အခန်း ၁၄၂၂
Vol. 95 Ch. 1422
အပိုင်း ( 1422 ) လျစ်လျူရှုထားကြခြင်း။
"အား၊ မင်း ငါ့ဒေါသကို လာဆွနေတာလား၊ ငါစိတ်ဆိုးသွားပြီ။ မင်း ငါ့ကို ဘယ်လိုတောင် ကန်ဝံ့တာလဲ"
တန်တန်က အော်ဟစ်ပြီး လုမင်၏ ပခုံးဆီသို့ ပြေးသွားသည်။ သူက ပူဖောင်းလေးကို စူးစူးစိုက်စိုက် ကြည့်လိုက်၏။
"တွိ..."
ပူဖောင်းလေးက မျက်လုံးလေးကလယ်ကလယ်ဖြင့် ပြန်ကြည့်လိုက်လေသည်။ ပူဖောင်းလေး၏ အပြစ်ကင်းစင်သော အမူအရာက တန်တန်ကို ဒေါသထွက်လွန်းသဖြင့် သွေးအန်လုနီးပါး ဖြစ်စေခဲ့သည်။
"လာလာ၊ ဒီမှာ သူတော်စင်တစ်ပိုင်း ဆေးပင်ခြောက်ခု။ မင်းတို့ တစ်ယောက်သုံးခုစီ ယူ"
လုမင်က တန်တန်နှင့် ပူဖောင်းလေးကို သူတော်စင်တစ်ပိုင်း ဆေးပင်ခြောက်ခု ပေးလိုက်သည်။
"ဒါမတရားဘူး။ ငါက ဘာဖြစ်လို့ သုံးခုပဲ ရတာလဲ။ ဒီကောင်လေးက လေးခုတောင် ရသွားတာ"
တန်တန် အော်ဟစ်လိုက်၏။
"ထွက်သွား၊ မင်းအသက်က ဘယ်လောက်ရှိပြီလဲ။ ပူဖောင်းလေးနဲ့ ဒီလောက်လေးလေးနက်နက်ပြောနေတာ မရှက်ဘူးလား"
လုမင် အထင်အမြင်သေးဟန်ဖြင့် ပြောလိုက်သည်။
"တွိ..."
ပူဖောင်းလေးက သူတော်စင်တစ်ပိုင်း ဆေးပင်သုံးခုစလုံးကိုယူပြီး ပါးစပ်ထဲသို့ထည့်ကာ လုမင်၏ လက်နှစ်ဖက်ကို လှုပ်ယမ်းလိုက်သည်။
တန်တန်၏ မျက်နှာသည် ဒေါသကြောင့် ပြာနှမ်းသွားသည်။ သို့သော်လည်း မငြင်းဆန်တော့ဘဲ သူတော်စင်တစ်ပိုင်း ဆေးပင်သုံးခုကိုယူကာ ထွက်ပြေးသွားတော့သည်။
ထို့နောက် လုမင်ဟာ ရှေးဟောင်းထျန်းရဲ့သစ်ပင်ကို ထုတ်ယူလိုက်သည်။
"ဝှစ်"
ရှေးဟောင်းထျန်းရဲ့သစ်ပင်ကို ထုတ်လိုက်သည်နှင့် တပြိုင်နက် တန်တန်က အမြန် ပြန်ပြေးလာ၏။
"ဟာ၊ သူတော်စင်ဆေးပင်၊ တကယ့် သူတော်စင်ဆေးပင်ပဲ"
"ဟေး၊ ဒါက ရှေးဟောင်းထျန်းရဲ့သစ်ပင်နော်။ တခြား သူတော်စင်ဆေးပင်တွေနဲ့ မတူဘူး။ အဲဒါကို တိုက်ရိုက်မျိုချတာက ပစ္စည်းကောင်းကို ဖျက်ဆီးလိုက်တာပဲ။ မင်း အဲဒါကို ထိဝံ့လို့ကတော့ ငါ မင်းကို ပြုတ်စားပစ်မယ်"
လုမင်က တန်တန်ကို စိုက်ကြည့်လိုက်သည်။
သူမရှိချိန်တွင် ဤလိပ်ကောင်မှ ရှေးဟောင်းထျန်းရဲ့သစ်ပင်ကို ဝါးမျိုမည်အား အနည်းငယ် စိုးရိမ်မိလေသည်။
"ဟားဟားဟား၊ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ငါဘယ်သူလဲ၊ ငါလိုလူက သူတော်စင်ဆေးပင်ကို ဘယ်လိုလုပ်ပြီး ခိုးယူနိုင်မှာလဲ။ နောက်ပြီးတော့ ထျန်းရဲ့သစ်ပင်က တန်ဖိုးမဖြတ်နိုင်ဘူး။ အဲဒါကို တိုက်ရိုက်မျိုချတာက အသုံးမဝင်မှန်း ငါသိသားပဲ"
တန်တန်က တောက်ပစွာ ပြုံးရင်း ပြောလိုက်သည်။ သို့သော်လည်း သူ့မျက်လုံးများကတော့ ရှေးဟောင်းထျန်းရဲ့သစ်ပင်ကို ရံဖန်ရံခါ စိုက်ကြည့်နေသေးသည်။
လုမင်ကတော့ တန်တန်ကို အာရုံစိုက်ရန် ပျင်းလွန်းလှသည်။ သူက နေရာတစ်ခုတွင် ရှေးဟောင်းထျန်းရဲ့သစ်ပင်ကို စိုက်ခဲ့လေသည်။
ထို့နောက် လုမင်ဟာ တောင်နှင့်မြစ် ပန်းချီကားအတွင်းမှ ထွက်လာခဲ့သည်။
"ဒီနေရာက ကျွမ်းကျင်သူတစ်ယောက်ရဲ့ နေထိုင်ရာနေရာဆိုတာ သေချာတယ်။ သူက သိုင်းဧကရာဇ်မဟုတ်ရင်တောင် ကြောက်စရာကောင်းတဲ့ ကျွမ်းကျင်သူတစ်ဦးဖြစ်မှာသေချာတယ်။ သေသေချာချာ ရှာကြည့်ရမယ်"
လုမင်လည်း ဆေးဥယျာဉ်မှ ထွက်ခွာပြီး လမ်းကြောင်းအတိုင်း ဆက်သွားခဲ့သည်။ များမကြာမီတွင် လမ်းခွဲအနည်းငယ်ကို သူတွေ့လိုက်ရ၏။ သူသည် တစ်လုံးကို ကျပန်းရွေးချယ်ပြီး ခံတပ်တွင် ရတနာများကို စတင်ရှာဖွေခဲ့သည်။
လမ်းတွင် အရိုးစုအများကြီး တွေ့ခဲ့ရ၏။ အရိုးများက တဖျပ်ဖျပ်တောက်ပြီး ကြည်လင်နေပေသည်။ ၎င်းတို့အားလုံးက သိုင်းအုပ်ချုပ်သူများ၏ အရိုးစုများဖြစ်မည်မှာ သေချာသည်။ ဤတွင် တစ်ခုထူးဆန်းသည်မှာ ဤအရိုးစုများက အကောင်းအတိုင်း ရှိနေကြခြင်းပင်။ သူတို့အသက်ရှင်စဉ်တုန်းက တိုက်ပွဲကြီးတစ်ခုကို မကြုံခဲ့ရဘဲ ရုတ်တရက် သေသွားခဲ့သလိုပင် ဖြစ်သည်။
ထို့အပြင် သူတို့၏ သိုလှောင်လက်စွပ်များကို မတွေ့ခဲ့ရပေ။
လုမင်လည်း လမ်းတစ်လျှောက် စူးစမ်းလေ့လာရင်း ခံတပ်ဗဟိုသို့ တဖြည်းဖြည်း ချဉ်းကပ်လာခဲ့သည်။
ခံတပ်အလယ်တွင် ခန်းမကြီးတစ်ခု ရှိ၏။ ယခုအချိန်တွင် ထိုနေရာ၌ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည်။
လူငယ်တစ်ဦးနှင့် မိန်းကလေးတစ်ယောက်ကို လူတစ်ဒါဇင်ကျော်က ဝိုင်းရံထား၏။
ဝိုင်းရံခံထားရသော လူနှစ်ယောက်မှာ ချိုးရင်ရင်နှင့် ချိုးဟောက်တို့နှစ်ဦး ဖြစ်တော့သည်။
ဤအခိုက်တွင် ချိုးရင်ရင်၏ ခန္ဓာကိုယ်မှ သန့်စင်သော အလင်းရောင်အလွှာတစ်ခု ထွက်ပေါ်နေပြီး တင်ပျဉ်ခွေထိုင်နေသည်။ သူ့ပုံစံက ထူးကဲသော အခြေအနေတစ်ခုသို့ ရောက်နေပုံရ၏။
ချိုးဟောက်ကတော့ သူ့လက်ထဲတွင် ဒိုင်းတစ်ခုကို ကိုင်ထားသည်။ ရွှေခေါင်းလောင်းကြီးတစ်ခုကလည်း သူ့ဦးခေါင်းထက်မှာ လွင့်နေ၏။ ဒိုင်းလွှားနှင့် ရွှေခေါင်းလောင်း နှစ်ခုစလုံးက အလင်းတန်းများ ထုတ်လွှတ်ပြီး လျှို့ဝှက်ဆန်းကြယ်ကာ နားမလည်နိုင်သော ရောင်ဝါများ ထွက်ပေါ်နေပေသည်။
"ရွှစ်၊ ရွှစ်"
ဓားအလင်းတန်းနှစ်ခုက ဘယ်နှင့်ညာမှ ချိုးဟောက်ဆီသို့ ထိုးဖောက်ဝင်ရောက်လာသည်။ ယင်းက လျှပ်စီးကဲ့သို့ လျင်မြန်ပြီး စွမ်းအားမှာလည်း အလွန်ကြီးမား၏။
"ဝုန်း"
ချိုးဟောက်၏ ဦးခေါင်းထက်မှ ရွှေခေါင်းလောင်းကြီးက တုန်ခါသွားပြီး အလင်းတန်းနှစ်ခု ပြန့်ကျဲသွားကာ ဓားအလင်းနှစ်ခုကို ဖျက်ဆီးပစ်လိုက်သည်။
"သူတော်စင်လက်နက်က တကယ်ကို အစွမ်းထက်တာပဲ"
လူငယ်တစ်ဦးက ပြောသည်။
"အားလုံး အတူတူ တိုက်ခိုက်ကြရအောင်။ ဒီအမျိုးသမီးက ဒီမှာ ကျွမ်းကျင်းသူရဲ့အမွေကို ရထားပြီး၊ အဲဒီလူကလည်း သူတော်စင်လက်နက်နှစ်ခုကို ရထားတယ်။ သူတော်စင်လက်နက်တွေက အရမ်း အစွမ်းထက်တာ။ ငါတို့ တစ်ယောက် နှစ်ယောက်နဲ့ ဒီကောင်ကို ဖိနှိပ်နိုင်မှာ မဟုတ်ဘူး"
မျက်နှာနီစပ်စပ်နှင့် လူငယ်တစ်ဦးကလည်း ပြော၏။
"ဟုတ်တယ်၊ အတူတူ တိုက်ခိုက်ကြစို့"
အခြားသူများလည်း အော်ဟစ်လိုက်ကြသည်။
သူတို့အားလုံးက ပထမအဆင့် သိုင်းအုပ်ချုပ်သူများ ဖြစ်၏။ သူတို့၏ စကားများက ချိုးဟောက်၏မျက်နှာကို လေးနက်စေခဲ့သည်။
"ကောင်လေး၊ မင်း သူတော်စင်လက်နက်ကို လွှဲပေးရင် ပိုကောင်းမယ်။ ဒါမျိုးက မင်း လက်ခံထားနိုင်တာ မဟုတ်ဘူး။ နောက်ပြီး အဲဒီ့မိန်းကလေး အမွေဆက်ခံတာကို နှောက်ယှက်ပြီး သူ့ကိုလည်း လွှဲပေးခိုင်းလိုက်"
မျက်နှာနီစပ်စပ် လူငယ်က အေးစက်စက်ဖြင့် ပြောလိုက်သည်။ သူက ချိုးရင်ရင်ရင် လောဘမျက်လုံးများဖြင့် လှမ်းကြည့်လိုက်၏။
ထိုမိန်းကလေးက ကံကောင်းလွန်းကာ ဤနေရာမှ အမွေရခဲ့သည်။
ဤနေရာ ပိုင်ရှင်က အလွန်အစွမ်းထက်သော ကျွမ်းကျင်သူ ဖြစ်သည်မှာ သေချာသလောက် ဖြစ်၏။ ဤသို့သော အကျော်အမော်၏ အမွေကို မည်သူက မလိုချင်ဘဲရှိမည်နည်း။
"အဲဒါကို စဉ်းတောင် မစဉ်းစားနဲ့။ ငါ့ညီမရဲ့ အမွေဆက်ခံမှုကို နှောက်ယှက်ရင် သူ ဒဏ်ရာအပြင်းအထန်ရလိမ့်မယ်၊ မဟုတ်ရင် သေတောင် သေသွားနိုင်တယ်။ မင်း သူ့ကို နှောက်ယှက်ချင်ရင် ငါ့အလောင်းကို နင်းသွားလိုက်"
ချိုးဟောက် ဒေါသတကြီး အော်လိုက်သည်။ သူက ဒိုင်းလွှားကို သူ့လက်ထဲတွင် ကျစ်ကျစ်ပါအောင် ကိုင်ထားလိုက်၏။ သူ့ခေါင်းထက်မှ ရွှေခေါင်းလောင်းကြီးကလည်း တဒေါင်ဒေါင် မြည်လာသည်။
"ဟမ့်၊ ကောင်လေး... သူတော်စင်လက်နက်နှစ်ခုကို ရထားရုံနဲ့ မင်းကိုယ်မင်း ဟုတ်လှပြီ ထင်မနေနဲ့။ မင်းက အဲဒါတွေကို အခုလေးမှ ရထားတာဖြစ်လို့ သန့်စင်နိုင်ဦးမှာမဟုတ်ဘူး။ ဒါ့အပြင် မင်းရဲ့ ကျင့်ကြံခြင်းအခြေခံနဲ့ သူ့ရဲ့စွမ်းအား ဘယ်လောက်များများကို ထုတ်နိုင်မှာမို့လို့လဲ။ ငါတို့ကို မင်း တားဆီးနိုင်မှာမဟုတ်ပါဘူး"
မျက်နှာနီစပ်စပ် လူငယ်က လှောင်ပြောင်လိုက်၏။
"နဂါးနတ်ဘုရားတောင်ကြားက လူတွေကို ဘယ်သူတွေထိဝံ့လဲ ကြည့်ချင်စမ်းပါရဲ့"
ထိုအချိန်တွင် ခန်းမဘေးရှိ လမ်းတစ်ခုမှ အသံတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် ခန်းမထဲတွင် လူတစ်စု ပေါ်လာကြ၏။ ၎င်းတို့က အယောက်နှစ်ဆယ်ကျော်ရှိပြီး အစွမ်းထက် အရှိန်အဝါများ ထွက်ပေါ်နေသည်။
သူတို့အားလုံးဟာ သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူများပင်။
နဂါးနတ်ဘုရားတောင်ကြား။
ချိုးဟောက်၏ မျက်လုံးများက တောက်ပလာကာ ချက်ချင်း အော်လိုက်သည်။
"ဂိုဏ်းတူညီကိုတို့ ကူညီကြပါဦး"
"အဲဒါက မင်းပဲ"
နဂါးနတ်ဘုရားတောင်ကြား၏ လူတစ်စုထံမှ သရော်သလို အသံတစ်ခုထွက်လာသည်။ ရှေ့ကို လူတစ်ယောက် ထွက်လာခဲ့သည်။
ထိုလူက ငွေရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အေးစက်သောအမူအရာရှိ၏။ ထိုလူငယ်ကတော့ ရင်ဖုန်းမှတပါး အခြားမဟုတ်တော့ပေ။
"ရင်ဖုန်း၏"
ချိုးဟောက် မျက်နှာအမူအရာပြောင်းသွားသည်။
"ဘာတွေဖြစ်နေကြတာလဲ"
ရင်ဖုန်းက ရှေ့ထွက်သွား၏။ ယခင်လူငယ်များ မျက်နှာပျက်သွားသည်။
နဂါးနတ်ဘုရားတောင်ကြားမှ ဤလူများဖြင့် ရင်ဆိုင်ရန် ခက်ခဲပေလိမ့်မည်။
"ဒီမှာ ရတနာတွေနဲ့ အမွေကို အတူတူ တွေ့ခဲ့ကြတာ။ ဒါကို နဂါးနတ်တောင်ကြားက အကုန်လိုချင်တာတော့ လောဘကြီးလွန်းတယ် မထင်ဘူးလား"
မျက်နှာနီ လူငယ်လေး လေးလေးနက်နက် ပြောလိုက်သည်။
"အမွေ၊ ရတနာ"
ချိုးဟောက်နှင့် ချိုးရင်ရင်တို့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဖြစ်ပျက်နေသည်ကို ရင်ဖုန်း သဘောပေါက်သည်။ သူ့မျက်လုံးထဲတွင် လောဘအရိပ်အယောင်များ ပေါ်လာခဲ့၏။
"မင်းတို့နှစ်ယောက် တော်တော်ကံကောင်းတာပဲ။ တစ်ယောက်က အမွေလက်ခံရပြီး ကျန်တဲ့တစ်ယောက်က သူတော်စင်လက်နက်တွေကို ရထားတယ်။ အခု ငါ့ကို သူတော်စင်လက်နက်တွေ ပေးစမ်း"
ရင်ဖုန်း ပြောလိုက်သည်။
"မင်းကိုပေးရမှာလား"
ချိုးဟောက် မျက်နှာပျက်သွားသည်။
"ဟုတ်တယ်၊ ငါ့ကို မြန်မြန်ပေးလိုက်။ နောက်ပြီးတော့ မင်းရဲ့ညီမ အမွေဆက်ခံတာကို ချက်ချင်း ရပ်လိုက်ပါ။ ဒီလိုအကျော်အမော်ရဲ့ အမွေက သူ လက်ခံနိုင်တာ မဟုတ်ဘူး"
ရင်ဖုန်း အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။
"မရဘူး၊ ငါ မင်းကို ရတနာတွေ ပေးနိုင်ပေမဲ့ ရင်ရင်ရဲ့ အမွေကိုတော့ ငါ မတားဆီးနိုင်ဘူး"
ချိုးဟောက် အံကြိတ်လိုက်သည်။
"မရဘူးလား"
ချိုးဟောက်၏ မျက်နှာက အေးစက်သွားသည်။
"ဒါဆိုရင်လည်း မင်းဘာသာပဲ ကြည့်လုပ်တော့"
ရင်ဖုန်းက လှောင်ပြောင်ပြီး သူနှင့် ဘာမှမဆိုင်သလို နဂါးနတ်ဘုရားတောင်ကြားမှ လူများထံ လှည့်လျှောက်သွားသည်။
“မင်း… နဂါးနတ်ဘုရားတောင်ကြားရဲ့ တပည့်တွေကို စည်းစည်းလုံးလုံးနဲ့ တစ်ယောက်ကို တစ်ယောက် ကူညီရမယ်လို့ အကြီးအကဲက ပြောထားခဲ့တယ် မဟုတ်လား။ မင်းကတော့ ငါတို့ကို အခက်အခဲထဲမှာ ထားခဲ့တာပဲ"
ချိုးဟောက်က မျက်နှာနီ လူငယ်ကို ကြည့်ကာ နဂါးနတ်ဘုရားတောင်ကြားမှ တပည့်များကို အော်ပြောလိုက်သည်။
"စည်းလုံးရမှာလား၊ သဘာဝအတိုင်း ငါတို့ စည်းလုံးကြမှာပါ။ ဒါပေမဲ့ မင်းက လူရိုင်းကျွန်းကလာတဲ့ ပုရွက်ဆိတ်ပဲ။ ငါတို့နဲ့ စည်းလုံးဖို့ ဘာအခွင့်အရေးရှိလဲ။ နောက်ပြီး မင်းက ရတနာတွေနဲ့ အမွေကို တစ်ယောက်တည်း လိုချင်နေတာ။ ရယ်စရာပဲ"
ရင်ဖုန်း လှောင်ပြောင်လိုက်သည်။
ရင်ဖုန်းက နဂါးနတ်ဘုရားတောင်ကြားတွင် အဆင့်အတန်းမြင့်မားပုံရသည်။ အခြားသူများက ချိုးဟောက်နှင့် ချိုးရင်ရင်ကို ဂရုမစိုက်သလို ကြည့်ရုံနေကြပြီး ကူညီရန် ရည်ရွယ်ချက်မရှိပေ။
ဤအခြေအနေကြောင့် မျက်နှာနီ လူငယ်လေးနှင့် အခြားသူများ၏ မျက်လုံးများက တောက်ပလာကာ ချိုးဟောက်ဆီသို့ တဖြည်းဖြည်း ချဉ်းကပ်သွားကြသည်။ အင်အားကြီးသော အရှိန်အဝါ တစ်ဒါဇင်၏ ဖိအားများကြောင့် ချိုးဟောက်မှာ အသက်ရှူရန်ပင် ခက်ခဲလာတော့သည်။