အခန်း ၁၄၁၃
Vol. 95 Ch. 1413
အပိုင်း ( 1413 ) စိတ်ဓာတ်ကျနေသော လျိုယန်။
"ဒါဆိုရင် လာခဲ့"
လုမင် လှောင်ပြောင်လိုက်သည်။
"ဂျိန်း"
ခရမ်းရောင်မီး မိုးကြိုးကပ်ဘေးဒုက္ခက ပို၍ပို၍ ကြောက်စရာကောင်းလာသည်။ တောင်လုံးတမျှ ထူထပ်သော မိုးကြိုးနှစ်ခုက ဆက်တိုက် ကျဆင်းလာ၏။
"ဝုန်း"
လုမင် လက်သီးနှစ်ချက် ဆင့်ထိုးလိုက်သည်။ လက်သီးအင်အားက ကောင်းကင်သို့ ထိုးတက်သွားပြီး ခရမ်းရောင်မီး မိုးကြိုးနှစ်ခုကို ဖျက်ဆီးပစ်လိုက်ကြသည်။
လုမင်၏ တုံ့ပြန်မှုနှင့် လျိုယန် ဝင်ရောက်လာခြင်းက ကောင်းကင်ကပ်ဘေးကို ဒေါသထွက်သွားစေခဲ့ပုံရသည်။ ခရမ်းရောင်မီး မိုးကြိးများက ကောင်းကင်မှ အဆက်မပြတ် ကျဆင်းလာတော့သည်။
"ဒီလောက်များတဲ့ မိုးကြိုးတွေပါလား၊ ဒါပေမဲ့ မင်းငါ့ကို တားလို့မရဘူး"
လျိုယန် အေးစက်စက်အော်ပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ဓားအလင်း ပေါက်ကွဲထွက်ပေါ်လာပြီး မိုးကြိုးကပ်ဘေးအား ဖြတ်သန်းသွား၏။ သူဟာ အလွန်လျင်မြန်စွာဖြင့် လုမင်အနားသို့ ချဉ်းကပ်လာတော့သည်။
"ဝှစ်"
လုမင်က ဖျတ်ခနဲ လှုပ်ရှားပြီး လျိုယန်နှင့် ခပ်ခွာခွာနေလိုက်သည်။
"မင်းမလွတ်နိုင်ဘူး"
လျိုယန်က လျှပ်စီးကြောင်းများကိုဖြတ်ပြီး လုမင်အနောက်သို့ လိုက်လာ၏။
ကပ်ဘေးတိမ်တိုက်များက အချင်းဝက် မိုင်နှစ်ရာ ဖုံးလွှမ်းထားသည်။ လုမင်က ကပ်ဘေးတိမ်တိုက်များအလယ်တွင် ရှိနေခြင်း ဖြစ်၏။ လျိုယန်က လုမင်နှင့် မိုင် ရှစ်ဆယ်မှ ကိုးဆယ်သာ ဝေးကွာသည်။ သို့သော်လည်း မိုးကြိုးကပ်ဘေးဒဏ်ကြောင့် ဤအကွာအဝေးကို အလွယ်တကူ ဖြတ်ကျော်မရခဲ့ပေ။
လျိုယန် နီးကပ်လာသည်နှင့် လုမင်က နောက်ဆုတ်သွားခဲ့သည်။
"ချီးပဲ"
လျိုယန် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့ထံမှ သိုင်းအုပ်ချုပ်သူတစ်ပါး၏ အားကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။ သူ့ခန္ဓာကိုယ်ကို မီးတောက်များက ဖုံးလွှမ်းသွား၏။ သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ချိုးဖျက်ပြီးနောက် သူ၏ သန္ဓေမီးလျှံဝိညာဉ်ခန္ဓာမှာလည်း အသွင်ပြောင်းခြင်း ပြီးမြောက်ခဲ့သည်။ ယင်းမှာ ပို၍ ကြောက်စရာကောင်းလာပြီး မြေကမ္ဘာအဆင့်နိမ့် ဝိညာဉ်ခန္ဓာအဆင့်ကို ရောက်သွားတော့သည်။
မီးတောက်များက ဓားသွားများအဖြစ်သို့ သိပ်သည်းသွားပြီး မိုးကြိုးများကို ဖျက်ဆီးပစ်လိုက်သည်။
လျိုယန်၏ အရှိန်က ပို၍ တိုးလာသည်။
ဤအခိုက်တွင် ခရမ်းရောင်မီး မိုးကြိုးများက ရုတ်တရက် ပျောက်ကွယ်သွားသည်။
သို့သော်လည်း၊ ကပ်ဘေးတိမ်တိုက်များက အမှန်တကယ် ဒေါသထွက်နေပုံရသည်။ ဤတစ်ခါတော့ ပြင်ဆင်ခြင်းပင် မပြုလုပ်ဘဲ ကောင်းကင်မှ မိုးကြိုးများ ပစ်ခွင်းလာတော့သည်။
ဤတစ်ကြိမ်တွင် အလင်းရောင်လေးမျိုး ရှိသည်။
လျှပ်စီးကြောင်းက အရောင်လေးမျိုးရှိပြီး မိုးကြိုးတစ်ခုစီတွင် မတူညီသော အရောင်တစ်ခုစီ ရှိ၏။
တစ်ချို့က မီးတောက်များ ရစ်ပတ်ထားကာ တစ်ချို့မှာလည်း လေက ရစ်ပတ်နေကြသည်။ တချို့က ရေဖုံးနေပြီး တချို့မှာတော့ ရွှေရောင်ဖြစ်ချေသည်။
စတုတ္ထမြောက် မိုးကြိုးကပ်ဘေးဒုက္ခ ရောက်လာပြီ။
ဤကပ်ဘေးမိုးကြိုးက ခရမ်းရောင်မီး ကပ်ဘေးဒုက္ခမိုးကြိုးထက် အဆပေါင်းများစွာ ပို၍ ကြောက်စရာကောင်းသည်။
ဤကပ်ဘေးက သန္ဓေဝိညာဉ်ခန္ဓာများ သတိထားကာ ရင်ဆိုင်ရမည့် အလွန်ကြောက်စရာကောင်းသော ကပ်ဘေးဖြစ်ချေသည်။
'သေစမ်း၊ စတုတ္ထမြောက် မိုးကြိုးကပ်ဘေးဒုက္ခ ရောက်လာပြီ'
လျိုယန် စိတ်ထဲမှ အော်ဟစ်လိုက်သည်။
တတိယနှင့် စတုတ္ထမြောက် မိုးကြိုးကပ်ဘေးများကြား ကူးပြောင်းချိန်က သူမျှော်လင့်ထားသည်ထက် များစွာ ပိုမြန်နေ၏။
စတုတ္ထမြောက် မိုးကြိုးကပ်ဘေးဒုက္ခက အလွန်ကြောက်စရာကောင်းပြီး သူ၏ သန္ဓေဝိညာဉ်ခန္ဓာဖြင့်ပင် သတိကြီးစွာထားရသည်။
"ကပ်ဘေးဖြတ်ကျော်ခြင်း ကောင်းကင်ရတနာ"
အတွေးတစ်ခုဖြင့် ခရမ်းရောင်ပုလဲတစ်လုံးက လျိုယန်၏ ဦးခေါင်းထက်တွင် ပေါ်လာကာ အလင်းအတားအဆီးတစ်ခု ဖန်တီးလိုက်သည်။
မိုးကြိုးကပ်ဘေးဒုက္ခက ခရမ်းရောင်အလင်းအတားအဆီးပေါ်သို့ ကျရောက်လာသည်။ ခရမ်းရောင်အလင်း အတားအဆီးက ပြင်းထန်စွာ တုန်ခါသွား၏။ သို့သော်၊ ပိတ်ဆို့နိုင်ဆဲပင်။
"တကယ့်ကို အစွမ်းထက်တဲ့ ကပ်ဘေးဖြတ်ကျော်ခြင်း ကောင်းကင်ရတနာပဲ။ စတုတ္ထ ကပ်ဘေးဒုက္ခကိုတောင် တားဆီးနိုင်တယ်"
အဝေးတွင် လူများစွာက မနာလိုစွာဖြင့် လှမ်းကြည့်လိုက်ကြသည်။
သာမန် ကပ်ဘေးဖြတ်ကျော်ခြင်း ကောင်းကင်ရတနာများက ဒုတိယအဆင့် မိုးကြိုးကိုသာ ခံနိုင်ရည် ရှိသည်။ လျိုယန်၏ ကပ်ဘေးဖြတ်ကျော်ခြင်း ကောင်းကင်ရတနာကတော့ စတုတ္ထအဆင့် မိုးကြိုးကပ်ဘေးကိုပင် တားဆီးနိုင်နေပြီ။ ၎င်း၏စွမ်းအားက အံ့မခန်းဖြစ်ပြီး ကပ်ဘေးဖြတ်ကျော်ခြင်း ကောင်းကင်ရတနာများထဲတွင် ထိပ်တန်းဖြစ်မည်မှာ သေချာသည်။
လျိုယန်၏အရှိန်က အလွန်တိုးလာကာ လုမင်ထံသို့ အမြန်ချဉ်းကပ်လာတော့သည်။
"သတ်"
လျိုယန် ဟိန်းဟောက်ပြီး လက်ဝါးစောင်းဖြင့် ခုတ်လိုက်သည်။ ထိုအခါ ဧရာမ မီးတောက်ဓားကြီးတစ်လက်က လုမင်ကို ခုတ်ပိုင်းလာ၏။
သို့သော်လည်း ဓားအလင်းပေါ်လာသည်နှင့် တပြိုင်နက် မိုးကြိုးများကြောင့် ပြန့်ကျဲသွားတော့သည်။
'ချီးပဲ၊ ငါ ဒီကောင်ကိုသတ်ဖို့ ပိုပြီးနီးစပ်ရမယ်'
လျိုယန်၏ မျက်လုံးများတွင် အေးစက်စက် အလင်းရောင်တစ်ခု လင်းလက်လာသည်။ သူက မိုးကြိုးများကြားမှ လုမင်ထံ လျင်မြန်စွာချဉ်းကပ်ခဲ့၏။ သို့သော်လည်း လုမင်က လေဓာတ်စွမ်းအင် တာအိုသိုင်းကို အသုံးပြုကာ လျိုယန်နှင့် သူ့ကြားမှ အကွာအဝေးကို ထိန်းထားဆဲပင်။
'ဒီကောင် ဘယ်လိုကောင်လဲဟ။ စတုတ္ထအဆင့် မိုးကြိုးကပ်ဘေးဒုက္ခမှာ ဘယ်လိုလုပ်ပြီးး သူ ဒီလောက်မြန်နိုင်သေးတာလဲ'
အချိန်အတော်ကြာအောင် လိုက်ပြီးသည့်တိုင် နှစ်ယောက်ကြားမှ အကွာအဝေးကို မပြောင်းလဲနိုင်သောကြောင့် လျိုယန် အနည်းငယ်စိုးရိမ်လာသည်။
အကွာအဝေးကို မချုံ့နိုင်ပါက လုမင်အား သူ သတ်နိုင်မည်မဟုတ်ပေ။
မိုးကြိုးကပ်ဘေးဒုက္ခ၏ စတုတ္ထအဆင့်က အခြားသူများအတွက် ဆိုးရွားသော ခြိမ်းခြောက်မှုသော်လည်း လုမင်ကတော့ အင်အားပင် သိပ်မထုတ်ရသေးမှန်း သူ မသိပါ။
ပြေးသူက ပြေး၊ လိုက်သူက လိုက်နှင့် လည်ထွက်နေခဲ့သည်။
"ချီးပဲ၊ ကောင်လေး... ဒီနေ့ မင်းရဲ့အသက်ကို ချမ်းသာပေးလိုက်မယ်"
လုမင်ကို လိုက်မမီနိုင်တော့သဖြင့် လျိုယန် နောက်ပြန်ဆုတ်သွားခဲ့သည်။
"လာချင်သလိုလာပြီး သွားချင်သလိုသွားချင်ရင် ဘယ်လွယ်ပါ့မလဲ။ ငါနဲ့အတူ ကပ်ဘေးဒုက္ခကို ဆက်ပြီး ဖြတ်ကျော်လှည့်ပါဦး"
လုမင် လှောင်ပြောင်လိုက်သည်။
လျိုယန် ဆုတ်သွားသည်နှင့် တပြိုင်နက် လုမင် တိုးလိုက်သွား၏။ ကပ်ဘေးဒုက္ခတိမ်တိုက်များကလည်း လျိိုယန်ကို ဖုံးလွှမ်းမြဲ ဖုံးလွှမ်းနေတော့သည်။
"မင်း သေချင်နေတာပဲ"
လျိုယန် ဒေါသတကြီးဖြစ်သွားသည်။ သူက လုမင်ကို ချက်ချင်းသတ်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း သူတိုးလာပါက လုမင် ဆုတ်သွားပြီး သူဆုတ်သွားသောအခါ လုမင်က တိုးလိုက်လာတော့သည်။
ဤအရာက လျိုယန်ကို ဒေါသချောင်းချောင်းထွက်စေခဲ့သည်။
အတန်ကြာအောင် ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေပြီးနောက်၊ မိုးကြိုးကပ်ဘေးဒုက္ခက ရုတ်တရက် ပျောက်ကွယ်သွားသည်။
"ကောင်းကင်ကပ်ဘေးဒုက္ခကြီးပြီးသွားပြီ၊ ဒီကောင် သူ့နယ်ပယ်ကို တည်ငြိမ်အောင်လုပ်ဖို့ လိုတယ်။ အခု မင်းငါ့ကို ဘယ်လိုတားဆီးနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့"
ကောင်းကင်ကပ်ဘေး ပျောက်သွားခြင်းက လျိုယန်အား အလွန်ဝမ်းသာသွားစေခဲ့သည်။
ကောင်းကင်ကပ်ဘေး ပြီးဆုံးသွားပြီးနောက် သူ အလွယ်တကူ လွတ်မြောက်နိုင်ကာ လုမင်ကိုသတ်ရန်ပင် အခွင့်အရေး ရှာဖွေနိုင်ပြီ ဖြစ်သည်။
သို့သော်လည်း နောက်အခိုက်အတန့်တွင် လျိုယန်၏ မျက်နှာအမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။
အကြောင်းမှာ၊ ကောင်းကင်ယံမှ တိမ်တိုက်များက လုံးဝ မပျောက်ကွယ်ဘဲ ပို၍ ထူထဲလာသောကြောင့်ပင်။
မူလက မိုင်နှစ်ရာအချင်းဝက်ကို ဖုံးလွှမ်းခဲ့သော ကပ်ဘေးဒုက္ခ တိမ်တိုက်များက ရုတ်တရက် မိုင်သုံးရာအချင်းဝက်ကို ဖုံးလွှမ်းသွားသည်။ ကြီးမားသောဖိအားက သူ့ကို အသက်ရှူရပင် ခက်စေသည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါက ပဉ္စမအဆင့် မိုးကြိုးကပ်ဘေးဒုက္ခလား"
လျိုယန် အော်ရင်းဟစ်ရင်း မျက်နှာတွင် ကြောက်ရွံ့မှုတို့ ပြည့်သွားသည်။
"ပြေး၊ ပြေး၊ ပြေး"
လျိုယန် ငိုချင်သွားသည်။ သူ အချိန်မဆိုင်းတော့ဘဲ ကပ်ဘေးဒုက္ခ၏ နယ်နိမိတ်မှ လွတ်မြောက်ရန် အသည်းအသန် ပြေးတော့သည်။
"ဂီး"
ထိုအချိန်တွင် ကောင်းကင်ယံ၌ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ ကောင်းကင်ယံ၌ ကြီးမားသော လင်းယုန်တစ်ကောင်က မယုံနိုင်လောက်အောင် အရှိန်အဟုန်ဖြင့် ပျံဆင်းလာ၏။ ၎င်းက တခဏချင်းမှာပင် လျိုယန်၏ ဦးခေါင်းထက်မှာ ပျံဝဲလာတော့သည်။
"ပဉ္စမအဆင့် ကောင်းကင်ကပ်ဘေးဒုက္ခ၊ မိုးကြိုးကပ်ဘေး အသွင်ပြောင်းလဲခြင်း"
လျိုယန် မယုံနိုင်ဘဲ ထိတ်လန့်တကြား ထအော်လိုက်သည်။
လုမင်က မိုးကြိုးကပ်ဘေးဒုက္ခကို ဖြတ်သန်းနေဆဲပင်။ ထို့အပြင်၊ ၎င်းက ဒဏ္ဍာရီလာ ပဉ္စမအဆင့် ကောင်းကင်ကပ်ဘေးဒုက္ခ၊ မိုးကြိုးကပ်ဘေး အသွင်ပြောင်းလဲခြင်း ဖြစ်သည်။
တော်ရုံ သန္ဓေဝိညာဉ်ခန္ဓာများပင် မိုးကြိုးကပ်ဘေးဒုက္ခကို ဖြတ်သန်းသောအခါ မိုးကြိုးကပ်ဘေးဒုက္ခ၏ စတုတ္ထအဆင့်ကိုသာ ရင်ဆိုင်ကြရသည်။
အလွန်အမင်း ပုံမှန်မဟုတ်သော လူအချို့သာ မိုးကြိုးကပ်ဘေးဒုက္ခ၏ ပဉ္စမအဆင့်ကို ရင်ဆိုင်ရလိမ့်မည်။
"ဒုန်း"
မိုးကြိုးကပ်ဘေးဒုက္ခကြောင့် ဖြစ်ပေါ်လာသော လင်းယုန်က လျိုယန်၏ ကပ်ဘေးဖြတ်ကျော်ခြင်း ကောင်းကင်ရတနာကို ဝင်ဆောင့်လိုက်သည်။ ကပ်ဘေးဖြတ်ကျော်ခြင်း ကောင်းကင်ရတနာဖြင့် ဖွဲ့စည်းထားသော အလင်းမျက်နှာပြင်က ပြင်းထန်စွာတုန်ခါပြီး ပြိုကျလုနီး ဖြစ်သွား၏။
"ပြေး"
ဤအခိုက်တွင် လျိုယန်၏ တစ်ခုတည်းသော အတွေးက တတ်နိုင်သမျှ ဝေးဝေးကို ပြေးရန်ပင်။
သိုရာတွင်၊ လုမင်က သူ့ဆန္ဒအတိုင်း မည်သို့လုပ်ခွင့်ပေးမည်နည်း။ သူက လျင်မြန်စွာ ပြေးလိုက်သွားခဲ့သည်။
"မိုးကြိုးကပ်ဘေးဒုက္ခ အသွင်ပြောင်းလဲခြင်းလား"
လုမင်၏ နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။
ဤမိုးကြိုးကပ်ဘေးဒုက္ခမျိုးကို သူကြုံတွေ့ခဲ့ရတာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါ။ ဝိညာဉ်နတ်ဘုရား ကပ်ဘေးဒုက္ခကို ဖြတ်သန်းစဉ်ကလည်း ရင်ဆိုင်ခဲ့ဖူးသည်။
"ဝေါင်း၊ ဝေါင်း"
ကျယ်လောင်သော ဟိန်းဟောက်သံနှစ်ခု ထွက်ပေါ်လာသည်။ မိုးကြိုးကပ်ဘေးဒုက္ခကြောင့် ဖြစ်ပေါ်လာသော ကျားကြီးနှစ်ကောင်က လုမင်ကို ခုန်အုပ်လိုက်၏။
"အတားအဆီးမဲ့သော ကောင်းကင်သိုင်း"
လုမင်က လက်သီးနှစ်ချက် ထုတ်ဖော်ပြီး ကျားကြီးနှစ်ကောင်ကို လွင့်စဉ်သွားစေခဲ့သည်။
တစ်ဖက်တွင် နောက်ထပ် လင်းယုန်နှစ်ကောင် ပေါ်လာသည်။ စုစုပေါင်း လင်းယုန်သုံးကောင်က လျိုယန်ကို တိုက်ခိုက်လိုက်၏။
"ဒုန်း၊ ခွမ်း"
လျိုယန်၏ ကပ်ဘေးဖြတ်ကျော်ခြင်း ကောင်းကင်ရတနာဖြင့် ဖွဲ့စည်းထားသော အလင်းမျက်နှာပြင်မှာ နောက်ဆုံးတွင် မထိန်းနိုင်ဘဲ ပေါက်ကွဲသွားတော့သည်။
ပုလဲပင်လျှင် ပေါက်ကွဲသွားရသည်။
ကပ်ဘေးဖြတ်ကျော်ခြင်း ကောင်းကင်ရတနာ မရှိတော့သောအခါ လင်းယုန်များက လျိုယန့်ထံ တိုးဝင်လာတော့သည်။
"ထွက်သွား"
လျိုယန် ဟိန်းဟောက်လိုက်သည်။ ပြီးပြည့်စုံသော တာအိုနယ်မြေက သူ့ခန္ဓာကိုယ်ကိုဖုံးလွှမ်းပြီး လင်းယုန်သုံးကောင်ထံ ပြန့်ကားသွား၏။
သို့သော်လည်း သူဟာ သိုင်းအုပ်ချုပ်သူ ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ပြီး သိုင်းအုပ်ချုပ်သူဖြစ်နေပြီ ဖြစ်သည်။ သို့တိုင် ကပ်ဘေးဒုက္ခ တိမ်တိုက်များထဲကို ဝင်နေခဲ့၏။ ထို့ကြောင့် သူ့အပေါ် ကျရောက်လာသော ကပ်ဘေးစွမ်းအားမှာ လုမင်ထက် ပို၍ အားကောင်းပြီး ကိုယ်တိုင် ကပ်ဘေးဒုက္ခ ဖြတ်ကျော်ရသလို ဖြစ်နေတော့သည်။
သူကိုယ်တိုင် ပဉ္စမအဆင့် ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ခဲ့ရသည်။