အခန်း ၁၄၁၇
Vol. 95 Ch. 1417
အပိုင်း ( 1417 ) ကောင်းကင်တာအို အမှတ်အသား။
နောက်ပိုင်းတွင် အဆောက်အအုံများရှိသည့် နေရာအချို့ကို တွေ့ခဲ့သော်လည်း ဝင်ရှာပြီးနောက် ဘာမှမတွေ့ခဲ့ရပေ။
အချို့နေရာများတွင် တိုက်ပွဲများပင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ တစ်စုံတစ်ယောက်က သူ့အရင် ကြိုတင်ရောက်ပြီး အတွင်းမှ ပစ္စည်းများကို ယူငင်သွားကြောင်း သိသာထင်ရှားလှပေသည်။
'မဟာဧကရာဇ်ရဲ့ လျှို့ဝှက်နယ်မြေမှာ သဘာဝအတိုင်း မဟာဧကကာဇ်တစ်ပါးတည်း နေထိုင်တာတော့ မဟုတ်ဘူး။ မဟာဧကရာဇ်နယ်ပယ် ပုဂ္ဂိုလ်ကြီးရဲ့ လက်အောက်မှာ သူတော်စင်သခင်တွေလည်း ရှိနေတယ်။ ဒါပေမဲ့ မဟာဧကရာဇ်အတွက်တော့ သူတို့အားလုံးက အစေခံတွေပါပဲ'
လုမင် သူ့ကိုယ်သူ တွေးနေမိသည်။
မဟာဧကရာဇ် ချန်ထားခဲ့သော ရတနာများကို မရနိုင်လျှင်ပင်၊ သူတော်စင်များ ကျန်ရစ်ခဲ့သော ရတနာများကို ရနိုင်ပါက ကြီးစွာသော အမြတ်အစွန်းများ ဖြစ်နိုင်သည်။
လုမင် မြင်ခဲ့ရသော အဆောက်အဦးများက မဟာဧကရာဇ်၏ လက်အောက်ငယ်သားများ နေထိုင်ရာများဖြစ်လိမ့်မည်။
မကြာမီ ချိုင့်ဝှမ်းတစ်ခုတွင် ဂူအိမ်တော်တစ်ခုကို လုမင် တွေ့လိုက်ရသည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် ကျင့်ကြံသူတစ်ဦး သီးသန့်နေထိုင်ရာ လှိုဏ်ဂူတစ်ခု ဖြစ်ကြောင်း သိနိုငပေသည်။
လုမင်လည်း ဂူအိမ်တော်ရှိရာသို့ လျှောက်သွားသည်။
"ရွှစ်"
ဂူအနီးသို့ လုမင် ရောက်ရှိလာသည်နှင့် ဂူထဲမှ ဓားအလင်းတစ်ခု ထွက်ပေါ်လာ၏။ ဓားအလင်းက လုမင်၏ လည်မြိုကို ဦးတည်လာနေသည်။
ထိုဓားအလင်းက သိုင်းအုပ်ချုပ်သူတစ်ဦးထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
"ထန်"
လုမင်က ဓားအလင်းကို လက်ညှိုးတစ်ချက်ညွှန်လိုက်သည်။ ဓားအလင်းက ပြင်းထန်စွာ တုန်ခါသွားပြီးနောက် လွင့်စဉ်သွား၏။
"နင်ပဲ၊ လုမင်"
အံ့အားသင့်သွားသော အသံတစ်ခု ထွက်ပေါ်လာလေသည်။ ဂူအတွင်းမှ လူတစ်ယောက် ထွက်လာခဲ့သည်။
"ချိုးမိန်းကလေး"
လုမင်ကို တိုက်ခိုက်ခဲ့သူက ချိုးရင်ရင် ဖြစ်သည်။
"လုမင်၊ ငါ တောင်းပန်ပါတယ်။ ငါက တခြားတစ်ယောက်လို့ ထင်ခဲ့တာ"
ချိုးရင်ရင်က လုမင်ကိုကြည့်ကာ တောင်းပန်စကားဆိုလိုက်သည်။
"ကိစ္စမရှိပါဘူး။ ဒါနဲ့ မင်းရဲ့အစ်ကိုကော ဘယ်မှာလဲ"
လုမင်က မေးသည်။
"ငါ့အစ်ကိုက အထဲမှာ လေ့ကျင့်နေတယ်။ ဒီလှိုဏ်ဂူထဲမှာ ကျွမ်းကျင်သူတစ်ယောက် ချန်ထားခဲ့တဲ့ ကောင်းကင်တာအို အမှတ်အသားတစ်ခုရှိတယ်"
ချိုးရင်ရင် ပြောလိုက်၏။
"ကောင်းကင်တာအို အမှတ်အသားလား"
လုမင်၏ မျက်လုံးများက တောက်ပလာလေသည်။
"ဟုတ်တယ်၊ နင်ဝင်လာပြီးရင် သိလိမ့်မယ်"
ချိုးရင်ရင် ပြောလိုက်သည်။
လုမင်လည်း ခေါင်းညိတ်ပြပြီး ချိုးရင်ရင်နှင့်အတူ ဂူထဲကို ဝင်လိုက်သွားတော့သည်။
ဂူအိမ်တော်က အလွန်ကျယ်ဝန်းသည်။ အတွင်းပိုင်း ဂူနံရံမှာတော့ တစ်စုံတစ်ယောက်က လက်ချောင်းဖြင့် ရေးထွင်းထားပုံရသည့် အမှတ်အသားတစ်ခု ရှိ၏။
လုမင်လည်း ၎င်းကို စူးစိုက်ကြည့်လိုက်ပြီးနောက် အတော်စိတ်ဝင်စားသွားလေသည်။
ဤအမှတ်အသားက မဟာတာအို၏ သင်္ကေတနှင့် တူသည်။ ဤအမှတ်အသားမှ မဟာတာအို၏ လျှို့ဝှက်နက်နဲပုံကို နားလည်နိုင်ပေသည်။
သိုင်းအုပ်ချုပ်သူများအတွက် သူတို့၏ ခွန်အားကို မြှင့်တင်ရန် အလွန်ခက်ခဲသည်။
ပထမဦးစွာ တာအိုနယ်မြေကို နားလည်ရပေမည်။
တာအိုနယ်မြေများကို အဆင့် ကိုးဆင့် ခွဲခြားထားသည်။
၎င်းက သိုင်းအုပ်ချုပ်သူနယ်ပယ်ကိုးခုနှင့် သက်ဆိုင်မှုရှိ၏။ တာအိုနယ်မြေ တိုးတက်မှသာ ကျင့်ကြံခြင်းအခြေခံ တိုးတက်နိုင်လိမ့်မည်။
ထို့အပြင် ကျင့်ကြံခြင်းအခြေခံကို တိုးတက်စေရန်အတွက်၊ တစ်ဦးတစ်ယောက်၏ ယွမ်ချီစွမ်းအင်ကို သန့်စင်ရန်အပြင် ဝိညာဉ်ခန္ဓာကိုလည်း သန့်စင်ရန် လိုအပ်သည်။
ထို့ကြောင့် သိုင်းအုပ်ချုပ်သူနယ်ပယ်တွင် ခြေလှမ်းတိုင်းက လွယ်ကူသည်မဟုတ်ပေ။
ဤမဟာတာအို အမှတ်အသားများကတော့ ကောင်းကင်တာအိုကို နက်နဲစွာ နားလည်ထားသော ပုဂ္ဂိုလ်များက ကျောက်နံရံများတွင် ထွင်းထုထားခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်း မျိုးဆက်များက ဤအမှတ်အသားများမှ ကောင်းကင်တာအိုကို နားလည်နိုင်ကြသည်။ ကောင်းကင်တာအိုမှ၊ ၎င်းတို့၏ ကိုယ်ပိုင် တာအိုနယ်မြေကို နားလည်နိုင်ကြ၏။ ထိုမှ သူတို့၏ တာအိုနယ်မြေကို တစ်ဖန် တိုးတက်စေနိုင်လိမ့်မည်။
ခဏလောက် ကြည့်နေပြီးနောက် လုမင် အသက်ပြင်းပြင်းရှူကာ သူ့ကိုယ်သူ တည်ငြိမ်စေလိုက်သည်။
မြေပြင်မှာတော့ ချိုးဟောက်က တင်ပျဉ်ခွေထိုင်ကာ နားလည်ဆင်ခြင်နေဆဲပင်။
ဤအတောအတွင်း၌ ချိုးရင်ရင်ကော ချိုးဟောက်ပါ သိုင်းအုပ်ချုပ်သူ ကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်ပြီး သိုင်းအုပ်ချုပ်သူ ဖြစ်လာခဲ့ကြသည်။
အစောပိုင်းတွင်၊ ချိုးဟောက်က ကောင်းကင်တာအိုအမှတ်အသားကို နားလည်ဆင်ခြင်နေသောကြောင့် ချိုးရင်ရင်ဟာ ဓမ္မကကွယ်သူအဖြစ် ရှိနေခဲ့သည်။ နောက်တော့ လူတစ်ယောက် ရောက်လာသောကြောင့် ချိုးရင်ရင်မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ချေသည်။
"ချိုးမိန်းကလေး၊ ညီနောင်ချိုးက နားလည်ဆင်ခြင်နေတုန်းဆိုတော့ ငါတို့ ဂူအပြင်မှာပဲ စောင့်နေလိုက်ရအောင်"
လုမင် ပြောလိုက်သည်။
"အင်း"
ချိုးရင်ရင်လည်း ခေါင်းညိတ်လိုက်ပြီး လုမင်နှင့်အတူ ဂူထဲမှ ထွက်လာကာ ဂူအပြင်ဘက်တွင် တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။
သုံးနာရီခန့်ကြာပြီးမှ ချိုးဟောက်မှာ လှိုဏ်ဂူမှ ထွက်လာခဲ့သည်။ ထို့နောက် လုမင်ကိုတွေ့ရတော့ သဘာဝအတိုင်း ဝမ်းသာသွား၏။
"အစ်ကို၊ နင်ပြီးသွားပြီလား"
ချိုးရင်ရင်က ဆီးကြိုမေးလိုက်သည်။
"ဟုတ်တယ်၊ အဲဒီ ကောင်းကင်တာအိုအမှတ်အသားက လျှို့ဝှက်နက်နဲလွန်းတယ်လေ။ ငါ့ရဲ့ ဉာဏ်ပညာနဲ့ ဒီလောက်ပဲ နားလည်နိုင်တယ်"
ချိုးဟောက် ခေါင်းညိတ်ပြီး သက်ပြင်းချလိုက်သည်။
"အစ်ကိုလု၊ နင် နားလည်ဆင်ခြင်ချင်ရင် သွားလေ။ ငါက အရင်က နားလည်ဆင်ခြင်ပြီးပြီ။ အစ်ကိုနဲ့ ငါ နင့်အတွက် ဓမ္မကာကွယ်သူလုပ်ပေးမယ်"
ချိုးရင်ရင်က ပြောလိုက်သည်။
"ကောင်းပြီ"
လုမင် ခေါင်းညိတ်ပြပြီး ဂူထဲသို့ ၀င်သွားသည်။ ထို့နောက် နံရံအောက်တွင် တင်ပျဉ်ခွေထိုင်ကာ စူးစိုက်ကြည့်လိုက်၏။
"ဝမ်"
လုမင်၏ မျက်လုံးထဲတွင် အမှတ်အသားများက လှုပ်ရှားလာသည်။ ယင်းက အလွန် လျှို့ဝှက်ဆန်းကျယ်သော တာအိုအငွေ့အသက်များအဖြစ်သို့ ပြောင်းလဲသွား၏။
လုမင်လည်း ဂရုတစိုက် နားလည်ဆင်ခြင်ကာ သူ့ကိုယ်ပိုင် ကစဉ့်ကလျား တာအိုနယ်မြေကို ဆန်းစစ်လိုက်တော့သည်။
ရှေးဦးကစဉ့်ကလျား တာအိုနယ်မြေသည် တာအိုနယ်မြေအားလုံး၏ ဘုရင်ဖြစ်သည်။ သို့သော်လည်း မည်မျှပင် လျှို့ဝှက်ဆန်းကြယ်နေပါစေ၊ ၎င်းက ကောင်းကင်နှင့် မြေပြင်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေဆဲပင်။ ထို့ကြောင့် မိုးနှင့်မြေ၏ မဟာတာအိုကိုလည်း နားလည်ရန် လိုအပ်သည်။
တဖြည်းဖြည်းနှင့် လုမင်ဟာ ထူးကဲသော အခြေအနေတစ်ခုကို ရောက်ရှိသွားတော့သည်။
"ရှေးဦးကစဉ့်ကလျားဟာ အရာအားလုံးရဲ့ အစဖြစ်သလို အရာအားလုံးရဲ့ အဆုံးလည်း ဖြစ်တယ်...."
အချိန်ကြာလာသည်နှင့်အမျှ၊ လုမင်၏ ခန္ဓာကိုယ်မှ ကစဉ့်ကလျား အလင်းရောင်အလွှာကို ထုတ်လွှတ်လာခဲ့သည်။
ချိုးမောင်နှမကလည်း လုမင်ကို ကာကွယ်ရန်အတွက် ဂူအပြင်ဘက်တွင် တင်ပျဉ်ခွေထိုင်နေကြဆဲ ဖြစ်၏။
ရုတ်တရက်၊ မောင်နှမ နှစ်ယောက်စလုံး မျက်လုံးများဖွင့်ကာ အဝေးကို လှမ်းကြည့်လိုက်ကြသည်။
အလင်းတန်းနှစ်ခုက ကောင်းကင်ကို ဖြတ်ပြီး သူတို့ဆီသို့ ပျံသန်းလာ၏။ ထို့နောက် အလင်းတန်းများ မှိန်ဖျော့သွားကာ ကောင်းကင်တွင် လူငယ်နှစ်ဦး ပေါ်လာတော့သည်။
"ဒီမှာ ရှေးဟောင်းဂူတစ်ခုရှိတာပဲ။ ငါတို့ကံကောင်းတယ်"
လူငယ်တစ်ယောက်က ပြုံးလိုက်သည်။
သူတို့နှစ်ယောက် ကောင်းကင်မှ ပျံဆင်းလာပြီး ချိုးရင်ရင်နှင့် ချိုးဟောက်တို့ကို ကြည့်လိုက်၏။
"ငါတို့ ဒီနေရာကို လိုချင်တယ်။ ထွက်သွားကြ"
အခြားလူငယ်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"ငါတို့က ဒီနေရာကို အရင်ရှာတွေ့ထားတာပဲ။ နောက်ပြီး အထဲမှာ လေ့ကျင့်နေတဲ့ ငါတို့ရဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်"
ချိုးရင်ရင်က ရှင်းပြလိုက်သည်။
"မင်းတို့ အရင်ရှာတွေ့ပြီး မင်းသူငယ်ချင်း လေ့ကျင့်နေရင်တောင် ဘာဖြစ်လဲ။ ထွက်သွားစမ်း"
ပထမလူငယ်က ကြိမ်းမောင်းလိုက်၏။
ချိုးရင်ရင်နှင့် ချိုးဟောက်၏ မျက်နှာက မှုန်ကုပ်သွားကြသည်။
တစ်ဖက်လူများက တင်စီးလွန်းသည်။ သူတို့က ရောက်လာသည်နှင့် နေရာယူချင်သည့်အပြင် ချိုးရင်ရင်နှင့် ချိုးဟောက်ကိုပင် မောင်းထုတ်လိုက်သေးသည်။
"မင်းတို့နှစ်ယောက်၊ အထဲမှာ ငါ့သူငယ်ချင်းက လေ့ကျင့်နေတယ်ဆို။ သူပြီးရင် ငါတို့ထွက်သွားမှာပေါ့"
ချိုးဟောက် ဝင်ပြောလိုက်သည်။
"မလိုချင်ဘူး၊ ငါတို့မှာ မင်းကိုစောင့်နေဖို့ အချိန်မရှိဘူး။ မင်း ထွက်မသွားရင် ဒီမှာပဲ အမြဲနေလိုက်တော့"
ပထမလူငယ်က အေးစက်စက် ပြောလိုက်သည်။ တာအိုနယ်မြေတစ်ခုကလည်း သူ့ထံမှ ပြန့်ကား ထွက်ပေါ်လာ၏။
"ဝုန်း"
သူ့ခန္ဓာကိုယ်မှ မီးတောက်များ ထွက်ပေါ်လာကာ ချိုးရင်ရင်နှင့် ချိုးဟောက်ကို တိုက်ခိုက်လိုက်တော့သည်။
ကျန်လူငယ်ကတော့ မတိုက်ခိုက်ဘဲ ပြုံးလျက် ကြည့်နေလိုက်သည်။
"ဆောင်းဦးရေ"
"စီးဆင်းနေတဲ့ရေနဲ့ ကြွေကျနေတဲ့ ပန်းပွင့်များ"
ချိုးရင်ရင်နှင့် ချိုးဟောက်လည်း မတတ်သာတော့ဘဲ ပြန်လည်တိုက်ခိုက်လိုက်ကြသည်။
သူတို့ နှစ်ယောက်စလုံးက ရေတာအိုနယ်မြေကို လေ့ကျင့်ကြ၏။ သူတို့၏ ရေတာအိုနယ်မြေမှ ရေနဂါးကြီးများစွာ ထွက်ပ်ေလာတော့သည်။
"နဂါးနတ်ဘုရားတောင်ကြားကလူတွေပဲ။ ဟမ့်၊ နဂါးနတ်ဘုရားတောင်ကြားက ငါတို့ ကောင်းကင်နတ်ဘုရားဂိုဏ်းကို အမြဲဆန့်ကျင်နေတာ။ သေဖို့သာပြင်ထား"
ပထမလူငယ်က ကြိမ်းမောင်းလိုက်သည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် မရေမတွက်နိုင်သော အလင်းတန်းများက ရေနဂါးများကို ဖြတ်သွား၏။ ထို့နောက်တွင် သူက ချိုးရင်ရင်နှင့် ချိုးဟောက်ကို ဝင်ရောက် တိုက်ခိုက်တော့သည်။
"တာအိုနယ်မြေ သိုင်းပညာ"
ချိုးရင်ရင်နှင့် ချိုးဟောက်တို့ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။ သူတို့လည်း တာအိုနယ်မြေများကို လျင်မြန်စွာ ဖြန့်ကျက်ကာ ရေဒိုင်းနှစ်ခုကို ပြုလုပ်ခဲ့သည်။
"ဒုန်း... ဒုန်း"
အလင်းတန်းများက ရေဒိုင်းကို ထိမှန်သွား၏။ ရေဒိုင်းများက ပြင်းထန်စွာ လှုပ်ခါကာ ပြိုကျလုနီးနီး ဖြစ်သွားလေသည်။
"ချိုးလော့"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူငယ်က သူ့လက်ဖဝါးကို အောက်သို့ ဖိချဟန်ပြုလိုက်သည်။ ထိုအခါ ပိုမိုပြင်းထန်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ချိုးမောင်နှမအပေါ် ဖိချလိုက်တော့သည်။
"ဝုန်း"
ဤတစ်ကြိမ်တွင် ရေဒိုင်းက တိုက်ခိုက်မှုကို မခံနိုင်တော့ဘဲ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပေါက်ကွဲသွားခဲ့သည်။ ချိုးမောင်နှမလည်း ညည်းညူရင်း အနောက်သို့ လွင့်စဉ်သွား၏။ သူတို့က နံရံကို ပြင်းပြင်းထန်ထန် ဝင်ဆောင့်မိကာ သွေးများ အန်ထွက်လာတော့သည်။
"မင်းတို့ကများ ငါ့ကို တားဆီးဝံ့တယ်။ သေချင်နေတာပဲ"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ပထမလူငယ်က အေးစက်စက် မျက်နှာအမူအရာဖြင့် ကြိမ်းမောင်းရင်း ချိုးမောင်နှမဆီသို့ လျှောက်သွားသည်။
"ငါတော့ အထဲကို ဝင်ကြည့်လိုက်ဦးမယ်"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ အခြားလူငယ်က ပြောလိုက်၏။ သူက ဂူထဲသို့ ပြေးဝင်သွားပြီး ကြည့်လိုက်သောအခါ တင်ပျဉ်ခွေထိုင်၍ နားလည်ဆင်ခြင်နေသော လုမင်ကို တွေ့လိုက်ရတော့သည်။