← Chapters

အခန်း ၁၄၁၈

Vol. 95 Ch. 1418

အခန်း ၁၄၁၈

Vol. 95 Ch. 1418

အပိုင်း ( 1418 ) ဘုံဗိမ္မာန်များ။

လုမင်ကို မြင်လိုက်ရတော့ ကောင်းကင်နတ်ဘုရားဂိုဏ်း၏ လူငယ်မှာ မျက်နှာပျက်သွားသည်။ သို့သော်လည်း လုမင် လေ့ကျင့်နေမှန်း သိရသောအခါ သူ့မျက်နှာမှာ ရက်စက်မှုတို့ ပြည့်နှက်သွား၏။

"ဒါက ဒီကောင်ပဲ။ ဂိုဏ်းတူအစ်ကို လျိုယန်တောင်မှ သူ့ကို မယှဉ်နိုင်ခံ့ဘူး။ ဒါပေမဲ့ သူလေ့ကျင့်နေတဲ့အချိန်နဲ့ လာတွေ့ရတာ ငါ ကံကောင်းတာပဲ။ ဟားဟားဟား၊ ဒီကောင်ကို သတ်လိုက်သရွေ့ သူတော်စင်ငယ်က ငါ့ကို အမြင်သစ်နဲ့ကြည့်မှာ သေချာတယ်"

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူငယ် ဝမ်းသာသွားသည်။ ရက်စက်ကြမ်းကြုတ်စွာဖြင့် လုမင်ကို လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။

လုမင်က သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို သတိမမူမိသလို လေ့ကျင့်နေဆဲ ဖြစ်သည်။

ကြောက်စရာကောင်းသော လက်ဝါးရိုက်ချက်က လုမင်ဆီသို့ ကျရောက်လာသည်။ ထိုအချိန်တွင် ကစဉ့်ကလျား အလင်းရောင်က လုမင်၏ ခန္ဓာကိုယ်မှ ပျံ့နှံ့သွား၏။ ရှေးဦးကစဉ့်ကလျား တာအိုနယ်မြေက အလိုအလျောက် ပြန့်ကား ထွက်ပေါ်လာတော့သည်။

"ဝုန်း"

လူငယ်၏ လက်ဝါးရိုက်ချက်က ရှေးဦးကစဉ့်ကလျား တာအိုနယ်မြေကို ထိမှန်သွားခဲ့သည်။ ချက်ချင်းပင် သူ့ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွား၏။ နောက်တော့ မျက်နှာက ရှုံ့မဲ့သွားကာ သွေးအန်ရင်း လွင့်စဉ်သွားတော့သည်။

ထိုလူငယ်မှာ ဂူအိမ်တော်အပြင်ဘက်သို့ လွင့်စဉ်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

"ဝမ်"

ထိုအချိန်တွင် လုမင် မျက်လုံးဖွင့်လိုက်သည်။ အေးစက်သော အလင်းတန်းတစ်ခုက သူ့မျက်လုံးများ၌ လင်းလက်လာ၏။

ကိုယ့်ဘာသာ လေ့ကျင့်နေတုန်း နှောင့်ယှက်ခံရပါက မည်သူမျှ စိတ်ကောင်းဝင်နိုင်မည် မဟုတ်ပေ။

လုမင်လည်း ထရပ်ပြီး ရှေ့သို့ ခြေတစ်ချက်လှမ်းကာ ဂူအပြင်ဘက်ကို ထွက်ခဲ့သည်။

"အစ်ကိုလု"

"ညီနောင်လု"

ချိုးရင်ရင်နှင့် ချိုးဟောက် အလွန်ဝမ်းသာသွားသည်။

မူလက၊ အခြားလူတစ်ဦး ဂူအိမ်ထဲသို့ ပြေးဝင်သွားသည်ကို တွေ့လိုက်ရသောအခါ သူတို့ အလွန်စိုးရိမ်သွားမိသည်။ သို့သော်လည်း သူတို့ ဘာမျှ မတတ်နိုင်ခဲ့ပေ။ ထို့ကြောင့် လုမင် ဘာမျှမဖြစ်ဘဲ ထွက်လာသည်ကို မြင်တွေ့ရပြီးမှ အတော်လေး ဝမ်းသာကာ စိတ်သက်သာရာရသွားခဲ့ကြသည်။

"ဒါ သူပဲ"

လုမင်ကို မြင်လိုက်ရပြီးနောက် ပထမလူငယ် ထိတ်လန့်သွားခဲ့သည်။

လုမင် ကောင်းကင်ကပ်ဘေးကို ဖြတ်သန်းနေစဉ်တွင် သူ အဝေးမှတွေ့ခဲ့ဖူး၏။ ထို့ကြောင့် လုမင်ကို ယခု မြင်ရသောအခါ ကြောက်ရွံ့တုန်လှုပ်သွားတော့သည်။

"ပြေး"

ပထမလူငယ်က မဆိုင်းမတွ လှည့်ပြေးသွားသည်။ ဒဏ်ရာရသွားသော အခြားလူငယ်မှာလည်း ထိုနည်းလည်းကောင်းပင် ဖြစ်၏။

"ဘယ်ကိုသွားမှာလဲ။ ပြန်လာခဲ့စမ်း"

လုမင်က လက်ဝါးတစ်ဖန်ဖြန့်ပြီး ဖမ်းဆုပ်ဟန်ပြုလိုက်သည်။

"ဝမ်"

လုမင်၏ လက်ဝါးမှ ကြောက်မက်ဖွယ်ကောင်းသော ဝါးမျိုခြင်း စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူငယ်နှစ်ဦးကို ဖုံးအုပ်သွားသည်။

သူတို့နှစ်ဦးသည် မူလက ရှေ့သို့ ပျံသန်းနေသော်လည်း ဝါးမျိုခြင်းစွမ်းအင်ဖြင့် ဖုံးအုပ်ထားပြီးနောက် ၎င်းတို့၏ ခန္ဓာကိုယ်များ အေးခဲသွားပုံရသည်။ ထို့နောက်တော့ သူတို့ကို ဝါးမျိုခြင်းစွမ်းအားက ပြန်ဆွဲခေါ်တော့သည်။

"မဟုတ်ဘူး"

လူငယ်နှစ်ဦးလည်း အော်ဟစ်ပြီး ဝါးမျိုခြင်းစွမ်းအားမှ ရုန်းထွက်ရန် အစွမ်းကုန် ကြိုးစားလိုက်သည်။

သို့သော်၊ လုမင်၏ မျက်လုံးများက အနည်းငယ်ကျဉ်းမြောင်းသွားပြီး ကစဉ့်ကလျား တာအိုနယ်မြေကို ဖြန့်ကျက်လိုက်သည်။

"ဖူး..."

သူတို့ခန္ဓာကိုယ်များက ပြင်းထန်စွာ တုန်ခါသွားသည်။ ဝါးမျိုခြင်းစွမ်းအားဖြင့် သူတို့ကို တိုက်ရိုက်ပြန်ဆွဲထုတ်ခြင်းခံခဲ့ရ၏။

ထို့အပြင် သူတို့၏ သွေးအနှစ်သာရ၊ ယွမ်ချီစွမ်းအင်နှင့် သွေးတို့က လျင်မြန်စွာ လျော့ကျလာပြီး လုမင်၏ လက်ဖဝါးထဲသို့ စီးဆင်းသွားတော့သည်။

"မဟုတ်ဘူး၊ ငါ့ကို ချမ်းသာပေးပါ"

ဤအခြေအနေကြောင့် နှစ်ယောက်စလုံး ကြောက်လန့်တကြား အော်ဟစ်လိုက်ကြသည်။

သို့သော်၊ လုမင်က မကြားရသလို ဂရုမစိုက်ပေ။

ငါးမိနစ်ခန့်သာ ကြာမြင့်ပြီးနောက် လူငယ်နှစ်ဦးစလုံး ခြောက်ကပ်နေသော အလောင်းများအဖြစ်သို့ ပြောင်းလဲသွားကြသည်။

ချိုးရင်ရင်နှင့် ချိုးဟောက်လည်း ဤမြင်ကွင်းကြောင့် အံ့ဩတုန်လှုပ်သွားလေသည်။

ပထမအနေဖြင့် လုမင်၏ တိုက်ခိုက်နိုင်စွမ်းကြောင့် သူတို့ ထိတ်လန့်သွားမိသည်။

ကောင်းကင်နတ်ဘုရားဂိုဏ်းမှ ထိုလူငယ်နှစ်ဦးစလုံးက ကောင်းကင်ကပ်ဘေးကိို ကျော်ဖြတ်ပြီး သိုင်းအုပ်ချုပ်သူများ ဖြစ်နေပြီ။ ထို့အပြင်၊ သူတို့က တာအိုနယ်မြေ သိုင်းပညာများကို လေ့ကျင့်ထားပြီး အလွန်အားကောင်းကြသည်။ ချိုးမောင်နှမ ပူးပေါင်းခဲ့လျှင်ပင် သူတို့ထဲမှ တစ်ယောက်ကိုတောင် အနိုင်မယူနိုင်ခဲ့ပေ။

သို့သော်လည်း လုမင်၏ လက်ထဲမှာတော့ တစ်ဖက်လူများမှာ လက်တုံ့ပြန်နိုင်စွမ်း လုံးဝမရှိပါ။ လုမင်က ခြေတစ်လှမ်းမှ မရွေ့ဘဲ သူတို့နှစ်ဦးကို သတ်ပစ်လိုက်သည်။

ဒုတိယကတော့ လုမင်၏ ကြီးစိုးသော နည်းလမ်းများကြောင့် ဖြစ်ချေသည်။ သူက ၎င်းတို့ကို တိုက်ရိုက်ဝါးမျိုပြီး သွေ့ခြောက်သော အလောင်းများအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။

သူတို့နှစ်ဦး၏ သွေးအနှစ်သာရများ ဝါးမျိုပြီးနောက်၊ လုမင်လည်း စတင် သန့်စင်လိုက်သည်။

သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ချိုးဖြတ်ကာ နဂါးနတ်ဘုရား တိုက်ခိုက်ရေးခန္ဓာအား လေ့ကျင့်ပြီးနောက် လုမင်၏ ဝါးမျိုခြင်းစွမ်းအားက ယခင်ကထက် များစွာ အားကောင်းလာခဲ့သည်။

ခဏအတွင်းမှာပင် သူတို့နှစ်ဦး၏ သွေးအနှစ်သာရများကို သန့်စင်ပြီးလုနီးပါး ဖြစ်နေပြီ။

'တကယ် အသုံးမဝင်ဘူး'

လုမင် ခေါင်းကိုခါယမ်းလိုက်သည်။

သူ ဝါးမျိုလိုက်သော စွမ်းအင်က သူ၏ ယွမ်ချီစွမ်းအင်ကို တိုးတက်စေကာ ဝိညာဉ်ခန္ဓာ သန့်စင်ခြင်းအတွက် အသုံးဝင်သည်။ သို့သော်၊ သူ၏ တာအိုနယ်မြေကို တိုးတက်စေရန်တော့ အသုံးမပြုနိုင်ပေ။

တာအိုနယ်မြေများက တာအိုစိတ်ဆန္ဒနှင့် ကွဲပြားသည်။

တာအိုစိတ်ဆန္ဒတွင် တာအိုအမှတ်အသားများ ရှိသည်။ လုမင်အနေဖြင့် ၎င်းတို့ကို ဝါးမျိုပြီး ကိုယ်ပိုင်တာအိုအား တိုးတက်စေရန်အတွက် အသုံးပြုနိုင်ပေသည်။

သို့ရာတွင်၊ တာအိုနယ်မြေများက ပို၍ လျှို့ဝှက်ဆန်းကြယ်သည်။ ယင်းတို့တွင် အကောင်အထည် ဒြပ်မရှိဘဲ ကျင့်ကြံသူတစ်ဦး၏ နားလည်မှုတစ်မျိုးသာ ဖြစ်၏။ ၎င်းတို့က ပုံရိပ်ယောင်ကဲ့သို့ဖြစ်ကာ ဝါးမျိုပြီး သန့်စင်မရပေ။

ထို့ကြောင့်ပင်၊ တစ်ဦးတစ်ယောက်က တာအိုနယ်မြေကို တိုးတက်စေလိုလျှင် မိမိ၏ ကိုယ်ပိုင်နားလည်နိုင်စွမ်းကို အားကိုးရမည် ဖြစ်သည်။

သို့သော်လည်း လုမင် ကျေနပ်နိုင်ပေသည်။

သူ့အတွက် တာအိုနယ်မြေကို တိုးတက်စေရန် အာရုံစိုက်ရန်သာ လိုအပ်သည်။ သူ၏ ယွမ်ချီစွမ်းအင် တိုးတက်မှုကိုတော့ ဝါးမျိုခြင်းစွမ်းအားအပေါ် လွှဲထား၍ရ၏။ ယင်းက အခြားသူများနှင့်ယှဉ်လျှင် ကြီးမားသော အားသာချက်တစ်ခု ဖြစ်ချေသည်။

"လုမင်၊ နင် အဆင်ပြေရဲ့လား"

ချိုးရင်ရင် မေးလိုက်သည်။

"ငါအဆင်ပြေပါတယ်။ မင်းတို့ရော"

လုမင်က ခေါင်းညိတ်ပြပြီး ပြန်မေးသည်။

"ငါတို့ ဒဏ်ရာရခဲ့ပေမဲ့ အသေးအဖွဲပါ။ ခဏနားပြီးရင် ကောင်းသွားလိမ့်မယ်"

ချိုးရင်ရင် ပြောလိုက်သည်။

"လုမင်၊ မင်း ဆက်ပြီးတော့ လေ့ကျင့်လေ။ ငါတို့ မင်းကို ကာကွယ်ပေးထားပါမယ်"

ချိုးဟောက်က ပြော၏။

လုမင်လည်း ခေါင်းခါယမ်းလိုက်သည်။

"မလိုတော့ပါဘူး။ ဒီ ကောင်းကင်တာအို အမှတ်အသားက သိပ်ပြီး နက်နဲတာတော့ မဟုတ်ဘူး။ အဲဒီက အများစုကို ငါ နားလည်ထားပြီးပြီလေ။ ဆက်ပြီး နားလည်ရင်လည်း အချိန်တိုအတွင်း အများကြီး ရနိုင်မှာ မဟုတ်ဘူး။ မင်းတို့ကိုယ်ကို အရင် ကုသလိုက်ပါ"

ယခုလေးတင် နားလည်ဆင်ခြင်ပြီးနောက်၊ ကစဉ့်ကလျား တာအိုနယ်မြေဟာ အနည်းငယ် တိုးတက်လာခဲ့သည်။ ယင်းက လုံးဝတည်ငြိမ်နေရုံသာမကဘဲ ပထမအဆင့်၏ အလယ်တန်းအဆင့်သို့ ရောက်နေပြီ။

တာအိုနယ်မြေများကို ကျင့်ကြံခြင်းအခြေခံအတိုင်း အဆင့် ကိုးဆင့် ခွဲခြားထားသည်။ လုမင်၏ ကျင့်ကြံခြင်းက သိုင်းအုပ်ချုပ်သူနယ်ပယ် ဒုတိယအဆင့်သို့ရောက်မှ ဒုတိယအဆင့် ကစဉ့်ကလျားတာအိုနယ်မြေကို လေ့ကျင့်နိုင်လိမ့်မည်။

ချိုးရင်ရင်နှင့် ချိုးဟောက်လည်း ဆေးလုံးများကို ထုတ်ယူသောက်ပြီး တင်ပျဉ်ခွေထိုင်ကာ ကုသလိုက်သည်။

နှစ်နာရီအကြာတွင် သူတို့၏ဒဏ်ရာများ သက်သာပျောက်ကင်းလုနီးပါးဖြစ်ခဲ့သည်။ ထို့နောက်တော့၊ သူတို့ သုံးယောက်လည်း ဆက်မနေတော့ဘဲ ကောင်းကင်သို့ ပျံတက်ကာ ထွက်ခဲ့ကြတော့သည်။

လမ်းတစ်လျှောက်တွင် အဆောက်အဦများနှင့် လိုဏ်ဂူအချို့ကို တွေ့ခဲ့ရသည်။ သို့သော်လည်း သူတို့မှာ ခြေတစ်လှမ်း နောက်ကျခဲ့၏။ သုံးယောက်သား မရပ်နားတော့ဘဲ ရှေ့ကို ဆက်ခဲ့ကြတော့သည်။

မကြာမီ၊ ကျယ်ပြောလှသော ကုန်းမြေကြီးတစ်ခုကို ရောက်သွားသည်။

သူတို့ရှေ့တွင် ကြီးမားသော အဆောက်အအုံကြီးတစ်ခု ရှိ၏။

ကြီးမားလှသော ဘုံဗိမာန်များစွာလည်း တည်ရှိနေလေသည်။ လုမင်တို့လည်း ‌ထိုနေရာတွင် အခြားလူများကို လှမ်းမြင်လိုက်ရသည်။ လူများစွာတို့ ထိုနေရာတွင် စူးစမ်းလေ့လာနေပေသည်။

"ဒီမှာ အဆောက်အဦးတွေ အများကြီးပါလား။ အဲဒါက စန်းဧကရာဇ်ရဲ့နန်းတော်များ ဖြစ်မလား။ တကယ်လို့ မဟုတ်ရင်တောင်မှ ပုဂ္ဂိုလ်ကြီးတစ်ပါးရဲ့ နေထိုင်ရာ ဖြစ်ရမယ်။ အဲဒီမှာ ရတနာတွေ ရှိမှာသေချာတယ်"

ချိုးဟောက်၏ မျက်လုံးများက တောက်ပလာခဲ့သည်။

"ဆင်းပြီး ငါတို့ကံကို စမ်းကြည့်ရအောင်"

လုမင် ပြောလိုက်၏။ သူတို့သုံးယောက်လည်း ပျံသန်းသွားပြီး နန်းတော်ကြီးရှေ့တွင် ဆင်းသက်လိုက်တော့သည်။

"ဝုန်း... ဝုန်း"

နန်းတော်အတွင်းမှ ပြင်းထန်သော ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။ သူတို့ သုံးယောက် လှမ်းကြည့်လိုက်တော့ လူငယ် နှစ်ယောက် အပြင်းအထန် တိုက်နေသည်ကို တွေ့လိုက်ရ၏။

မြေပြင်ပေါ်မှာလည်း လူသေအလောင်းများက နေရာအနှံ့ ပြန့်ကျဲနေသေးသည်။ လတ်ဆတ်သော သွေးများကလည်း နေရာအနှံ့တွင် စိုရွှဲနေခဲ့သည်။

"ရတနာကို လွှဲပေးစမ်း"

လူငယ်တစ်ဦးက အော်ဟစ်ပြီး အခြားလူငယ်ကို အရူးအမူး တိုက်ခိုက်လိုက်သည်။

"စဉ်းတောင်မစဉ်းစားနဲ့။ ရတနာတစ်ခုမှာ ကံကြမ္မာရှိတယ်။ ဒီရတနာကို ငါ ရတာက ငါနဲ့သက်ဆိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ"

တခြားလူငယ်က ပြန်အော်သည်။

"သောက်ပေါက်ကရ၊ ငါမင်းကိုသတ်လိုက်ရင် ရတနာက ငါနဲ့ ကံပါလိမ့်မယ်"

ပထမလူငယ် အော်ဟစ်လိုက်၏။

သူတို့ နှစ်ယောက်၏တိုက်ပွဲက ပြင်းထန်လွန်းသဖြင့် နန်းတော်ပင် ပြိုကျသွားတော့သည်။

ဤနေရာတွင် ရတနာတစ်ခု ပေါ်လာသောကြောင့် လုယက်တိုက်ခိုက်နေကြကြောင်း ထင်ရှားသည်။ အခင်းဖြစ်ပွားရာနေရာရှိ အလောင်းများက ယခင် ဝင်ရောက်လာကြသော ပါရမီရှင်များ ဖြစ်ကြသော်လည်း ယခုအခါ ၎င်းတို့အားလုံး သေဆုံးသွားကြပြီ။

"တခြားနေရာကို သွားကြည့်ရအောင်"

လုမင် ပြောလိုက်သည်။ ထို့နောက် သူတို့သုံးယောက်လည်း အခြားဘုံဗိမာန်ဆီသို့ လှည့်လျှောက်သွားခဲ့ကြလေသည်။

"ဝှစ်... ဝှစ်... ဝှစ်"

ရုတ်တရက်၊ နန်းတော်တစ်ခုဆီမှ လူရိပ်အတော်များများ ထွက်ပေါ်လာသည်။ ရာနှင့်ချီသော သူတို့အားလုံးက ဤနေရာသို့ ဝင်ရောက်လာခဲ့ကြသော လူငယ်များ ဖြစ်၏။ ဤအခိုက်တွင် သူတို့၏ မျက်နှာများက သေအံ့ဆဲဆဲ ဖြူဖျော့နေကြတော့သည်။

"ပြေးကြဟေ့၊ ပြေးကြ"

"ပြေးကြ"

ထိုလူငယ်များက ပါးစပ်မှလည်း အော်ဟစ်လာခဲ့ကြသည်။

"ဝမ်"

ထိုစဉ်၊ ထိုနန်းတော်မှ ထူထဲသော ကမ္ပည်းများ ရုတ်တရက် ပေါ်လာသည်။ ကြီးမားသော ဝင်္ကပါတစ်ခု ဖြစ်ပေါ်လာ၏။ ချွန်ထက်သော အနက်ရောင်ဆူးချွန်များက ထိုလူငယ်များဆီကို ပစ်လွှတ်လာတော့သည်။

All Chapters