိုနယ်မြေကို ထုတ်ဖော်ကာ လက်သီးဖြင့် ထိုးချလိုက်သည်။
"ဝုန်း"
အတားအဆီးမဲ့သော ကောင်းကင်သိုင်းဖြင့် လုမင်၏လက်သီးက မီးလျှံဓားနှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။
ပြင်းထန်သော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာ၏။ ထို့နောက် ဟင်းလင်းပြင်က တုန်ခါသွားကာ မီးလျှံဓား ပြိုကျသွားတော့သည်။
လျိုယန်လည်း အင်အားသက်ရောက်မှုကြောင့် နောက်ပြန်ဆုတ်သွားခဲ့ရသည်။
"ဒါပဲလား"
လုမင် အထင်မြင်သေးဟန်ဖြင့် ပြောလိုက်သည်။
လျိုယန်၏ မျက်နှာက မည်းမှောင်သွားသည်။ လုမင်၏ တိုက်ခိုက်နိုင်စွမ်းက သူ မျှော်လင့်ထားသည်ထက် ကျော်လွန်သွား၏။
"မီးလျှံနတ်ဘုရားသိုင်း၊ သုတ်သင်ရှင်းလင်းခြင်း ရှစ်ပါး"
လျိုယန် ဟိန်းဟောက်လိုက်သည်။ သူ့တစ်ကိုယ်လုံးက မီးလျှံများ ထွက်ပေါ်နေပြီး မီတာတစ်ထောင်မြင့်မားသော မီးနတ်ဘုရားအဖြစ်သို့ ပြောင်းလဲသွားပုံရ၏။ သူက မီးတောက်ဓားကြီးဖြင့် ခုတ်ပိုင်းလိုက်တော့သည်။
"ဝုန်း"
လုမင်က လက်သီးဖြင့် ပြန်ထိုးလိုက်သည်။ ထူးခြားသော မြင်ကွင်းမျိုးမရှိဘဲ ရိုးရှင်းသည့် လက်သီးတစ်ချက် ဖြစ်၏။
သို့သော်လည်း ဤရိုးရှင်းသောလက်သီး၏ စွမ်းအားက တောင်နှင့်မြစ်ကို ချေမှုန်းပစ်ရန် လုံလောက်ပေသည်။
"ဝုန်း"
လက်သီးနှင့် ဓားက ဒုတိယအကြိမ် တိုက်မိသွားခဲ့သည်။
"အုန်း"
မိုးနှင့်မြေကြားတွင် ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာ၏။ အဆုံးမဲ့ မီးတောက်များက အရပ်ရပ်သို့ ပျံ့နှံ့သွားကာ မီးလျှံဓားကြီး တစ်ဖန် ပြိုကျသွားပြန်တော့သည်။
ထို့နောက် လုမင်က လေထဲသို့ ခြေလှမ်းကာ လက်သီးတစ်ချက် ထုတ်ဖော်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော လက်သီးအင်အားက မိုင်တစ်ရာ အကွာအဝေးကိုဖြတ်ကာ မီတာတစ်ထောင်မြင့်မားသော မီးနတ်ဘုရားကို ထိမှန်သွားခဲ့သည်။
"ဝုန်း"
မီးနတ်ဘုရား၏ ခန္ဓာတွင် ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာ၏။
ကောင်းကင်မှ မီးတောက်များ ခဏချင်း ပျောက်ကွယ်သွားကာ လျိုယန် ဒယီးဒယိုင်ဖြင့် ဆုတ်သွားခဲ့ရသည်။ သူ့ရင်ဘတ်မှာလည်း အပေါက်ကြီးတစ်ခု ပေါ်လာသည်။
သို့သော်၊ ပြင်းထန်စွာ ဒဏ်ရာရရှိခြင်းတော့ မရှိပါ။ သူ့တစ်ကိုယ်လုံးက မီးတောက်များ တဟုန်းဟုန်း တောက်လောက်နေပုံရသည်။ တစ်ချိန်တည်းမှာပင် ဟောင်းလောင်းပေါက်နေသော ဒဏ်ရာကို လျင်မြန်စွာ ပြုပြင်နေခဲ့ပေသည်။
"ငါက မီးနတ်ဘုရားကွ၊ မင်းငါ့ကို ထိခိုက်အောင် လုပ်လို့မရဘူး"
လျိုယန်က ဟိန်းဟောက်လိုက်သည်။
"မီးလျှံဝိညာဉ်ခန္ဓာက တကယ်ကို အံ့သြစရာပဲ"
လုမင် ပြောလိုက်သည်။
သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်ပြီးနောက် ဝိညာဉ်ခန္ဓာကို သွေးမျိုးဆက်ဖြင့် ဖွဲ့စည်းခဲ့သည်။ သဘာဝအားဖြင့်၊ ၎င်းတွင် သွေး၏ လက္ခဏာအချို့ ရှိလိမ့်မည်။
ဥပမာအားဖြင့် မီး၊ ရေခဲ၊ ရေ၊ လျှပ်စီး အစရှိသည့် သဘာဝသွေးမျိုးဆက်များ...
သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုစဉ်မှာပင် သိုင်းအုပ်ချုပ်သူမဟုတ်ပါက ထိုသွေးမျိုးဆက်ကို ဖျက်ဆီးရန် ခက်ခဲသည်။ ဥပမာအားဖြင့်၊ မီးတောက်များ ပျက်စီးသွားသော်လည်း ပြန်လည်ပြုပြင်နိုင်ပေသည်။
ဟုတ်သည်၊ သွေးမျိုးဆက်ပေါင်းစပ်ခြင်းကတော့ အချိန်တစ်ခုသာ ခံပေသည်။
သို့သော်လည်း ဝိညာဉ်ခန္ဓာကို စုစည်းပြီးနောက်မှာတော့ ပို၍ အံ့မခန်း ဖြစ်ခဲ့သည်။
ဥပမာအားဖြင့်၊ ဤမီးလျှံဝိညာဥ်ခန္ဓာမှာ မီးတောက်များဖြင့် ပြုလုပ်ထားသကဲ့သို့ ဖြစ်သည်။ ခန္ဓာကိုယ်တစ်ခုလုံး ပျက်စီးသွားလျှင်ပင် ပြုပြင်ပြောင်းလဲနိုင်ကာ အသက်ဓာတ်ကို ထိန်းထားနိင်လိမ့်မည်။
သို့သော်လည်း အရာအားလုံးတွင် ကန့်သတ်ချက် ရှိသည်။
အင်အားကွာဟချက်က ကြီးမားလွန်းပါက ဝိညာဉ်ခန္ဓာကို တိုက်ရိုက် ဖျက်ဆီးနိုင်ပေသည်။
"ဟုတ်လား"
လုမင်၏ နှုတ်ခမ်းများက အေးစက်စက် အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။ သူက ရှေ့သို့ ဆက်လျှောက်လာကာ လျိုယန်ကို တိုက်ခိုက်လိုက်၏။
"မီးလှောင်အိမ်"
လျိုယန် ဟိန်းဟောက်လိုက်သည်။ သူ့တစ်ကိုယ်လုံးမှ မီးတောက်များက ပို၍ ပြင်းထန်လာသည်။
ကောင်းကင်တွင် မီးတောက်များက လုမင်ကို ဖုံးအုပ်ထားသော လှောင်အိမ်ကြီးတစ်ခုအဖြစ် ပေါ်လာခဲ့၏။ သူက မီးတောက်များ၏ စွမ်းအားဖြင့် လုမင်ကို လောင်ကျွမ်းသန့်စင်ရန် ကြိုးစားလိုက်ခြင်း ဖြစ်တော့သည်။
"ဟွင်း ယွမ်"
လုမင်၏ လက်ဝါးမှ ကစဉ့်ကလျားအလင်းများ ထွက်ပေါ်လာခဲ့သည်။ ရှေးဦးကစဉ့်ကလျား တာအိုနယ်မြေသန္ဓေက လုမင်၏လက်သီးကိုရစ်ပတ်ပြီး ကစဉ့်ကလျား စက်လုံးတစ်ခုလို ဖြစ်လာသည်။
"ဝုန်း"
လုမင်က မီးတောက်လှောင်အိမ်ကို လက်သီးဖြင့် ထိုးနှက်လိုက်၏။
ဤတစ်ခါတော့ လှောင်အိမ်က လုံးဝပြိုကျပြီး ကောင်းကင်တွင် ပြည့်လျှံနေသော မီးတောက်ကလေးများ ဖြစ်သွားတော့သည်။
ထို့နောက်တွင် ကောင်းကင်မှ မီးတောက်များက အဝေးသို့ ပျံသန်းသွားကာ လူသားအသွင် ပြန်ပြောင်းသွားခဲ့သည်။ လျိုယန်၏ခန္ဓာကိုယ် ပြန်ပေါ်လာ၏။ သို့သော်လည်း၊ ယခုတစ်ကြိမ်တွင် သူ့မျက်နှာက ပုံမှန်မဟုတ်ဘဲ ဖြူဖျော့ဖျော့ဖြစ်ပြီး သွေးများ အန်ထွက်နေတော့သည်။
"မင်း ငါ့မီးလျှံတွေကို ဖျက်ဆီးနိုင်တယ်လား"
လျိုယန် ကြောက်လန့်တကြားဖြင့် အော်ဟစ်လိုက်သည်။
လုမင်၏ ဤလက်သီးချက်က သူ၏ ဝိညာဉ်ခန္ဓာကို တိုက်ရိုက်ဖျက်ဆီးကာ ပြင်းထန်စွာ ဒဏ်ရာရရှိစေခဲ့ပေသည်။
အကယ်၍ နောက်ထပ် လက်သီးချက်နည်းနည်းလောက် ထိုးခံရလျှင် သေတောင်သေနိုင်သည်။
"ဘာကို မီးလျှံဝိညာဉ်ခန္ဓာလဲ၊ အမှိုက်ပဲ"
လုမင် အေးစက်စက် ပြောလိုက်သည်။ သူက ခြေလှမ်းပြီး လျိုယန်ဆီသို့ ဦးတည်သွား၏။
သူ၏ ရှေးဦးကစဉ့်ကလျား တာအိုနယ်မြေက မရေမတွက်နိုင်သော တာအိုများကြားတွင် ဧကရာဇ် ဖြစ်သည်။ သို့ဖြစ်ပေရာ မီးလျှံဝိညာဉ်ခန္ဓာကို ဖျက်ဆီးခြင်းက ထူးခြားမှုမရှိပေ။
"ပြေး"
လျိုယန် မနေဝံ့တော့ပါ။ သူ ချက်ချင်းလှည့်ပြီး ထွက်ပြေးသွားသည်။
"ဝုန်း"
သို့သော်လည်း ကစဉ့်ကလျားအငွေ့အသက်များ ပြည့်နှက်နေသော လက်သီးတစ်ချက်က သူ့ဆီသို့ ကျရောက်လာသည်။
လက်သီးက လျိုယန်၏ခန္ဓာကို တိုက်ရိုက်ထိုးဖောက်သွားရာ အပေါက်ကြီးတစ်ခု ပေါ်လာခဲ့၏။ ထို့အပြင် ယခုတစ်ကြိမ်မှာ မီးတောက်များဖြင့် မည်သို့ပင် ပြန်လည်ကုသစေကာမူ အပေါက်က အချိန်တိုအတွင်း မပျောက်နိုင်တော့ပါ။
သူ့ ပါးစပ်ထဲမှ သွေးများ အန်ထွက်လာခဲ့သည်။ သို့သော်လည်း အနည်းငယ်မျှ မတုံ့ဆိုင်းဝံ့ဘဲ မီးအလင်းတစ်ခုကဲ့သို့ အသည်းအသန် ထွက်ပြေးရလေသည်။
"ဝုန်း"
လုမင်က လက်သီးချက် ထပ်မံထုတ်ဖော်လိုက်သည်။
လက်သီးအင်အားက လျိုယန်၏ခန္ဓာကို ထိုးနှက်လိုက်၏။ သို့သော်လည်း မီးတောက်များက မီးလုံးကြီးတစ်ခုကဲ့သို့ အဝေးကို ပျံသန်း ပျောက်ကွယ်သွားတော့သည်။