အခန်း ၁၄၁၄
Vol. 95 Ch. 1414
အပိုင်း ( 1414 ) မိုးကြိုးကပ်ဘေးကြောင့် သေရှာပြီ။
သို့ရာတွင်၊ သူ သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်သန်းသောအခါ ရင်ဆိုင်ခဲ့ရသည်က စတုတ္ထအဆင့် ကပ်ဘေးမျှသာ ဖြစ်သည်။ ပဉ္စမမြောက် ကပ်ဘေးဒုက္ခ၏ စွမ်းအားက သူ့စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်နေပြီ။
"ဝုန်း"
လျိုယန်က မိုးကြိုးကပ်ဘေး လင်းယုန်သုံးကောင်ကို လွင့်စဉ်သွားစေသော်လည်း သူ့သည်လည်း ဒဏ်ရာအနည်းငယ် ရခဲ့သည်။ မိုးကြိုးကပ်ဘေး၏ စွမ်းအားက သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားရာ သွေးများ အန်ထွက်လာတော့သည်။
သို့သော်လည်း သူ့ကို စိတ်ပျက်အားငယ်စေသည့်အရာမှာ ကောင်းကင်၌ နောက်ထပ် မိုးကြိုးကပ်ဘေးဒုက္ခ ထပ်မံ ပေါ်လာခြင်းဖြစ်သည်။ ယခုတစ်ကြိမ်တွင်၊ ၎င်းက ဧရာမစပါးအုံးမြွေနှစ်ကောင်ဖြစ်၏။
တစ်ချိန်တည်းမှာပင် လင်းယုန်သုံးကောင်ကလည်း လျိုယန်ကို တိုက်ခိုက်ခဲ့သည်။
ယခုတော့ လျိုယန်မှာ သူ့ကိုယ်သူ ကာကွယ်ရန် အစွမ်းကုန် ကြိုးစားနေရပြီး လုမင်ဆီသို့ စိတ်မရောက်နိုင်တော့ပါ။
ပေါက်ကွဲသံအနည်းငယ် ထွက်ပေါ်ပြီးနောက်၊ လျိုယန်၏ ခန္ဓာကိုယ်က စုတ်ပြဲသွားပြီး ဆံပင်များ ဖရိုဖရဲဖြစ်ကာ သွေးများ အန်ထွက်လာခဲ့သည်။
သူ့ခန္ဓာကိုယ်မှာလည်း ဒဏ်ရာများ ကြီးမားလာပြီး အဖြစ်ဆိုး ကြုံနေရတော့သည်။
သူ၏ အစွမ်းထက် သန္ဓေ မီးလျှံဝိညာဉ်ခန္ဓာ၊ မြေကမ္ဘာအဆင့်နိမ့် ဝိညာဉ်ခန္ဓာကြောင့် မဟုတ်ပါက တခါတည်း နောက်ဘဝကို ကူးလောက်သည်။
သို့သော်လည်း ကောင်းကင်တွင် အသွင်ပြောင်းမိုးကြိုးတချို့ ထပ်မံ ပေါ်လာပြီး တိုက်ခိုက်ကြပြန်သည်။
အဆုံးတွင်၊ စုစုပေါင်း မိုးကြိုးကပ်ဘေးဒုက္ခ ဝိညာဉ်ကိုးပါး ထွက်ပေါ်လာသည်။ မိုးကြိုးဝိညာဉ်သုံးခုက လျိုယန်ကို ဝိုင်းရံကာ စတင်တိုက်ခိုက်၏။
လျိုယန်လည်း အသည်းအသန် ခုခံရန် ကြိုးစားလိုက်ရသည်။
"ထိန်းထား၊ ငါ တောင့်ခံထားရမယ်။ ဒီကပ်ဘေးကို တောင့်ခံထားနိုင်သရွေ့ ငါ လွတ်မြောက်နိုင်တယ်။ ဒါတင်မကဘူး၊ ဒီမိုးကြိုးနဲ့ ငါ့ရဲ့ ဝိညာဉ်ခန္ဓာကိုတောင် ပိုသန်မာအောင် လေ့ကျင့်နိုင်သေးတယ်"
လျိုယန်က သူ့ကိုယ်သူ အားပေးရင်း အစွမ်းကုန် ကြိုးစားခုခံလိုက်သည်။
တစ်ဖက်တွင်၊ မိုးကြိုးကပ်ဘေး ဝိညာဉ်ခြောက်ပါး၏ ဝိုင်းရံခြင်းခံရသော လုမင်က လျိုယန်ထက် များစွာပို၍ စိတ်အေးလက်အေး ရှိနေပေသည်။
တတိယသွေးမျိုးဆက်မှ လုမင်၏ ခန္ဓာကိုယ်ထဲသို့ စွမ်းအင်များ စိမ့်ဝင်လာသည်။ ထို့နောက် ယွမ်ချီစွမ်းအင်ကို လှည့်ပတ်ရင်း အတားအဆီးမဲ့သော ကောင်းကင်သိုင်းဖြင့် အသွင်ပြောင်းမိုးကြိးများကို တိုက်ခိုက်လိုက်၏။
လုမင်က လက်သီးတစ်ချက် ထုတ်ဖော်လိုက်တိုင်း မိုးကြိုးဝိညာဉ်တစ်ခု လွင့်စဉ်သွားရသည်။
တစ်ချိန်တည်းမှာပင်၊ လုမင်က သူ၏ဝိညာဉ်ခန္ဓာကို သန့်စင်ရန် မိုးကြိုးကပ်ဘေးဒုက္ခ၏ စွမ်းအားအချို့ကို တမင်တကာ လွှတ်ပေးခဲ့သေးသည်။
'မလုံလောက်ဘူး။ ဒီမိုးကြိုးကပ်ဘေးဒုက္ခအဆင့်က ငါ့ဝိညာဉ်ခန္ဓာကို သန့်စင်စေဖို့ လုံလောက်တယ်၊ ဒါပေမဲ့ ငါ့ရဲ့ တာအိုနယ်မြေကို တစ်ကြိမ်တည်းနဲ့ ပြီးပြည့်စုံတဲ့ တာအိုနယ်မြေအဖြစ် သန့်စင်ဖို့ မလုံလောက်သေးဘူး။ ပိုပြင်းထန်တဲ့ မိုးကြိုးကို လိုအပ်တယ်'
လုမင် တွေးလိုက်သည်။
လုမင်၏ အတွေးများကိုသာ အခြားသူများသိပါက ဒေါသထွက်လွန်းသဖြင့် သေသွားနိုင်လောက်သည်။
လူတိုင်းက မိုးကြိုးကပ်ဘေးဒုက္ခကို တတ်နိုင်သမျှ အားနည်းမည်ဟု မျှော်လင့်ကြ၏။ သို့ပေသော်ငြား၊ လုမင်ကတော့ လက်ရှိမိုးကြိုးအဆင့်ကို မကျေနပ်ဘဲ ပို၍ ပြင်းထန်သော မိုးကြိုးကပ်ဘေးကို လိုချင်နေသေးသည်။
သိထားရမည်မှာ ဤသည်က ပဉ္စမအဆင့် ကောင်းကင်ကပ်ဘေး ဖြစ်သည်။
"ပျက်စီးစေ"
လုမင် ခပ်တိုးတိုး ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်တွင် ကစဉ့်ကလျား အလွှာများက ရုတ်ချည်း ပြည့်နှက်သွား၏။
ရှေးဦးကစဉ့်ကလျား တာအိုနယ်မြေသန္ဓေကို အသက်သွင်းလိုက်ပြီးနောက် လုမင်၏တိုက်ခိုက်နိုင်စွမ်းမှာ များစွာ အားကောင်းလာတော့သည်။
"ဝုန်း... ဝုန်း"
လုမင်က ကိုးကြိမ်ဆက်တိုက် ထိုးနှက်ခဲ့သည်။
မိုးကြိုးကပ်ဘေးမှ ဖြစ်ပေါ်လာသော သတ္တဝါကိုးကောင်စလုံး ချက်ချင်း ပေါက်ကွဲကာ လျှပ်စီးကြောင်းများအဖြစ်သို့ ပြန့်ကျဲ ပျောက်ကွယ်သွားကြသည်။
"ဘုရားရေ..."
အဝေးမှ ဤမြင်ကွင်းကို မြင်ရသူတိုင်း ပင့်သက်ရှိုက်လိုက်မိသည်။
မိုးကြိုးကပ်ဘေးမှ ဖြစ်ပေါ်လာသော သတ္တဝါကိုးကောင်စလုံး ချက်ချင်း ပျက်စီးသွား၏။ ယင်းက အံ့ဖွယ်ကောင်းလွန်းသည်။
တစ်ဖက်တွင်၊ လျိုယန်မှာ ထိုတိုက်ခိုက်မှုများကို အသည်းအသန် ခုခံနေခဲ့ရပေသည်။
"သူအောင်မြင်သွားပြီ။ ဒီလူ သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ကျော်ဖြတ်ပြီးသွားပြီပဲ။ ပဉ္စမအဆင့် ကောင်းကင်ကပ်ဘေးတောင် ကျဆင်းလာခဲ့တာ။ ဒီလူကြီးပြင်းလာရင် စန်းပြည်နယ်မှာရှိတဲ့ ထိပ်တန်း ပါရမီရှင်တွေနဲ့တောင် ယှဉ်ပြိုင်လိမ့်မယ်"
"ဟုတ်တယ်၊ ဒီလူမှာ ဒီလိုမျိုး အလားအလာရှိတယ်။ ဒီလူက နဂါးနတ်ဘုရားတောင်ကြားရဲ့ တပည့်မဟုတ်လား။ ကြည့်ရတာ နဂါးနတ်ဘုရားတောင်ကြားက နောက်ထပ် ထိပ်သီး ပါရမီရှင်တစ်ပါးကို မွေးထုတ်ပေးခဲပြီ"
လုမင်၏ စွမ်းဆောင်ရည်က လူအများကို အံ့ဩတကြီး ပြောဆိုစေခဲ့သည်။
အချို့၏ မျက်လုံးများမှာလည်း ထူးခြားသော အလင်းများ လက်နေတော့သည်။
"ဟူး"
လျိုယန် အသက်ပြင်းပြင်းရှူလိုက်သည်။
လုမင်က သတ္တဝါကိုးကောင်ကို ဖျက်ဆီးလိုက်သောအခါ လျိုယန်ကို တိုက်ခိုက်နေသော သတ္တဝါများလည်း ပျောက်ကွယ်သွားလေသည်။
ဤအခိုက်တွင် လျိုယန်၏ တကိုယ်လုံး စုတ်ပြတ်သက်နေခဲ့သည်။ တကိုယ်လုံး ဒဏ်ရာရနေပြီး လျှပ်စီးကြောင်းများပင် တဖျတ်ဖျတ် လက်နေသေးသည်။ သူ့အရှိန်အဝါကလည်း အလွန် အားနည်းသွားခဲ့သည်။
သို့သော်လည်း နောက်ဆုံးတွင် သူ သက်ပြင်းတစ်ချက်ချလိုက်နိုင်၏။ ကောင်းကင်ကပ်ဘေးဒုက္ခကြီး ပြီးသွားပြီ။
သို့သော်…
တစ်ခုခု မှားနေပြီဟု လျိုယန် ရုတ်တရက် ခံစားလိုက်ရသည်။
ကောင်းကင်ကပ်ဘေးဒုက္ခ ပြီးဆုံးသွားပါက ကောင်းကင်၌ ကပ်ဘေးတိမ်တိုက်များ ပျောက်ကွယ်သွားသင့်သည်။ သို့ရာတွင် ဘာကြောင့် ဆက်လက်ရှိနေသေးသနည်း။ ထို့အပြင် ယင်းက ပို၍ သန်မာလာခဲ့သည်။
လျိုယန်၏ မျက်လုံးများ ပြူးကျယ်လာခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်းပင်၊ သားရဲကြီးများ ဟိန်းဟောက်နေသကဲ့သို့ မိုးကြိုးထစ်ချုန်းသံများ ထွက်ပေါ်လာသည်။ ကပ်ဘေးတိမ်တိုက်များကလည်း တစ်ဖန် ကျယ်ပြန့်လာပြီး အချင်းဝက် မိုင်လေးရာကို လွှမ်းခြုံသွားပြီ။
အဆုံးမရှိသော မိုးခြိမ်းသံနှင့် လျှပ်စီးတို့က ကပ်ဘေးဒုက္ခ တိမ်တိုက်များထဲတွင် လှုပ်ရှားနေခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားက မိုင်ထောင်ပေါင်းများစွာအဝေးမှ ကြည့်ရှုနေသူများကိုပင် အသက်ရှူကျပ်စေခဲ့ပေသည်။
"ဆဋ္ဌမ...ဆဋ္ဌမအဆင့် ကောင်းကင်ကပ်ဘေးဒုက္ခ၊ မဟုတ်ဘူး၊ ဒါ လုံးဝ မဟုတ်ဘူး..."
လျိုယန် ရူးသွပ်သွားသလို အော်ဟစ်လိုက်သည်။
"ဆဋ္ဌမအဆင့် ကောင်းကင်ကပ်ဘေးဒုက္ခကြီး၊ မင်း အချိန်ကောင်းကို ရောက်လာတာပဲ။ ဟားဟားဟား"
လုမင် အားပါးတရ ရယ်မောလိုက်သည်။
အဝေးမှ ကြည့်နေသူများအားလုံး မယုံနိုင်တော့ဘဲ မျက်လုံးများ ပြူးကျယ်သွားကြသည်။
အမှန်ပင်၊ ဤသည်က ဆဋ္ဌမမြောက် ကောင်းကင်ကပ်ဘေး ဖြစ်၏။
မူလက၊ လုမင်၏ မိုးကြိုးကပ်ဘေးဒုက္ခကို ပြီးသွားသည်ဟု လူတိုင်း ထင်ခဲ့ကြသည်။
သို့သော်လည်း လုမင်၏ ကောင်းကင်ကပ်ဘေးကို ဤမျှ စိတ်ကူးမယဉ်နိုင်ဖြစ်နေမည်ဟု မမျှော်လင့်ခဲ့ပေ။ ဆဋ္ဌမမြောက် ကောင်းကင်ကပ်ဘေးသည်ပင် အမှန်တကယ် ရှိခဲ့သည်။
ဆဋ္ဌမမြောက် ကောင်းကင်ကပ်ဘေးက ဒဏ္ဍာရီလာ ကောင်းကင်ကပ်ဘေးဒုက္ခကြီး ဖြစ်သည်။ အနည်းဆုံးတော့ စန်းပြည်နယ်တွင် မပေါ်လာသည်မှာ ကြာလှပြီ။
"ပြေး၊ ပြေး၊ ပြေး!"
လျိုယန် လိပ်ပြာလွင့်မတတ် လန့်ဖျတ်သွားပြီး အပြင်သို့ အသည်းအသန် ပြေးသွားခဲ့သည်။
သို့သော်…
"ဝှစ်"
ကောင်းကင်မှ ဓားအလင်းတစ်ခုက လျိုယန်ဆီသို့ ကျရောက်လာသည်။
"ရွှစ်"
လျိုယန် လက်တစ်ဖက်ပြတ်သွားသည်။ အဆုံးမရှိသော မိုးကြိုးနှင့် လျှပ်စီးတို့က ပြတ်သွားသောလက်ကို ပြာအဖြစ်သို့ ပြောင်းလဲစေခဲ့၏။ မိုးကြိုးလျှပ်စီးတို့က လျိုယန်၏ ဒဏ်ရာထဲသို့ အရူးအမူး စိမ့်ဝင်သွားသဖြင့် သူ့ဒဏ်ရာကို ကုသရန်လည်း မလွယ်တော့ပေ။
ပုံမှန်ဆိုပါက သူ့လက်နှစ်ဖက်ကို ဖြတ်လိုက်လျှင်ပင် မီးလျှံဝိညာဉ်ခန္ဓာဖြင့် ချက်ချင်း ပြန်ပေါက်စေနိုင်သည်။ အလွန်ဆုံး ယွမ်ချီစွမ်းအင်သာ သုံးစွဲရလိမ့်မည်။
ယခုမူ မိုးကြိုးနှင့် လျှပ်စီးကြောင်းတို့၏ အဖျက်စွမ်းအားအောက်တွင် သူ လုံးဝ မလုပ်နိုင်တော့ပေ။
"ဝှစ်... ဝှစ်"
ထို့နောက် ကောင်းကင်ယံမှ နောက်ထပ် လက်နက်နှစ်စင်း လွင့်ပျံလာသည်။
တစ်ခုက ဓားသွားဖြစ်ပြီး နောက်တစ်ခုမှာ လှံ ဖြစ်၏။
လက်နက်နှစ်ခုစလုံးက မိုးကြိုးလျှပ်စီးများနှင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ဆဋ္ဌမမြောက် ကောင်းကင်ကပ်ဘေးဒုက္ခ၊ ကောင်းကင်ကပ်ဘေး လက်နက်။
"မဟုတ်ဘူး"
လျိုယန် အစွမ်းကုန် တွန်းလှန်ရန် ကြိုးစားခဲ့သည်။ သို့သော်၊ ဆဋ္ဌမမြောက် ကောင်းကင်ကပ်ဘေးဒုက္ခ၏ စွမ်းအားက လျိုယန် သည်းခံနိုင်သည်ထက် ကျော်လွန်သွားခဲ့ပြီ။
ကောင်းကင်ကပ်ဘေးဓားက လျိုယန်၏ ပြင်းထန်သော တိုက်ခိုက်မှုနှင့် ခံစစ်ကို ဖြိုခွဲလိုက်သည်။
အဆုံးတွင်၊ ကောင်းကင်ကပ်ဘေးလှံက လျိုယန့်နဖူးကို ထိုးဖောက်ဝင်ရောက်သွား၏။ လျိုယန်၏ တစ်ကိုယ်လုံးက မီးတောက်များအဖြစ် ပေါက်ကွဲသွားပြီးနောက် မိုင်အနည်းငယ်အကွာတွင် ပြန်ပေါ်လာခဲ့လေသည်။
ဤအခိုက်တွင် လျိုယန်၏မျက်နှာက ဖြူဖျော့ပြီး အရှိန်အဝါကလည်း အလွန်အားနည်းသွားသည်။
ယခုလေးတင် သူ့မှာ မြေကမ္ဘာအဆင့်နိမ့် ဝိညာဉ်ခန္ဓာနှင့် သန္ဓေ မီးလျှံဝိညာဉ်ခန္ဓာမရှိပါက သေသွားနိုင်သည်။
သို့သော်လည်း၊ ယခု လွတ်မြောက်သွားသည့်တိုင် ရလဒ်မှာ ဆုံးခန်းတိုင်သွားပြီ ဖြစ်သည်။
"ဝှစ်"
ကောင်းကင်တွင် နောက်ထပ်ဓားတစ်ချောင်း ကျရောက်လာသည်။
"မဟုတ်ဘူး..."
လျိုယန် လက်မခံနိုင်ဘဲ အသံရှည်ဆွဲကာ အော်ဟစ်လိုက်သည်။ လုမင်ကိုလည်း နောက်ဆုံးတစ်ကြိမ် လှမ်းကြည့်လိုက်၏။ လုမင်သည်လည်း ကောင်းကင်ကပ်ဘေးဒုက္ခအောက်တွင် ကွယ်လွန်သွားသည်ကို မြင်တွေ့ရမည်ဟု မျှော်လင့်ခဲ့သည်။
သို့သော်၊ သူ စိတ်ပျက်ခဲ့ရသည်။
လုမင်က ပြိုင်ဘက်ကင်းသော စစ်နတ်ဘုရားကဲ့သို့ပင်။ သူ့တကိုယ်လုံးက ကစဉ့်ကလျားအလင်းများ တောက်ပနေပြီး ကောင်းကင်ကပ်ဘေး လက်နက်များကို တွန်းလှန်နေခဲ့သည်။ လက်သီးချက်ထုတ်ဖော်လိုက်တိုင်း ကောင်းကင်ကပ်ဘေး လက်နက်များကို လွင့်စဉ်သွားစေခဲ့၏။
"ရွှစ်"
ကောင်းကင်ကပ်ဘေးဓားက လျိုယန်၏ နဖူးကို ခုတ်ချလိုက်သည်။ ဤတစ်ကြိမ်တွင် လျိုယန် မခုခံနိုင်တော့ပေ။ မိုးကြိုးနှင့် လျှပ်စီးတို့က သူ့ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်သည်။
"ဘာကြောင့်လဲ..."
ဤသည်မှာ လျိုယန်၏ နောက်ဆုံးအတွေးပင်။
အဘယ်ကြောင့်နည်း။ မူလက သူဟာ လုမင်ကိုသတ်ရန် အခွင့်အရေးယူခဲဲ့သည်။ သို့သော်လည်း အဆုံးတွင် ကောင်းကင်ကပ်ဘေးအောက်မှာ သေဆုံးသူက အဘယ်ကြောင့် သူဖြစ်ရသနည်း။
အဘယ်ကြောင့် ငါးဖယ်ပြောင်းပြန်လှန်သနည်း။